အန္တရယ်ကိုးသွယ်စွမ်းအားကိုကျင့်ကြံခြင်း
Vol. 9 Ch. 126
အခန်း (၁၂၆) အန္တရယ်ကိုးသွယ်စွမ်းအားကိုကျင့်ကြံခြင်း
နဝမတောင်ထွတ်သို့ပြန်ရောက်သည်နှင့် ကျန်းလန် ချက်ချင်းပင် မရဏဂူထဲသို့ တန်းသွားလိုက်သည်။
သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများကို ဆရာဖြစ်သူ သတိမထားမိစေရန် ဖြစ်သည်။ ထို့ပြင် သူရရှိထားသည့် အတွင်းဒဏ်ရာက အနည်းငယ် ပြင်းထန်သည်။
ပြဒါးဆေးများ သောက်သုံးလိုက်သဖြင့် ယခုတော့ အနည်းငယ် သက်သာသွားပြီ ဖြစ်သည်။
မရဏဂူသို့ ပြန်ရောက်ပြီးနောက် ကျန်းလန်က သူ၏ တန်ခိုးစွမ်းအားများကို လှည့်ပတ်လိုက်ပြီး ဒဏ်ရာများသက်သာသွားအောင် ခဏမျှ အနားယူလိုက်သည်။
ထို့နောက် အန္တရယ်ကိုးသွယ်တန်ခိုးစွမ်းအားကို စတင်ကျင့်ကြံလေ၏။
ယနေ့တိုက်ပွဲအပြီးတွင် သူ့ကိုယ်သူ အလွန်တရာ အားနည်းသေးသည်ဟု ခံစားလိုက်ရသည်။
သူရင်ဆိုင်ရသည့် ရန်သူက မရှိမှုအာကာသအဆင့် ၊ အလယ်ဆင့်ဖြစ်သော်လည်း ရန်သူကို သတ်ဖြတ်ရန်အတွက် ရွှေခန္ဓာဆေးလုံးကို အသုံးပြုခဲ့ရသည်။
ထို့ပြင် ရန်သူကို နှိမ်နင်းနိုင်ရန်အတွက် လက်သီးချက် (၇) ချက် ၊ (၈)ချက်ခန့် ထိုးနှက်ခဲ့ရသည်။
ဖြစ်စဉ်တစ်ခုလုံးက အတော်လေးအချိန်ကြာမြင့်ခဲ့ပြီး သူလည်း အတော်လေး အားအင်ကုန်ခမ်းကာ ပင်ပန်းနွမ်းနယ်သွားခဲ့သည်။
ပြဒါးဆေးများနှင့် မှော်ဝင်ပစ္စည်းများကြောင့်သာမဟုတ်လျှင် သူ ယနေ့ည တောင်ပေါ်သို့ ပြန်လာနိုင်မည်ပင် မဟုတ်ပေ။
ဤကာလအတွင်း ကျန်းလန်၏ တိုက်ခိုက်ခံရသည့်အတွက် နတ်မိစ္ဆာများ ခြေငြိမ်နေနိုင်သော်လည်း နတ်လူသားမျိုးနွယ်များက ခြိမ်းခြောက်နေဆဲ ဖြစ်သည်။
သို့သော် သူတို့ကို ရင်မဆိုင်ဘဲ သူတို့၏ လှုပ်ရှားမှုများကို သိရှိရန် ခက်ခဲသည်။ သူတို့ရှိရာသို့သွားပြီး သတင်းများ ခိုးနားထေင်ရန်ကတော့ လုံး၀ မဖြစ်နိုင်ပေ။
"မနက်ဖန် ငါ သေရည်ဆိုင်မှာ ဘယ်လောက်ကြာကြာ အလုပ်လုပ်ရဦးမလဲဆိုတာ တစ်ချက်ကြည့်လိုက်မယ်… ၊ (၁၀)ရက် ၊ (၁၅)ရက်လောက် အလုပ်လုပ်ရဦးမယ်ဆိုရင် နတ်လူသားမျိုးနွယ်တွေကို ရှာဖွေပြီး အခြေအနေစုံစမ်းရမယ်…"
နတ်လူသားမျိုးနွယ်များသည်လည်း သူ့ကို ပစ်မှတ်ထားရန် ရောက်လာကြခြင်းဖြစ်ပါက သူက တိုက်ရိုက်ပင် ရင်ဆိုင်တိုက်ခိုက်ရမည် ဖြစ်သည်။
သူတို့ ဤနေရာသို့ ရောက်လာရသည့်ကိစ္စက သူနှင့်မဆိုင်ဘူးဆိုလျှင်တော့ ကျန်းလန် လျစ်လျူရှုထားလိုက်မည် ဖြစ်သည်။
