အလောင်းနတ်ဆိုး
Vol. 44 Ch. 612
ဟန်လိသည် ထိုမိန်းမပျို၏ တုံ့ပြန်မှုကို မြင်သည့်အခါ သူ့အမူအရာမှာ ချက်ခြင်း သုန်မှုန်သွား၏။ သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူက မည်သည့်စကားမျှမဆို။ သေတ္တာကို ပင့်မြှောက်၍သာ သူမထံ ချဉ်းကပ်လာသည်။
သူသည် ထိုမိန်းမပျိုက မည်သည့်အတွက်ကြောင့် ဤအဆောင်ကို ကြောက်ရွှံ့နေမှန်း မသိသော်ငြား သူ့အပေါ် သူမထံ၌ ကောင်းသောရည်ရွယ်ချက် ရှိမနေမှန်းတော့ သူ သိသည်။ ထို့ကြောင့် သူက အားနာမနေရန် ဆုံးဖြတ်လိုက်တာပင်။
ဝတ်ရုံနက်နှင့်မိန်းမပျိုသည် ဟန်လိ အနားကပ်လာသည့်အခါ ဆောက်တည်ရာမဲ့သွားပြီး သူမ၏အောက်ဘက်ရှိ ကျောက်ဖျာကို ချက်ခြင်း ထိပုတ်ကာ အဝေးသို့ ပြေးချင်သည်။ သို့သော် သူမ၏ ဤသို့ လုပ်ဆောင်မှုက အတားအဆီးအချို့ကို အသက်ဝင်သွားစေသည်။ သူမသည် သုံးမီတာလောက် အကွာသို့ ရောက်သည်နှင့် အနီရောင်အလင်းက သူမကို ခြုံလွှမ်းသွားပြီး သူမ၏မူလနေရာသို့ ပြန်ရောက်လာစေသည်။
ထိုအခိုက်တွင် ဟန်လိ၏လက်ထဲမှ ကျောက်စိမ်းသေတ္တာကို စေလွှတ်၏။ ၎င်းသေတ္တာသည် မြည်သံပေးကာ မိန်းမပျို၏ ဦးခေါင်းထံ ပျံသန်းဝင်ရောက်လာသည်။ သေတ္တာပေါ်ရှိ ရွှေရောင်အဆောင်သည် အလင်းဖြာထွက်လျက် မရေမတွက်နိုင်သော ရွှေရောင်အဆောင်သင်္ကေတများသည် မိန်းမပျိုထံ ဦးတည်၍ ဖြည်းဖြည်းချင်း သက်ဆင်းလာတော့သည်။
“မဟုတ်ဘူး…” ဝတ်ရုံနက်နှင့်အမျိုးသမီးက မျှော်လင့်ချက်မဲ့စွာဖြင့် အော်ဟစ်လိုက်လေ၏။ သူမ၏ လှပသောရုပ်သွင်မှာ ချက်ခြင်း ယုံ့ရွဲ့သွားသည်။ သူမ၏ တစ်ခုတည်းသော လက်တစ်ဖက်ဖြင့် မျက်နှာကို အလျင်အမြန် ကာပြီး ခေါင်းကို ရင်ဘက်နားထိ ငုံ့ချ၍ ထိုအဆောင်နှင့် သူမ၏မျက်နှာကို မထိမိအောင် အသည်းအသန် ကြိုးစားလိုက်သည်။
နောက်ဆုံးတွင်တော့ ရွှေရောင်သင်္ကေတများက မိန်းမပျို၏ ပုခုံးထက်ပေါ်သို့ ကျရောက်သွားလေပြီ။ ထိုအခါ ရွှေရောင်အလင်းများ ဖြာထွက်၍ အစိမ်းရောင်မီးခိုးငွေ့ အမျှင်တန်းတစ်ခုကို ထုတ်လွှတ်သည်။ မိန်းမပျို၏ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ခါသွားပြီး ကြောက်လန့်နာကျင်စွာ အော်ငြီးလေ၏။ ထိုငြီးသံသည် စူးစူးဝါးဝါး ဖြစ်နေပြီး လူသားတစ်ယောက်၏အသံမျိုး မဟုတ်နေပေ။ ထိုအသံကြောင့် ဟန်လိသည် များစွာ တုန်လှုပ်သွား၏။ ဟန်လိက ရွှေဝါးမြိုခြင်းပိုးတောင်မာများ ထည့်ထားသည့် သူ့သားရဲသိုလှောင်အိတ်ကို လက်တစ်ဖက်က ခပ်တင်းတင်းဆုပ်၊ အခြားလက်တစ်ဖက်ဖြင့် ကျောက်စိမ်းတောင်ဝှေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ကျောက်ဖျာပေါ်သို့ အလေးအနက် စိုက်ကြည့်နေသည်။
မိန်းမပျိုပေါ်သို့ အဆောင်သင်္ကေတများ ဆက်လက် ကျဆင်းနေစဉ် အစိမ်းရောင်အခိုးငွေ့များက သူမထံမှ ပို၍ ထွက်ပေါ်လာသည်။ တအောင့်အကြာတွင် ထိုအခိုးအငွေ့များဖြင့် သူမသည် ခြုံလွှမ်းခြင်း ခံလိုက်ရသည်။ သူမ၏ခန္ဓာကိုယ်ကို မမြင်ရတော့သည့်အထိပင်။ သို့သော် အလင်းများ ဖြာထွက်ခြင်းနှင့် ငြီးသံများကမူ လုံးဝ ရပ်တန့်သွားခြင်း မရှိချေ။ ဤအတောအတွင်း ငြီးသံများသည် ပို၍ ဆိုးဝါးလာသည်။ ကြမ်းရှလာသည်။ အလားတူ ထိုငြီးသံများမှာ ကြောက်မက်ဖွယ်လည်း ကောင်းလှသည်။
ထိုမြင်ကွင်းကို ကြည့်နေရင်း ဟန်လိသည် အသက်အောင့်ထား၊ နှုတ်ခမ်းတင်းတင်းစေ့ထား၏။ အစိမ်းရောင်အခိုးငွေ့များ ပေါ်လာသည့်အချိန်မှစ၍ ဤအခန်းထဲတွင် ငါးညှီနံ လှိုင်ထနေသည်။ ၎င်းအနံ့များကို ရှုမိသည်နှင့် ဟန်လိသည် မူးဝေပျို့အန်ချင်သလို ခံစားခဲ့ရပြီး အတော်လေးလည်း အံ့အားတသင့် ဖြစ်သွားရသည်။ ဤအခိုးအငွေ့များက အလွန်ပြင်းထန်သော အဆိပ်များ ဖြစ်ပုံ ရ၏။
ခဏအကြာတွင် အစိမ်းရောင်အခိုးငွေ့များအတွင်းမှ ကွဲအက်သံများ စတင်ထွက်ပေါ်လာ၏။ ဟန်လိ မင်သက်သွားသည်။ မည်သည့်အသံဗလံမှန်း သူ သေချာ မသိသေးခင်မှာပင် လေတိုးသံတစ်သံကို သူ ကြားလိုက်ရသည်။
ငွေရောင်ချိန်းကြိုးဖြင့် ရစ်ပတ်ထားသော အစိမ်းရင့်ရောင်လက်သည်းတစ်ခုသည် အခိုးအငွေ့များကြားထဲမှ လျှပ်စီးနှယ်အမြန်နှုန်းဖြင့် ရုတ်တရက် ဆန့်ထွက်လာကာ အခန်းထောင့်ရှိ ဟန်လိထံ ကြမ်းတမ်းစွာ တိုးဝင်လာလေသည်။
ဟန်လိ တုန်လှုပ်သွားပြီး ကျောက်စိမ်းတုတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ ပညာရပ်တစ်ခုကို ထုတ်ဖော်မည်ဟု စဉ်းစားကြည့်ရုံရှိသေး ငွေရောင်ချိန်းကြိုးများက ထိုတစ္ဆေလက်သည်းကို ရုတ်တရက် ထိန်းချုပ်သွားသည်။ အခန်းထဲ၌ အနံ့ဆိုးများ ပြည့်နှက်နေလေသည်။
အခိုးအငွေ့များအတွင်းမှ နာကျင်စွာ အော်ငြီးသံ ထွက်ပေါ်လာပြီး ထက်ရှသောလက်သည်းမှာ အလျင်အမြန် ပြန်ဆုတ်သွားသည်။
