တစ်ခုတည်းသော ထွက်ပေါက်
Vol. 116 Ch. 1737
“ဖန်တီးခြင်း ကြာပဒုမ္မာလား”
အကြီးအကဲဖုန့်သည် သူ၏ လက်ကို ဆန့်ထုတ်ပြီး လေဟာနယ်ကနေ တစ်ဆင့် စုန်းဧကရာဇ်ကို ဖမ်းဆွဲကာ တင်းမာခက်ထန်စွာ မေးလိုက်၏။
“မင်းက ဖန်တီးခြင်း ကြာပဒုမ္မာအကြောင်း ပြောလိုက်တာလား”
“ဟုတ်.. ဟုတ်ပါတယ်”
စုန်းမျိုးနွယ် ဧကရာဇ်၏ အသံက တုန်ယင်နေ၏။
သူသည် အကြီးအကဲဖုန့်၏ လက်ဖဝါးထဲမှာ လုံးဝကို ကူကယ်ရာမဲ့နေ၏။
“ဖန်တီးခြင်း ကြာပဒုမ္မာက ဘယ်မှာလဲ”
အကြီးအကဲဖုန့်သည် သူ၏ စိတ်ခံစားချက်ကို အတတ်နိုင်ဆုံး ဖုံးဖိပြီး တည်ကြည်လေးနက်စွာ မေးလိုက်၏။
“မင်း စောစောက ပြောတဲ့ အစစ်အမှန်ခန္ဓာဆိုတာ ဘာလဲ.. ငါ့ကို မြန်မြန်ပြောစမ်းပါ”
“နဂါးဖီးနစ်ရဲ့ တာအိုဘွဲ့က အထီးကျန်သိုင်းသခင်ပါ… သူက ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ သိုင်းဧကရာဇ်ပဲ.. သူက ဒီနေရာမှာ အသန်မာဆုံး ပုဂ္ဂိုလ်လို့ ပြောလို့ရတယ်… သိုင်းဧကရာဇ်မှာ နောက်ထပ် တခြားခန္ဓာတစ်ခု ရှိတယ်.. အဲဒါက ကြောက်စရာကောင်းလောက်တဲ့ တိုက်ဆိုင်မှုတချို့နဲ့ သူက ဖန်တီးခြင်း ကြာပဒုမ္မာနဲ့ ပေါင်းစည်းပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ ဖြစ်လာခဲ့တယ်လို့ ကျုပ်ကြားထားတယ်”
စုန်းမျိုးနွယ်၏ ဧကရာဇ်က အလောတကြီး ရှင်းပြလိုက်၏။
“ကိုယ်ပွားခြင်း နည်းစနစ်လား”
အထက်ဘုံမှ အခြားစုန်းတစ်ယောက်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
“သူက လူပုံသဏ္ဌာန် ဖန်တီးခြင်း ကြာပဒုမ္မာ ဖြစ်လာဖို့ သူ့ရဲ့ အသွေးအသားကို ဖန်တီးခြင်း ကြာပဒုမ္မာနဲ့ ပေါင်းစည်းလိုက်တာလား”
စုန်းမျိုးနွယ် ဧကရာဇ်က ထပ်တလဲလဲ ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်ပါတယ်.. ဟုတ်ပါတယ်.. နောက်ပြီး သိုင်းဧကရာဇ်ရဲ့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အဆင့်ရှစ်ရဲ့ အထွတ်အထိပ်ကို ကြီးပြင်းလာပြီး အရမ်းကို သန်မာနေခဲ့ပြီ.. သူ့ရဲ့ ခန္ဓာကိုယ်က ဓမ္မရတနာတွေနဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်တယ်”
“အဆင့်ရှစ် အထွတ်အထိပ်”
အကြီးအကဲဖုန့်၏ မျက်လုံးက ဝင်းလက်သွားလေသည်။
“ဟားဟားဟားဟား”
