← Chapters

နတ်ဘုရားမျိုးနွယ်၏ ကျူးကျော်ဝင်ရောက်လာမှု

Vol. 116 Ch. 1730

နတ်ဘုရားမျိုးနွယ်၏ ကျူးကျော်ဝင်ရောက်လာမှု

Vol. 116 Ch. 1730

ဆူဇီမိုနှင့် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ပြေးလွှားနေပြီး ငရဲစုန်း ဧကရာဇ်နှင့် အရိပ်မဲ့ဧကရာဇ်နောက်သို့ ပြေးလိုက်နေ၏။

အစကတော့ သူတို့နှစ်ယောက်သည် ဦးတည်ဘက်တစ်ခုတည်းသို့​ ပြေးလွှားနေကြ၏။ သို့သော်လည်း သူတို့သည် မြောက်ပိုင်းဒေသ၏ နယ်စပ်သို့ ရောက်ရှိလာသောအခါ ဧကရာဇ်နှစ်ပါးသည် လမ်းကြောင်းနှစ်ခု ခွဲ၍ ထွက်ပြေးလိုက်ကြ၏။

ငရဲစုန်း ဧကရာဇ်၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုနှင့် ရူးသွပ်မှုဖြင့် တောက်ပနေပြီး သူက အလယ်ပိုင်းတိုက်ရှိ စုန်းမျိုးနွယ် နေထိုင်ရာ စုန်းမျိုးနွယ်၏ ဘိုးဘေးကုန်းမြေသို့ ပြေးလွှားသွားလေသည်။

တစ်ချိန်တည်းမှာ သူသည် သူ၏ သိုလှောင်အိတ်ထဲကနေ အဆောင်တစ်ခုကို ဆွဲထုတ်ပြီး အဲဒါကို ချိုးချေလိုက်၏။

ကိစ္စက ဤအခြေအနေထိ ရောက်ရှိလာပြီဆိုမှတော့ သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။

သူသည် စုန်းမျိုးနွယ်ကို သတင်းပေးပြီး သူတို့၏ နောက်ဆုံး ဝှက်ဖဲကို အသုံးချဖို့ ပြင်ဆင်ရပေတော့မည်။

သို့သော်လည်း အရိပ်မဲ့ဧကရာဇ်သည် သူ၏ ဘိုးဘေးကုန်းမြေသို့ ထွက်ပြေးခြင်း မရှိပေ။

ခဏမျှ စဉ်းစားတွေးတောပြီးနောက် သူသည် ဦးတည်ဘက် ပြောင်းလဲကာ အနောက်အရပ်ရှိ ခွန်လွင်အပျက်အစီးနယ်မြေ ရှိရာသို့ ပြေးလွှားသွားလေသည်။

အရိပ်မဲ့ဧကရာဇ်၏ အတွေးက ရိုးရှင်းလေသည်။

သူသည် ဘိုးဘေးကုန်းမြေသို့ ထွက်ပြေးမည်ဆိုလျှင် အထီးကျန်သိုင်းသခင်က သေချာပေါက် လိုက်မီလာပေလိမ့်မည်။ ထိုအချိန်ကျလျှင် ဘိုးဘေးကုန်းမြေကို စောင့်ကြပ်နေသော ယက္ခများသည်လည်း သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။

သူသည် ခွန်လွင်အပျက်အစီးဒေသသို့ ထွက်ပြေးဖို့ ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းမှာ အထီးကျန်သိုင်းသခင်နှင့် သူသေ ကိုယ်သေ တိုက်ခိုက်ချင်သောကြောင့်ဖြစ်၏။

ခွန်လွင်အပျက်အစီးနယ်မြေမှာ နတ်ဘုရားစွမ်းအား တားမြစ်နယ်မြေတစ်ခု ရှိပြီး ထိုနေရာမှာ သူတို့နှစ်ယောက်က အတူတကွ သေဆုံးရပေလိမ့်မည်။

ဆူဇီမိုသည် ငရဲစုန်း ဧကရာဇ်နှင့် အရိပ်မဲ့ဧကရာဇ်တို့ ဦးတည်ဘက် ခွဲကာ ထွက်ပြေးသွားကြသည်ကို တွေ့မြင်သောအခါ သူသည် ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက်.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ငရဲစုန်း ဧကရာဇ်နောက်သို့ လိုက်ဖို့ ဆုံးဖြတ်လိုက်၏။

