အစီအရင်ပညာကိုသင်ယူပြီး နဝမတောင်ထွတ်ကိုကာကွယ်ရန်
Vol. 9 Ch. 125
အခန်း (၁၂၅) အစီအရင်ပညာကိုသင်ယူပြီး နဝမတောင်ထွတ်ကိုကာကွယ်ရန်
ကျန်းလန်၏ လက်သီးချက်ကို မန်တုကလည်း လက်သီးချက်ဖြင့်ပင် တုန့်ပြန်လိုက်သည်။
မန်တုက သူ၏ လက်သီးစွမ်းကို အမြင့်ဆုံးအဆင့် ထုတ်ဖော်တိုက်ခိုက်လိုက်သည်။
သူ၏လက်သီးစွမ်းဖြင့်ဆိုလျှင် မရှိမှုအာကာသအဆင့် ၊ နောက်ဆုံးဆင့်ကိုပင် အံတုနိုင်မည်ဟု မန်တုက ယုံကြည်ထားသည်။
လူသားကျင့်ကြံသူတစ်ယောက်က သူ့ကို အဘယ်မှာ တိုက်ခိုက်နိုင်ပါမည်နည်း။
ကျန်းလန်ကတော့ ရန်သူကိုသတ်ဖြတ်ပစ်နိုင်ရန်သာ ခေါင်းထဲသို့ ထည့်ထားသည်။
ယခု သူရင်ဆိုင်နေရသည့် နတ်မိစ္ဆာက သူနှင့် ဆင်တူသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ ထိုသူက သူကဲ့သို့ပင် လက်သီးစွမ်းအားကို ကျင့်ကြံထားသူ ဖြစ်သည်။
များစွာသော မန္တန်များနှင့် တန်ခိုးစွမ်းအားများကို အသုံးပြုကြသည့် နတ်မိစ္ဆာများထက်ဆာလျှင် ယခုကဲ့သို့ လက်သီးချင်းတိုက်ခိုက်ရခြင်းက ကျန်းလန်အတွက် ပိုမိုလွယ်ကူသည်။
ရန်သူက ထုတ်လွှတ်တိုက်ခိုက်မည့် မန္တန်များနှင့် တန်ခိုးစွမ်းအားများကို တိုင်းတာခန့်မှန်းနေရန် မလိုအပ်တော့သောကြောင့် ဖြစ်သည်။
ရန်သူကလည်း သူကဲ့သို့ပင် လက်သီးတစ်ချက်တည်းဖြင့် အရာအားလုံးကို ဖောက်ခွဲပစ်ရန်သာ သိရှိနားလည်သူ ဖြစ်သည်။
ကျန်းလန် မန်တု၏ရှေ့တွင်ပေါ်လာပြီး လက်သီးဖြင့်ထိုးချလိုက်သည်။
လက်သီးချင်း ထိပ်တိုက်ရင်ဆိုင်မိပြီး မည်သူမှ နောက်သို့ ဆုတ်သွားခြင်း မရှိပေ။
"ဘုန်း..."
သူ့လက်သီးချက်ကြောင့် မန်တု လွင့်ထွက်သွားခြင်း မရှိသောကြောင့် ကျန်းလန် အံ့အားသင့်ခြင်း မဖြစ်မိပေ။
ကျန်းလန် ရွှေခန္ဓာဆေးလုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
ရန်သူက သူနှင့်လက်သီးချင်းယှဉ်နိုင်သည့်အဆင့်ဖြစ်လေရာ သူ့အနေဖြင့်နှောင့်နှေး၍ မဖြစ်ပေ။ တတ်နိုင်သမျှမြန်မြန် သတ်ဖြတ်ပစ်ရပေမည်။
မန်တုရှေ့သို့ ရောက်လာပြီး ကျန်းလန် နောက်ထပ်လက်သီးတစ်ချက် ထိုးချလိုက်သည်။
"ဘုန်း..."
