မင်းတို့ကိုသတ်မယ်
Vol. 9 Ch. 122
အခန်း (၁၂၂) မင်းတို့ကိုသတ်မယ်
ကျန်းလန်ရှေ့တွင် လူ (၂)ယောက် ရှိနေလေသည်။
တစ်ယောက်က ခြင်္သေ့တစ်ကောင်အလား ဆံပင်ရှည် စုတ်ဖွားနှင့် ဖြစ်ပြီး တစ်ယောက်ကတော့ ဆံပင်တိုတိုနှင့် ဖြစ်သည်။ ထိုသူ (၂)ယောက်၏ မျက်နှာထက်တွင် လျှပ်စီးပုံသဏ္ဍန်သင်္ကေများ ပါရှိကြ၏။
ထိုသူ (၂)ယောက်၏ ခြေရင်းတွင် ယောကျ်ားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် သတိလစ် မေ့မျောနေကြသည်။
သတိလစ်လဲကျနေသူများ၏ မျက်နှာကို တွေ့မြင်ရခြင်း မရှိသော်လည်း သူတို့ဝတ်ဆင်ထားသည့် အဝတ်အစားများအရ ခွန်လွန်တောင်မှ တပည့်များဖြစ်ကြောင်း သိရှိနိုင်သည်။
သို့သော် ထိုသူ (၄)ယောက်လုံးမှာ မြေကြောကျုံ့တန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်သူ မဟုတ်ပေ။
ထိုသူများက သူတို့အနားသို့ ကျန်းလန်ရောက်ရှိလာသည်ကို အာရုံခံမိကြခြင်း မရှိသေးပေ။
မြေကြောကျုံ့တန်ခိုးစွမ်းအား အဆုံးမသတ်သေးသောကြောင့် ထိုသူများ ကျန်းလန်ကို တွေ့မြင်နိုင်ခြင်း မရှိကြသေးပေ။
ဆံပင်ရှည်နှင့်လူက…
"အခု ကျုပ်တို့လူ (၂)ယောက် ရထားပြီ… ၊ သူတို့ကို ခွန်လွန်တောင်မှာ သူလျှိုအဖြစ် အသုံးပြုနိုင်မလားတော့ မပြောတတ်ဘူး ၊ ခွန်လွန်တောင်မှာ ကျုပ်တို့လူတွေ တဖြည်းဖြည်းစိမ့်ဝင်အောင်လုပ်ဖို့ အဲဒီလောက် လွယ်ပါ့မလား…"
ဆံပင်တိုနှင့်လူက…
"ဒီကိစ္စ မခက်ပါဘူးကွာ… ၊ ခွန်လွန်တောင်ကလည်း သူတို့ထဲမှာ သူလျှိုတွေရှိတယ်ဆိုတာ သိတာပဲ ၊ တမင်သက်သက် လွှတ်ထားပေးတယ်… ၊ ဒါပေမဲ့ ဒီလူ (၂)ယောက်ကတော့ အလယ်အလတ်အဆင့်လောက်ပဲရှိတော့ အသုံးဝင် မဝင် မပြောတတ်ဘူး…"
ဆံပင်ရှည်နှင့်လူက…
"ခွန်လွန်တောင်ကို ကျုပ်တို့လူတွေလွှတ်နိုင်မယ်ဆိုရင် ကျောက်စိမ်းရေကန်နတ်ဘုရားမကို ရှာတွေ့နိုင်မလား…"
ဆံပင်တိုနှင့်လူက…
"အထဲမှာ ဘာဖြစ်မလဲဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ ၊ ကိုယ်တိုင်ဝင်ပြီး စုံစမ်းကြည့်မှ သိမှာပေါ့…"
ထိုစဉ်မှာပင် မြေကြောကျုံ့တန်ခိုးစွမ်းအား ပျောက်ကွယ်သွားပြီး ထိုသူများရှေ့တွင် ကျန်းလန် ဝုန်းခနဲ ပေါ်လာလေသည်။
ကျန်းလန် ချက်ချင်းပင် ထိုသူများ၏ ကျင့်ကြံခြင်းအဆင့်များကို ခန့်မှန်းကြည့်လိုက်သည်။
"မူလဝိညာဉ်အဆင့် ကျင့်ကြံသူ (၂)ယောက်ပဲ…"
ထို့နောက် ကျန်းလန်က ထိုသူ (၂)ယောက်ကို အေးဆေးစွာဖြင့် ကြည့်လိုက်သည်။
ပတ်ဝန်းကျင်တွင် အန္တရယ်အငွေ့အသက်များ ထွက်ပေါ်နေခြင်း မရှိပေ။