သို့သော် ရန်သူက ကျန်းလန်မယှဉ်နိုင်လောက်အောင် စွမ်းအားမြင့်မားနေလျှင်တော့ နဝမတောင်ထွတ်သို့ တိတ်တဆိတ် ပြန်သွားရန်သာရှိသည်။
ကျန်းလန် သိပ်မတွေးတော့ဘဲ တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို မှိတ်လိုက်သည်။
ထို့နောက် သူ၏စိတ်အာရုံထဲမှ အန္တရယ်ကိုးသွယ်စွမ်းအား စာအုပ်ကိုအာရုံစိုက်လိုက်သည်။ ယနေ့ည ဤစာအုပ်ကို နားလည်ရန် ကြိုးစားရမည် ဖြစ်သည်။
နားလည်အောင်ကြိုးစားနိုင်ပြီဆိုလျှင် သေချာပေါက် ဤပညာကို သင်ယူနိုင်မည် ဖြစ်သည်။
ဤပညာကိုသင်ယူပြီးပါက ဘာဖြစ်မည်ကို မည်သူမှ မသိနိုင်ကြပေ။
ကျန်းလန် နဂါးသုတ်သင်ဓားကို အမှန်တကယ် သင်ယူခဲ့သော်လည်း ထိုဓားသိုင်း၏ အစစ်အမှန်စွမ်းအားကို ထုတ်လွှတ်နိုင်ခြင်း မရှိဟု ခံစားခဲ့ရသည်။
နဂါးသုတ်သင်ဓားတွင် ဓားကွက်တစ်ကွက်နှင့် အဆင့်တစ်ဆင့်သာလျှင်ရှိပြီး နွားရိုင်းကိုးကောင်းစွမ်းအားနှင့် ကွဲပြားခြားနားသည်။
နွားရိုင်းကိုးကောင်စွမ်းအားတွင် အဆင့်ပေါင်းများစွာ ရှိသည်။
နဂါးသုတ်သင်ဓားသိုင်းတွင် အဆင့်များစွာ ရှိနိုင်သော်လည်း ကျန်းလန် ခွဲခြားမရနိုင်ဘဲ မည်သို့မည်ပုံ ပြုလုပ်ရမည် မသိ ဖြစ်နေခဲ့သည်။
ဤသည်က ဓားသိုင်းအပေါ်နားလည်ခြင်းတွင် မူတည်လေသည်။
ကျန်းလန်က အန္တရယ်ကိုးသွယ်စွမ်းအားကို စတင်ကျင့်ကြံရန် ဟန်ပြင်လိုက်စဉ် ရုတ်တရက်သူ့စိတ်အာရုံထဲတွင် 'ခိုင်ကြည်သောပညာရှိ' ဆိုသည့် ပညာရှိကျမ်းစာ ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။
ပညာရှိကျမ်းစာကို လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက သူ ရရှိထားခဲ့ခြင်း ဖြစ်သည်။ ဤကျမ်းစာက မိုးနဲ့မြေကိုဖန်ဆင်းခြင်းတာအိုကျမ်းစာထက် တန်ဖိုးလျော့နည်းခြင်း မရှိပေ။
သို့တိုင်အောင် ထိုကျမ်းစာကို ကျန်းလန် ယခုအထိ ကျင့်ကြံခဲ့ခြင်း မရှိပေ။
ယခု ထိုကျမ်းစာကို တွေ့မြင်လိုက်ရသည့်အခါ မသင်ယူချင်သည့်တိုင် တစ်နေ့နေ့တွင် သင်ယူရမည်ဟု ခံစားလိုက်မိလေသည်။
ထိုကျမ်းစာကို ကျင့်ကြံပါက ခံစားချက်ကင်းမဲ့သူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။ ကျန်းလန် ခံစားချက်ကင်းမဲ့သူတစ်ယောက် မဖြစ်ချင်ပေ။
ကျန်းလန် လျှောက်မတွေးတော့ဘဲ အန္တရယ်ကိုးသွယ်စွမ်းအားကို စတင်ဖတ်ရှုလိုက်သည်။
