← Chapters

ဝတ်စုံနက်မိန်းမပျို

Vol. 44 Ch. 610

ဝတ်စုံနက်မိန်းမပျို

Vol. 44 Ch. 610

သိပ်အားစိုက်ထုတ်စရာမလိုဘဲ ဟန်လိသည် ထိုအသံပိုင်ရှင်၏တည်နေရာကို ထောက်လှမ်းမိသွားသည်။ သူ့ရှေ့ မီတာလေးဆယ်လောက်အကွာတွင် ဝတ်စုံနက်အမျိုးသမီးတစ်ယောက်သည် ကျောက်စင်တစ်ခုပေါ်တွင် တင်ပလ္လင်ခွေချိတ်ကာ ထိုင်နေသည်။ သူမက ကျက်သရေရှိသည့် ရုပ်သွင်ကို ပိုင်ဆိုင်ထား၏။ သို့သော်ငြား သူမ၏အသားအရေမှာ သေလောက်အောင် ဖြူရော်လှသည်။ သူမ၏မျက်လုံးကမူ လင်းလက်တောက်ပလျက် ရှိ၏။ သူမ၏အင်္ကျီလက်အိုးတစ်ဖက်မှာ ဗလာသက်သက် ဖြစ်နေတာ မြင်သည့်အခါ ဟန်လိမှာ အံ့အားသင့်တုန်လှုပ်သွားရသည်။ သူမသည် လက်တစ်ဖက်ပြတ်နေသူပင်။

ဟန်လိ ဘာစကားမျှ မဟခင်မှာပင် ထိုမိန်းမပျိုသည် သူ ထုတ်ဖော်ခဲ့သော မှော်ရတနာများကို တွေ့မြင်ကာ တုန်လှုပ်သွားသည်။

သူမက တခစ်ခစ်ရယ်မောကာ သူမ၏တောက်ပသောမျက်လုံးတစ်စုံဖြင့် စိုက်ကြည့်၍ စကားဆိုလာသည်။

“ဒီတော့ နင်က ချီစုဆောင်းခြင်းဂျူနီယာလေး မဟုတ်ဘဲ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက် ဖြစ်နေတာကို။ နင့်ရဲ့ ချီကွယ်ဝှက်ခြင်းပညာရပ်က တကယ့်ကို အထင်ကြီးစရာပဲ။ ငါ့ကိုတောင် ခဏတာ မျက်စိမှောက်သွားစေခဲ့တာပဲ…”

သူမသည် ထိုင်နေလျက် ရှိပြီး နှင်းတိမ်မြေခွေးမှာ သူမ၏ ပေါင်ပေါ်တွင် သက်သောင့်သက်သာ ထိုင်လို့နေသည်။ ၎င်းသားရဲလေးက ဟန်လိကို စူးစမ်းသည့်အကြည့်ဖြင့် ကြည့်နေ၏။ သူ့စိတ်ဝိညာဉ်အာရုံဖြင့် ဤမိန်းမပျိုကို စစ်ဆေးကြည့်သည့်အခါ ဟန်လိ၏စိတ်နှလုံးမှာ တုန်ရင်သွား၏။

“ဒီတော့ ဒီနေရာဟာ စီနီယာတံခါးပိတ်ကျင့်ကြံတဲ့ နေရာကို။ ကျုပ် ယဉ်ကျေးမှု မဲ့သွားခဲ့ပါတယ်…”

သူမသည် အတော်လေး ပွင့်လင်းပုံ ရ၏။ သူ့စိတ်ဝိညာဉ်အာရုံကို သူမအား လွယ်လင့်ကတူ ဖြတ်သန်းခွင့်ပြုခဲ့ပေသည်။ ဟန်လိသည် စိတ်ဝိညာဉ်ချီတုန်ခါလှိုင်းကို စိုးစိမျှ ရှာတွေ့နိုင်စွမ်း မရှိ ဖြစ်ခဲ့၏။ သူမ၏စွမ်းရည်နှင့်လေသံကို ထောက်ရှု၍ သည်မိန်းမပျိုမ၏ ကျင့်ကြံမှုမှာ အမှန်တကယ် မြင့်မားတာ သိသာနေသည်။ ဟန်လိ ပို၍ သတိထားသွားသည်။