သူက အားပါးတရ ရယ်မောလိုက်လေသည်။ သူက အော်ဟစ်ပြောဆိုလိုက်ရင်း သူ၏ မျက်နှာပေါ်ရှိ အရေးကြောင်းများက တွန့်လိမ်သွားလေသည်။
“ကောင်းကင်ဘုံက တကယ်ပဲ ငါ့ဖက်မှာ ရှိနေပြီပဲ.. အဲဒါက တကယ့်ကို အနှိုင်းမဲ့ ကံကြမ္မာ အခွင့်အလမ်းပဲ”
“ဂုဏ်ယူပါတယ် အကြီးအကဲဖုန့်”
ဘေးမှာ ရှိသော လူငယ်စုန်း ၆ယောက်က သူတို့မျက်လုံးထဲရှိ မနာလို အားကျမှုနှင့်အတူ အလောတကြီး ဂုဏ်ပြုပြောဆိုလိုက်ကြ၏။
ဖန်တီးခြင်း ကြာပဒုမ္မာကဲ့သို့ ရတနာတစ်ခုကို ဘယ်သူက လောဘမတက်ဘဲ နေပါ့မလဲ။
အကြီးအကဲဖုန့်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
“ငါက ဖန်တီးခြင်း ကြာပဒုမ္မာကို ရနိုင်မယ်ဆိုရင်.. ငါ့ရဲ့ ဘဝသက်တမ်းက မြင့်တက်သွားပြီးတော့ ငါက အဲဒီ အခက်ခဲဆုံးအဆင့်ကို သေချာပေါက် ဖြတ်ကျော်နိုင်လိမ့်မယ်”
“ဂုဏ်ယူပါတယ်”
စုန်းမျိုးနွယ်မှ ဧကရာဇ် လေးပါးက အလောတကြီး ဝင်ရောက်ပြောဆိုလိုက်ကြ၏။
“အဲဒီ လူပုံသဏ္ဌာန် ဖန်တီးခြင်း ကြာပဒုမ္မာက ဘယ်မှာလဲ”
အကြီးအကဲဖုန့်က အလောတကြီး ထပ်မေးလိုက်၏။
“အဲဒါက.. “
စုန်းမျိုးနွယ်မှ ဧကရာဇ် လေးပါးသည် အကြည့်ချင်း ဖလှယ်ပြီး သူတို့၏ ခေါင်းများကို ခါယမ်းပြလိုက်၏။
သူတို့သည် စုန်းမျိုးနွယ်၏ ဘိုးဘေးကုန်းမြေမှာ ယဇ်ပူဇော်ခြင်းနည်းလမ်းများကို ခင်းကျင်းနေခဲ့ရပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၊ နန်းကြည်နှင့် အခြားသူများက ခွန်လွင်အပျက်အစီးဒေသသို့ ရောက်ရှိနေသည်ကို သူတို့က မသိရှိပေ။
နန်းကြည်နှင့် အခြားသော နတ်ဘုရားမျိုးနွယ်သက်ရှိများနှင့်အတူ မတ်တတ်ရပ်နေရင်း ဆူဇီမိုသည် သူ၏ သွေးချီကို မလှည့်ပတ်တော့ပေ။ အဲဒါကြောင့် အထက်ဘုံမှ စုန်းမျိုးနွယ်၏ ပညာရှင်များက သူ့ကို သတိမထားမိကြပေ။
“မင်းတို့တွေ မသိကြဘူးလား”
အကြီးအကဲဖုန့်က မျက်မှောင်ကြုတ်လိုက်၏။
“ဖန်တီးခြင်း ကြာပဒုမ္မာက တဗူးနဂါးဖီးနစ်ရဲ့ အစစ်အမှန်ခန္ဓာတစ်ခုပဲ.. ကျုပ်တို့က သူ့ကို ဖမ်းဆီးလိုက်တာနဲ့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာရဲ့ တည်နေရာကို သိရလိမ့်မယ်”
စုန်းမျိုးနွယ်၏ ဧကရာဇ်တစ်ပါးက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို လက်ညိုးထိုးပြီး အလောတကြီး ပြောလိုက်၏။
ရွှစ်.. ရွှစ်.. ရွှစ်..