အန္တရယ်ကိုးသွယ်စွမ်းအားကို စတင်ဖတ်ရှုလိုက်သည်နှင့် နွားရိုင်းကိုးကောင်စွမ်းအားနှင့် ဝိညာဉ်ဖိနှိပ်စွမ်းအားတို့က သူ၏သွေးကြောများအတွင်း စီးဝင်ပေါင်းစပ်သွားသည်။
ဝိညာဉ်ဖိနှိပ်စွမ်းအား အားကောင်းလာသည်နှင့်အမျှ နွားရိုင်းကိုးကောင်စွမ်းအားသည်လည်း အမြင့်ဆုံးအဆင့်ထိ ပျံ့နှံ့သွားခဲ့သည်။
မမြင်ရသည့် နွားရိုင်းတစ်ကောင်က သူ့ခန္ဓာကိုယ်ထဲတွင် အရူးအမူးပြေးလွှားနေသည့်အလား ခံစားလိုက်ရသည်။
ရုတ်တရက် ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများကို ခံနိုင်ရည်မရှိဘဲ ကျန်းလန်၏ ခန္ဓာကိုယ်ထက်တွင် အက်ကြောင်းများစတင်ပေါ်ပေါက်လာသည်။
နွားရိုင်းကိုးကောင်စွမ်းအားနှင့် ဝိညာဉ်ဖိနှိပ်တန်ခိုးစွမ်းအားတို့ ပေါင်းစည်းသွားခြင်းကို သူ့ခန္ဓာကိုယ်က ခံနိုင်ရည် မရှိခဲ့ပေ။
သို့သော် ကျန်းလန်က ကျင့်ကြံခြင်းကို မရပ်တန့်ခဲ့ပေ။ အဖြစ်အပျက်က သူခံနိုင်ရည်စွမ်း ရှိနေသည့် အကန့်အသတ်ကို မကျော်လွန်သေးပေ။
အန္တရယ်ကိုးသွယ်စွမ်းအားဆိုသည်က နွားရိုင်းကိုးကောင်စွမ်းအားကို အဆင့်မြှင့်တင်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံရသည်မှာ သေချာပေါက် ခက်ခဲပေလိမ့်မည်။
အရေးကြီးဆုံးမှာ သူက အင်မော်တယ် မဖြစ်သေးခြင်းပင်ဖြစ်သည်။ အင်မော်တယ်မဖြစ်သေးဘဲ အင်မော်တယ်စွမ်းအားကို ကျင့်ကြံရသည်က ခက်ခဲလွန်းသည်။
သူသာ အင်မော်တယ်တစ်ပါးဖြစ်လာလျှင် ကျင့်ကြံရသည်မှာ သေချာပေါက် ပြဿနာရှိမည် မဟုတ်ပေ။
စွမ်းအားများ တဖြည်းဖြည်းမြင့်တက်လာပြီး ပျက်စီးမှုများနှင့် ပြောင်းလဲခြင်းများက အရှိန်အဟုန်ပြင်းစွာဖြင့် သူ့ခန္ဓာကိုယ်ထဲတွင် ဖြစ်ပေါ်လာသည်။
ကျန်းလန်က ကျင့်ကြံခြင်းကို မရပ်တန့်ဘဲ ဆက်လက် ကျင့်ကြံနေသည်။
အတန်ကြာပြီးနောက် အန္တရယ်ကိုးသွယ်စွမ်းအားကို ကျန်းလန် အပြည့်အ၀ နားလည်သွားလေသည်။ စာအုပ်တွင် ပါဝင်သည့်အကြောင်းအရာများကို ချက်ချင်း သဘောပေါက်သွားသည်။
ထို့နောက် အန္တရယ်ကိုးသွယ်စွမ်းအားက ကျန်းလန်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းဝင်ရောက်လာသည်။
နွားရိုင်းကိုးကောင်စွမ်းအားနှင့် ဝိညာဉ်ဖိနှိပ်စွမ်းအား (၂)ခု အဆုံးထိ ပြင်းထန်စွာ ပေါင်းစည်းလိုက်သည့်အခါ ရလဒ်အနေဖြင့် အန္တရယ်ကိုးသွယ်စွမ်းအား ထွက်ပေါ်လာခြင်း ဖြစ်သည်။
အန္တရယ်ကိုးသွယ်စွမ်းအား အခြေခံအဆင့်တွင် ထိုအရာက နွားရိုင်းကိုးကောင်စွမ်းအားသာလျှင် ဖြစ်နေသေးသည်။