ဟန်လိသည် ဤအခြေအနေကို မည်သို့ဖြေရှင်းမည်လဲဟု စဉ်းစားနေစဉ်မှာပင် မိန်းမပျိုသည် သူမ၏ ပြစ်ချက်မဲ့သော ဖြူရော်ရော်လက်တစ်ဖက်ဖြင့် နှင်းမြေခွေးကို ပွတ်သပ်ပေးနေသည်။ သူမက ပျင်းရိပျင်းတွဲလေသံဖြင့် ပြောလာသည်။

“နင်က ဒီလောက် အသက်ငယ်ငယ်နဲ့ အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်ထိ ရောက်နေတာဆိုတော့ ထူးခြားသူတစ်ယောက်ပဲ…”

ဟန်လိက အသက်ဝဝရှိုက်သွင်းလျက် တည်တည်ငြိမ်ငြိမ် ပြန်ပြောသည်။

“စီနီယာက ကျုပ်ကို မြှောက်နေတာပဲ။ ဒီဂျူနီယာက ကံကောင်းထောက်မပြီး ဒီအဆင့်ထိ တက်လှမ်းနိုင်ခဲ့တာပါ။ ကျုပ်အနေနဲ့ စီနီယာနာမည်ကို သိခွင့်ရှိနိုင်မလား…”

မိန်းမပျိုသည် သက်ပြင်းချ၍ ပြောသည်။

“ငါ့နာမည်က ဘာမှ ထူးခြားမနေဘူး။ ငါ ပြောပြရင်တောင် နင် မပြောနဲ့ ဒီမျိုးဆက်ရဲ့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေတောင် ငါ့နာမည်ကို သိလောက်မှာ မဟုတ်ဘူး…”

ဟန်လိသည် ဤစကားကို ကြားသည့်အခါ အာစေးမိသွားသည်။ ဤမိန်းမပျိုမှာ သီးသန့်တံခါးပိတ်ကျင့်ကြံနေသော မွန်းစတားအိုကြီးတစ်ယောက်များ ဖြစ်နေမလား။ သို့သော် ဟန်လိကား အနည်းငယ်မျှ ကြောက်ရွှံ့မှုကို မပြသပေ။ တကယ်တော့ ခုချိန်၌ သူ့တွင် လျှို့ဝှက်ပညာရပ်များစွာ ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။ အထူးသဖြင့် သွေးအရိပ်ရှောင်တိမ်းခြင်းပညာရပ်ပင်။ ၎င်းပညာရပ်ဖြင့်ဆို ဟန်လိသည် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများကို များများစားစား ကြောက်လန့်နေရန် မလိုတော့ပေ။ ထိုအဆင့်ကျင့်ကြံသူများနှင့် နင်လားငါလား ယှဉ်မတိုက်ခိုက်နိုင်သော်ငြား သူတို့ထံမှ ထွက်ပြေးနိုင်သည်ဟု ဟန်လိသည် ယုံကြည်မှု ရှိ၏။ သို့သော် သွေးအနှစ်သာရများစွာကို အတင်းအကျပ် သုံးစွဲခဲ့ရလျှင်တော့ ဟန်လိအနေဖြင့် ပြန်ကောင်းမွန်ရန် နှစ်များစွာ တံခါးပိတ်ကျင့်ကြံရလိမ့်မည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဟန်လိသည် ဤဂိုဏ်းကြီးသုံးဂိုဏ်း၏ ပိုင်နက်ထဲ၌ ယခုကဲ့သို့ ထူးခြားဆန်းကြယ်သောလူတစ်ယောက်မှာ မည်သည့်အတွက်ကြောင့် ပုန်းကွယ်တည်ရှိနေလဲကို သူ မစဉ်းစားနိုင် ဖြစ်ရသည်။ သူမသည် စိတ်ထဲ၌ အကြံအစည်တစ်ခုခု ရှိ၍လား သို့မဟုတ် သူကဲ့သို့ စိတ်ဝိညာဉ်ချီသိပ်သည်းသောနေရာတွင် ကျင့်ကြံချင်၍လား။ ဟန်လိ၏အကြည့်က ကျောက်သားအခန်း ပတ်ပတ်လည်သို့ ကျရောက်သွားသည်။ ဤတောင်တွင်းရှိ သည်အခန်းမှာ ချိပ်ပိတ်ခံထားရမှန်း သူ အံ့အားတသင့် တွေ့လိုက်ရသည်။ ထို့အပြင် မိန်းမပျိုထိုင်နေသော ကျောက်ဖျာကလွဲ၍ အခန်းထဲ၌ အခြားဘာပစ္စည်းပစ္စယမျှ ရှိမနေချေ။ ဤအခန်း၏ ဗလာဖြစ်နေခြင်းက အေးစက်မှုအငွေ့အသက်ကို ပေးစွမ်းနေသည်။