အထက်ဘုံမှ စုန်းမျိုးနွယ်၏ ပညာရှင် ၇ဦး၏ အကြည့်များက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာပေါ်သို့ ဆင်းသက်လာခဲ့၏။
သူတို့သည် ကီလိုမီတာ သန်းချီကွာဝေးသော်လည်း သူတို့၏ အကြည့်များက လေဟာနယ်ပေါင်းများစွာကို ထိုးဖောက်ပြီး သူ့ပေါ်သို့ ဆင်းသက်လာသည်ဟု ထင်ရ၏။ သူက ထုံထိုင်းထိုင်း နာကျင်မှုတစ်ခုကို ခံစားလာရ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် လေထဲမှာ မတ်တတ်ရပ်ပြီး သူ၏ သွေးချီက တလိပ်လိပ် ထိုးတက်လာ၏။ သူ၏ မျက်လုံးကို မှေးကျဉ်းပြီး နောက်ဆုတ်ခြင်း မရှိဘဲ အထက်ဘုံမှ စုန်းမျိုးနွယ်၏ ပညာရှင် ၇ဦးကို ကြည့်နေ၏။
သူက နောက်မဆုတ်ချင်သောကြောင့် မဟုတ်ပေ။
သူ့မှာ မည်သည့် ထွက်ပေါက်မှ မရှိသောကြောင့် ဖြစ်၏။
“ဟီးဟီး”
အကြီးအကဲဖုန့်က ရယ်မောလိုက်ပြီး ကီလိုမီတာ သန်းချီအကွာအဝေးမှာ ရှိသော နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို ကြည့်ကာ သူ၏ လက်ဖဝါးကို ရုတ်တရက် ဆန့်ထုတ်လိုက်၏။
ရုတ်တရက်ဆိုသလို…
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ဘေးပတ်လည်ရှိ လေဟာနယ်က ပြိုကျသွားပြီး ကြီးမားသော အစိမ်းရင့်ရောင် လက်ဖဝါးတစ်ဖက်က လေဟာနယ်ထဲကနေ ပေါ်ထွက်လာကာ သူ၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်၏။
“အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အား”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို ချက်ချင်းပင် ထုတ်ဖော်လိုက်၏။
သူ၏ နောက်ကျောကနေ ဆင်စွယ်ခြောက်ချောင်းက ဖြည်းဖြည်းချင်း ပြူထွက်လာပြီး သူ၏ ခန္ဓာကိုယ်က အလွန်တရာ လွှမ်းမိုးခြယ်လှယ်နိုင်သော စွမ်းအားတစ်ခုဖြင့် ပြည့်နှက်လာကာ သူ၏ သွေးချီက တလိပ်လိပ် ထိုးတက်လာ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် သူ့ခန္ဓာကိုယ်၏ စွမ်းအားကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်ပြီးသွားလေပြီ။ ထိုသို့ဆိုလျှင်တောင် သူသည် အစိမ်းရင့်ရောင် ထိုလက်ဝါးထံကနေ ရုန်းထွက်နိုင်ခြင်း မရှိပေ။
သူ၏ ခွန်အားသည် ထိုလက်ဝါးနှင့် ရင်ဆိုင်ရချိန်မှာ အရေးမပါ အရာမရောက်တော့ဟု ထင်ရ၏။
