← Chapters

အကျဥ်းထောင်

Vol. 116 Ch. 1732

အကျဥ်းထောင်

Vol. 116 Ch. 1732

ယခုအချိန်မှာ အရိပ်မဲ့ဧကရာဇ်သည် နတ်ဘုရားမျိုးနွယ်စစ်တပ်၏ ဝန်းရံခြင်း ခံထားရပြီး တိုက်ခိုက်မလာသေးသည့် နတ်ဘုရားမျိုးနွယ်မှ ဧကရာဇ်သုံးပါးလည်း ရှိသေးလေသည်။ သူက ထွက်ပြေးလွတ်မြောက်ချင်သည်ဆိုလျှင် လျှပ်တပြက်ခုန်ကူးခြင်းကိုသာ အသုံးပြုရပေမည်။

သို့သော်လည်း အရိပ်မဲ့ဧကရာဇ်က သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်လိုက်စဥ် အန္တိမနတ်ဘုရားစွမ်းအားက စုဖွဲ့မလာခင်မှာပင် ပြန်လည်ပျက်ပြယ်သွားလေသည်။

အရိပ်မဲ့ဧကရာဇ်၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး သူ၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွား၏။ သူ၏ အားထုတ်မှုက ကျရှုံးသွားလေသည်။

သူထုတ်ဖော်လိုက်​သော အန္တိမနတ်ဘုရားစွမ်းအားက အောင်မြင်စွာထွက်ပေါ်မလာပေ။

လျှပ်တပြက်ခုန်ကူးခြင်းက ထွက်ပေါ်လာသည့်ခဏမှာပင် အရိပ်မဲ့ဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်ကို နက်မှောင်နေသောစွမ်းအားတစ်ခုက လွှမ်းခြုံလာခဲ့၏။

ထိုစွမ်းအားသည် သူ၏ အမြုတေစိတ်ဝိညာဥ်ပေါ် ပျက်စီးထိခိုက်မှုများစွာ မဖြစ်စေပေ။ သို့သော်လည်း ၎င်းသည် သူနှင့် အန္တိမနတ်ဘုရားစွမ်းအား၏ ချိတ်ဆက်မှုကိုပိုင်းခြားကာ လျှပ်တပြက်ခုန်ကူးခြင်းကို ထွက်ပေါ်မလာအောင် ဟန့်တားနှောက်ယှက်လိုက်လေသည်။

“ဘာဖြစ်နေတာလဲ”

“အဲ့ဒါက ဘာလဲဟ”

အရိပ်မဲ့ဧကရာဇ်သည် သူ၏ အမြုတေစိတ်ဝိညာဥ်မှာ တွယ်ကပ်နေသည့် အနက်ရောင်စွမ်းအားကို စစ်ဆေးကြည့်ရင်း ထိတ်လန့်သွား၏။

ဤပြောင်းလဲမှုက သူ့ကိုတကယ်ပင် တုန်လှုပ်သွားစေ၏။

ရုတ်တရက်ဆိုသလို...

အရိပ်မဲ့ဧကရာဇ်သည် သူ၏ ရင်ထဲမှ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။

သူက အလိုလိုငုံ့ကြည့်လိုက်၏။

သူ့ရင်ဘတ်ပေါ်ရှိဒဏ်ရာက သက်သာပျောက်ကင်းမည့် မည်သည့်လက္ခဏာမှ မပြသပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူ့ဒဏ်ရာကနေ စီးထွက်နေသည့် သွေးများက စတင်၍ ညိုမည်းလာခဲ့လေသည်။

ဒဏ်ရာ၏ တစ်ဖက်တစ်ချက်စီရှိ အသားများကလည်း မည်းနက်လာခဲ့ပြီဖြစ်၏။

ဒါ့အပြင် အနက်ရောင်စွမ်းအားသည် သူ၏ ဒဏ်ရာကနေတစ်ဆင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြန့်ကြက်နေဆဲ ဖြစ်၏။

“အဲ့ဒါက ဟိုဓားပဲ” အရိပ်မဲ့ဧကရာဇ်သည် အဖြေတစ်ခုကို ရုတ်တရက်တွေးမိသွားပြီး ရင်တစ်ချက်ထိတ်သွား၏။