ထို့ပြင် ကျန်းလန်ရှေ့မှ လူ (၂)ယောက်က မြေကြောကျုံ့တန်ခိုးစွမ်းအား အသုံပြုသူများ မဟုတ်သလို ခွန်လွန်တောင်သို့ သူလျှိုများစေလွှတ်မည့်ကိစ္စကို ဦးဆောင်လုပ်ကိုင်နေသူများလည်း ဟုတ်ဟန်မတူပေ။
မြေကြောကျုံ့တန်ခိုးစွမ်းအားက နတ်တန်ခိုးစွမ်းအားတစ်ခု ဖြစ်သော်လည်း ထိုတန်ခိုးစွမ်းအားကို ကျင့်ကြံရန်အတွက် အဆင့်တစ်ခု လိုအပ်လေသည်။
သူ့ရှေ့မှ လူ (၂)ယောက်က နောက်ထပ် နှစ်ပေါင်း (၁၀၀) ကျင့်ကြံလျှင်တောင် ထိုအဆင့်သို့ ရောက်ရှိနိုင်မည် မဟုတ်သေးပေ။
"မင်းက ဘယ်သူလဲ..."
ဆံပင်ရှည်နှင့်လူက မေးလိုက်သည်။
ညအချိန်ဖြစ်သော်လည်း လရောင်က ထိန်ထိန်သာလျှက် ရှိသည်။ ထို့ကြောင့် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရသည်။
သို့သော် သူ့ရှေ့မှလူကိုတော့ ရှင်းရှင်းလင်းလင်းတွေ့မြင်ရခြင်း မရှိပေ။
ထိုသူဝတ်ဆင်ထားသည့် အဝတ်အစား ၊ မျက်နှာသွင်ပြင် အရာအားလုံးက မှုံဝါးလျှက် ရှိသည်။
ဤသည်က ပုံမှန်မဟုတ်ပေ။ သို့သော် သူတို့ရှေ့မှလူက မြေကြောကျုံ့တန်ခိုးစွမ်းအားဖြင့် ဆွဲခေါ်ခံရသဖြင့် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သူတို့နားလည်ထားသည်။
မြေကြောကျုံ့တန်ခိုးစွမ်းအားကြောင့် မသက်ဆိုင်သည့်လူတစ်ယောက် သူတို့ရှေ့သို့ရောက်လာမည်ဟု မျှော်လင့်မထားခဲ့ကြပေ။
ဤသူကို သတ်ဖြတ်နှုတ်ပိတ်ပစ်ရမည်လား။
ထိုသူ (၂)ယောက်ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ချက်ချင်း မြင့်တက်လာသည်။
သူတို့ရှေ့ရောက်နေသည့် မှုံဝါးဝါးပုဂ္ဂိုလ်က ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်မျှသာ ဖြစ်သည်။
သို့သော် တစ်ဖက်လူ၏ ပုံပန်းသဏ္ဍန်ကို တွေ့မြင်ရခြင်း မရှိလေရာ ထိုသူက ထူးခြားသည့်မှော်ဝင်ပစ္စည်းများ အသုံးပြုထားနိုသည်ဟု ယူဆပြီး ချက်ချင်း မတိုက်ခိုက်ဘဲ တွန့်ဆုတ်နေကြခြင်း ဖြစ်သည်။
ကျန်းလန်က ထိုသူ (၂)ယောက်ကို ကြည့်လိုက်ရင်း…
"ကျုပ်က ဖြတ်သွားဖြတ်လာတစ်ယောက်ပါ… ၊ မထင်မှတ်ဘဲ မင်းတို့ဆီ ရောက်လာတာ…"
ယခုအချိန်ထိ မြေကြောကျုံ့တန်ခိုးစွမ်းအားကို အသုံးပြုသူ ပေါ်မလာသေးပေ။
ထို့ပြင် ကျန်းလန်က အကြောင်းမရှိဘဲ ဤသူ (၂)ယောက်နှင့် ရန်သူများ မဖြစ်လိုပေ။
လူပေါင်းများစွာဖြင့် ရန်ဘက်ပြုမိပါက အင်မော်တယ်အဖြစ် အဆင့်တက်ရောက်ရန် စမ်းသပ်ခံရသည့်အချိန်တွင် ပြဿနာရှိလာနိုင်သည်။
နတ်လူသားမျိုးနွယ်များ၏ ရန်ငြိုးထားခြင်းကို ခံနေရသည်ကပင် သူ့အတွက် ပြဿနာက လုံလောက်နေပြီ ဖြစ်သည်။
ဆံပင်တိုနှင့်လူက မြေပြင်ထက်တွင် လဲကျနေသည့် ခွန်လွန်တောင်တပည့် (၂)ယောက်ကို လက်ညှိုးညွှန်ပြလိုက်ရင်း…
"မင်း သူတို့မျက်နှာတွေကို မြင်ရသလား..."