ငရဲစုန်း ဧကရာဇ်၏ ဦးတည်ဘက်က စုန်းမျိုးနွယ်၏ ဘိုးဘေးကုန်းမြေဖြစ်သည်မှာ သိသာလေသည်။

ငရဲစုန်း ဧကရာဇ်က သူ၏ ဘိုးဘေးကုန်းမြေသို့ ပြန်လည်ရောက်ရှိသွားလျှင် သူ့မှာ တခြား ဘာဝှက်ဖဲတွေ ရှိလာနိုင်သလဲ မသိရပေ။

စုန်းမျိုးနွယ်သည် သူတို့၏ အမြုတေစိတ်ဝိညာဉ်ကို ကောင်းကောင်းကျင့်ကြံထားကြ၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အမြုတေစိတ်ဝိညာဉ်ကတော့ ၎င်းကို အလျှံညီးညီး အလင်းလုံးတစ်လုံးက ကာကွယ်ပေးထားပြီး အမြုတေစိတ်ဝိညာဉ်ကို ပစ်မှတ်ထားသော စုန်းမျိုးနွယ်၏ မည်သည့် သတ်ဖြတ်ခြင်း နည်းစနစ်မဆို နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို ပျက်စီးထိခိုက်စေဖို့ ခဲယဉ်းလေသည်။

ထိုအချိုးအစားမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အတော်အတန် အားနည်းလေသည်။

ထိုသို့ အတွေးဖြင့် အစစ်အမှန်ခန္ဓာနှစ်ခုသည် လူချင်းခွဲပြီး ငရဲစုန်း ဧကရာဇ်နှင့် အရိပ်မဲ့ဧကရာဇ်နောက်သို့ အသီးသီး ပြေးလိုက်သွားကြ၏။

ဆူဇီမိုသည် သူ၏ ထွက်ပြေးခြင်း နည်းစနစ်များနှင့် လျှို့ဝှက်အတတ်များ အားလုံးကို ထုတ်ဖော်လိုက်၏။ သူ၏ နောက်ဘက်မှာ ဆန်းကြယ်တောင်ပံများက ဖြန့်ကြက်လာပြီး သူသည် ကောင်းကင်ဘုံခြေလှမ်း၊ ကန့်သတ်မဲ့ ရွှေအလင်းနှင့် မိုးကြိုးလေပြေ ထွက်ပြေးခြင်းတို့ကို တစ်ချိန်တည်းမှာ ထုတ်ဖော်လိုက်၏။ သူ၏ အလျင်အဟုန်က အကန့်အသတ်ထိ ရောက်ရှိသွားပြီး အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ မြေပြင်ကို ဆွဲချုံ့ပြီး ကီလိုမီတာ ထောင်ချီကို ချက်ချင်းပင် ခုန်ကူးသွား၏။

ထိုသို့ဆိုလျှင်တောင် သူသည် သူနှင့် အရိပ်မဲ့ဧကရာဇ်ကြား အကွာအဝေးကို မတိုတောင်းစေနိုင်ပေ။

ရုတ်တရက်ဆိုသလို…

အနောက်အရပ်စူးစူးမှာ ပြင်းထန်ကြမ်းတမ်းသော တုန်ခါမှုတစ်ခု ထွက်ပေါ်လာ၏။

၎င်းသည် မိုးကောင်းကင်ကို ဆုတ်ဖြဲပစ်ချင်နေသည့်အလား ကျိန်းစပ်နေသော ရွှေရောင်အလင်းတန်းတစ်ခုက ခွန်လွင်အပျက်အစီးဒေသ၏ ကောင်းကင်ထက်ကနေ ထိုးထွက်လာ၏။

စွမ်းအင် အတက်အကျက သိပ်သည်းပြင်းထန်လာပြီး ထျန်ဟွမ်ကုန်းမြေတိုက်တစ်ခုလုံးသို့ပင် ဖြန့်ကြက်သွားလေသည်။ နယ်မြေဒေသ လေးခု၊ သမုဒ္ဒရာ သုံးစင်းနှင့် တိုက်တစ်တိုက်တို့မှပင်လျှင် အဲဒါကို ခံစားမိနိုင်၏။