"ဘူး…"
မမြင်ရသည့်နွားရိုင်းတစ်ကောင်၏ ကြုံးဝါးသံက ကျန်းလန်သွေးကြောများထဲမှ ထွက်ပေါ်လာသည်။ ထိုခဏမှာပင် သူ၏ စွမ်းအားက အဆုံးမရှိ မြင့်တက်လာသည်။
နွားရိုင်းကိုးကောင်စွမ်းအားက လုံး၀ အသစ်သောပြောင်းလဲမှုတစ်ခု စတင်ဖြစ်ပေါ်လာသည်။
ယခင်က သမုဒ္ဒရာအလား ကျယ်ပြန့်လှသည့် စွမ်းအားက ချက်ချင်းပင် ကျုံ့ဝင်သွားပြီး ရေစီးကြောင်လေးတစ်ခုမျှသာ ကျန်ရစ်တော့သည်။
နွားရိုင်းကြီးတစ်ကောင်မှ မွေးကင်းစ နွားသူငယ်လေးအဖြစ် ပြောင်းလဲသွားသည့်အလားပင်ဖြစ်သည်။
သို့သော် ထိုမျှသေးငယ်သည့် ရေစီးကြောင်းလေးက နွားရိုင်းကိုးကောင်စွမ်းအား ကျင့်ကြံအောင်မြင်စဉ်ကထက်ပင် ကြောက်မက်ဖွယ်ရာ စွမ်းအားများဖြင့် ပြည့်နက်နေ၏။
"ဘုန်း…"
တစ်ခဏအတွင်းမှာပင် ထို ရေစီးကြောင်းပမာရှိနေသည့် စွမ်းအားက ကျယ်ပြန့်လာပြီး နွားရိုင်းကိုးကောင်စွမ်းအားအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။
ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး ချက်ချင်းပင် စွမ်းအားများကို တည်ငြိမ်စေလိုက်သည်။
အချိန်အတန်ကြာပြီးနောက် သူ၏ တန်ခိုးစွမ်းအားများက ငြိမ်သက်သွားပြီး ဒဏ်ရာများလည်း ပျောက်ကင်းသွားပြီ ဖြစ်လေသည်။
ကျန်းလန် အန္တရယ်ကိုးသွယ်စွမ်းအားကိုကျင့်ကြံခဲ့သော်လည်း အနှစ်သာရကတော့ နွားရိုင်းကိုးကောင်စွမ်းအားကိုပင် အခြေခံထားခြင်း ဖြစ်သည်။
အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုသာ ရှိခဲ့သည်။ အန္တရယ်ကိုးသွယ်စွမ်းအားဆိုသည်က နွားရိုင်းကိုးကောင်စွမ်းအားကို သေးငယ်ကျစ်လျစ်သည့် ရေစီးကြောင်းငယ်တစ်ခုအလား စွမ်းအားသိပ်သည်းပေးလိုက်ခြင်း ဖြစ်သည်။
သို့သော်…
ထိုစွမ်းအားကို ကျန်းလန် အသုံးမပြုနိုင်သေးပေ။
ထိုသေးငယ်သည့် စွမ်းအားစီးကြောင်းငယ်လေးကို ခဏမျှသာ ထိတွေ့ခံစားလိုက်နိုင်သည်။ ထိုအချိန်ခဏလေးသည် လက်သီးတစ်ချက်ပစ်လွှတ်ရန်ပင် အချိန်လုံလောက်ခြင်း မရှိပေ။
"ငါ မရှိမှုအာကာသအဆင့် အောင်မြင်သွားရင် ဒီစွမ်းအားစီးကြောင်းကို လက်သီးချက်အဖြစ် ထုတ်ဖော်နိုင်မလား မသိဘူး…"
ကျန်းလန် တွေးလိုက်သည်။
သို့သော် ယခုအချိန်သာ စောစောက ရင်ဆိုင်ခဲ့ရသည့် မရှိမှုအာကာသအဆင့် ၊ အလယ်ဆင့် နတ်မိစ္ဆာနှင့် ပြန်လည်ရင်ဆိုင်ရမည်ဆိုလျှင် လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်မည်ဟု သိရှိလိုက်သည်။