ကျန်းလန်က…
"မမြင်ရဘူး..."
ကျန်းလန် အမှန်အတိုင်းပြောလိုက်ခြင်း ဖြစ်သည်။ တကယ်လည်း ထိုသူများ၏ မျက်နှာများကို တွေ့မြင်ရခြင်း မရှိပေ။
ဆံပင်ရှည်နှင့်လူက…
"ကောင်းပြီ… ဒါဖြင့် မင်း သွားလို့ရတယ်…"
ထိုသူများက သူ့ကို ဒီအတိုင်းလွှတ်ပေးမည်ဟု ကျန်းလန် မျှော်လင့်မထားမိပေ။
သို့သော် အခြေအနေက အဆင်ပြေပြီဖြစ်လေရာ သူ စကားတစ်ခွန်မှမပြောဘဲ လှည့်ထွက်လာခဲ့သည်။
သို့ရာတွင် ကျန်းလန်က ဤအတိုင်း လက်လွတ်စပယ် ထွက်လာခြင်း မဟုတ်ပေ။ သူက မိုင်တစ်ထောင်အသံဖမ်းစက်ကို ထုတ်ဖော်အသုံးပြုပြီးမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။
ထိုအသံဖမ်းစက်က စနစ်တွင် မှတ်ပုံတင်ရာမှ ရရှိထားသည့် မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်သည်။
အဝေးသို့ထွက်ခွာသွားသည့်တိုင် ဤနေရာတွင် ပြောဆိုနေသည့် စကားသံများနှင့် အဖြစ်အပျက်များကို ကျန်းလန် ကြားသိနေရမည် ဖြစ်သည်။
ခွန်လွန်တောင်သို့ သာမန်သူလျှိုများ ရောက်ရှိလာခြင်းကို ကျန်းလန် အရေးမစိုက်ပေ။
သို့သော် စောစောက သူတို့ပြောသည့်စကားများထဲတွင် "ကျောက်စိမ်းရေကန်နတ်ဘုရားမ" ဟု ပြောသံကြားလိုက်ရသည်။
လုန်ယွိ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် သူလျှိုများကို အရေးစိုက်စရာ မလိုပေ။
သို့သော် သူက မကြာခင် လုန်ယွိနှင့်စေ့စပ်ရတော့မည် ဖြစ်လေရာ လုန်ယွိ၏ ပြဿနာသည်လည်း သူ့ပြဿနာ ဖြစ်လာနိုင်သည်။
ထို့ကြောင့် သူက အခြေအနေသိရှိနိုင်ရန် မိုင်တစ်ထောင်မှော်ဝင်အသံဖမ်းစက်ကို ထုတ်ဖော်အသုံးပြုလိုက်ခြင်း ဖြစ်၏။
ကျန်းလန် ထွက်ခွာသွားသည်နှင့် ဆံပင်တိုနှင့်လူက ဆံပင်ရှည်နှင့်လူကို တအံ့တသြဖြင့် လှမ်းကြည့်လိုက်သည်။
"မင်း ဒီကောင့်ကို ဘာလို့ ဒီအတိုင်းလွှတ်ပေးလိုက်တာလဲ…"
ဆံပင်ရှည်နှင့်လူက…
"ဒီအတိုင်းလွှတ်ပေးစရာလားကွ… ၊ ဒီတောင်ပေါ်မှာ သဘာဝအတိုင်းဖြစ်တည်နေတဲ့ ဝင်္ကပါတစ်ခုရှိတယ် ၊ အဲဒီဝင်္ကပါကို ကျုပ်တို့တပ်မှူးက အစီအရင်ပညာအသုံးပြုပြီး အဆင့်မြှင့်တင်ထားတယ် ၊ ဒီကောင့်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် အဲဒီဝင်္ကပါထဲ ပိတ်မိနေမှာ… ၊ ဘယ်နည်းနဲ့မှ မလွတ်နိုုင်ဘူး…"
ဆံပင်တိုနှင့်လူက…
"ဒါဖြင့် ကျုပ်တို့ တပ်မှူးနဲ့ အခြားသူတွေကို သွားခေါ်ကြမယ်… ၊ ဒီကောင့်ကိစ္စ လျှို့ဝှက်ထားတာ မကောင်းဘူးလေ… ၊ တကယ်လို့ သူသာ လွတ်သွားမယ်ဆိုရင် ရန်သူကို သတိပေးသလို ဖြစ်သွားနိုင်တယ်…"