“မင်းက ကြမ္မာဆိုးဓားနဲ့ ဒဏ်ရာရပြီးတာတောင်မှပဲ ထွက်ပြေးချင်သေးတာလား”

ထိုစဥ်မှာပင် နတ်ဘုရားမျိုးနွယ်မှ လူကြီးက အရိပ်မဲ့ဧကရာဇ်ဘေးသို့ ရောက်ရှိလာပြီး သူ့ကို နှစ်ပိုင်းလှီးဖြတ်ချလိုက်၏။

သွေးများနှင့် ကိုယ်တွင်းအင်္ဂါများက ပြန့်ကျဲကျဆင်းသွားလေသည်။

အရိပ်မဲ့ဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်သည် ကြမ္မာဆိုး၏ စွမ်းအားဖြင့် တွယ်ငြိနေပြီး သူ၏ အသိစိတ်ထဲကနေ ရုန်းထွက်နိုင်ခြင်း မရှိပေ။

ထိုသို့ဖြင့် သူက နေရာမှာပင် သတ်ဖြတ်ခံလိုက်ရ၏။

ယက္ခမျိုးနွယ်မှ ထိပ်သီးဧကရာဇ်သည် နတ်ဘုရားမျိုးနွယ်လူကြီးထံမှ ဓားချက်နှစ်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရ၏။

တကယ်ဆို အရိပ်မဲ့ဧကရာဇ်သည် သူ၏ အထွတ်အထိပ်အခြေအနေမှာရှိနေမည်ဆိုလျှင် သူသည် နတ်ဘုရားမျိုးနွယ်လူကြီး၏ တိုက်ခိုက်မှုဖြင့် သေဆုံးရချင်မှ သေဆုံးရပေလိမ့်မည်။

သို့သော်လည်း ဆူဇီမိုနှင့်တိုက်ခိုက်အပြီး၌ သူ၏ တိုက်ခိုက်ရည်ခွန်အားက ထက်ဝက်ကျော်လျော့ကျနေပြီဖြစ်၏။ ဒါ့အပြင် နတ်ဘုရားမျိုးနွယ်က သူ့ကိုတိုက်ခိုက်လာလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

သူသည် ကြမ္မာဆိုးဓား၏ စွမ်းအားကိုပါ လျှော့တွက်မိခြင်းက သူသေဆုံးရသည့်အကြောင်းရင်းပင်ဖြစ်၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးသည် ထိုသည်ကို တွေ့မြင်သောအခါ ကြောင်အ,မှင်တက်သွားကြ၏။

ပုံပြောသူ ၊ လုံရန်နှင့် အခြားသူများ၏ အမူအရာများကလည်း အလွန်တရာပျက်ယွင်းသွားကြ၏။

သူတို့သည် နတ်ဘုရားမျိုးနွယ်မှလူကြီးနှင့် မတိုက်ခိုက်ရသော်လည်း သူတို့သည် ငရဲစုန်းဧကရာဇ်နှင့် အခြားသူများထက် သေချာပေါက်ပိုမိုအားနည်းသည်ကို သိရှိထားလေသည်။

ဒါ့အပြင် နတ်ဘုရားမျိုးနွယ်သည် အရိပ်မဲ့ဧကရာဇ်ကို တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သတ်ဖြတ်လိုက်ခြင်းက သူတို့၏ ရပ်တည်ချက်ကို သိသာရှင်းလင်းစွာဖော်ပြနေ၏။ နတ်ဘုရားမျိုးနွယ်သည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စတင်တော့မည်ဖြစ်၏။

သူတို့က အညံ့ခံမည်ဆိုလျှင်တောင် ချမ်းသာရာရလိမ့်မည် မဟုတ်ပေ။

“ကောင်းလိုက်တဲ့ သတ်ဖြတ်မှု”

ထျန်ဟွမ်ကုန်းမြေတိုက်မှ နတ်ဘုရားသက်ရှိများစွာသည် အားမာန်တက်ကြွ၍ စိတ်လှုပ်ရှားလာကြ၏။

