မျက်လုံးတစ်ထောင် မြှုပ်နှံခြင်း
Vol. 116 Ch. 1728
“လောင်ကျွမ်းကောင်းကင် ဆူပွက်ပင်လယ်”
တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ရွှေကျီးကန်း မီးဧကရာဇ်သည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး ညဝိညာဉ်ကို နောက်လှန်တွန်းထုတ်ဖို့အတွက် အန္တိမ နတ်ဘုရားစွမ်းအား တစ်ခုကို ထုတ်ဖော်လိုက်၏။
သို့သော်လည်း သူက အနည်းငယ် နှေးကွေးသွားဆဲဖြစ်၏။
ဖောက်…
ပုံရိပ်ယောင်ကဲ့သို့ အရိပ်တစ်ခုသည် သူ့ဘေးသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ၎င်း၏ ထက်ရှသော လက်သည်းများက သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ကာ သူ့ကို တင်းကျပ်စွာ ချုပ်နှောင်လိုက်၏။
ညဝိညာဉ်သည် သူ၏ ပါးစပ်ကို ဟပြီး ထက်ရှသော သွားစွယ်များကို ထုတ်ဖော်ကာ ရွှေကျီးကန်း မီးဧကရာဇ်၏ လည်ပင်းကို နှစ်ပိုင်းပြတ်ထွက်အောင် ကိုက်ချလိုက်၏။ လတ်ဆတ်သော သွေးများက ပြန့်ကျဲသွားပြီး လေထဲမှာ နီစွေးသွားလေသည်။
ရွှေကျီးကန်း မီးဧကရာဇ်၏ အန္တိမ နတ်ဘုရားစွမ်းအားက စုဖွဲ့မလာခင်မှာပင် ၎င်းက ညဝိညာဉ်၏ ဟန့်တားနှောင့်ယှက်ခြင်းကို ခံလိုက်ရ၏။
တကယ်တမ်းမှာတော့ ညဝိညာဉ်သည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ခြင်းမှာ ရွှေကျီးကန်း မီးဧကရာဇ်နှင့် မျက်လုံးတစ်ထောင် ဧကရာဇ်တို့က အတူပူးပေါင်းတိုက်ခိုက်ခဲ့ကြသောကြောင့် ဖြစ်၏။
ဒါ့အပြင်.. သူသည် ဆူဇီမိုကို ကူညီပေးချင်သောကြောင့် ဒဏ်ရာရရှိခဲ့ခြင်းသာ ဖြစ်၏။
ယခုအချိန်မှာ မျက်လုံးတစ်ထောင် ဧကရာဇ်၊ ငရဲစုန်းဧကရာဇ်နှင့် အရိပ်မဲ့ဧကရာဇ်တို့က အတူပူးပေါင်း၍ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို ခုခံနေရ၏။
ကျန်ရစ်ခဲ့သော ရွှေကျီးကန်း မီးဧကရာဇ်က ညဝိညာဉ်ကို လုံးဝသတ်ဖြတ်နိုင်တော့မည် မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ရွှေကျီးကန်း မီးဧကရာဇ်က စိတ်အာရုံအနည်းငယ် ပျံ့လွင့်သွားပြီး ညဝိညာဉ်က အခွင့်အလမ်းကို ချိန်ဆကာ သူ့ကို နေရာမှာပင် သတ်ဖြတ်နိုင်လုနီးပါး ဖြစ်ခဲ့၏။
ရွှစ်..