ဆံပင်ရှည်နှင့်လူက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
သူတို့ (၂)ယောက်လုံး ကျန်းလန်ကို အရေးမစိုက်ကြတော့ပေ။
ပြီးမှ ဆံပင်ရှည်နှင့်လူက…
"တကယ်တော့ ကျုပ်တို့ ဒီကိုလာတာ ခွန်လွန်တောင်နဲ့ နဂါးမျိုးနွယ်တွေရဲ့ ချစ်ကြည်ရေး လက်ထပ်မင်္ဂလာပွဲကြောင့် မဟုတ်လား…"
ပြောရင်း ဆံပင်ရှည်နှင့်လူက မြေပြင်ထက်လဲကျနေသည့် ခွန်လွန်တပည့်တစ်ယောက်ကို ဆွဲယူကာ ပခုံးပေါ်ထမ်းလိုက်သည်။
ဆံပင်တိုနှင့်လူကလည်း နောက်ထပ် ခွန်လွန်တပည့်တစ်ယောက်ကို ပခုံးပေါ်သို့ ထမ်းလိုက်ရင်း…
"ရှေ့တန်းမှာလည်း ကောလဟလတွေက ရှုတ်နေတာပဲ… ၊ အဲဒီ ချစ်ကြည်ရေးမင်္ဂလာကိစ္စကြောင့်သာ မဟုတ်ရင် ကျုပ်တို့ ဒီနေရာအထိတောင် လာစရာအကြောင်း မရှိဘူး… ၊ ဒီမင်္ဂလာကိစ္စက ကျုပ်တို့ နတ်မိစ္ဆာတွေအတွက်တော့ အတော်လေး ရင်နာစရာပဲ… ၊ ဟွန်း… ခွန်လွန်တောင်က နဂါးမျိုးနွယ်တွေဘက်ကနေ ခုလို ပံ့ပိုးပေးလိုက်တာဟာ ကျုပ်တို့အတွက်တော့ ပြဿနာအကြီးကြီးပဲ ၊ ဒါကြောင့် ဒီတစ်ခေါက် ပစ်မှတ်ထားမှာက ကျောက်စိမ်းရေကန် နတ်ဘုရားမကို မဟုတ်ဘူး ၊ ကျောက်စိမ်းရေကန် နတ်ဘုရားမနဲ့ လက်ဆက်မယ့်သူကိုပဲ…"
ဆံပင်ရှည်နှင့်လူက…
"အဲဒီကောင်ကို သတ်ပစ်ရမှာလား…"
ဆံပင်တိုနှင့်လူက…
"ဒါတော့ ကျုပ်လည်း မသိဘူး… ၊ အမိန့်ကတော့ အဲဒီလူကို ဖမ်းဆီးရမယ်လို့ ပြောတာပဲ ၊ သူ့ရဲ့ သေရေးရှင်ရေးကတော့ ကျုပ်တို့ ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူး ၊ ဒါပေမဲ့ကွာ… အဲဒီကောင်က ရင်းမြစ်ပစ္စည်းတွေ အများကြီးအသုံးပြုပြီး ကျင့်ကြံခြင်းအဆင့် တက်လာတာတဲ့… ၊ အသုံးကျမယ့်ပုံ မပေါ်ပါဘူး… ဒီတော့ ဘာမှ ကြောက်စရာ မလိုဘူး…"
ပြောရင်းဆိုရင်း ထွက်ခွာသွားရန် ဟန်ပြင်လိုက်စဉ်တွင် သူတို့ရှေ့တွင် လူရိပ်တစ်ရိပ် ရုတ်တရက် ပေါ်လာသည်။
သူတို့ ထတ်လန့်သွားပြီး နောက်သို့ မသိမသာ ဆုတ်လိုက်ကြသည်။
ဆံပင်ရှည်နှင့်လူက သူတို့ရှေ့တွင် ပေါ်လာသူကို တစ်ချက်လှမ်းကြည့်ရင်း…
"မင်းကိုး…"
သူတို့ရှေ့တွင် ပေါ်လာသူက စောစောက ဖြတ်သွားဖြတ်လာဟု ပြောခဲ့သည့် ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူ ဖြစ်၏။
စောစောက ထိုသူကို မသတ်လိုက်သည်မှာ ထိုသူ့ထံတွင် အစွမ်းထက် မှော်ဝင်ပစ္စည်းများရှိနေနိုင်သည်ဟု သံသယဝင်မိသောကြောင့် ဖြစ်သည်။
ယခုတော့ မမျှော်လင့်စွာပင် ထိုသူက သူတို့သွားမည့်လမ်းကို လာရောက်ပိတ်ဆို့ထားပြီ ဖြစ်၏။
ကျန်းလန်က…
"ဟုတ်တယ်... ကျုပ်ပဲ..."
