မဟူရာစုန်း
Vol. 116 Ch. 1735
ကမ္ဘာဦးမျိုးနွယ် ၅စုကနေ စတင်ခဲ့သောတိုက်ပွဲက ပြီးဆုံးလုနီးပါးဖြစ်သွားလေပြီ။
သားရဲနယ်မြေရှစ်ခွင်မှ သက်ရှိများက သူတို့၏ ခေါင်းများကို ငုံ့ထားကြ၏။
ကမ္ဘာဦးမျိုးနွယ် ၅စု မှ မရေမတွက်နိုင်သော ပညာရှင်များသည် ဒဏ်ရာရသူရ၊ သေသူသေ ဖြစ်ကုန်ကြပြီး အပြတ်အသတ်ရှုံးနိမ့်သွားကြလေပြီ။
ကမ္ဘာဦးမျိုးနွယ်၏ ထိပ်သီးဧကရာဇ် ၅ဦးထဲမှ ငရဲစုန်းဧကရာဇ်သာလျှင် စုန်းမျိုးနွယ်၏ ဘိုးဘေးကုန်းမြေဆီသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက တစ်လှမ်းလုံး လိုက်လာခဲ့ပြီး ဤအန္တရာယ်ကို အပြီးတိုင်လတ်စသတ်ဖို့ ပြင်ဆင်ထားလေသည်။
စုန်းမျိုးနွယ်၏ ဘိုးဘေးကုန်းမြေသည် နေရာတိုင်းမှာ မကောင်းဆိုးဝါးဆန်နေပြီး အဆောက်အအုံများစွာကို အရိုးဖြူများနှင့် အလောင်းများကနေ ဖန်တီးပြုလုပ်ထားခြင်းဖြစ်၏။
၎င်းသည် အလွန်တရာကြောက်စရာကောင်းနေ၏။
စုန်းမျိုးနွယ်၏ ဘိုးဘေးကုန်းမြေပတ်လည်မှာ အလွန်တရာစေးကပ်၍ ဆူပွက်နေသော အစိမ်းရင့်ရောင် မြစ်တစ်စင်းရှိလေသည်။
မကြာမကြာဆိုသလို... အစိမ်းရောင်မြစ်ထဲမှ ဦးခေါင်းခွံတစ်လုံးက လွင့်မျောလာပြီး ၎င်းက အသက်ရှိနေသည့်အလား ၎င်း၏ နက်မှောင်နေသော မျက်လုံးများနှင့်အတူ လေထဲရှိ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို စိုက်ကြည့်နေတတ်၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ ဆင်းသက်လာပြီးနောက် သူသည် စုန်းမျိုးနွယ်၏ ဘိုးဘေးကုန်းမြေမှာ အမြုတေစိတ်ဝိညာဥ်ကို တင်းကျပ်စွာ ကန့်သတ်ထားသည့် ကျိန်စာစွမ်းအားတစ်မျိုးရှိနေသည်ကို သူကခံစားမိလိုက်ပြီဖြစ်၏။
သူ၏ စိတ်ဝိညာဥ်အသိစိတ်နှင့်ပင် စုန်းမျိုးနွယ်၏ ဘိုးဘေးကုန်းမြေတစ်ခုလုံးကို လွှမ်းခြုံနိုင်ခြင်းမရှိဘဲ သူက ဤနယ်မြေကို အပြည့်အဝစစ်ဆေးကြည့်နိုင်ခြင်း မရှိပေ။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက တီးတိုးရေရွတ်လိုက်၏။
“ဒီနေရာမှာ အစီအရင်ဝင်္ကပါတစ်ခုရှိနေတာပဲ... စုန်းမျိုးနွယ်မှာ အစီအရင်ဝင်္ကပါတွေကို ကျွမ်းကျင်ပိုင်နိုင်တဲ့ ပညာရှင်တွေရှိနေတာကိုး”
ခဏမျှ စစ်ဆေးအကဲခတ်ကြည့်ပြီးနောက် သူက ဝင်္ကပါ၏ အားနည်းချက်ကို တွေ့ရှိသွားလေသည်။
“သန့်စင်လိုက်”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူက သူ၏ ပါးစပ်ကိုရုတ်တရက် ဖွင့်ဟလိုက်၏။ နီရဲနေသော ချော်ရည်စီးကြောင်းများက ဘိုးဘေးကုန်းမြေ၏ ပတ်လည်ရှိ အစိမ်းရင့်ရောင်မြစ်ထဲသို့ ပစ်ဝင်သွားလေသည်။
ဝေါ...