အမှန်တော့ ကျန်းလန်၏ နွားရိုင်းကိုးကောင်စွမ်းအားက အလွန်အားကောင်းသည့် စွမ်းအားတစ်ခု ဖြစ်သည်။
သို့သော် သူရင်ဆိုင်ခဲ့ရသည့် နတ်မိစ္ဆာက ရုပ်ခန္ဓာသန့်စင်သည့် ကျင့်စဉ်ကို ကျင့်ကြံထားခဲ့သောကြောင့် သူ၏ လက်သီးချက်ကို အချိန်ကြာမြင့်စွာ ခံနိုင်ရည် ရှိခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်လူ၏ အရည်အချင်းက ထူးချွန်လွန်းလှ၏။
သူသာ နွားရိုင်းကိုးကောင်စွမ်းအားကိုပိုင်ဆိုင်ထားခြင်း မရှိပါက ယနေ့ညတိုက်ပွဲကို အောင်မြင်နိုင်မည် မဟုတ်ပေ။
နံနက်အရုဏ်တက်ပြီ ဖြစ်လေသည်။
ကျန်းလန် စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်ပြီး မရဏဂူထဲမှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
သေရည်ဆိုင်သို့ မသွားခင် အချိန်အနည်းငယ် ရနေသောကြောင့် ဆရာဖြစ်သူနှင့် သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။
မနေ့ညက တွေးထားသည့်ကိစ္စများအတွက် ဆရာဖြစ်သူကို မေးမြန်းကြည့်ရမည် ဖြစ်သည်။
အစီအရင်ပညာနှင့်ပတ်သက်ပြီး ကျန်းလန် နှောင့်နှေးလိုစိတ် မရှိပေ။ ဤသည်က သူ တံခါးပိတ်ကျင့်ကြံခြင်းနှင့် သက်ဆိုင်နေသည်။
ထို့ကြောင့် သူ့အတွက် ကြိုတင်ပြင်ဆင်ထားသည်က အကောင်းဆုံး ဖြစ်သည်။
သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များလောင်းပေးပြီးနောက် ကျန်းလန် ထွက်ခွာလာခဲ့သည်။
ကျန်းလန်အနေဖြင့် အန္တရယ်ကိုးသွယ်တန်ခိုးစွမ်းအားကို အသုံးမပြုနိုင်သေးပေ။ သို့သော် လက်သီးတစ်ချက်တည်းဖြင့် မရှိမှုအာကာသအဆင့် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူကိုရင်ဆိုင်နိုင်ပြီ ဖြစ်သည်။
အန္တရယ်ကိုးသွယ်စွမ်းအားကို အသုံးပြုနိုင်ရန်အတွက် မရှိမှုအာကာသအဆင့် အောင်မြင်သည်အထိ စောင့်ဆိုင်းရပေလိမ့်မည်။
သို့သော် ကျန်းလန်က အလျင်လိုခြင်း မရှိပေ။ ဤစွမ်းအားကို သင်ယူနိုင်သည်ကပင် သူပအတွက် အတော်လေး ကံကောင်းနေပြီ ဖြစ်သည်။
ကျန်းလန် နဝမတောင်ထွတ်အစွန်းသို့ ရောက်ရှိလာသည်။
ဆရာဖြစ်သူက နေထွက်ချိန်ကို ကြည့်ရှုနေသည်ကို တွေ့လိုက်ရ၏။
"ဆရာ…"
ကျန်းလန်က လေးလေးစားစားဖြင့် နှုတ်ဆက်လိုက်သည်။
"ဆရာ… ကျွန်တော်ဆရာနဲ့ ဆွေးနွေးစရာကိစ္စလေး နည်းနည်းရှိလို့…"