အစပိုင်းတွင် ကျန်းလန်က အမှန်တကယ် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
သူက ဤသူများနှင့် ရန်ဘက် မဖြစ်လိုပေ။
သို့သော် ဤသူများ ခွန်လွန်တောင်သို့ လာရောက်ရသည့် အကြောင်းရင်းကို သိလိုက်ရသည့်အခါ သူ ထွက်ခွာမသွားတော့ဘဲ ပြန်လှည့်လာခဲ့ခြင်း ဖြစ်သည်။
ဤသူများ ခွန်လွန်တောင်သို့ လာရောက်ရသည့် အကြောင်းရင်းကို သိရှိပြီးနောက် ကျန်းလန်အနေဖြင့် ဤသူများကို အသက်ရှင်လျှက် မထားနိုင်တော့ပေ။
ထို့ပြင် ဤသူများက နတ်မိစ္ဆာများ ဖြစ်ကြ၏။
မကြာသေးမီကပင် ခွန်လွန်တောင်အနီးတစ်ဝိုက်တွင် နတ်မိစ္ဆာများ ရောက်ရှိနေသည်ဟု သူ သတင်းကြားခဲ့ရသည်။ ယခု ကျန်းလန် ရင်ဆိုင်နေရသည်မှာ ထိုနတ်မိစ္ဆာအုပ်စု ဖြစ်ဟန်ရှိသည်။
နောက်တစ်ချက်မှာ ဤနတ်မိစ္ဆာများက သူ့ကို ဖမ်းဆီးရန် ရောက်လာသူများ ဖြစ်ကြသည်။
ခွန်လွန်တောင်နှင့် နဂါးမျိုးနွယ်များ၏ ချစ်ကြည်ရေးထိမ်းများမင်္ဂလာပွဲက အခြားသော မျိုးနွယ်များနှင့် အဖွဲ့အစည်းများကို နည်းလမ်းမျိုးစုံဖြင့် သက်ရောက်မှု ရှိခဲ့သည်။
နဂါးမျိုးနွယ်ရော ခွန်လွန်တောင်ရောက ပျက်သုဉ်းတစပြင်လောကကြီးတွင် စွမ်းအားကြီးမားသည့် အင်အားစုများ ဖြစ်ကြသည်။
ထို အင်အားကြီးအုပ်စု (၂)ခုက ချစ်ကြည်ရေးလက်ထပ်မင်္ဂလာပြုလုပ်ပြီး မဟာမိတ်ဖွဲ့မည်ဆိုခြင်းက အခြားအင်အားစုများအနေဖြင့် မည်သည့်နည်းနှင့်မှ လက်သင့်မခံနိုင်စရာကိစ္စဖြစ်သည်။
အထူးသဖြင့် နဂါးမျိုးနွယ်များဖြင့် တိုက်ခိုက်နေသည့် နတ်မိစ္ဆာများအတွက် ကြီးမားသည့် ထိုးနှက်ချက် ဖြစ်သည်။
ခွန်လွန်တောင်နှင့် နဂါးမျိုးနွယ်များ ပူးပေါင်းလိုက်ခြင်းက တိုက်ပွဲတွင် နတ်မိစ္ဆာများ ရှုံးနိမ့်နိုင်ချေ မြင့်မားလာပေလိမ့်မည်။
ထို့ကြောင့် ချက်ကြည်ရေးမင်္ဂလာပွဲကိုဖျက်ဆီးရန် နတ်မိစ္ဆာများ ကြံစည်ကြခြင်း ဖြစ်သည်။
ကျန်းလန်၏ အတွေးအရဆိုလျှင် မင်္ဂလာပွဲကိုဖျက်စီးရန် သတို့သားလောင်းကို သတ်ဖြတ်ပစ်မည်ဆိုခြင်းက သိပ်ပြီး ပုံစံမကျပေ။
သတို့သားလောင် သေဆုံးသွားဦးတော့ မင်္ဂလာပွဲက ပျက်စီးသွားမည် မဟုတ်ပေ။