ချစ်ချစ်တောက်ပူပြင်းသော ချော်ရည်များက စေးကပ်သောအစိမ်းရင့်ရောင်မြစ်နှင့် ပေါင်းစည်းသွားပြီး ထူးဆန်းသောအသံများနှင့် အစိမ်းရောင် မီးခိုးများက အူထွက်လာ၏။
နဂါးဖီးနစ်မီးတောက်သည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခု၏ အဆင့်ထိ မရောက်ရှိသေးသော်လည်း တဗူးတစ်ကောင်၏ ပင်ကိုမီးတောက်အနေဖြင့် ၎င်း၏ စွမ်းအားက တစ်မူထူးခြားအောင် ကြောက်စရာကောင်းလေသည်။
အစိမ်းရောင်မြစ်ထဲမှာ ဝမ်းနည်းဖွယ်ရာ ငိုကြွေးသံများကိုပင် ကြားလိုက်ရ၏။
နောက်ခဏ၌ တစ္ဆေသရဲလိုလို ပုံရိပ်များက အစိမ်းရောင်မြစ်၏ အထက်မှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။
သူတို့သည် လေထဲမှာလွင့်မျော၍ သိပ်သည်းများပြားလွန်ပြီး မရေမတွက်နိုင်အောင်ပင်။
ထိုမြစ်သည် မရေမတွက်နိုင်သော သက်ရှိများ၏ ဝိညာဥ်များကို ဝါးမျိုထားလေသည်။
စုန်းမျိုးနွယ်၏ ဝင်္ကပါအတွက် အရင်းအမြစ်စွမ်းအားသည် ဤအစိမ်းရောင်မြစ်ဖြစ်လေသည်။
စုန်းမျိုးနွယ်သည် မျိုနွယ်စုတစ်သောင်းမှ သက်ရှိများကို သတ်ဖြတ်ပြီးနောက် သူတို့သည် လျှို့ဝှက်အတတ်တစ်ခုကို အသုံးပြုကာ သူတို့၏ ဝိညာဥ်များကို မြစ်ထဲသို့ ပစ်ချခဲ့လေသည်။ ထိုဝိညာဥ်များသည် ထာဝရပျက်သုဥ်းခြင်းမှာ ကျဆုံးသွားပြီး ဘယ်တော့မှ ပြန်လည်ဝင်စားနိုင်ခြင်း မရှိတော့ပေ။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ မီးတောက်များက ထိုဝိညာဥ်များကို နောက်ဆုံးမှာ လွတ်မြောက်သွားစေ၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အေးစက်စက်အမူအရာတစ်ခုရှိနေပြီး မီးတောက်များကိုထွေးထုတ်ကာ သိပ်မကြာခင် အစိမ်းရောင်မြစ်တစ်ခုလုံးကို လွှမ်းခြုံသွားစေ၏။
ဒေါသူပုန်ထနေသော မီးတောက်များက မြစ်ပေါ်မှာ လောင်ကျွမ်းနေ၏။
သိပ်မကြာခင် အစိမ်းရောင်မြစ်ထဲရှိ ကျိန်စာစွမ်းအားက ပြာကျအောင် လောင်ကျွမ်းခံလိုက်ရ၏။
စုန်းမျိုးနွယ်ဘိုးဘေးကုန်းမြေ၏ ဝင်္ကပါကလည်း ပျက်ပြယ်သွားခဲ့လေပြီ။
မည်သည့်ကန့်သတ်မှုမှ မရှိတော့ဘဲ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ စိတ်ဝိညာဥ်အသိစိတ်က ထွက်ပေါ်လာပြီး စုန်းမျိုးနွယ်၏ ဘိုးဘေးကုန်းမြေတစ်ခုလုံးကို ချက်ချင်းပင် အုပ်မိုးသွားလေသည်။
“ဟမ်...”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
စုန်းမျိုးနွယ်၏ ကြီးမားသော ဘိုးဘေးကုန်းမြေမှာ နေရာအများစုက ဗလာကျင်းနေ၏။ သူစိတ်ဝိညာဥ်အသိစိတ်၏ လွှမ်းခြုံမှုအောက်မှာပင်လျှင် သူသည် မည်သည့်စုန်းမျိုးနွယ်ဝင်ကိုမှ မတွေ့ရပေ။