ရွှေကျီးကန်းတစ်ကောင်က အဝေးတစ်နေရာသို့ ပျံသန်းသွားလေသည်။
အဲဒါက ရွှေကျီးကန်း မီးဧကရာဇ်၏ အမြုတေစိတ်ဝိညာဉ်ဖြစ်၏။
သူ၏ အမြုတေစိတ်ဝိညာဉ်က လေထဲတွင် သွေးကနေ ပြန်လည်မွေးဖွားခြင်းကို လှည့်ပတ်ပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်လိုက်၏။ သူက ပြန်လည်ပေါ်ထွက်လာပြီး တောင်ပံများကို တဖျပ်ဖျပ်ခတ်ကာ ထွက်ပြေးလွတ်မြောက်ချင်လေသည်။
သို့သော်လည်း သူ၏ ခန္ဓာကိုယ် ပေါ်ထွက်လာသည့် ခဏမှာပင် လူတစ်ယောက်က သူ့ဘေးမှာ ပေါ်ထွက်လာခဲ့ပြီဖြစ်၏။
ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နှင့် သိုင်းဧကရာဇ် ဆူဇီမို… ။
ဘန်း..
ဆူဇီမိုသည် ရွှေကျီးကန်း မီးဧကရာဇ်၏ ဦးခေါင်းကို စတုရန်း ကြေးမီးဖိုဖြင့် ပြင်းထန်ကြမ်းကြုတ်စွာ ပစ်ရိုက်ချလိုက်၏။
ရွှေကျီးကန်း မီးဧကရာဇ်သည် ရှောင်တိမ်းဖို့ သို့မဟုတ် တုံ့ပြန်ဖို့ အခွင့်အရေး မရတော့ဘဲ သူ၏ အမြုတေစိတ်ဝိညာဉ်နှင့် နောက်တစ်ဖန် ထွက်ပြေးလိုက်ရ၏။
ဖောင်း…
ရွှေကျီးကန်း မီးဧကရာဇ်၏ ခန္ဓာကိုယ်သည် ဆူဇီမို၏ စတုရန်း ကြေးမီးဖိုကြောင့် နောက်တစ်ဖန် ကြေမွပျက်စီးသွား၏။
ဆူဇီမိုက လှောင်ရယ်လိုက်၏။
“ငါနဲ့ ညဝိညာဉ် ပူးပေါင်းမိချိန်မှာ မင်းက ထွက်ပြေးလွတ်မြောက်နိုင်မယ်လို့ ထင်နေတုန်းလား”
ဆူဇီမိုဖြစ်စေ.. ညဝိညာဉ်ဖြစ်စေ.. သူတို့၏ ခွန်အားကုန်ဖြင့် တိုက်ခိုက်လာမည်ဆိုလျှင် သူတို့သည် ရွှေကျီးကန်း မီးဧကရာဇ်ကို ဖိနှိမ်နိုင်လေသည်။
သူတို့နှစ်ယောက် ပူးပေါင်းလိုက်သောအခါ.. ရွှေကျီးကန်း မီးဧကရာဇ်သည် ယာယီအားဖြင့် ရုန်းထွက်နိုင်သော်လည်း သူ့မှာ သွားစရာနေရာ မရှိတော့ပေ။
သူ၏ အမြုတေစိတ်ဝိညာဉ်က ထွက်ပြေးလွတ်မြောက်သွားပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်လိုက်သည့် ခဏမှာပင် ၎င်းသည် ဆူဇီမို သို့မဟုတ် ညဝိညာဉ်၏ လက်ချက်ဖြင့် သေချာပေါက် ခြေမွှဖျက်ဆီးခံရပေလိမ့်မည်။
ထိုအချိန်တိုအတွင်းမှာ ရွှေကျီးကန်း မီးဧကရာဇ်သည် သူ၏ ခန္ဓာကိုယ်ကို လေးကြိမ် ပြန်လည်တည်ဆောက်ခဲ့ရပြီးပြီဖြစ်၏။
သူရှောင်တိမ်းနိုင်သည့် နေရာလွတ်ကလည်း ကျဉ်းမြောင်းသည်ထက် ကျဉ်းမြောင်းလာခဲ့ပြီး သူသည် ဆူဇီမိုနှင့် ညဝိညာဉ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရလုနီးပါး ဖြစ်လာခဲ့၏။