ခွန်လွန်တောင်တွင် တပည့်ပေါင်းများစွာ ရှိလေသည်။
သူသေသွားလျှင် သူ့နေရာကို နောက်တစ်ယောက်ဖြင့် အစားထိုးမည်ပဲ ဖြစ်သည်။ ဆက်ခံသူတပည့်မဟုတ်သည့်တိုင် ခွန်လွန်တောင်အနေဖြင့် မင်္ဂလာပွဲမပျက်စီးရန် ရှိသမျှအကြံ အကုန်ထုတ်သုံးမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ခွန်လွန်တောင်က ကျောက်စိမ်းရေန်ကန်နတ်ဘုရားမကို မစွန့်လွှတ်ချင်သောကြေင့် ဖြစ်၏။
သို့ရာတွင် သတို့သားလောင်းဖြစ်သူ ကျန်းလန်ကို သတ်ဖြတ်လိုက်ပါက မင်္ဂလာပွဲကို အနည်းငယ်တော့ နှောင့်နှေးသွားစေပေလိမ့်မည်။
မည်သို့ပင် ဖြစ်စေ ဤသည်က ပြဿနာကို ဖြေရှင်းသည့် နည်းလမ်း မဟုတ်ပေ။
နတ်မိစ္ဆာများက ပြဿနာ၏ မူလရင်းမြစ်ကို မဖျက်စီးနိုင်လျှင်တောင်မှ ရသလောက် ဖျက်စီးမည်ဟု ကြံစည်ထားကြဟန် ရှိသည်။
ဆံပင်တိုနှင့်လူ၏ မျက်နှာခက်ထန်တင်းမာသွားပြီး…
"စောစောက မင်းကို ထွက်သွားခိုင်းလိုက်ပြီ မဟုတ်ဘူးလား…"
တစ်ဖက်လူ ဤနေရာသို့ ပြန်လှည့်လာသည်မှာ ရိုးရှင်းခြင်း မရှိပေ။ တစ်ဖက်လူတွင် လျှို့ဝှက်ချက်များစွာ ရှိနေနိုင်သည်။
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
"အစကတော့ ထွက်သွားမလို့ပဲ ၊ ဒါပေမဲ့ အခုတော့ ထွက်သွားဖို့ မလိုတော့ဘူး…"
ကျန်းလန်က ထိုသူ (၂)ယောက်ကို ကြည့်လိုက်ရင်း…
"ကျုပ် မင်းတို့ကို နည်းနည်းလောက် မေးစရာရှိတယ်…"
နတ်မိစ္ဆာများက ဤသူ (၂) ယောက်ထက်မက ပိုပြီး ရှိနိုင်လေသည်။
ထို့ကြောင့် ကျန်းလန်အနေဖြင့် ရန်သူအင်အားကို သိရှိရန် လိုအပ်သည်။
ထို့ပြင် ရန်သူကို တိုက်ခိုက်မည်ဆိုပါက တစ်ကြိမ်တည်းဖြင့် တိတိကျကျ အဆုံးသတ်အောင် တိုက်ခိုက်ရမည် ဖြစ်သည်။ တစ်စုံတစ်ခု လွဲချော်သွား၍ မဖြစ်ပေ။
ကျန်းလန် တစ်ယောက်တည်း တိုက်ခိုက်ရမည်ဖြစ်လေရာ ရန်သူကို အလစ်ချောင်းတိုက်ခိုက်ရန် လွယ်ကူမည် ဖြစ်သည်။
ယနေ့ ဤသူ (၂)ယောက်နှင့်သာ မတွေ့ဆုံပါက ကျန်းလန၏ ကံကြမ္မာက တစ်မျိုတစ်ဖုံ ပြောင်းလဲသွားနိုင်သည်။
သူ့ကို ပစ်မှတ်ထား တိုက်ခိုက်မည့်အစီအစဉ်တွင် ပါဝင်သူများမှာ ဤသူ (၂)ယောက်မျှသာ မဟုတ်ကြောင်း ကျန်းလန် နားလည်ထားသည်။