သို့သော်လည်း စုန်းမျိုးနွယ် ဘိုးဘေးကုန်းမြေ၏ အနက်ပိုင်းထဲတွင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် မထောက်လှမ်းနိုင်သော တောင်ကြားတစ်ခုရှိလေသည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ တောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ တောင်ကြားဆီသို့ ဦးတည်လိုက်၏။
သိပ်မကြာခင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက တောင်ကြားထဲသို့ ဆင်းသက်လာခဲ့၏။
ထင်မှတ်ထားသည့်အတိုင်းပင်...။
စုန်းမျိုးနွယ်များအားလုံးက တောင်ကြားထဲမှာ စုစည်းနေကြပြီး အနည်းဆုံး အယောက်တစ်သိန်းကျော်ရှိလေသည်။
တကယ်တော့... ထိုစုန်းများသည် မတူညီသော ကျင့်ကြံမှုအဆင့်များရှိကြလေသည်။
လေထဲကနေ ကြည့်ရှုမည်ဆိုလျှင် တောင်ကြား၏ ကုန်းမြေက ဧရာမချိုင့်ခွက်လျှိုမြောင်များနှင့် ပြည့်နှက်နေသည်ကို ရှင်းလင်းစွာ တွေ့မြင်ရပေမည်။
လျှိုမြောင်များက အရိုးဖြူများကနေ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အဆင့်ဆင့်ဝိုင်းပတ်ထားသည့် ပုံသဏ္ဌာန်ရှိလေသည်။
စုန်းမျိုးနွယ် တစ်သိန်းကျော်က လျှိုမြောင်အဝိုင်းများပေါ်မှာ မတ်တတ်ရပ်နေကြ၏။
ထိုလျှိုမြောင်အဝိုင်းများအတွင်းမှာ တောင်ကြား၏ အလယ်ဗဟိုသို့ ဦးတည်သော နောက်ထပ် လျှိုမြောင်လမ်းခွဲရှစ်ခုရှိလေသည်။ အဲ့ဒါက အရိုးဖြူများဖြင့် ပြုလုပ်ထားသော ယစ်ပူဇော်စင်မြင့်တစ်ခုဖြစ်၏။
ယစ်ပူဇော်စင်မြင့်ပေါ်မှာ လူတစ်ယောက်က မတ်တတ်ရပ်နေ၏။
အဲ့ဒါသည် နဂါးအရိုးတောင်ကြားကနေ ထွက်ပြေးလွတ်မြောက်သွားသော ငရဲစုန်းဧကရာဇ်ဖြစ်၏။
အဲ့ဒီမှာ ငရဲစုန်းဧကရာဇ်အပြင် စုန်းမျိုးနွယ်မှ နောက်ထပ်ဧကရာဇ်လေးပါးရှိပြီး သူတို့က အရိုးဖြူယစ်ပူဇော်စင်မြင့်၏ ဘေးပတ်လည်မှာ မတ်တတ်ရပ်နေကြ၏။
သို့သော်လည်း စုန်းမျိုးနွယ်မှ ထိုဧကရာဇ်လေးပါးက အိုမင်းနေကြလေပြီ။
ငရဲစုန်းဧကရာဇ်သည် အရိုးဖြူယစ်ပူဇော်စင်မြင့်၏ အလယ်မှာ မတ်တတ်ရပ်ပြီး သူ၏ အရိုးဖြူတောင်ဝှေးကို ဝေ့ယမ်းလိုက်၏။ စုန်းမျိုးနွယ်မှ ဧကရာဇ်လေးပါးက သူ့ကိုထောက်ပံ့ပေးခြင်းနှင့်အတူ သူသည် စုန်းမျိုးနွယ်၏ လျှို့ဝှက်အတတ်တချို့ကို ထုတ်ဖော်နေ၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အကြည့်က အေးခဲသွားပြီး သူက ရင်တစ်ချက်ထိတ်သွား၏။
စုန်းတစ်သိန်းကျော်သည် သူတို့၏ လက်ကောက်ဝတ်များကို လှီးဖြတ်လိုက်ကြ၏။