သူတို့သည် ဤနှစ်များအတွင်း ထျန်ဟွမ်ကုန်းမြေတိုက်မှာ မျိုးနွယ်စုတစ်သောင်း၏ ဖယ်ကြဥ်ခြင်းခံရပြီးနောက် အလွန်အမင်းအရှက်ခွဲခံခဲ့ရ၏။

ယနေ့ သူတို့သည် နောက်ဆုံးမှာ ပြန်လည်ဝံ့ကြွားလာနိုင်ပေတော့မည်။

ထိုအခိုင်အတန့်မှာ ငရဲစုန်းဧကရာဇ်သည် စုန်းမျိုးနွယ်၏ ဘိုးဘေးကုန်းမြေသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်၏။

အရာရာတိုင်းကို ခပ်ဝေးဝေးကနေစောင့်ကြည့်ရင်း ငရဲစုန်းဧကရာဇ်က လှောင်ရယ်၍ တီးတိုးရေရွတ်လိုက်၏။

“နတ်ဘုရားကုန်းမြေတိုက်တဲ့လား... ဟီးဟီး မင်းတို့ရောက်လာပြီးရင် ငါက မင်းတို့အားလုံးကို ထျန်ဟွမ်ကုန်းမြေတိုက်မှာ အရိုးဆွေးရအောင် လုပ်ပေးမယ်”

“ဒီနေ့ကစပြီး ထျန်ဟွမ်ကုန်းမြေတိုက်က စုန်းမျိုးနွယ်ရဲ့အပိုင်ဖြစ်လာလိမ့်မယ်”

ထိုသို့ပြောရင်း ငရဲစုန်းဧကရာဇ်သည် စုန်းမျိုးနွယ်၏ ဘိုးဘေးကုန်းမြေမှာရှိသည့် တောင်ကြားတစ်ခုထဲသို့ လှစ်ခနဲဝင်ရောက်သွား၏။

အဲ့ဒီမှာ သူ၏ အမိန့်ကိုစောင့်ဆိုင်းနေသည့် စုန်းမျိုးနွယ်ပေါင်း သိန်းချီရှိလေသည်။

ရုတ်တရက် အလယ်ပိုင်းတိုက်၏ အထက် လေထဲမှာ အက်ကွဲကြောင်းများပေါ်ထွက်လာ၏။

နဂါးအရိုးတောင်ကြားမှ နတ်ဘုရားမျိုးနွယ်ဧကရာဇ်သုံးပါးသည် ရုတ်ရုတ်သဲသဲ အခြေအနေကိုအခွင့်ကောင်းယူပြီး ထွက်ပြေးလွတ်မြောက်သွားကြ၏။ သူတို့သည် လေဟာနယ်ကိုဆုတ်ဖြဲပြီး ဤနေရာသို့ ရောက်ရှိလာကြ၏။

နတ်ဘုရားမျိုးနွယ် မျိုးနွယ်စုခေါင်းဆောင်အချို့ကလည်း စိတ်လှုပ်ရှားစွာဖြင့် ပြေးလွှားလာကြ၏။

“နှုတ်ဆက်ပါတယ်... နတ်ဘုရားဧကရာဇ်”

နတ်ဘုရားမျိုးနွယ် ဧကရာဇ်သုံးပါးသည် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ဆိုးဆိုးဝါးဝါး ပုံပေါက်နေ၏။ သူတို့သည် နတ်ဘုရားမျိုးနွယ်စစ်တပ်ကို ဖြတ်ကျော်ပြီး နတ်ဘုရားဧကရာဇ်ရှေသို့ ရောက်ရှိသောအခါ ဒူးထောက်ချလိုက်၏။

“အရှင်မင်းမြတ်... ခင်ဗျားနောက်ဆုံးတော့ ဒီကိုရောက်လာပြီပေါ့”