နောက်တစ်ချက်မှာ ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် လက်ဆက်မည့်သတို့သားလောင်းမှာ သိပ်ပြီး ကျင့်ကြံခြင်းအဆင့် မြင့်မားခြင်းမရှိဟု ရန်သူများဘက်မှ သိရှိထားကြသည်။
ထို့ကြောင့် သူ့ကို ဖမ်းဆီးရန်အတွက် အလွန်ဆုံး မူလဝိညာဉ်အဆင့် ကျင့်ကြံသူများကိုသာ စေလွှတ်မည် ဖြစ်သည်။
ဤကိစ္စက သူနှင့်သာ ပတ်သက်ခြင်းမရှိလျှင် ကျန်းလန် သေချာပေါက် ဤနတ်မိစ္ဆာများကို လျစ်လျူ ရှုထားမည် ဖြစ်သည်။
သူက အင်မော်တယ်ဖြစ်လာခါနီးအချိန်ထိ နဝမတောင်ထွတ်တွင် အေးအေးဆေးဆေး တံခါးပိတ်ကျင့်ကြံရန် ဆုံးဖြတ်ထားသူ ဖြစ်သည်။
ယခုတော့ အေးအေးဆေးဆေး နေချင်သူထံသို့ ပြဿနာများက တစ်ခုပြီးတစ်ခု ခြေထောက်ပေါက်ကာ ရောက်လာနေကြသည်။
ဆံပင်ရှည်နှင့်လူက…
"ဘာလဲ ကျုပ်တို့ မင်းကို သတ်မလားဆိုတဲ့မေးခွန်းမျိုး မေးချင်နေတာလား…"
ထိုသူ၏ အသံက ခြင်္သေ့အော်သံအလား ကျယ်လောင်လှပြီး ကျန်းလန်၏ နှလုံးသားဗဟိုချက်သို့ ထိုးဖောက်ဝင်ရောက်လာသည်။
ပတ်ဝန်းကျင်တစ်ခုလုံးရှိ သစ်ပင်များ ချက်ချင်းပင် အပိုင်းပိုင်း ကျိုးပျက်ကုန်၏။
ထို့နောက် နတ်မိစ္ဆာ (၂)ယောက်က ပခုံးပေါ်ထမ်းထားကြသည့် ခွန်လွန်တောင်တပည့်များကို အောက်သို့ ပစ်ချလိုက်ပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။
တစ်ဖက်လူက စတင်စိန်ခေါ်ပြီဆိုမှတော့ သူတို့ဘက်ကလည်း အချိန်ဖြုန်းနေစရာ အကြောင်း မရှိပေ။
ဆံပင်တိုနှင့်လူ၏ နောက်ကျောဘက်တွင် အနက်ရောင်အတေင်ပံများထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ ပျံတက်သွားလေသည်။
ထိုသူက ငှက်မိစ္ဆာတစ်ကောင် ဖြစ်၏။
ဆံပင်ရှည်နှင့်လူကတော့ နောက်သို့ ခြေတစ်လှမ်းခန့် ဆုတ်လိုက်သည်။
သူက ခေါင်းတစ်ချက်ခါရမ်းလိုက်လေရာ သူ့အနောက်ဘက်တွင် ကြီးမားလှသည့် ခြင်္သေ့ကြီးတစ်ကောင်၏ပုံရိပ် ထွက်ပေါ်လာသည်။
ထိုသူက ခြင်္သေ့မိစ္ဆာတစ်ကောင်ဖြစ်၏။
ထို့နောက် ခြင်္သေ့ကြီးက မိုးခြိမ်းသံအလား ကျယ်လောင်လွန်းလှသည့်ဟိန်းဟောက်သံကြီးတစ်ချက်ကို ပြုလုပ်လိုက်လေတော့သည်။
"ဝေါင်း…"