ဟန်လိသည် အခန်းနံရံများက အကြမ်းထည်ဆန်လှသည်ဟု တွေ့ရှိသည်။ နံရံများက မညီမညာ ရှိ၏။ ထိုအချက်ကို မြင်မြင်ချင်း သူ့မျက်လုံးထဲတွင် ထူးခြားသည့်အမူအရာတစ်ခု ဖြတ်ပြေးသွား၏။ ဟန်လိ၏ စဉ်းစားရကျပ်နေဟန်ကို မြင်သည့်အခါ မိန်းမပျိုက ရုတ်တရက် ပြုံး၍ ပြောလာသည်။

“ရောင်းရင်းလေး…စဉ်းစားမရ ဖြစ်နေမှတော့ ဒီကျောက်သားနံရံတွေကို ထိကိုင်ကြည့်ပြီး နင့်ရဲ့ သံသယတွေကို ဖယ်ရှားဖို့ ဘာကြောင့် မကြိုးစားကြည့်ရတာလဲ…”

ဤစကားကို ကြားသည့်အခါ ဟန်လိ၏စိတ်ထဲ၌ တင်းကျပ်သွားသည်။ သူ့စိတ်ဝိညာဉ်အာရုံဖြင့် စောစောလေးတုန်းက ကြည့်ရှုခဲ့ချိန်က ဤနံရံများနှင့်ပတ်သက်ပြီး ထူးခြားတာ ဘာကိုမျှ မတွေ့ခဲ့ရပေ။ နံရံများက သာမန်နံရံများနှင့် မကွာခြားဘဲ ရှိ၏။

“စီနီယာက ဒီလိုပြောလာမှတော့ ကျုပ်လည်း အားနာမတော့ဘူး…”

ဟန်လိက ဘယ်လက်ကို ကျောက်သားနံရံဆီ ဖြည်းဖြည်းချင်း ဆန့်တန်းသည်။ သို့ပေမည့် သတိထားတတ်သူ ဖြစ်၍ သူက မိန်းမပျိုကိုလည်း စိတ်ဝိညာဉ်အာရုံဖြင့် စောင့်ကြည့်နေသည်။ သူမက အလစ်တိုက်ခိုက်လာမှာကို သူ စိုးရိမ်သည်။ ထိုအမျိုးသမီးက မကောင်းသည့်သဘော ဘာတစ်ခုမျှ မပြသော်ငြား ဟန်လိသည် နှစ်ပေါင်းများစွာ အခက်အခဲများဖြင့် ရှင်သန်ခဲ့ရသူဖြစ်၍ အလွန်အမင်း သတိထားတာ သူ့သဘာဝ ဖြစ်နေလေပြီ။ ဟန်လိက ကျောက်သားနံရံကို ထိမိသည့်အခါတွင်လည်း မည်သည့်ထူးခြားမှုကိုမျှ သတိမပြုမိပေ။ ထို့နောက် ခဏစဉ်းစားပြီး သူက သူ့လက်ချောင်းကို ဆန့်ထုတ်၏။ မိုးပြာဓားအလင်းတန်းတစ်ခုသည် သူ့လက်ချောင်းထိပ်မှ ထွက်ပေါ်လာသည်။

သူက နံရံကို လက်ချောင်းဖြင့် ထိုးစိုက်ကြည့်သည်။ ထိုအခါ အံ့အားသင့်ဖွယ်ကောင်းစွာ အနှီနံရံက သူ၏တိုက်ခိုက်မှုကို လုံးဝ တားဆီးပစ်နိုင်ကြောင်း သူ တွေ့လိုက်ရသည်။ မိုးပြာဓားအလင်းနှင့် ထိမိသော နံရံတွင် အက်ကြောင်းရာလေးတစ်ခုသာ ထင်ကျန်ခဲ့လေ၏။ ဟန်လိမှာ အကြောင်သား ဖြစ်သွားမိ၏။ တစ်ချိန်တည်းမှာ သူ့စိတ်ထဲတွင်လည်း မယုံကြည်နိုင် ဖြစ်နေသည်။ သူ၏စိတ်ဝိညာဉ်စွမ်းအားကို တိုးမြှင့်ပြီး နံရံကို တစ်ပေခန့်အရှည်ရှိ ဓားအလင်းဖြင့် ရုတ်တရက် တိုက်ခိုက်လိုက်သည်။ သို့တိုင် နံရံတွင် ခြစ်ရာတစ်ခု ဖြစ်သွားသည်ကလွဲ၍ ထိခိုက်မှု လုံးဝ ရှိမနေဆဲပင်။