ယခုတစ်ကြိမ်မှာတော့ မန်တု နောက်သို့ လွင့်ထွက်သွားပြီး ကျန်းလန်ကလည်း သူ့နောက် ဆက်တိုက်လိုက်ပါသွားသည်။
လက်သီးတစ်ချက်...
နောက်ထပ်တစ်ချက်...
"ဝုန်း…"
ပဉ္စမမြောက်လက်သီးချက်တွင်တော့ မန်တု လွင့်ထွက်သွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်သည်။
သူ့မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နက်လျှက်ရှိသည်။
သို့သော် သူက နည်းနည်းလေးပင် နောက်ဆုတ်ရန် ဆန္ဒမရှိပေ။ ရှိသမျှစွမ်းအးများကို စုစည်းပြီး ကျန်းလန်ကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
ကျန်းလန်ကတော့ အခြားကိစ္စများကို တွေးနေရန် အချိန်မရှိတော့ပေ။ ဤသူကို အရင်သတ်ရမည် ဖြစ်သည်။
ဤသူသာ လွတ်မြောက်သွားလျှင် အနာဂတ်တွင် ကြီးမားသည့် အန္တရယ်ကြီးနှင့် ရင်ဆိုင်ရနိုင်ချေ ရှိသည်။
ကျန်းလန်က သူ၏ စွမ်းအားများကို တတ်နိုင်သလောက် အထွတ်ထိပ်အဆင့်ရောက်အောင် စုစည်းလိုက်သည်။ သူ့ခန္ဓာကိုထဲမှ စွမ်းအားများက အဆက်မပြတ် ပေါက်ကွဲထွက်နေသံများကို ကြားလိုက်ရသည်။
သူ၏ သွေးကြောထဲမှ သွေးများတဟုန်ထိုးမြင့်တက်လာပြီး နွားရိုင်းကြီးတစ်ကောင် တောင်နှင့်မြစ်ရေများကို ဖြတ်ကျော်ပြေးလွှားနေသည့်အသံကို ကြားလိုက်ရသည်။
ထို့နောက် နွားရိုင်းအော်သံတစ်သံ ထွက်ပေါ်လာသည်။
ထိုအသံက စကြာဝဠာ အာကာသထဲမှ ထွက်ပေါ်လာသည့် အသံဖြစ်သည်။ ထိုအသံက အသံက မိုးနှင့်မြေကို ဖြတ်သန်းရိုက်ခတ်လာသည်။
"ဘူး..."
ထိုခဏမှာပင် ကျန်းလန်၏လက်သီးချက်နှင့် မန်တု၏လက်သီးချက်တို့ ထိပ်တိုက်ထိတွေ့သွားသည်။
"ဝုန်း…"
သူတို့လက်သီးချက်များ ထိခိုက်မိခြင်းက တိမ်ပြိုကမ်းပါးကြီးသည်ပင် များစွာထိုးနှက်ခံလိုက်ရသည်။
ယခုတစ်ကြိမ်တော့ ကျန်းလန်၏ လက်သီးချက်ကို မန်တု ခံနိုင်ရည် မရှိတော့ပေ။
ကျန်းလန်၏ လက်သီးချက်ကြောင့် သူ့လက်မောင်းမှ အသားအရေများက အလွှာလိုက် တစ်လွှာပြီးတစ်လွှာ ပျက်စီးကြေမွသွားလေသည်။
"ဘန်း…"
ကျန်းလန်၏ လက်သီးချက် ဖြတ်သန်းသွားသည်။
မန်တု၏လက်တစ်ဖက်လုံး သွေးမှုံများအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် အနောက်ဘက်သို့ လွင့်ထွက်သွားသည်။
ကျန်းလန်၏လက်သီးချက်က သူ့ကို ဇီဝိန်ခြွေလိုက်ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲရာများ ထင်ဟပ်လာသည်။