ဟန်လိသည် နှုတ်ခမ်းတင်းတင်းစေ့၍ အခိုးအငွေ့ထံသို့ စိုက်ကြည့်နေလေသည်။ ထိုသို့ စိုက်ကြည့်နေစဉ် သူ့အမူအရာမှာလည်း အဆက်မပြတ် ပြောင်းလဲနေသည်။ တစ်ခုခုကို တွေးတော စဉ်းစားမိသွားပြီးနောက် ဟန်လိ၏အမူအရာမှာ ပို၍ ပျက်ယွင်းသွားပြီး သူက နောက်ထပ် ခြေနှစ်လမ်းထပ်ဆုတ်သည်။ ကြည်ပြာကျောက်နံရံနှင့် သူ့ကျောကပ်မိသည့်အထိ ဆုတ်ပြီးနောက် ကျောက်စိမ်းတောင်ဝှေးထဲသို့ စိတ်ဝိညာဉ်စွမ်းအင် ပမာဏ မြောက်များစွာကို သွန်းလောင်းထည့်သည်။ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်မှ နီဝါရောင်အလင်းအရံအတားကိုလည်း ပို ထူထဲစေလိုက်သည်။ သို့မှသာ သူ့အနေဖြင့် ပို၍ စိတ်အေးနိုင်တော့သည်။
ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက် အခိုးအငွေ့ထဲမှ နောက်ထပ်ကြောက်မက်ဖွယ် ဟစ်အော်သံ ထွက်ပေါ်လာပြန်သည်။ ကျောက်စိမ်းသေတ္တာပေါ်ရှိ ရွှေရောင်အဆောင်၏ အလင်းဖြာထွက်မှုမှာ တဖြည်းဖြည်း မှိန်ဖျော့သွားသည်။ ၎င်းထံမှ ထုတ်လွှတ်နေသော အဆောင်သင်္ကတများမှာလည်း စတင် ပြန့်ကျဲသည်။
ထိုမြင်ကွင်းကို တွေ့မြင်သည့်အခါ ဟန်လိသည် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
“ဒီရွှေရောင်အဆောင်က တစ္ဆေတွေ၊ နတ်ဆိုးတွေကို ထိန်းချုပ်နိုင်တဲ့အစွမ်း ရှိပုံ ရတယ်။ ဒါပေမဲ့ ဒါက စိတ်ဝိညာဉ်ချီပမာဏ အကန့်အသတ်တစ်ခုတော့ ရှိမယ်။ တဖြည်းဖြည်းနဲ့ သက်တမ်းကုန်သွားနိုင်ပြီး သူမကို ဆက်ပြီး ထိန်းချုပ်ထားနိုင်လောက်တော့မှာ မဟုတ်ဘူး…”
ကံကောင်းသည်မှာ ဟန်လိ၏ စိုးရိမ်မှုများ ဖြစ်မလာခြင်းပင်။ အော်ငြီသံများ ပျောက်ကွယ်သွားသော်ငြား အခိုးအငွေ့များကမူ ရှိနေဆဲသာ။ ရွှေရောင်အဆောင်၏အလင်းသည်လည်း ခုထိ လုံးလုံးလျာလျာ မပျောက်ကွယ်သွားသေးပေ။
ဟန်လိက ရွှေရောင်အဆောင်ကို တစ်ချက်လှမ်းကြည့်ပြီး ၎င်းနားသို့ ချက်ခြင်း မသွားရောက်သေးဘဲ ထိုအစား ခဏ ထပ်စောင့်နေသည်။ ရွှေရောင်အလင်းက လွင့်ပြယ်ကာ ကျောက်စိမ်းသေတ္တာသည် အခိုးအငွေ့ထဲသို့ ကျဆင်းသွားသည့်နောက် သူ၏အမူဟန်ပန်မှာ ဂနာမငြိမ် ဖြစ်သွား၏။ သူ လက်ဝှေ့ယမ်း၍ ကျောက်စိမ်းသေတ္တာကို ပြန်သိမ်းဆည်းသည်။ ထို့နောက် မန္တာန်ချိပ်ဟန်တစ်ခု ဖြစ်စေပြီး တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်သည်။ ထို့နောက်တွင် ကြက်ဥအရွယ်အစားလောက် ရှိမည့် အနီရောင်မီးလုံးတစ်လုံးသည် သူ့ရှေ့တွင် ပေါ်လာလေသည်။