ဟန်လိ ငြိမ်သက်တိတ်ဆိတ်သွား၏။ သူ့မျက်နှာအမူအရာမှာလည်း တစ်မျိုး ဖြစ်သွား၏။ ထို့နောက် သူက သူ၏ဓားပျံများထဲမှ တစ်ခုကို လက်ညွှန်ကာ နံရံကို တိုက်ခိုက်ပြန်သည်။

ထိုဓားချက်သည် နံရံပေါ်တွင် တစ်လက်မလောက်သာ နက်သွားစေသည်။ သို့သော် နံရံသည် ၎င်းဘာသာ ဖြည်းဖြည်းချင်း ပြန်ကောင်းမွန်သွားသည်။ ခဏအကြာတွင် ထိုအက်ရာသည် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။ ဟန်လိမှာ တုန်လှုပ်စွာ ပင့်သက်ရှိုက်မိနေပြီ။ သူ့အနေဖြင့် မိန်းမပျိုဘက်သို့ လှည့်ကြည့်ကာ မမေးမိဘဲ မနေနိုင် ဖြစ်ရလေသည်။

“ဒါက ဘာများလဲ။ ဒီနံရံက သူ့ဟာသူ ပြန်ကောင်းမွန်နိုင်စွမ်း ဘယ်လိုလုပ် ရှိနေရတာလဲ။ စီနီယာက ဒီနံရံအောက်မှာ အတားအဆီးတစ်ခု ဒါမှမဟုတ် မန္တာန်တစ်ခု ထားထားတာများလား…”

မိန်းမပျိုသည် မထူးခြားနားစွာ ပြောသည်။

“မန္တာန်တဲ့လား…အတားအဆီးတဲ့လား…။ ရောင်းရင်းလေးက ငါ့ကို အထင်ကြီးနေပြီ။ ဒါက ကြည်ပြာကျောက်ပဲ။ ဒါကို စိတ်ဝိညာဉ်စုပ်ယူခြင်းကျောက်လို့လည်း သိကြတယ်။ ဒီကျောက်ဟာ မှော်ပစ္စည်းတွေ သန့်စင်နိုင်တဲ့ အလွန်ရှားပါးတဲ့အရာ ဖြစ်တယ်။ ဒီကျောက်ဟာ မှော်ပညာရပ်တွေ၊ မှော်ရတနာတွေရဲ့ စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်တယ်။ ပြင်းထန်အားကောင်းလွန်တဲ့ အစွမ်းနဲ့သာ ဒီကျောက်ကို ထိခိုက်အောင် လုပ်နိုင်မှာ ဖြစ်တယ်…”

ဟန်လိသည် မသိမသာ မျက်မှောင်ကြုတ်မိသွားသည်။ သူက ကျောက်နံရံဘက်သို့ လှည့်ကြည့်ပြန်သည်။ သူ ပြောလိုက်၏။

“ကြည်ပြာကျောက်တဲ့လား။ ဒီဂျူနီယာက အတွေ့အကြုံနည်းပါးပြီး ဗဟုသုတလည်း မကြွယ်ဝလှပါဘူး။ ဒီလိုအရာမျိုးကို ဒီမတိုင်ခင် အရင်က တစ်ခါမျှ မကြားဖူးခဲ့ဘူး…”

မိန်းမပျိုက အေးဆေး ရှင်းပြသည်။

“ဟားဟား…ရောင်းရင်းလေးက ဒါကို မသိတာ သဘာဝပါပဲ။ ဒီကျောက်ဟာ ရှေးခေတ်ကာလမှာတုန်းကတောင် အလွန်တရာ ရှားပါးခဲ့တာလေ။ ခုခေတ်မှာ ဒီကျောက်အကြောင်း သိတဲ့သူ များများစားစား မရှိတော့ဘူး…”