“ကျုပ်တို့က ဒီနေ့ကို စောင့်နေခဲ့ရတာ အရမ်းကြာသွားခဲ့ပြီ... အရှင်မင်းမြတ် ကျေးဇူးပြုပြီး အမိန့်ပေးပါ... ကျုပ်တို့က နတ်ဘုရားမျိုးနွယ် စစ်တပ်နဲ့အတူ မျိုးနွယ်စုတစ်သောင်းကို ဖယ်ရှားရှင်းလင်းပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကို အပြီးတိုင်အုပ်စိုးကြမယ်”

နတ်ဘုရားမျိုးနွယ် ဧကရာဇ် သုံးပါးက အော်ဟစ်ပြောဆိုလိုက်ကြ၏။

ဂမ္ဘီရပလ္လင်ပေါ်ရှိ နတ်ဘုရားဧကရာဇ်က မလှုပ်မယှက်နှင့်ငြိမ်သက်နေ၏။

နတ်ဘုရားမျိုးနွယ် ဧကရာဇ်သုံးပါးသည် အတန်ကြာ အားရပါးရပြောဆိုပြီးနောက် မည်သည့်တုံ့ပြန်မှုမှ ရရှိမလာသောအခါ သူတို့၏ အသံများက တဖြည်းဖြည်း ငြိမ်သက်သွား၏။

“အရှင်မင်းမြတ်... ဘာများမှားနေလို့လဲ”

နတ်ဘုရားမျိုးနွယ် ဧကရာဇ်တစ်ပါးက ဂရုတစိုက်ဖြင့် ပြောလိုက်၏။

“အခုချိန်မှာဆိုရင် ထျန်ဟွမ်ကုန်းမြေတိုက်မှာရှိတဲ့ မျိုးနွယ်စုတစ်သောင်းက တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ပြီး မျိုးနွယ်စုတစ်သောင်းက ပညာရှင်အများစုက သေဆုံးကုန်ကြပြီ... ဒါက ကျုပ်တို့အတွက် အကောင်းဆုံး အခွင့်အလမ်းပဲ”

“အဲ့ဒါဟုတ်ပါတယ်”

နောက်ထပ် နတ်ဘုရားမျိုးနွယ် ဧကရာဇ်တစ်ပါးက အလောတကြီးထပ်ပြောလိုက်၏။

“အခုချိန် ထျန်ဟွမ်ကုန်းမြေတိုက်မှာ တစ်ခုတည်းသော ခြိမ်းခြောက်နိုင်စွမ်းက လူသားမျိုးနွယ်က သိုင်းဧကရာဇ်ပဲ”

“ကျုပ်တို့က သိုင်းဧကရာဇ်ကို သတ်ပြီးတာနဲ့ ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဘယ်သူကမှ ကျုပ်တို့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ဘူး”

“သိုင်းဧကရာဇ်... သိုင်းဧကရာဇ်”

ပလ္လပင်ပေါ်ရှိ နတ်ဘုရားဧကရာဇ်က ရုတ်တရက်တီးတိုးရေရွတ်လိုက်၏။

“ဟုတ်ပါတယ်... သိုင်းဧကရာဇ်ပါ”

အောက်ဘက်ရှိ နတ်ဘုရားမျိုးနွယ် ဧကရာဇ်သည် ထိုအသံကိုကြားသောအခါ သူက တက်ကြွသွားပြီး အလောတကြီးပြောလိုက်၏။

“သိုင်းဧကရာဇ်ရဲ့ တာအိုဘွဲ့က အထီးကျန်သိုင်းသခင်ပဲ... သူ့မှာ အစစ်အမှန်ခန္ဓာနှစ်ခုရှိတယ်... ဒါပေမဲ့ ဒီတိုက်ပွဲအပြီးမှာ သူ့ရဲ့ အစစ်အမှန်ခန္ဓာနှစ်ခုလုံးက စွမ်းအင်အမြောက်အမြားကို...”