အဲဒီမှာ ပြေးဖို့ သို့မဟုတ် ပုန်းကွယ်ဖို့ မည်သည့်နေရာမှ မရှိတော့ပေ။
“သိုင်းဧကရာဇ်.. ခင်ဗျား သနားညှာတာမှု ပြပြီး ကျုပ်အသက်ကို ချမ်းသာပေးလို့ မရဘူးလား”
နောက်ဆုံးမှာတော့ ရွှေကျီးကန်း မီးဧကရာဇ်သည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ အသနားခံ တောင်းပန်လိုက်၏။
ဆူဇီမို၏ အမူအရာက အေးစက်နေပြီး ယိမ်းယိုင်သွားခြင်း မရှိပေ။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် စောစောက လျှပ်တပြက် အခိုက်အတန့်ကို နားလည်ဆင်ခြင်နိုင်ခြင်းနှင့် သူက တတိယမြောက် အန္တိမ နတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်နိုင်ခဲ့ခြင်း မရှိလျှင် ညဝိညာဉ်က သေဆုံးရပေလိမ့်မည်။
“ထောင်ချောက်”
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ သူ၏ လက်ညိုးကို ဝှေ့ယမ်းကာ လေထဲတွင် ထောင်ချောက်ဆိုသော စကားလုံးတစ်လုံးကို ရေးဆွဲလိုက်၏။
နတ်ဘုရားစွမ်းအားများက ဖြန့်ကြက်ထွက်ပေါ်လာ၏။
ထူးဆန်းသော စွမ်းအင် အတက်အကျတစ်ခုက လေထဲမှာ ပေါ်ထွက်လာပြီး ရွှေကျီးကန်း မီးဧကရာဇ်ကို အတွင်းမှာ ပိတ်လှောင်လိုက်သည့် အကျဉ်းထောင်တစ်ခု ဖြစ်ပေါ်သွားလေသည်။
အဲဒါသည် အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုသာ ဖြစ်၏။ ပုံမှန် အခြေအနေမှာဆိုလျှင် ၎င်းသည် ရွှေကျီးကန်း မီးဧကရာဇ်ကို ချုပ်နှောင်ထားနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ရွှေကျီးကန်း မီးဧကရာဇ်မှာ အမြုတေစိတ်ဝိညာဉ်တစ်ခုသာလျှင် ကျန်ရစ်တော့၏။ ဆက်တိုက် တိုက်ခိုက်၍ သူ၏ ခန္ဓာကိုယ်ကို အကြိမ်ကြိမ် ပြန်လည်တည်ဆောက်ခဲ့ရပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဉ်က အလွန်တရာ အားနည်းနေခဲ့လေပြီ။
ရွှေကျီးကန်း မီးဧကရာဇ်သည် ထိုအဆင့်မြင့် နတ်ဘုရားစွမ်းအားကနေ ချက်ချင်း ရုန်းမထွက်နိုင်တော့ပေ။
သူ၏ အမြုတေစိတ်ဝိညာဉ်က အကျဉ်းထောင်နှင့် တိုက်မိသွားပြီး တဆတ်ဆတ် တုန်ယင်ကာ မီးခိုးစိမ်းများ အူထွက်လာ၏။
ရွှေကျီးကန်း မီးဧကရာဇ်က စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။
ရွှစ်..