သူ၏ စွမ်းအားများလည်း တဖြည်းဖြည်း လျော့နည်းပျောက်ကွယ်သွားလေည်။
ကျန်းလန်လက်သီးချက်က သူ၏ ယုံကြည်ချက်နှင့် မာနတရားများကိုပါ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားစေသည်။
သူ့ကို လူသားတစ်ယောက်က သတ်ဖြတ်လိုက်သည်တဲ့လား။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
"မယုံနိုင်ဘူး … ဒါ မဖြစ်နိုင်ဘူး…"
မန်တု လက်တစ်ဖက် ဆုံးရှုံးသွားပြီ ဖြစ်သည်။
သူ မြေပြင်ထက်မှ ထရန် ကြိုးစားလိုက်သော်လည်း သူ့ခန္ဓာကိုယ်တွင် စွမ်းအား အနည်းငယ်ပင် မကျန်ရစ်တော့ပေ။
ကျန်းလန် သူ့ရှေ့တွင် ပေါ်လာလေသည်။ သူ့ကိုကြည့်ရသည်မှာ စကားပြောရန် ရည်ရွယ်ချက် မရှိပေ။
မန်တုက သူ့ကို ပစ်မှတ်ထားရုံသာမက နဝမတောင်ထွတ်ကိုပါ ပစ်မှတ်ထားခဲ့သည်။ ဤသို့သောလူမျိုးကို သုတ်သင်ပစ်ရပေမည်။
"မဖြစ်နိုင်ဘူး… မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ကျုပ်ထက် မမြင့်ဘူးဆိုတာ သေချာတယ်… ဘာလို့… ဘာလို့ ကျုပ်ကို အနိုင်ယူနိုင်ရတာလဲ…"
အဖြစ်အပျက်များကို မန်တု မယုံကြည်နိုင်ပေ။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ…"
ကျန်းလန်က မန်တုဘေးသို့ရောက်လာပြီး မေးလိုက်သည်။
သူ၏ လက်သီးချက်တစ်ချက်က ရန်သူ၏ ဇီဝိန်ကိုခြွေထားပြီ ဖြစ်သော်လည်း သူ နောက်ထပ်လက်သီးတစ်ချက် ထပ်ထိုးချင်နေသေးသည်။
တစ်ဖက်လူ အသက်ပျောက်သွားသည်မှာ သေချာစေရန် ဖြစ်သည်။
"မင်းက ဘယ်သူလဲ... ၊ ဘာလို့ ကျုပ်တို့နတ်မိစ္ဆာတွေကို ဆန့်ကျင်တိုက်ခိုက်ရတာလဲ..."
မန်တု စိတ်ကို တည်ငြိမ်အောင် ကြိုးစားပြီး မေးလိုက်သည်။
ကျန်းလန် မြေပြင်ထက် ဒူးတစ်ဖက်ထောက်ကာထိုင်လိုက်ပြီး လက်ကို ဆန့်ထုတ်ကာ မန်တု၏ မေးရိုးကို ဆုပ်ကိုင်လိုက်သည်။
"ကျုပ်က မင်း စောစောကပြောတဲ့ အမှိုက်ကောင်လေ..."
သူနှင့် ရင်ဆိုင်တိုက်ခိုက်သူ မည်သူဖြစ်ကြောင်း မန်တု ချက်ချင်း သိရှိသွားသည်။
နဝမတောင်ထွတ်မှတပည့်…။
မန်တု၏ မျက်လုံးများ ပြူးကျယ်သွားပြီး ထိန်းချုပ်မရနိုင်စွာ စကားပြောလိုက်သည်။
"မင်းကိုး... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
မဖြစ်နိုင်…။ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်။
သူရရှိသည့် သတင်းများက သတင်းမှားများ ဖြစ်နေလေသလား။
"ဘန်း..."