အဲဒါသည် ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်တစ်ပင်ကို ကိုင်လှုပ်ဖို့ ကြိုးစားနေခြင်းနှင့် တူလေသည်။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ ရှေ့မှောက်မှာ ထျန်ဟွမ်ကုန်းမြေတိုက်၏ အထွတ်အထိပ်နီးပါး တည်ရှိမှုဖြစ်သော တဗူးနဂါးဖီးနစ်သည် အစိမ်းရင့်ရောင် လက်တစ်ဖက်ဖြင့် ဖမ်းဆွဲခြင်း ခံရပြီး အကြီးအကဲဖုန့် ရှိရာသို့ ဒရွတ်တိုက် ပါသွားလေသည်။
ကွာဟချက်က အရမ်းကို ကြီးမားနေ၏။
အဲဒါက ကမ္ဘာတစ်ခု ကွာခြားနေခြင်းပင်။
ခွန်လွင်အပျက်အစီးနယ်မြေတွင်…
ဆူဇီမို၏ အမူအရာက အလွန်တရာ ပျက်ယွင်းလာခဲ့၏။
ထိုစွမ်းအားသည် သူရင်ဆိုင်တိုက်ခိုက်နိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။
ထာဝရလူသား ဧကရာဇ် ဆင်းသက်လာစဉ်တုန်းက သူ၏ ကျင့်ကြံမှုအဆင့်သည် ကျဆင်းသွားခဲ့ပြီး ဒဏ်ရာ အပြင်းအထန်ရရှိသွားသော အမြုတေစိတ်ဝိညာဉ်တစ်ခုသာလျှင် ကျန်ရစ်ခဲ့၏။ ထိုအချိန်တုန်းက ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များက သူ့ကို တိုက်ခိုက်နိုင်ကြဆဲဖြစ်၏။
သို့သော် ယခုအခါ အထက်ဘုံမှ စုန်း ၇ဦးက ဆင်းသက်လာပြီး သူတို့၏ ကျင့်ကြံမှုအဆင့်များက ပြောင်းလဲသွားခြင်း မရှိပေ။ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် အထက်ဘုံမှ အမျိုးအမည် မသိရသော ဤစွမ်းအားနှင့် ရင်ဆိုင်ရာမှာ လုံးဝကို ကူကယ်ရာမဲ့နေ၏။
အဲဒါက ဖြေရှင်း၍ မရနိုင်သော ထောင်ချောက်တစ်ခု ဖြစ်၏။
အဲဒီမှာ သိုင်းတာအိုပင်မခန္ဓာထံမှ မည်သည့်သတင်းမှ ရရှိမလာသေးပေ။
သိုင်းတာအိုပင်မခန္ဓာက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး သီးခြားအထိုင်ချ ကျင့်ကြံရာကနေ ထွက်ပေါ်လာမည်ဆိုလျှင်တောင် သူက ထိုစွမ်းအားနှင့် ရင်ဆိုင်ရာမှာ အနိုင်ရဖို့ အခွင့်အရေး မရှိပေ။
ကွာဟချက်သည် မော်တယ်တစ်ယောက်က ဧကရာဇ်တစ်ပါးနှင့် ရင်ဆိုင်နေရသကဲ့သို့ဖြစ်၏။
ညဝိညာဉ်က လှုပ်ရှားသွားပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို ကူညီဖို့အတွက် လေဟာနယ်ကို ဆုတ်ဖြဲကာ ခုန်ကူးသွားချင်လေသည်။
“မသွားနဲ့”
ဆူဇီမိုက သူ့ကို အလောတကြီး တားဆီးလိုက်၏။
ညဝိညာဉ်က သွားရောက်မည်ဆိုလျှင်တောင် သူက ဘာမှ တတ်နိုင်မည် မဟုတ်ဘဲ သူ့ကိုယ်သူ အသေခံသွားသလိုဖြစ်ရုံသာ ရှိပေလိမ့်မည်။
“အရှင်မ.. မြန်မြန်ထွက်သွားကြရအောင်”
နတ်ဘုရားမျိုးနွယ်မှ အသက်ကြီးကြီး အမျိုးသားက တီးတိုးပြောဆိုလိုက်၏။