စုန်းမျိုးနွယ်၏ မျိုးဆက်သွေးများက စီးဆင်းလာခဲ့လေပြီ။
စုန်းမျိုးနွယ်၏ မျိုးဆက်သွေးသည် အရိုးဖြူယစ်ပူဇော်စင်မြင့်ရှိရာသို့ လျှိုမြောင်ရှစ်ခုတစ်လျှောက် ဖြည်းဖြည်းချင်းစီးဆင်းသွား၏။
ငရဲစုန်းဧကရာဇ်သည် လျှို့ဝှက်နက်နဲသော မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ကြ၏။
သူ့အရိုးဖြူတောင်ဝှေး၏ စေညွှန်မှုအောက်မှာ စုန်းမျိုးနွယ်၏ မျိုးဆက်သွေးများသည် တောင်ကြား၏ အထက်မှာ အစိမ်းရင့်ရောင် သွေးလုံးတစ်လုံးကို ဖြစ်ပေါ်လာစေ၏။
အစိမ်းရင့်ရောင် သွေးလုံးက အဆက်မပြတ် တလိပ်လိပ်ထိုးတက်လာပြီး ၎င်း၏ မျက်နှာပြင်ပေါ်မှာ မကောင်းဆိုးဝါးဆန်ဆန် မှော်စာလုံးများက ဖြစ်ပေါ်လာ၏။ သူတို့ထံမှ အလွန်တရာကြောက်စရာကောင်းသော စွမ်းအင်အတက်အကျတစ်ခုက ဖြာထွက်လာလေသည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ဤကဲ့သို့သော နည်းလမ်းများကို အရင်က တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။
သို့သော်လည်း သူသည် ငရဲစုန်းဧကရာဇ်အား ထိုလျှို့ဝှက်အတတ်ကို ထုတ်ဖော်ခွင့်ပေးလို့မဖြစ်ဘူးဆိုတာ သူနားလည်လိုက်၏။
ရွှစ်...
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက တုန်လှုပ်စရာကောင်းသော အလျင်အဟုန်နှင့်အတူ ယစ်ပူဇော်စင်မြင့်၏ အလယ်ရှိ ငရဲစုန်းဧကရာဇ်ရှိရာသို့ ပြေးဝင်သွားလေသည်။
“ထကြစမ်း”
ငရဲစုန်းဧကရာဇ်သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို တွေ့မြင်သည်မှာ သိသာလေသည်။ သို့သော်လည်း သူက လုံးဝထိတ်လန့်ကြောက်ရွံ့သွားခြင်း မရှိပေ။
ထိုအစား သူ၏ မျက်လုံးထဲမှာ သရော်တော်တော်အကြည့်တစ်ခု ပေါ်ထွက်လာပြီး သူက ညင်သာစွာ အော်ငေါက်လိုက်၏။
ဇီ...
အရိုးဖြူယစ်ပူဇော်စင်မြင့်၏ ဘေးပတ်လည်ရှိ အရိုးဖြူများသည် အစိမ်းရင့်ရောင်အလင်းများနှင့်အတူ ရုတ်တရက်ပစ်လွင့်ထွက်ပေါ်လာပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာပေါ်သို့ ဆင်းသက်လာခဲ့လေသည်။
ဘုန်း...
အဲ့ဒီမှာကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အလင်းတန်းများဖြင့် ပစ်တိုက်ခံရပြီး လွင့်စင်ထွက်ကာ သူ၏ ကြေးခွံများက ဆွေးရိ၍ ကွာကျကုန်၏။
ယစ်ပူဇော်စင်မြင့်ကနေ ထွက်ပေါ်လာသောစွမ်းအားသည် အလွန်တရာသန်မာပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ကိုယ်တွင်းအင်္ဂါများက ပြင်းထန်စွာ လှုပ်ခါသွားလေသည်။
“ဟီးဟီးဟီး..”