ထိုမီးလုံးကို တစ်ချက်ကြည့်ပြီးနောက် ဟန်လိက အခိုးအငွေ့ထံသို့ လက်ညွှန်၏။ မီးလုံးသည် အနီရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ အစိမ်းရောင်အခိုးအငွေ့များထံ ပျံသန်းဝင်သွားသည်။ သူ မျက်ခုံးပင့်ကာ အော်ဟစ်လိုက်သည်။
“ပေါက်ကွဲစမ်း…”
ဘုန်း…။ အခိုးအငွေ့သည် မုန်တိုင်းထန်သည့်နှယ် လှုပ်ခါထွက်သွား၍ ချက်ခြင်း ပြန့်ကျဲသွားတော့သည်။ ထင်ထားသည့်အတိုင်းပင် မီးဓာတ်ပညာရပ်များက အဆိပ်ချီကို ရင်ဆိုင်ရာတွင် အထိရောက်ဆုံး ဖြစ်နေ၏။
ဟန်လိသည် နေရာတွင်သာ ရပ်နေ၏။ လေပူများက သူ့ကိုလာ တိုက်ခတ်လျက် ရှိ၏။ သူ၏မျက်လုံးထဲတွင် ထူးခြားသောဟန်ပန်တစ်ခု ဖြစ်ပေါ်ကာ အခိုးအငွေ့များ ရှင်းလင်းသွားသည့် ကျောက်ဖျာကို စိုက်ကြည့်နေသည်။ ထိုနေရာရှိ အရာကို သူ မြင်ရသည့်အခါ သူ့စိတ်နှလုံး ခုန်ပေါက်ကာ သူကျောရိုး၌ စိမ့်တက်သွားပြီး သတွေးမျိုချမိသွားသည်။ ကျောက်ဖျာပေါ်တွင် လူသားအရိပ်တစ်ခု ရှိနေဆဲ ဖြစ်၏။ ၎င်းသည် သို့သော် သေသလား၊ ရှင်သလားကိုမူ မသိရပါ။
၎င်းသည် လူသားအသွင်ပုံစံ ရှိသည်ဟု ပြောနိုင်သော်ငြား ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် သိပ်သည်းလှသော အစိမ်းရောင်အမွှေးအမျှင်များ ထူထဲစွာ ရှိနေသည်။ ၎င်း၏အနံ့အသက်မှာလည်း ပုတ်သိုးနေသောအလောင်းကောင်တစ်ကောင်နှင့် ဆင်လှသည်။
ဟန်လိအနေဖြင့် ၎င်းမှာ မည်သည့်အရာမှန်း သေချာ မမြင်ရသေးသော်လည်း လူသားတစ်ယောက် မဟုတ်မှန်းတော့ သေချာပါသည်။
၎င်းတွင် လက်တစ်ဖက်သာ ရှိ၏။ သို့သော် ထိုလက်မှာ ရှည်လျား၍ မဟူရာရောင်လက်သည်းများ ပိုင်ဆိုင်ထားသည်။ ၎င်းမှာ အစောပိုင်းတုန်းက ဟန်လိကို တိုက်ခိုက်လာခဲ့သော လက်ဖြစ်မှန်း သိသာသည်။ ၎င်းခန္ဓာကိုယ်နှင့် ပတ်သက်၍ အသိသာဆုံးမှာ ထိုခန္ဓာကိုယ်ကို ချိန်းကြိုးများဖြင့် ရစ်သိုင်းထားခြင်းတည်း။ ထိုတုတ်နှောင်မှုသည် ၎င်း၏ခြေလက်များကိုသာမက ရင်ဘက်မှ နောက်ကျောထိ ထွင်းဖောက်လျက် ရှိသည်။ ၎င်းမှာ လုံးဝ ထိန်းချုပ်ထားခံရတာပင်။