ထိုစကားကို ကြားသည့်အခါ ဟန်လိသည် အံ့အားသင့်သွား၏။ သူက တစ်ခုခု ပြောရန် စဉ်းစားရုံရှိသေး မိန်းမပျိုက ချိုသာစွာပြုံး၍ ကြားဖြတ် ပြောလာသည်။

“ရောင်းရင်းလေးရဲ့ ကျင့်ကြံမှုအဆင့်ဟာ အတုအယောင်စဦးစိတ်ဝိညာဉ်အဆင့် ဖြစ်ပေမဲ့ နင့်ရဲ့ ပါရမီကတော့ နိမ့်ကျလွန်းတယ်။ နိမ့်ကျတာတင် မဟုတ်သေးဘူး…တော်တော့်ကို ဆိုးဝါးတယ်လို့ ပြောတာ ပိုကောင်းလိမ့်မယ်။ နင်က ကံဖေးမလို့ ဒီအဆင့်ထိ ရောက်နိုင်ခဲ့တဲ့ပုံပဲ။ မဟုတ်ရင် နင် အစွမ်းကုန် ကြိုးစားခဲ့ရင်တောင် အခြေခံတည်ဆောက်ခြင်းအဆင့်လောက်ထိပဲ ရောက်နိုင်ခဲ့မှာ။ နင့်အနေနဲ့ ငါနဲ့ လာဆုံတာဟာကလည်း ကံကြမ္မာလို့ သတ်မှတ်နိုင်တယ်။ ဆိုတော့ ငါ့ဘက်က နင့်ကို ရတနာတစ်ခု ငှားပေးနိုင်တယ်လို့ ပြောချင်တယ်…”

သူမ၏စကားကို ကြားသည်နှင့် ဟန်လိ၏အမူအရာသည် တမျိုးတမည် ဖြစ်သွား၏။

“ဂျူနီယာ့ကို ရတနာတစ်ခု ငှားပေးမယ် ဟုတ်လား…”

ဟန်လိ သံသယဝင်သွားတာ မြင်သည့်အခါ သူမ၏အမူအရာသည် ပျက်ယွင်းသွားပြီး သူမက အေးတိအေးစက် ပြောလာသည်။

“ဟုတ်တယ်…ဒါပေမဲ့ နင့်ဘက်က ပြန်လုပ်ပေးရမဲ့အရာတွေတော့ ရှိတယ်။ ပထမတစ်ချက် ဒီပစ္စည်းကို ငါက ငှားရုံပဲ ငှားမှာ။ နင် ပြန်ပေးရမယ်။ ဒုတိယတစ်ချက်ကတော့ အဲ့ရတနာကို ငှားမယ်ဆို ငါ့ကိုယ်စား ပြန်လုပ်ပေးရမဲ့ အရာတစ်ခု ရှိတယ်…”

ထိုသို့ ပြောပြီးနောက် သူမက သူမ၏အင်္ကျီလက်အိုးထဲမှ ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းကျောက်စိမ်းသေတ္တာသည် မဲနက်ကာ လက်သီးဆုပ်ခန့် အရွယ်အစားလောက်သာ ရှိ၏။ သေတ္တာ၏အပြင်ကိုယ်ထည်သည် အကြမ်းဆန်လွန်းသည်။ သို့သော် ထိုသေတ္တာ၏ အမည်းရောင်ကြားထဲတွင် အဝါရောင် မသိမသာ ရောယှက်ပါဝင်လျက် ရှိသည်။ ၎င်းမှာ ရှေးကျလွန်းသည့်ပုံ ပေါ်သည်။

ဟန်လိ၏အကြည့်က သေတ္တာထံ ကျရောက်သွားသည်။ ဤအခိုက်တွင် သူ စဉ်းစားနေသည်။ ထို့နောက် သူက ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

“ဂျူနီယာ မဆုံးဖြတ်ခင် ဒီသေတ္တာထဲမှာ ဘာရှိလဲဆိုတာကို စီနီယာအနေနဲ့ အရင်ဆုံး ပြောပြပေးနိုင်မလား…”

ဟန်လိ၏ တုံ့ဆိုင်းနေမှုအပေါ် မိန်းမပျိုသည် စိတ်မရှည်ဖြစ်လာ၏။ သူမက သေတ္တာကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