အနက်ရောင် အလင်းတစ်ခုက လေထုကို ဆုတ်ဖြဲလာခဲ့၏။
ညဝိညာဉ်သည် သူ၏ အမြီးကို လွှဲယမ်းပြီး အကျဉ်းထောင်ကို ဖြတ်ကျော်ကာ ရွှေကျီးကန်း မီးဧကရာဇ်၏ အမြုတေစိတ်ဝိညာဉ်ကို ထိုးဖောက်လိုက်၏။
ရွှေကျီးကန်း မီးဧကရာဇ်က သေဆုံးသွားလေသည်။
တိုက်ပွဲ၏ ဤနေရာအရောက်တွင် ကမ္ဘာဦးမျိုးနွယ်များ၏ ထိပ်သီးဧကရာဇ် ၅ဦးထဲမှ ၂ဦးက သေဆုံးသွားခဲ့လေပြီ။
ကျန်ရှိနေသော ငရဲစုန်းဧကရာဇ်၊ အရိပ်မဲ့နှင့် မျက်လုံးတစ်ထောင် ဧကရာဇ်တို့က တိုက်ခိုက်ဖို့ ဆက်လက်၍ စိတ်ကူးမရှိတော့ပေ။
ဧကရာဇ် ၃ပါးက သူတို့၏ နတ်ဘုရားစွမ်းအားများကို ရုတ်သိမ်းပြီး လှည့်ထွက်ပြေးလိုက်ကြ၏။
နဂါးအရိုးတောင်ကြား၏ စစ်တလင်းမြေမှာ ဧကရာဇ်များ၏ တိုက်ပွဲကြောင့် လေဟာနယ်က ကွဲကြေပြိုကျသွားခဲ့ပြီဖြစ်၏။ မည်သူကမှ အာကသ ဥမင်များကနေတစ်ဆင့် ထွက်မပြေးနိုင်တော့ပေ။
ဧကရာဇ် ၃ပါးသည် ဤနေရာကနေ ထွက်ပြေးလွတ်မြောက်နိုင်ဖို့အတွက် သူတို့၏ လှုပ်ရှားမှု နည်းစနစ်များအပေါ်သာ မှီခိုနိုင်လေသည်။
သို့သော်လည်း ဧကရာဇ် ၃ပါးမှာ မတူညီသော လှုပ်ရှားမှု နည်းစနစ်များ ရှိကြ၏။
ယခု သူတို့က သူတို့၏ အစွမ်းကုန်ဖြင့် ပြေးလွှားလိုက်သောအခါ ကွာဟချက်က ပို၍သိသာထင်ရှားလာ၏။
ယက္ခမျိုးနွယ်ဝင်တစ်ယောက်အနေဖြင့် အရိပ်မဲ့ ဧကရာဇ်က အမြန်ဆုံးဖြစ်ပြီး မိုးကုပ်စက်ဝိုင်းတစ်ဖက်သို့ ချက်ချင်းနီးပါးပင် ပြေးထွက်သွား၏။
မမျှော်လင့်ထားစွာပင် ငရဲစုန်းဧကရာဇ်သည် အန္တိမ နတ်ဘုရားစွမ်းအား ကျိန်စာတစ်ခုကို ထုတ်ဖော်ပြီး သူ၏ အလျင်အဟုန်က ကြောက်ခမန်းလိလိ ဖြစ်လာခဲ့၏။ သူက အရိပ်မဲ့ ဧကရာဇ်နောက်ကနေ သိပ်မကွာဘဲ လိုက်ပါသွားလေသည်။
မျက်လုံးတစ်ထောင် ဧကရာဇ်ကတော့ အနှေးဆုံးဖြစ်ပြီး နောက်ဆုံးမှာ ကျန်ရစ်ခဲ့၏။
မျက်လုံးတစ်ထောင် ဧကရာဇ်သည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားသော်လည်း သူ၏ သွေးစတေးထွက်ပြေးခြင်း နည်းစနစ်သည် အန္တိမ နတ်ဘုရားစွမ်းအားတစ်ခု၏ အဆင့်ထိ မရောက်ရှိသေးပေ။
အဲဒါကြောင့် သူက နောက်ဆုံးမှာ ကျန်ရစ်ခဲ့၏။
“ညဝိညာဉ်.. ဒီမှာနေခဲ့.. အဲဒီသုံးယောက်ကို ငါကြည့်ရှင်းလိုက်မယ်”
ဆူဇီမိုက လေးနက်သော အသံဖြင့် ပြောလိုက်၏။
ညဝိညာဉ်၏ ဒဏ်ရာများက ပို၍ ပြင်းထန်ပြီး သူက ဤနေရာမှာ နေခြင်းဖြင့် လူသားမျိုးနွယ်မှ ဧကရာဇ်များ၊ အဆူရာ ယန်ပေးချန်နှင့် အခြားသူများကို ကူညီပေးနိုင်မည်ဖြစ်၏။
ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုသည် နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ထားခါစ ဖြစ်ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက အထွတ်အထိပ်နီးပါးမှာ ရှိနေ၏။
ငရဲစုန်းဧကရာဇ်နှင့် အခြားနှစ်ယောက်က အရင်ဆုံး ထွက်ပြေးသွားသော်လည်း သူ၏ အစစ်အမှန်ခန္ဓာနှစ်ခုက သူတို့ကို လိုက်မီဖို့ အချိန်တစ်ခုသာ လိုအပ်လေသည်။
ဆူဇီမိုနှင့် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ငရဲစုန်းဧကရာဇ်နှင့် အခြားနှစ်ယောက် ပြေးထွက်သွားရာဘက်သို့ ပြေးလိုက်သွားလေသည်။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် နဂါးဖီးနစ် တောင်ပံများနှင့် ဧရာမ ရွှေငှက်၏ တောင်ပံများကို ပိုင်ဆိုင်ထားပြီး သူ၏ အလျင်အဟုန်က တုန်လှုပ်စရာကောင်းလေသည်။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ ရွေ့လျားမှု နည်းစနစ်က နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို မယှဉ်နိုင်သော်လည်း သူသည် ထွက်ပြေးခြင်း နည်းစနစ်များစွာနှင့် လျှို့ဝှက်အတတ်များကို ပိုင်ဆိုင်ထားပြီး နောက်ကနေ သိပ်မကွာဘဲ လိုက်ပါသွား၏။ သိပ်မကြာခင် အစစ်အမှန်ခန္ဓာနှစ်ခုသည် မျက်လုံးတစ်ထောင် ဧကရာဇ်ထံသို့ အလျင်အမြန် ချဉ်းကပ်လာကြ၏။
မျက်လုံးတစ်ထောင် ဧကရာဇ်သည် လုံးဝ မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို နားလည်သိရှိသွား၏။
ဤအတိုင်းသာ ဆက်သွားလျှင် အစစ်အမှန်ခန္ဓာနှစ်ခုက သူ့ကို လိုက်မီလာပြီး သူ့ကို နေရာမှာပင် သတ်ဖြတ်ပစ်လိုက်ဖို့ သိပ်ကြာလိမ့်မည် မဟုတ်ပေ။
“အထီးကျန်သိုင်းသခင်.. ငါ မင်းနဲ့ အသေအကြေ တိုက်ခိုက်မယ်ကွ”
မျက်လုံးတစ်ထောင် ဧကရာဇ်၏ မျက်လုံးများက ရူးသွပ်မှုဖြင့် တောက်ပလာပြီး နောက်ပြန်လှည့်ကြည့်ကာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို နောက်တစ်ဖန် စုဖွဲ့၍ အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။
“မျက်လုံးတစ်ထောင် မြှုပ်နှံခြင်း”
ဖောင်း..
မျက်လုံးတစ်ထောင် ဧကရာဇ်၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးက ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး လတ်ဆတ်သော သွေးများက လျှံထွက်လာ၏။ အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအင် အတက်အကျတစ်ခုကလည်း ထွက်ပေါ်လာလေသည်။
ဖောင်း.. ဖောင်း..