တုန်လှုပ်မှုများနှင့် မကျေနပ်မှုများထင်ဟပ်နေသည့် မန်တု၏ မျက်နှာက ချက်ချင်းပင် သွေးမှုံများအဖြစ် ပြောင်းလဲသွားသည်။
ကျန်းလန် တုံ့ဆိုင်းမနေဘဲ နေရာမှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
သို့သော် ထိုခဏမှာပင် ထွက်ခွာသွားသည့် နတ်မိစ္ဆာ(၅) ယောက် ပြန်လည်ရောက်ရှိလာသည်။ တိုက်ပွဲမြင်ကွင်းကိုတွေ့လိုက်သည်နှင့် ပြဿနာအကြီးအကျယ်တက်ပြီကို သူတို့ သိရှိလိုက်သည်။
အထူးသဖြင် သူတို့တပ်မှူး အသတ်ခံလိုက်ရပြီ ဖြစ်၏။
ရှိုးကျင်းက…
"ဒီလူရဲ့စွမ်းအားက ထိပ်ဆုံးအဆင့်ကို ရောက်နေပြီ… ကျုပ်တို့ ဘယ်နည်းနဲ့မှ ယှဉ်နိုင်မှာ မဟုတ်ဘူး… ၊ ဒါပေမဲ့… သူ့ကို မသတ်ကြနဲ့ဦး…"
ရှိုးကျင်းက ကျန်းလန်ကို အရှင်ဖမ်းရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။
ကျန်းလန်မှာတော့ ရန်သူများ ထပ်မံရောက်ရှိလာသဖြင့် ထွက်ခွာသွားရန် နောက်ကျခဲ့ပြီ ဖြစ်သည်။
ထိုအချိန် အလင်းတန်းတစ်ခုက ကောင်းကင်ထက်မှ ဖြာကျလာသည်။
မူလဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ တန်ခိုးစွမ်းအားများ ပေါင်းစပ်ထုတ်လွှတ်လိုက်သည့် အလင်းရောင် ဖြစ်သည်။
ကျန်းလန် အတော်လေး ပင်ပန်းနေပြီ ဖြစ်သည်။ ထို့ကြောင့် နွားရိုင်းကိုးကောင်စွမ်းအားကို အသုံးမပြုနိုင်တော့ပေ။
ထို့ကြောင့် သူ ဓားကိုသာ ထုတ်လိုက်ရလေတော့၏။
မန်တုကို သတ်ဖြတ်လိုက်ရခြင်းက သူ၏ စွမ်းအားအတော်များများကို ကုန်ဆုံးသွားစေသည်။
များစွာသော ပြဒါးဆေးလုံးများကို စားလိုက်သောကြောင့်သာ အလျှင်အမြန် ပြန်လည်အားပြည့်လာခြင်း ဖြစ်သည်။
"ချွင်…"
"ဘုန်း..."
နတ်မိစ္ဆာများရှိရာသို့ ကျန်းလန် ခုန်ဝင်လိုက်ပြီး နဂါးသုတ်သင်ဓားသိုင်းအသုံးပြုကာ စတင်တိုက်ခိုက်လိုက်သည်။
အချိန်အတန်ကြာသည့်အခါတွင်တော့ လေထုတစ်ခုလုံး သွေးမှုံများဖြင့် ပြည့်နက်သွား၏။
ရန်သူများအားလုံး အသက်ပျောက်သွားကြပြီ ဖြစ်သည်။
ကျန်းလန်လည်း ဒဏ်ရာများစွာဖြင့် တိမ်ပြိုကမ်းပါးမှ ပြန်လာခဲ့လေသည်။ အသက်အန္တရယ်စိုးရိမ်ရသည့် ဒဏ်ရာများ မရသည်မှာ ကံကောင်းသည်ဟု ဆိုရပေမည်။
စနစ်မှရရှိသော ပြဒါးဆေးများက သူ့ကို အလျှင်အမြန် ပြန်လည် နေကောင်းသက်သာလာစေသည်။
မည်သို့ပင်ဖြစ်စေ နတ်မိစ္ဆာအဖွဲ့၏ အကြံအစည်ကို နှောက်ယှက်နိုင်ခဲ့ခြင်းက ကျန်းလန်အတွက် လုံလောက်ပြီ ဖြစ်သည်။
ရန်သူများကို သုတ်သင်နိုင်မှသာ နဝမတောင်ထွတ်တွင် တံခါးပိတ်ကျင့်ကြံသည့်အချိန်တွင် ကျန်းလန် အေးအေးချမ်းချမ်း နေထိုင်နိုင်မည် ဖြစ်သည်။
ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်လာခဲ့လေသည်။
"နတ်မိစ္ဆာတွေရဲ့ အဓိကပစ်မှတ်က ငရဲတံခါးပဲ... ၊ ဘာပဲဖြစ်ဖြစ် ဒီပြဿနာကို ငါ ရှောင်လွှဲနိုင်မယ် မထင်ဘူး..."