နတ်ဘုရားဧကရာဇ်က သူ၏ လက်ကိုဖြည်းဖြည်းချင်း မြှောက်ပြလိုက်၏။

နတ်ဘုရားမျိုးနွယ် ဧကရာဇ်က သူ၏ စကားကို အလောတကြီးရပ်တန့်လိုက်လေသည်။ ဘာ့ကြောင့်ရယ်မသိ နတ်ဘုရားဧကရာဇ်၏ လှုပ်ရှားမှုတစ်ခုစီက ရပ်တန့်၍မရနိုင်သော စွမ်းပကားတစ်ခုကို ပိုင်ဆိုင်ထား၏။ သူက ဧကရာဇ်တစ်ပါးဖြစ်သော်လည်း နတ်ဘုရားဧကရာဇ်ကို ဆန့်ကျင်ရဲခြင်း မရှိပေ။

“သူတို့ကို ချုပ်ထားလိုက်”

နတ်ဘုရားဧကရာဇ်က မှင်သေသေဖြင့် ပြောလိုက်၏။

“နားလည်ပါပြီ”

ဂမ္ဘီရပလ္လင်ဘေးတွင်ရှိသော နတ်ဘုရားမျိုးနွယ် ဧကရာဇ်လေးပါးသည် ခေါင်းညိတ်ပြပြီး ထျန်ဟွမ်ကုန်းမြေတိုက်၏ နတ်ဘုရားမျိုးနွယ်ဧကရာဇ်သုံးပါးရှိရာသို့ လျှောက်လှမ်းသွားကြ၏။

“အရှင်မင်းမြတ်... ခင်..ခင်ဗျား ဘာလုပ်တာလဲ”

“ကျုပ်တို့က ခင်ဗျားနဲ့ ကျုပ်တို့ရဲ့ နတ်ဘုရားမျိုးနွယ်ကို ကူညီဖို့ကြိုးစားနေရုံပဲ”

ထျန်ဟွမ်ကုန်းမြေတိုက်၏ နတ်ဘုရားမျိုးနွယ် ဧကရာဇ်သုံးပါးက မချင့်မရဲ ဖြစ်သွားပြီး ခုခံငြင်းဆန်ချင်ကြလေသည်။

ကြမ္မာဆိုးဓားကို ကိုင်ဆွဲထားသော နတ်ဘုရားမျိုးနွယ်မှလူကြီး၏ အမူအရာက ညိုမည်းသွားပြီး အေးစက်စွာပြောလိုက်၏။

“မင်းက နတ်ဘုရားဧကရာဇ်ရဲ့ စိတ်ဆန္ဒကို ဘယ်လိုတောင်ဆန့်ကျင်ရဲတာလဲ... မင်းသေချင်နေတာလား”

ထိုသို့သူပြောလိုက်သည့်ခဏမှာ ထျန်ဟွမ်ကုန်းမြေတိုက်၏ နတ်ဘုရားမျိုးနွယ် ဧကရာဇ်သုံးပါးသည် လိပ်ပြာလွင့်မတတ်ကြောက်လန့်သွားကြ၏။

ချွင်... ချွင်...

နတ်ဘုရားမျိုးနွယ်မှ လူကြီး၏ လက်ချောင်းပေါ်ရှိ သိုလှောင်လက်စွပ်က တဖျတ်ဖျတ်လက်သွားပြီး သူက ရွှေရောင်အလင်းတစ်ခုဖြင့် တောက်ပနေသော ဧရာမချိန်းကြိုးတစ်ခုကိုဆွဲထုတ်လိုက်၏။

ချိန်ကြိုး၏ အစွန်းနှစ်ဖက်စလုံးမှာ ထက်ရှသော ချိတ်ကောက်များရှိနေ၏။

၎င်းက အသားကိုထိုးဖောက်လိုက်သည်နှင့် အဲ့ဒါက တင်းကျပ်စွာ ချုပ်နှောင်ပြီးသားဖြစ်သွားပေလိမ့်မည်။

ထျန်ဟွမ်ကုန်းမြေတိုက်၏ န​တ်ဘုရားမျိုးနွယ် ဧကရာဇ်သုံးပါးသည် လိပ်ပြာလွင့်မတတ်ကြောက်လန့်သွားပြီး တဆတ်ဆတ်တုန်ယင်ကာ ခုခံရဲခြင်း မရှိတော့ပေ။

နတ်ဘုရားမျိုးနွယ်မှ လူကြီးက သူတို့ကို ချိန်းကြိုးများဖြင့် တင်းကျပ်စွာရစ်ပတ်နေသည်ကို ခွင့်ပြုပေးလိုက်ရ၏။