သမုဒ္ဒရာ သုံးစင်းမှာ ကြီးမားသော လှိုင်းလုံးများက တရုန်းရုန်း ထကြွလာ၏။

မြောက်ပိုင်းဒေသ၏ နယ်စပ်မှာ တိုက်ခိုက်နေကြသော မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည်လည်း တုန်လှုပ်ချောက်ချားမှုကို ခံစားလာရ၏။

နတ်ဘုရားမျိုးနွယ် ပညာရှင် အချို့သည်သာ အနောက်အရပ်စူးစူး၏ ကောင်းကင်ထက်ရှိ ရွှေရောင်အလင်းတန်းကို အလေးအနက်တွေးကာ ကြည့်နေ၏။

နတ်ဘုရားမျိုးနွယ်မှ ဧကရာဇ်အချို့သည် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူတို့၏ အကြည့်များက မြင့်မားသော စိတ်ဝိညာဉ်နှင့်အတူ ဝင်းလက်တောက်ပလာ၏။

ဆူဇီမိုသည် သူ၏ ခြေလှမ်းကို ရပ်တန့်​ပြီး သုန်မှုန်သော အမူအရာနှင့်အတူ အနောက်အရပ်စူးစူးကို ကြည့်လိုက်၏။

တစ်စုံတစ်ရာက ဖြစ်ပွားလာလေပြီ။

သူထင်တာ မမှားဘူးဆိုလျှင် အနောက်အရပ်စူးစူးမှ လာသော ရုတ်ရုတ်သဲသဲ အခြေအနေသည် သက်တံရောင်ဖန်သားထံမှ ထွက်ပေါ်လာခြင်း ဖြစ်ရပေမည်။

နတ်ဘုရားမျိုးနွယ်က ကျူးကျော်ဝင်ရောက်လာပြီ။

နတ်ဘုရားမျိုးနွယ်သည် ဤကဲ့သို့ အကျပ်အတည်းဆိုက်နေသော ကာလမှာ ထျန်ဟွမ်ကုန်းမြေတိုက်သို့ ကျူးကျော်လာခဲ့လေသည်။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ခွန်လွင်အပျက်အစီးဒေသရှိ နတ်ဘုရားစွမ်းအား တားမြစ်နယ်မြေ၏ တည်ရှိမှုကြောင့် နတ်ဘုရားမျိုးနွယ်က ကျူးကျော်ဝင်ရောက်လာမည်ဆိုလျှင်တောင် သူတို့သည် အလွန်ဆုံး ပေါင်းစည်းခန္ဓာအဆင့်မှာသာ ရှိပေလိမ့်မည်။ သူတို့က လက်ရှိ ဆူဇီမိုကို မခြိမ်းခြောက်နိုင်ပေ။

သို့သော်လည်း ခွန်လွင်အပျက်အစီးဒေသတွင်​ နောက်ဆုံးတိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ နှစ်နှစ်ထောင်ကျော် ကြာသွားခဲ့လေပြီ။

နတ်ဘုရားစွမ်းအား တားမြစ်နယ်မြေ၏ စွမ်းအားက ပို၍ အားနည်းလာခဲ့ပြီဖြစ်၏။

နတ်ဘုရားကုန်းမြေတိုက်သည် နတ်ဘုရားစွမ်းအား တားမြစ်နယ်မြေကို ဖြတ်ကျော်မည့် နည်းလမ်းတစ်စုံတစ်ရာကို ပိုင်ဆိုင်ထားပြီး ထျန်ဟွမ်ကုန်းမြေတိုက်သို့ ဝင်ရောက်လာမည်ဆိုလျှင် ဆူဇီမိုက အံ့အားသင့်မိလိမ့်မည် မဟုတ်ပေ။

နတ်ဘုရားကုန်းမြေတိုက်၏ ပင်မစစ်တပ်က ထျန်ဟွမ်ကုန်းမြေတိုက်သို့ ကျူးကျော်ဝင်ရောက်လာမည်ဆိုလျှင် အခြေအနေက အတော်လေး ဆိုးရွားသွားပေလိမ့်မည်။

နတ်ဘုရားကုန်းမြေတိုက်က စွမ်းအားကြီးမားသော လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်၏။