ငရဲစုန်းဧကရာဇ်က သွေးပျက်ချောက်ချားစရာပုံစံဖြင့် ရယ်မောလိုက်၏။
“အထီးကျန်သိုင်းသခင်... အဲ့ဒီခံစားချက်က ကောင်းတယ်မလား... အဆိုးဆုံးအရာတွေက အခုချိန်ထိ ရောက်မလာသေးဘူး... မင်းအခုချိန်မှာ ငါ့ကိုတားဖို့ နောက်ကျလွန်းသွားပြီ”
“မင်းနဲ့ ထျန်ဟွမ်ကုန်းမြေတိုက်က သက်ရှိတိုင်းက စုန်းမျိုးနွယ်ရဲ့ ကျွန်ပြုတာခံရဖို့ ပြင်ထားလိုက်တော့”
ငရဲစုန်းဧကရာဇ်သည် ကြောက်မက်ဖွယ်ရာအမူအရာတစ်ခုရှိနေပြီး သူကရူးသွပ်စွာ ရယ်မောနေ၏။
နောက်ဆုံးမှာတော့ သူက ဆောက်တည်ရာမရ ဖြစ်လာခဲ့လေပြီ။
ငရဲစုန်းဧကရာဇ်က ပြောနေစဥ် လေထဲရှိအစိမ်းရင့်ရောင်အလင်းလုံးက သိပ်သည်းစုဖွဲ့လာပြီး ၎င်းပေါ်ရှိ ရှေးဟောင်းမှော်စာလုံးများက ပိုမိုတောက်ပလာ၏။
“မဟူရာစုန်း... မျိုးနွယ်စုတစ်သောင်းကို ဖိနှိမ်ဖို့အတွက် ထျန်ဟွမ်ကုန်းမြေတိုက်ကို ကျေးဇူးပြုပြီး ဆင်းသက်ပေးပါ”
ငရဲစုန်းဧကရာဇ်သည် သူ၏ ခေါင်းကိုမော့ပြီး လေထဲတွင်ရှိသော အစိမ်းရင့်ရောင် အလင်းလုံးကို စိုက်ကြည့်ကာ ဟိန်းဟောက်ပြောဆိုလိုက်၏။
“မဟူရာစုန်း... မျိုးနွယ်စုတစ်သောင်းကို ဖိနှိမ်ဖို့အတွက် ကျေးဇူးပြုပြီး ဆင်းသက်လာပေးပါ”
စုန်းဆယ်ယောက်ကျော်က တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။
“ယစ်ပူဇော်မယ်”
ငရဲစုန်းဧကရာဇ်က ဟိန်းဟောက်လိုက်၏။
ထို့နောက်ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်က သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားပြီး လေထဲရှိ အစိမ်းရင့်ရောင် အလင်းလုံး၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အမူအရာက သုန်မှုန်လာခဲ့၏။
ငရဲစုန်းဧကရာဇ်က သေဆုံးသွားလေပြီ။
စုန်းမျိုးနွယ်၏ လျှို့ဝှက်အတတ်ကို ထုတ်ဖော်ဖို့အတွက် ငရဲစုန်းဧကရာဇ်သည် သူ့ကိုယ်သူပင် စတေးခဲ့လေသည်။
ငရဲစုန်းဧကရာဇ် ခေါ်ဆိုခဲ့သည့် မဟူရာစုန်းက ဘယ်သူဖြစ်မလဲ။
ဖြစ်နိုင်တာက…
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ရုတ်တရက် ကြောက်စရာကောင်းသာ ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားပြီး သူက အလိုလိုမော့ကြည့်လိုက်၏
ဘုန်း...
လေထဲတွင် အစိမ်းရင့်ရောင် အလင်းလုံးက ရုတ်တရက်ပေါက်ကွဲထွက်သွားပြီး ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက မိုးကောင်းကင်တစ်ခွင် ဖြန့်ကြက်သွားလေသည်။ တိမ်စိုင်များပင်လျှင် အစိမ်းရင့်ရောင်သို့ ပြောင်းလဲသွား၏။
စွမ်းအားတစ်ခုက မိုးကောင်းကင်ထက်ရှိ အက်ကွဲကြောင်းတစ်ခုစီသို့ ပစ်ဝင်သွားပြီး ကျိန်းစပ်နေသော အလင်းတစ်ခုဖြင့် တောက်ပလာ၏။
အဲ့ဒါသည် လွန်ခဲ့သည့်နှစ်တစ်ထောင်က လူသားဧကရာဇ်ဆင်းသက်ရာမှ ကျန်ရစ်ခဲ့သော အက်ကွဲကြောင်းဖြစ်လေသည်။