များများစားစား တွေးမနေတော့ဘဲ ဟန်လိက သူ့ဓားများထံ လက်ညွှန်လျက် ထိုလူသားအသွင်မွန်းစတားကောင်ကို ထွင်းဖောက်စေသည်။
ဤသို့ဖြင့် ခပ်အုတ်အုတ်အသံများ ထွက်ပေါ်လျက် ရှိချေသည်။ အစိမ်းရောင်အမွှေးအမျှင်များကမူ မည်သို့မျှ ထိခိုက်သွားခြင်း မရှိဘဲ တွန်းကန်လျက်ရှိသည်။ ဟန်လိ ညစ်ပြုံးပြုံး၏။ သို့ပေမည့် သူ့အနေဖြင့် ထူးထူးခြားခြား အံ့အားသင့်ခြင်းမျိုး မခံစားမိပေ။
ဟန်လိက သူ့ဓားများထံ လက်ဝေ့ယမ်းကာ ပြန်ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူက ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးကာ အစိမ်းရောင်မွန်းစတားကောင်ထံ အင်္ကျီလက်အိုးဖြင့် ဝေ့ခါလိုက်သည်။ ထိုစဉ် ဟန်လိ၏အင်္ကျီလက်အိုးထံမှ မိုးပြာအလင်းမြူတစ်ခု ပျံသန်းထွက်ကာ မွန်းစတားကောင်ကို ညင်သာစွာ ထွေးခြုံသွားသည်။ ထိုအခါ ၎င်းသည် ကျောက်ဖျာအောက်သို့ လဲကျသွားပြီး ၎င်း၏အစစ်အမှန်သွင်ပြင် ပေါ်ထွက်လာသည်။
ထိုမွန်းစတားကောင်သည် အရေပြားနှင့်အရိုး၊ အမွှေးအမျှင်တို့သာ ပိုင်ဆိုင်ထား၏။ ၎င်းက အရိုးခြောက်တစ်ကောင်အလား။ ၎င်း၏ တဝက်တပျက် ပွင့်ဟနေသော ပါးစပ်ထဲတွင် တစ်လက်မမျှ အရှည်ရှိ အစွယ်တစ်စုံ ငေါထွက်လျက် ရှိကာ ကြောက်မက်ဖွယ်သွင်ပြင် ဖြစ်ပေါ်နေစေသည်။
“ဒါက…” ဟန်လိသည် ထိုခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင်အမွှေးအမျှင်တို့ကို တစ်ချက်ကြည့်ပြီး ၎င်း၏မျက်နှာသို့ နောက်တစ်ကြိမ် ထပ်ကြည့်သည်။ သူသာ စောစောပိုင်းတုန်းက ကျောက်စိမ်းပြားထဲတွင် ၎င်းကို မြင်ဖူးသလိုလိုမျိုး ရင်းနှီးသလိုလို ဝိုးတဝါး ခံစားမိသည်။
ခေါင်းငုံ့ စဉ်းစားပြီးနောက် အမည်တစ်ခုသည် ဟန်လိ၏ခေါင်းထဲတွင် ပေါ်လာသည်။ သူက ခေါင်းပြန်မော့ကာ အလန့်တကြား ပြောလိုက်မိသည်။
“အလောင်းနတ်ဆိုး…”
သူသည် ရှေးခေတ်က ကြမ်းကြုတ်လှသော ဤစိတ်ဝိညာဉ်၏ ကြောက်မက်ဖွယ် ဒဏ္ဍာရီများအကြောင်းကို ရုတ်တရက် စဉ်းစားမိသွားလေ၏။
အလောင်းနတ်ဆိုး ဟူသည်မှာ ဖုတ်ကောင်အမျိုးအစားတစ်မျိုးပင်။ သို့ပေမည့် ၎င်းသည် ကျင့်ကြံသူများ သန့်စင်မွန်းမံသော အလောင်းများ၊ မြေကမ္ဘာအတွင်း သဘာဝအတိုင်း ဖြစ်ပေါ်လာသော ဖုတ်ကောင်များနှင့် သိသိသာသာ ကွဲပြားလေ၏။ ၎င်းသည် အလွန်ရှားပါးပြီး ထူးခြားသော အခြေအနေတစ်ခုအောက်မှသာ ဖြစ်ပေါ်လာနိုင်တာမျိုးပင်။