ကုန်းမြေတိုက်နှစ်ခုစလုံးသည် သန်းပေါင်းများစွာသော ကမ္ဘာငယ်များထဲမှာ ပါဝင်သော်လည်း နတ်ဘုရားမျိုးနွယ်သည် စွမ်းအားကြီးမားသော မျိုးဆက်သွေးကို ပိုင်ဆိုင်ထားပြီး မွေးကတည်းက မျိုးဆက်သွေးနယ်မြေများကို ကျင့်ကြံနိုင်ကြ၏။

နတ်ဘုရားကုန်းမြေတိုက်၏ လူမှုအဖွဲ့အစည်းက ဘယ်လောက်ထိ အဆင့်အတန်း မြင့်မားသလဲ မည်သူကမှ မသိရပေ။

နတ်ဘုရားကုန်းမြေတိုက်၏ ကျူးကျော်မှုသည် ကမ္ဘာဦးမျိုးနွယ် ၆စု၏ မဟာမိတ်အဖွဲ့ထက်ပင် ပို၍ ကြောက်စရာကောင်းနေဖို့ ဖြစ်နိုင်ခြေများလေသည်။

ပို၍ အရေးကြီးသည်မှာ ယခုအချိန်တွင် ထျန်ဟွမ်ကုန်းမြေတိုက်ရှိ မျိုးနွယ်စုတစ်သောင်းက တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်နေကြ​ပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ထား၏။ သားရဲများဖြစ်စေ.. လူသားများဖြစ်စေ.. ကမ္ဘာဦးမျိုးနွယ်များဖြစ်စေ.. သူတို့အားလုံးက သေကြေပျက်စီးထိခိုက်မှုများစွာကို တွေ့ကြုံထားရ၏။

ဤအခိုက်အတန့်မှာ နတ်ဘုရားကုန်းမြေတိုက်၏ ကျူးကျော်ဝင်ရောက်လာမှုသည် ထျန်ဟွမ်ကုန်းမြေတိုက်ကို ပို၍ပင် အထိနာစေနိုင်လေသည်။

ဆူဇီမိုက သူ၏ ခြေလှမ်းကို ရပ်တန့်​ပြီး အနောက်ဘက်အရပ်ကို ကြည့်လိုက်၏။

ထိုအခိုက်အတန့်မှာ ခွန်လွင်အပျက်အစီးဒေသရှိ နတ်ဘုရားစွမ်းအား တားမြစ်နယ်မြေသည် နတ်ဘုရားကုန်းမြေတိုက်၏ ဧကရာဇ်များကို တားဆီးနိုင်ပါစေဟုသာ သူက ဆုတောင်းနိုင်လေသည်။

အရိပ်မဲ့ဧကရာဇ်သည်လည်း သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ခွန်လွင်အပျက်အစီးဒေသသို့ ဆက်လက်၍ ထွက်ပြေးခြင်း မရှိတော့ပေ။

ရုတ်တရက်ဆိုသလို..

ခွန်လွင်အပျက်အစီးဒေသ၏ အထက်မှာ ရွှေရောင်အလင်းတန်းတစ်ခုက သိပ်သည်းစုဖွဲ့လာခဲ့၏။

ထို့နောက် ချက်ချင်းပင် မနှိုင်းယှဉ်သာအောင် စွမ်းပကားကြီးသော အော်ရာများက လေထုကို ဆုတ်ဖြဲ၍ ကျိန်းစပ်နေသော ရွှေရောင်အလင်းတန်းများအသွင်ပြောင်းလဲပြီး မိုးကောင်းကင်ထက်သို့ တလိပ်လိပ် တိုးဝင်လာကြ၏။

ထျန်ဟွမ်ကုန်းမြေတိုက်က လှုပ်ခတ်သွားလေသည်။

နတ်ဘုရားကုန်းမြေတိုက်၏ ဧကရာဇ်များက ရောက်ရှိလာကြပြီဖြစ်၏။

ဧကရာဇ်များကသာလျှင် ဤကဲ့သို့သော အော်ရာနှင့် ဤကဲ့သို့သော စွမ်းအင်အတက်အကျကို ထုတ်ဖော်ပေးနိုင်ပေလိမ့်မည်။