“နင် စိတ်ဝိညာဉ်တွင်းကိုတော့ သိမှာ သေချာပါတယ်။ ဒီသေတ္တာထဲမှာ ကျောက်စိမ်းစိတ်ဝိညာဉ်တွင်းလို့ သိကြတဲ့ အဆင့်မြင့်တဲ့ စိတ်ဝိညာဉ်တွင်းကျောက်တုံးတစ်ခု ထည့်သိမ်းထားတာပဲ။ အနည်းဆုံးတော့ ဒါက ဒီအတုအယောင်စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံမှုမှာ နင့်ရဲ့ ကျင့်ကြံမှုကို တည်ငြိမ်ခိုင်မာအောင် လုပ်ပေးနိုင်လိမ့်မယ်။ အများဆုံးကတော့ ဒီဟာက နင့်ကို စဦးစိတ်ဝိညာဉ်တစ်ခု ဖွဲ့စည်းနိုင်စွမ်း ရှိစေလိမ့်မယ်။ ငါ့ရဲ့ ခုလက်ရှိ ကျင့်ကြံမှုအဆင့်ရယ်၊ ဒါကို ဆက်ပြီး အသုံးပြုနိုင်စွမ်း မရှိနေတာရယ်ကြောင့်သာ မဟုတ်ရင် ဒီပစ္စည်းကို နင့်ဆီ ငှားမှာ မဟုတ်ဘူး…”

ထိုသို့ ပြောပြီးနောက် သူမသည် အနှီကျောက်စိမ်းသေတ္တာကို အင်တင်တင်အမူအရာဖြင့် ပွတ်သပ်ကြည့်နေသည်။

“ကျောက်စိမ်းစိတ်ဝိညာဉ်တွင်း…” ဟန်လိ၏အမူအရာသည် သုံးလေးကြိမ်လောက် ပြောင်းလဲသွား၏။ ၎င်းပစ္စည်းနှင့်ဆို သူ့အနေဖြင့် စဦးစိတ်ဝိညာဉ် ဖွဲ့စည်းရာတွင် သုံးပုံနှစ်ပုံလောက် အောင်မြင်နိုင်ချေ ရှိသွားပေလိမ့်မည်။ မူလတုန်းက သူမ၏စကားကို ငြင်းဆန်မည့် စကားလုံးများကို သူ ပြန်မြိုချမိသွားသည်။ ခဏ တွေဝေနေပြီးနောက် ဟန်လိက သက်ပြင်းချကာ ပြောသည်။

“ဂျူနီယာ ဘာလုပ်ပေးရမလဲလို့ မေးလို့ရနိုင်မလား။ စီနီယာရဲ့ လက်ရှိ ကျင့်ကြံမှုနဲ့တောင် မလုပ်နိုင်တဲ့အရာဆို ကျုပ်က စီနီယာ့ကို ဘယ်လိုလုပ် ကူညီနိုင်ပါ့မလဲ…”

ဟန်လိက သဘောတူချင်ဟန် ရသည်ကို မြင်သည့်အခါ မိန်းမပျိုသည် ကျေနပ်သွားသည်။

“စိတ်ချပါ။ နင့်ကို လူသွားသတ်ခိုင်းမလို့ မဟုတ်ပါဘူး။ လက်တိုလက်တောင်း သဘောလောက်ပဲ လုပ်ခိုင်းမှာပါ။ ငါ့ရဲ့ ခုလက်ရှိ ကျင့်ကြံခြင်းအဆင့်က မြင့်မားပေမဲ့ ငါဟာ တချို့အကြောင်းရင်းတွေကြောင့် ဒီအခန်းထဲကနေ မထွက်နိုင်ဘူး။ ဒါ့ကြောင့် နင့်ကို ငါ့ကိုယ်စား စာတစ်စောင် သွားပို့ပေးခိုင်းချင်တာပဲ…”

“စာတစ်စောင် ပို့ပေးစေချင်တာလား…” ဤသည်မှာ ဟန်လိ မျှော်လင့်ထားသည့်အရာ မဟုတ်ပေ။

“ဟုတ်တယ်…ငါက နင့်ကို လူသွားသတ်ခိုင်းမယ်လို့ တကယ်ပဲ ထင်နေတာလား…”

ဝတ်စုံနက်အမျိုးသမီးသည် ပြုံး၍ ထိုသို့ဆို၏။ သူမ၏စွဲဆောင်နိုင်စွမ်း အလှမှာ ထင်ပေါ်နေလေသည်။

All Chapters