ယနေ့ သိရှိခဲ့ရသည့်သတင်းစကားများကို ကျန်းလန် ပြန်လည် သုံးသပ်ကြည့်လိုက်သည်။
နဝမတောင်ထွတ်တွင် တပည့်တစ်ယောက်သာ ရှိသည်။ ထိုတပည့်က ကျန်းလန် ဖြစ်၏။
ရန်သူများ၏ ပစ်မှတ်က ငရဲတံခါးဖြစ်သည်။
ထိုသို့ဆိုလျှင် သူနှင့် ရန်သူများ သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်သည်။
နတ်မိစ္ဆာများက ကျန်းလန်ကို သူတို့သွားမည့်လမ်းတွင် ခလုတ်တစ်ခုဟု သတ်မှတ်ထားသည်။ သူက နဂါးမင်းသမီးလေးနှင့် လက်ဆက်မည့်သူဖြစ်နေသည် မဟုတ်ပါလား။
မည်သို့ပင်ဖြစ်စေ ကျန်းလန် နတိစ္ဆာများနှင့် ပတ်သက်ရမည်ပဲ ဖြစ်သည်။
"နဝမတောင်ထွတ်က အန္တရယ်ကင်းပေမယ့် ခွန်လွန်တောင်မှာ နတ်မိစ္ဆာတွေ ဘယ်လောက်တောင် စိမ့်ဝင်နေပြီလဲ မပြောနိုင်ဘူး… ၊ တပည့်ရင်းတော့ ဖြစ်မလာနိုင်ပေမယ့် သာမန်တပည့်တွေကြားထဲ နတ်မိစ္ဆာတွေ ရောနှောနေနိုင်တာပဲ မဟုတ်လား… ၊ နတ်မိစ္ဆာတွေကလည်း သူတို့အကြံအစည်အတိုင်း မလျှော့ဘဲ လုပ်ကြမှာပဲ… ၊ ငါလည်း နဝမတောင်ထွတ်ကို ကာကွယ်ဖို့အတွက် အစီအရင်ပညာကို ပိုပြီးပြုလုပ်ထားဖို့ လိုတယ်…"
အရင်တုန်းက အစီအရင်ပညာကို ကျန်းလန်သိပ်ပြီး အာရုံမစိုက်ပေ။
ယခုတော့ နဝမတောင်ထွတ်တွင် အစီအရင်များပြုလုပ်ထားခြင်းက အလွန်လိုအပ်သည့်အရာတစ်ခုဖြစ်သည်ဟု ခံစားလိုက်ရသည်။
နဝမတောင်ထွတ်တွင်သာမက မရဏဂူအဝင်ဝတွင်လည်း အစီအရင်များ ပြုလုပ်ထားရန် လိုအပ်သည်။
သို့မှသာ သူ တံခါးပိတ်ကျင့်ကြံသည့်အချိန်တွင် အပြင်လူများ ကျူးကျော်ဝင်ရောက်လာပါက သိရှိနိုင်မည် ဖြစ်သည်။
နဝမတေင်ထွတ်၏ တောင်သခင်ဖြစ်လာမည့် ဆက်ခံသူတပည့်တစ်ယောက်အနေဖြင့် မရဏဂူကို စောင့်ရှောက်ရမည်မှာ သူ့တာဝန်ဖြစ်သည်။
သို့သော် နဝမတောင်ထွတ်၏ တေင်သခင်က မရဏဂူကို စောင့်ကြည့်ခြင်းတစ်ခုသာ မဟုတ်ကြောင်း ဆရာဖြစ်သူက သူ့ကို ပြောပြဖူးသည်။
သို့သော် သူက တောင်သခင် ဖြစ်မလာသေးပေ။
"ဒါပေမဲ့… ငါနားလည်တဲ့ အစီအရင်ပညာတွေက မလုံလောက်သေးဘူး.. ၊ ငါ့ဟာငါ သင်ယူနေတာထက် တစ်ယောက်ယောက်က သင်ပေးရင် ပိုကောင်းမှာပဲ…"