ထိုအလောင်းနတ်ဆိုးမှာ မည်သည့်နည်းလမ်းကြောင့် ဖြစ်ပေါ်လာမှန်း မည်သူမျှ မသိသော်ငြား အလောင်းနတ်ဆိုးတစ်ကောင် ဖြစ်ပေါ်လာရန် အဓိက အခြေအနေနှစ်ရပ် ရှိပါသည်။ ပထမတစ်ခုမှာ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတစ်ဦး၏ အလောင်း ဖြစ်ရမည်။ သေမျိုးများနှင့် အဆင့်နိမ့်ကျင့်ကြံသူများ၏ အလောင်းများသည် အလောင်းနတ်ဆိုးအသွင် ဖြစ်ပေါ်ရန် အရည်အသွေး မပြည့်မီပေ။ ဒုတိယအခြေအနေတစ်ရပ်မှာ ထိုအလောင်းသည် သစ်သားဓာတ်ဖြစ်စေ၊ မြေဓာတ်ဖြစ်စေ စိတ်ဝိညာဉ်ရင်းမြစ်တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားရပေမည်။ မဟုတ်ပါက ၎င်းဖွဲ့စည်းရန် သဘာဝ၏ အထောက်အပံ့ကို ရနိုင်စွမ်း ရှိမည် မဟုတ်ပေ။
ထို့အပြင် ထိုကျင့်ကြံသူသည် မကျေချမ်းမှုများစွာဖြင့် သေဆုံးခဲ့ရဦးမည် ဖြစ်၏။ ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းထံ မဝင်ရောက်ချင်သော စိတ်ဝိညာဉ်တစ်ခုကသာ အလောင်းအသွင် ရှိနိုင်ပါမည်။ ဤအခြေအနေများအပြင် အခြားသော အခြေအနေအချို့နှင့် ကိုက်ညီမှု ရှိသွားသည့်အခါ စိတ်ဝိညာဉ်နှင့်အလောင်းသည် ပေါင်းစပ်သွားပြီး အလောင်းနတ်ဆိုးဟု အမည်ရသည့် မွန်းစတားတစ်ကောင် ဖြစ်လာပေလိမ့်မည်။
ထိုမွန်းစတားကို လူသားတစ်ဝက်၊ ဖုတ်ကောင်တစ်ဝက်ဟု ဆိုနိုင်၏။ အလားတူပင် ဖုတ်ကောင်တစ်ဝက်၊ တစ္ဆေတစ်ဝက်ဟုလည်း ပြောနိုင်၏။ တစ္ဆေများ၊ ဖုတ်ကောင်းများကဲ့သို့ နေအလင်းရောင် မခံနိုင်သည့် အားနည်းချက်မျိုးလည်း ၎င်းထံ၌ မရှိသည့်အပြင် ၎င်းထံ၌ အသက်ရှင်စဉ်တုန်းက ပညာရပ်များ၊ မှတ်ဉာဏ်အများစုတို့ကိုပါ ပိုင်ဆိုင်ဦးမည် ဖြစ်၏။
မကျေမချမ်းမှု များစွာဖြင့် သေဆုံးခဲ့သောကြောင့် ထိုကြောက်မက်ဖွယ်စိတ်ဝိညာဉ်မှာ သွေးဆာနေမှာ မလွဲဧကန်ပင်။ ၎င်းတို့သည် ကျင့်ကြံသူများကို အမဲလိုက်ကာ သူတို့၏စိတ်ဝိညာဉ်ကို အလောင်းမီးနှင့် ဖြည်းဖြည်းချင်း နှိပ်စက်ပြီး အစာအဖြစ် စားသောက်ရတာမျိုးကို အထူးနှစ်သက်ကြသည်။
ကျင့်ကြံခြင်းလောက၌ နောက်ဆုံးသော အလောင်းနတ်ဆိုး ပေါ်လာခဲ့သည့်အချိန်မှာ နှစ်ကာလပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။