ချိန်းကြိုးများ၏ အစွန်းရှိချိတ်ကောက်များက သူတို့၏ အသားများကို ထိုးဖောက်ပြီး သွေးများက စီးကျလာ၏။

ဧကရာဇ်သုံးပါးသည် နာကျင်မှုဖြင့် တုန်ယင်သွားသော်လည်း သူတို့က အံကိုတင်းတင်းကြိတ်ကာ အသံမထွက်ကြပေ။

ပုံပြောသူ ၊ လုံရန်နှင့် အခြားသူများက တွေဝေငေးမောသွားကြ၏။

နတ်ဘုရားဧကရာဇ်က ဘာကိုကြံစည်နေသလဲ သူတို့နားမလည်နိုင်ပေ။

ဆူဇီမိုကလည်း အတွေးနက်စွာဖြင့် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

နတ်ဘုရားမျိုးနွယ် မျိုးနွယ်စုခေါင်းဆောင် အချို့က မြောက်ပိုင်းဒေသ၏ နယ်စပ်ကနေ ပြေးလွှားလာကြ၏။

သူတို့သည် ထိုအချင်းအရာကို တွေ့မြင်သောအခါ အိုးတိုးအမ်းတမ်းအမူအရာများနှင့်အတူ နေရာမှာပင် မှင်တက်သွားကြ၏။

“အရှင်မင်းမြတ်... သူတို့ကို ဘယ်လိုလုပ်လိုက်ရမလဲ”

နတ်ဘုရားမျိုးနွယ်မှ မိုးသောက်တောင်ဝှေးကို ကိုင်ဆွဲထားသော အသက်ကြီးကြီးအမျိုးသမီးက အနည်းငယ်ဦးညွှတ်ကာ ညင်သာစွာမေးလိုက်၏။

“အဲ့ဒီမျိုးနွယ်စုခေါင်းဆောင်တွေကိုလည်း ချုပ်နှောင်ထားလိုက်”

နတ်ဘုရားဧကရာဇ်က မှင်သေသေဖြင့် ပြောလိုက်၏။

“မျိုးနွယ်စုခေါင်းဆောင်ရဲ့ အဆင့်အောက်မှာရှိတဲ့ နတ်ဘုရားမျိုးနွယ်သက်ရှိတွေအားလုံးကို နတ်ဘုရားမျိုးနွယ် အကျဥ်းထောင်ထဲမှာ ချုပ်နှောင်ထားလိုက်... ဘယ်သူ့ကိုမှ ချမ်းသာမပေးနဲ့”

နတ်ဘုရားမျိုးနွယ်စစ်တပ်က နာခံလိုက်ကြ၏။

နောက်ခဏ၌ နတ်ဘုရားမျိုးနွယ် စစ်တပ်သည် ရှေ့သို့ချီတက်လာပြီး ထျန်ဟွမ်ကုန်းမြေတိုက်၏ နတ်ဘုရားမျိုးနွယ် မျိုးနွယ်စုခေါင်းဆောင်များကို ချိန်းကြိုးများဖြင့် မလှုပ်နိုင်အောင် ချုပ်နှောင်လိုက်ကြ၏။

နတ်ဘုရားမျိုးနွယ် စစ်တပ်သည် မြောက်ပိုင်းဒေသ၏ နယ်စပ်သို့ ရောက်ရှိလာသောအခါ သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ မည်သည့်သက်ရှိကိုမဆို တိုက်ခိုက်ခြင်း သို့မဟုတ် မတော်တဆ ထိခိုက်အောင်လုပ်မိခြင်း မရှိကြပေ။

ဆန့်ကျင်ဘ​က်အနေဖြင့် သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်၏ နတ်ဘုရားမျိုးနွယ် သက်ရှိများအားလုံးကို ဖမ်းဆီးပြီး ကြီးမားသောလှောင်ချိုင့်တစ်ခုထဲမှာ သူတို့ကို ထည့်သွင်းချုပ်နှောင်လိုက်၏။

All Chapters