သိပ်မကြာခင် နတ်ဘုရားမျိုးနွယ်၏ ကြီးမားသော စစ်တပ်ကြီးတစ်တပ်က ခွန်လွင်အပျက်အစီးဒေသ၏ ကောင်းကင်ထက်မှာ ပေါ်ထွက်လာ၏။ သူတို့သည် သိပ်သည်းများပြားလွန်း​ပြီး ရှေ့ဆုံးမှာ ရှိသော အဖွဲ့က နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်တော်များ ဖြစ်ကြ၏။

မြင်းများဖြစ်စေ.. နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များဖြစ်စေ.. သူတို့အားလုံးက ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြ၏။

နတ်ဘုရားမျိုးနွယ်၏ မြင်းများသည်လည်း စွမ်းအားကြီးမားသော မျိုးဆက်သွေးနှင့်အတူ ကောင်းကင်ဘုံမြင်းများ ဖြစ်ကြ၏။ သူတို့၏ နဖူးများပေါ်မှာ မိုးကောင်းကင်ကိုပင် ထိုးဖောက်နိုင်သည်ဟု ထင်ရသော ထက်ရှသော ဦးချိုတစ်ချောင်းစီ ပါရှိလေသည်။

အဲဒီမှာ နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်တော် တစ်သောင်းကျော်ရှိပြီး သူတို့အားလုံးက ပေါင်းစည်းခန္ဓာအဆင့်မှာ ရှိကြ၏။

အဲဒါက နတ်ဘုရားမျိုးနွယ်သက်ရှိ ပေါင်းစည်းခန္ဓာတစ်သောင်း ဖြစ်လေသည်။

သူထင်တာ မမှားဘူးဆိုလျှင် အဲဒါသည် နတ်ဘုရားကုန်းမြေတိုက်၏ ပင်မအင်အား သေချာပေါက် ဖြစ်ပေလိမ့်မည်။

တကယ်တော့ အထင်ရှားဆုံးအရာမှာ နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်တစ်သောင်း မဟုတ်ပေ။

နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များ၏ အလယ်တွင် နတ်ဘုရားမျိုးနွယ် မျိုးနွယ်စုခေါင်းဆောင် ရာနှင့်ချီ ရှိလေသည်။ သူတို့ထဲမှ အချို့သည် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး ဓားများကို ကိုင်ဆွဲထားကြ၏။ သူတို့ထဲမှ အချို့သည် ဝတ်ရုံရှည်များကို ဝတ်ဆင်ထားပြီး တောင်ဝှေးများကို ကိုင်ဆွဲထားကြ၏။

သို့သော်လည်း နတ်ဘုရားမျိုးနွယ် သက်ရှိတိုင်းသည် အလွန်တရာ တင့်တယ်ကြည့်ကောင်းပြီး အရပ်အမောင်း မြင့်မားကြ၏။ အမျိုးသမီးများကလည်း ကြော့ရှင်းလှပသော သွင်ပြင်များနှင့်အတူ မနှိုင်းယှဉ်သာအောင် ချောမောကြလေသည်။

ရာနှင့်ချီသော နတ်ဘုရားမျိုးနွယ် မျိုးနွယ်စုခေါင်းဆောင်များကြားမှာ နတ်ဘုရားမျိုးနွယ် ဧကရာဇ် ၄ပါး ရှိလေသည်။ သူတို့က အမျိုးသားသုံးယောက်နှင့် အမျိုးသမီးတစ်ယောက် ဖြစ်ပြီး သူတို့အားလုံးက အသက်ကြီးနေကြပြီဖြစ်၏။

နတ်ဘုရားမျိုးနွယ်၏ ဧကရာဇ် ၄ပါးက သူတို့၏ လက်ထဲမှာ မတူညီသော လက်နက်များကို ကိုင်ဆွဲထားကြ၏။

နတ်ဘုရားမျိုးနွယ်မှ ဧကရာဇ်တစ်ပါးသည် ဧရာမ ဓားတစ်လက်ကို ကိုင်ဆွဲထား၏။

အဲဒါသည် ယခင်က ဆူဇီမိုကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သော ကြမ္မာဆိုးဓား ဖြစ်လေသည်။