ကျန်းလန်၏ စကားကြောင့် မော့ကျန်းသုန့်က ကျန်းလန်ကို လှည့်ကြည့်လာသည်။
သို့သော် သူက တပည့်ဖြစ်သူ မည်သည့်ကိစ္စဆွေးနွေးချင်သည်ကို မမေးမြန်းသေးဘဲ အနက်ရောင်ပုလဲတစ်လုံးကို ထုတ်ယူကာ ကျန်းလန်ကို လှမ်းပေးလိုက်သည်။
"ချစ်ကြည်ရေးလက်ထပ်မင်္ဂလာပွဲကြောင့် မင်း လောလောဆယ်မှာ ပစ်မှတ်ထားခံရနိုင်တယ်… ၊ ဒီပုလဲနက်ကိုဆောင်ထားရင် မင်း ခွန်လွန်တောင်ပတ်ဝန်းကျင်မှာ သွားရလာရတာ ပိုပြီး အန္တရယ်ကင်းလိမ့်မယ်…"
ကျန်းလန်က ပုလဲနက်ကို လက်ခံယူလိုက်သည်။
နတ်လူသားမျိုးနွယ်များရော နတ်မိစ္ဆာများပါ သူ့ကိုအာရုံစိုက်နေကြသည်ကို ဆရာဖြစ်သူလည်း ရိပ်မိပေလိမ့်မည်။
ပုလဲနက်ကိုဆောင်ထားလျှင် အန္တရယ်ကင်းပြီဟု ဆရာဖြစ်သူက ပြောလေသည်။ ဤသည်က သူ့တွင် အန္တရယ်ရှိနေသည်ဆိုသည့် အဓိပ္ပါယ်ဖြစ်၏။
သူ့အနေဖြင့် အရာရာကို သေသေချာချာ သတိထားရပေတော့မည်။
ပျက်သုဉ်းတစပြင်လောကကြီးက အစကတည်းက အန္တရယ်များနှင့် ပြည့်နက်နေသည့် နေရာကြီး ဖြစ်သည်။
သူ ပါဝင်ပတ်သက်လိုခြင်းမရှိလျှင်တောင်မှ ရှောင်လွှဲမရနိုင်သည့်အရာ များစွာရှိသည်။
သူက ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်းမပြုရန် တတ်နိုင်သမျှ ကြိုးစားပြီး ပါဝင်ပတ်သက်မိပါကလည်း ကိုင်တွယ်ဖြေရှင်းနိုင်သည့် နည်းလမ်းများကို စဉ်းစားရပေလိမ့်မည်။
အချို့ကိစ္စများကတော့ သူနှင့်မဆိုင်လျှင်တောင်မှ ပါဝင်ပတ်သက်ရမည့် ကိစ္စများလည်း ရှိလေသည်။
ဥပမာ - မရဏဂူကို စောင့်ကြည့်သည့် ကိစ္စမျိုးဖြစ်၏။
အမှန်တော့ အင်မော်တယ်ဖြစ်လာပြီးနောက် ခွန်လွန်တောင်မှ ထွက်ခွာသွားရန်က သူ့အတွက် အကောင်းဆုံးရွေးခြယ်မှု ဖြစ်သည်။
သူ့အတွက် မရဏဂူကိုစောင့်ကြည့်နေစရာ အကြောင်း မရှိပေ။
ပျက်သုဉ်းတစပြင်လောကကြီးက ကြီးမားကျယ်ပြန့်လေသည်။ သူ သတိဝီရိယာဖြင့် နေရာတိုင်းသို့ သွားလာလည်ပတ်နိုင်မည် ဖြစ်သည်။
ဤသို့ပြုလုပ်ခြင်းဖြင့် စနစ်တွင်မှတ်ပုံတင်ရန် နေရာကောင်းလေးများကိုလည်း ရှာဖွေတွေ့ရှိနိုင်ပေမည်။
သို့သော် သူ့ဆရာက သူ့အပေါ် အလွန်ကောင်းလေသည်။
သူက တပည့်တစ်ယောက်အနေဖြင့် ဆရာဖြစ်သူ၏ ဆန္ဒကို ဖြည့်ဆည်းပေးရန်အတွက် မရဏဂူကို စောင့်ကြည့်သည့်တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်သည်။
"ကျေးဇူးတင်ပါတယ်… ဆရာ…"
ကျန်းလန် ဆရာဖြစ်သူကို ကျေးဇူးတင်စကားဆိုလိုက်လေသည်။