ထို့နောက် ချက်ချင်းပင် မျက်လုံးတစ်ထောင် ဧကရာဇ်၏ မျက်လုံးနှစ်လုံးက ပေါက်ကွဲထွက်သွားပြီး သွေးသံရဲရဲ တွင်းပေါက်သုံးခုက သူ၏ မျက်နှာပေါ်မှာ ပေါ်ထွက်လာ၏။
သို့သော်လည်း ကြေမွသွားသော ကောင်းကင်ဘုံမျက်လုံးကနေ ထုတ်ဖော်လိုက်သည့် စွမ်းအားက မျက်လုံးတစ်ထောင် ဧကရာဇ်၏ ဘေးပတ်လည်မှာ အလျင်အမြန် စုစည်းလာ၏။
မျက်လုံးတစ်ထောင် ဧကရာဇ်၏ နောက်ဘက်ရှိ လေဟာနယ်ထဲမှာ မျက်လုံးများက အတန်းလိုက် များပြားစွာ ပေါ်ထွက်လာပြီး သူတို့အားလုံးက တစ်ချိန်တည်းမှာ ပွင့်လာခဲ့၏။
မျက်လုံးတစ်ထောင်သည် ပြူးကျယ်၍ ပြေးဝင်လာနေသော ဆူဇီမိုနှင့် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို ကြည့်ရင်း ထိုမျက်လုံးများက နီရဲ၍ ပြူထွက်လာ၏။
ဆူဇီမိုနှင့် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသည်ဟု ခံစားလိုက်ရ၏။
မျက်လုံးတစ်ထောင်နှင့် စိုက်ကြည့်ခြင်း ခံရပါက မည်သူမဆို သက်သောင့်သက်သာ မရှိမှုကို ခံစားရပေလိမ့်မည်။
ဒါ့အပြင် မျက်လုံးတစ်ထောင် မြှုပ်နှံခြင်း၏ စွမ်းပကားက တကယ့်ကို ကြောက်စရာကောင်းလွန်း၏။
ရှေးဟောင်းခေတ်မှာတုန်းက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ဧကရာဇ်တစ်ပါးကသာလျှင် အဲဒါကို ကျင့်ကြံနိုင်ခဲ့၏။ ထာဝရ လူသားဧကရာဇ်နှင့် ဆန့်ကျင်တိုက်ခိုက်ရသော ထိုတိုက်ပွဲမှာ သူက လူသားဧကရာဇ်ကိုပင် ဒဏ်ရာရရှိစေနိုင်ခဲ့၏။
မျက်လုံးတစ်ထောင် မြှုပ်နှံခြင်းသည် အရမ်းကို စွမ်းအားကြီးမားရသည့် အကြောင်းရင်းမှာ အဲဒါသည် ထိုအန္တိမ နတ်ဘုရားစွမ်းအားကို စုဖွဲ့ဖို့အတွက် ကောင်းကင်ဘုံမျက်လုံးထဲမှာ ရှိသည့် တာအိုနှင့် ဓမ္မပညာရပ်များ အားလုံးကို စွန့်လွှတ်စတေးဖို့ လိုအပ်သောကြောင့် ဖြစ်၏။
အဲဒါက အရမ်းကို ကြောက်စရာကောင်းပြီး လောကရှိ မည်သည့်အရာကိုမဆို မြှုပ်နှံပစ်နိုင်လေသည်။ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ကျင့်ကြံမှုက သူ၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးအတွင်းမှာ ရှိလေသည်။
ထိုအန္တိမ နတ်ဘုရားစွမ်းအားသည် မျက်လုံးတစ်ထောင် ဧကရာဇ်၏ တစ်ဘဝစာ ကျင့်ကြံမှုနှင့် တူညီလေသည်။
ယခု သူက မျက်လုံးတစ်ထောင် မြှုပ်နှံခြင်းကို ထုတ်ဖော်လိုက်သောအခါ သူသည် ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုကို မမြှုပ်နှံနိုင်ဘူးဆိုလျှင်တောင် သူကိုယ်တိုင် အကြီးအကျယ် ပျက်စီးထိခိုက်သွားရပေလိမ့်မည်။