နောက်ထပ် နတ်ဘုရားမျိုးနွယ် ဧကရာဇ်တစ်ပါးသည် လူတိုင်းကို တရားစီရင်ဆုံးဖြတ်နိုင်သည့်အလား ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့် တောက်ပနေသည့် ရွှေရောင် လှံတစ်လက်ကို ကိုင်ဆွဲထား၏။

တတိယမြောက် ဧကရာဇ်က ပိန်းပိတ်အောင် နက်မှောင်နေသော ဒိုင်းကာတစ်ခုကို ကိုင်ဆွဲထား၏။

စတုတ္ထမြောက် ဧကရာဇ်က တလက်လက် တောက်ပနေသော နတ်ဘုရား တောင်ဝှေးတစ်ချောင်းကို ကိုင်ဆွဲထား၏။

ဧကရာဇ် ၄ပါးသည် စွမ်းအားကြီးမားသော ဂမ္ဘီရလက်နက်တစ်ခုစီကို ကိုင်ဆွဲထားပြီး သူတို့၏ နတ်ဘုရားစွမ်းအားများကို လှည့်ပတ်ထိန်းချုပ်ကာ ခွန်လွင်အပျက်အစီးဒေသ၏ အထက်ရှိ နတ်ဘုရားစွမ်းအား တားမြစ်နယ်မြေကနေတစ်ဆင့် စင်္ကြံလမ်းတစ်ခုကို ဖန်တီးထားကြ၏။

နတ်ဘုရားမျိုးနွယ်စစ်တပ်က ထျန်ဟွမ်ကုန်းမြေတိုက်သို့ ဘေးကင်းလုံခြုံစွာ ဝင်ရောက်လာခဲ့လေသည်။

ဆူဇီမိုသည် သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဉ်းပြီး နတ်ဘုရားမျိုးနွယ်စစ်တပ်နှင့် မျိုးနွယ်စုခေါင်းဆောင်များကို ဖြတ်ကျော်ကာ ဧကရာဇ် ၄ပါးကို ကြည့်လိုက်၏။

ပေါင်းစည်းခန္ဓာ နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်တစ်သောင်းဖြစ်စေ.. ရာနှင့်ချီသော နတ်ဘုရားမျိုးနွယ် မျိုးနွယ်စုခေါင်းဆောင်များဖြစ်စေ.. နတ်ဘုရားမျိုးနွယ် ဧကရာဇ် ၄ပါးဖြစ်စေ.. သူတို့၏ ဂမ္ဘီရလက်နက် ၄ခုဖြစ်စေ.. မည်သည့်အရာမှ အထင်ရှားဆုံး မဟုတ်ပေ။

နတ်ဘုရားမျိုးနွယ်စစ်တပ်၏ အလယ်မှာ နတ်ဘုရားမျိုးနွယ် ဧကရာဇ် ၄ပါး ဝန်းရံထားသော ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားသည့် ဂမ္ဘီရ ပုလ္လင်တစ်ခု ရှိလေသည်။

အဲဒါကို အောက်ကနေ မည်သူကမှ မ,ပေးထားခြင်း မရှိပေ။ သို့သော်လည်း ဂမ္ဘီရ ပုလ္လင်က လွင့်မျောနေပြီး နတ်ဘုရားဆန်ဆန် အလင်းတစ်ခုကို ဖြာထုတ်ပေးနေ၏။

ဂမ္ဘီရ ပုလ္လင်ပေါ်မှာ လူတစ်ယောက် ရှိလေသည်။

ထိုလူသည် သူ၏ ဦးခေါင်းပေါ်မှာ သရဖူတစ်ခုကို ဆောင်းထားပြီး ဂမ္ဘီရ ပုလ္လင်ပေါ်မှာ ထိုင်နေ၏။ သူက မနှိုင်းယှဉ်သာအောင် မြင့်မြတ်ထည်ဝါ၍ တောက်ပလွန်းနေ၏။

နတ်ဘုရားမျိုးနွယ် ဧကရာဇ် ၄ပါးပင်လျှင် သူ၏ အမိန့်ကို နာခံရလေသည်။

သရဖူထံကနေ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ဖြာထွက်သွားပြီး အဲဒါက နတ်ဘုရားမျိုးနွယ် သက်ရှိများ၏ ပေါ်ထွက်လာမှုကို ဖုံးကွယ်ပေးထား၏။

All Chapters