“ဒီနေရာက အရမ်းကို အန္တရာယ်များလာပြီ.. ကျုပ်တို့ ဒီမှာဆက်နေဖို့ မဖြစ်တော့ဘူး”
အခြားသော နတ်ဘုရားမျိုးနွယ် ဧကရာဇ် သုံးပါးကလည်း ခေါင်းညိတ်ပြလိုက်၏။
ကံကောင်းထောက်မစွာဖြင့် နန်းကြည်သည် ဂမ္ဘီရဟို့တို့၏ ရုပ်အလောင်းများကို အရိုအသေ ပေးရန်အတွက် ခွန်လွင်အပျက်အစီးဒေသသို့ ရောက်ရှိနေခဲ့ကြ၏။ သူတို့သည် သက်တံရောင် လိုဏ်ဂူနှင့် အရမ်းကို နီးကပ်နေပြီး နတ်ဘုရားကုန်းမြေတိုက်သို့ ခုန်ကူးရန် ထိုနေရာသို့ တစ်ခဏချင်း ရောက်ရှိနိုင်လေသည်။
သူတို့သည် အလယ်ပိုင်းတိုက် သို့မဟုတ် မြောက်ပိုင်းဒေသမှာ ရှိနေမည်ဆိုလျှင် သူတို့က ထွက်သွားဖို့ ထိုအခွင့်အရေးကို ရရှိချင်မှ ရရှိပေလိမ့်မည်။
“သခင်လေး.. သူတို့ သတိမထားမိခင် ကျွန်မနဲ့အတူ ထွက်သွားရအောင်”
စိုးရိမ်ပူပန်သော အမူအရာတစ်ခုနှင့်အတူ နန်းကြည်က ဆူဇီမိုထံ အသံတစ်ခုကို တိတ်တဆိတ် ပို့လွှတ်လိုက်၏။
“နတ်ဘုရားကုန်းမြေတိုက်ကို ကျွန်မနဲ့ လိုက်ခဲ့ပါ.. နတ်ဘုရားကုန်းမြေတိုက်မှာ ရှိတဲ့ လောကနိယာမတွေက ပြီးပြည့်စုံတယ်.. အထက်ဘုံက လာတဲ့ ဒီစုန်းတွေက အဲဒီကို ဝင်ရောက်နိုင်မှာ မဟုတ်ဘူး”
“သခင်လေး.. အဲဒါက ကျွန်မတို့ရဲ့ တစ်ခုတည်းသော ထွက်ပေါက်ပဲ”
ဆူဇီမိုသည် သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး အဝေးမှာ ရှိသော နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို ကြည့်ကာ အသံတိတ်နေ၏။
ဆူဇီမို၏ စိတ်ကူးကို နန်းကြည်က သိရှိလိုက်ပြီး ဆက်ပြောလိုက်၏။
“သခင်လေး.. ရှင်က အဲဒါကို မစွန့်လွှတ်နိုင်ဘူးဆိုတာ ကျွန်မ သိပါတယ်.. ဒါပေမဲ့ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ဖမ်းဆီးခံခဲ့ရပြီးပြီ.. သူ့ကို ဘယ်လိုမှ ကယ်တင်လို့ရမှာ မဟုတ်တော့ဘူး.. ရှင်က အဲဒါကို စွန့်လွှတ်ရလိမ့်မယ်”
“ရှင် ဒီမှာ ဆက်နေမယ်ဆိုရင် ဒီအစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကပါ အနှေးနဲ့ အမြန်ဆိုသလို ဖမ်းဆီးခံရလိမ့်မယ်.. အဲဒီအချိန်ကျရင် အစစ်အမှန်ခန္ဓာနှစ်ခုစလုံးက သူတို့ရဲ့ လက်ထဲကို ကျဆင်းသွားလိမ့်မယ်.. သခင်လေး.. ဘာမှ တွေဝေတုံ့ဆိုင်းမနေနဲ့တော့.. ကျွန်မနောက်ကနေ လိုက်ခဲ့ပါ”