စနစ်တွင်မှတ်ပုံတင်ခြင်းမှတစ်ဆင့် အစီအရင်ပညာနှင့်ပတ်သက်သည်များကို ရရှိခြင်း မရှိပေ။
သူက အစီအရင်ပညာကို သူကိုယ်တိုင်လေ့လာသင်ယူခဲ့ရခြင်း ဖြစ်သည်။
ထို့ပြင် သူပိုမိုလေ့လာချင်ပါက အစီအရင်ပညာကျွမ်းကျင်သူတစ်ယောက်က သူ့ကို လမ်းညွှန်သင်ပြပေးသည်က အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
တာအိုနားလည်ခြင်းလက်ဖက်ခြောက်နှင့်ဆိုလျှင် သူ့အနေဖြင့် ပိုမိုလျှင်မြန်စွာ သင်ယူနိုင်မည် ဖြစ်သည်။
"ငါ့ကို အစီအရင်ပညာ သင်ပေးနိုင်မလားလို့ ဆရာ့ကို မနက်ဖန်ကျရင် မေးကြည့်ရမယ်…"
ထို့နောက် ကျန်းလန် အတွေးများကို ရပ်တန့်လိုက်သည်။
မည်သို့ပင်ဖြစ်စေ သူ ယနေ့တိုက်ပွဲတွင် နဂါးသုတ်သင်ဓားသိုင်းကို အသုံးပြုခဲ့သည်။
ထိုဓားသိုင်းက နတ်မိစ္ဆာများအပေါ်သက်ရောက်မှုရှိသော်လည်း အသုံးပြုလိုက်သည့်အချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားရသည်။
ဓားသိုင်း၏ စစ်မှန်သည့် စွမ်းအားကို အသုံးပြုရန်မှာ မဖြစ်နိုင်သေးပေ။
သူ နဂါးသုတ်သင်ဓားသိုင်းကို ပိုမိုကျွမ်းကျင်အောင် သင်ယူရန် လိုအပ်သည်။ နတ်မိစ္ဆာများ သို့မဟုတ် နဂါးများပေါ်တွင် ထိုဓားက အတော်လေး သက်ရောက်မှု ရှိသည်။
သူ၏ နွားရိုင်းကိုးကောင်စွမ်းအားက အလွန်စွမ်းအားကြီးမားသော်လည်း ရန်သူနှင့်ရေရှည်တိုက်ခိုက်မည်ဆိုလျှင် ဓားသိုင်းက သင့်တော်လေသည်။
သူ၏ ကျင့်ကြံခြင်းအဆင့်ကို ကျော်လွန်ကာ တိုက်ပွဲဝင်နိုင်စွ်းရှိပြီး အခြားသူများကလည်း အလားတူ ပြုလုပ်နိုင်လေသည်။
"ဒီကိစ္စလည်း ဆရာ့ကို မေးကြည့်ရမယ်..."
နဂါးသုတ်သင်ဓား၏ စစ်မှန်သောအနှစ်သာရကိုနားလည်မည်ဆိုလျှင် အခြားသော ဓားသိုင်းများကိုလည်း ပိုမိုအဆင့်မြင့်မားအောင် လေ့ကျင့်နိုင်မည် ဖြစ်သည်။
သို့သော် ဓားသိုင်းပညာဆိုသည်က ကျန်းလန်အတွက် အရန်ပညာတစ်ခုမျှသာ ဖြစ်သည်။
သူ အဓိကထားသည်က နွားရိုင်းကိုးကောင်စွမ်းအားသာလျှင် ဖြစ်၏။