နန်းကြည်က ပူပန်ကြောင့်ကြစွာဖြင့် လောဆော်လိုက်၏။ နတ်ဘုရားကုန်းမြေတိုက်သို့ သွားရောက်ခြင်းက သူ၏ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်သည်ဆိုတာကို ဆူဇီမိုက ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ။
သို့သော်လည်း နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် သူ့အတွက် အစစ်အမှန်ခန္ဓာတစ်ခု ဆိုတာထက် ပိုလေသည်။ ထိုအစစ်အမှန်ခန္ဓာသည် တျဲယွဲ့နှင့် ပတ်သက်သည့် အရာရာတိုင်းကို ပိုင်ဆိုင်ထားလေသည်။
သူ့အတွက်တော့ အဲဒါသည် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပုံစံတစ်ခု ဖြစ်ခဲ့လေသည်။
ဒါ့အပြင် အထက်ဘုံမှ စုန်း ၇ဦး ဆင်းသက်လာခြင်းသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ သက်ရှိများအတွက် ကပ်ဆိုးတစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။
ထိုကပ်ဆိုးမှာ မရေမတွက်နိုင်သော လူသားများက သေချာပေါက် သေဆုံးရပေလိမ့်မည်။
ပုံပြောသူ၊ ဖက်တီးလေး၊ လင်းရွှမ်ကျီ၊ မျောက်နှင့် သူ၏ အခြားသော ညီအစ်ကိုများ၊ ဆန်းကြယ်တောင်ထွတ်၊ အင်မော်တယ်ဂိုဏ်း ၉ဂိုဏ်း၊ မိစ္ဆာဂိုဏ်း ၇ဂိုဏ်းနှင့် ဗုဒ္ဓကျောင်းတော် ၆ကျောင်းတို့ကပါ..။
သူ၏ မိတ်ဆွေများအားလုံးက ပျက်စီးပျောက်ကွယ်သွားရနိုင်လေသည်။
ဒီဘက်မျိုးဆက်၏ သိုင်းဧကရာဇ်နှင့် လူသားဧကရာဇ် အနေဖြင့် ဆူဇီမိုသည် တစ်ခါက သိုင်းတာအိုကို တည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာ သင်ကြားပေးခဲ့လေသည်။ သူက လူတိုင်းကို စွန့်ပယ်ပြီး တစ်ယောက်တည်း ကိုယ်လွတ်ရုန်းပြေးရမယ့် ဤကဲ့သို့သော ရွေးချယ်မှုတစ်ခုကို ဘယ်လိုလုပ် ပြုလုပ်နိုင်ပါ့မလဲ။
“နန်းကြည်.. အရင်သွားနှင့်.. ခဏနေရင် ငါလိုက်လာခဲ့မယ်”
ခဏမျှ ရပ်တန့်ပြီးနောက်.. ဆူဇီမိုက ဆက်ပြောလိုက်၏။
“ညဝိညာဉ်.. မင်းလည်း နန်းကြည်နဲ့အတူ ဒီနေရာကနေ ထွက်သွားလိုက်”
“သခင်လေး..”
နန်းကြည်က ညင်သာစွာ အော်ခေါ်လိုက်ပြီး ထွက်မသွားပေ။
ဆူဇီမိုသည် ဤနေရာကနေ ထွက်ခွာဖို့ စိတ်ကူးမရှိဘဲ သူမနှင့် ညဝိညာဉ် အရင်ဆုံး ထွက်သွားစေရန်အတွက် အကြောင်းပြချက်ပေးနေသည်ကို သူမက ပြောနိုင်လေသည်။
“ကျုပ် ဒီနေရာကနေ ထွက်သွားမှာ မဟုတ်ဘူး”
ညဝိညာဉ်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
ဂမ္ဘီရဟို့မျိုးနွယ်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကို ကာကွယ်ဖို့အတွက် မွေးဖွားလာခဲ့၏။
ဒါ့အပြင် သူ၏ ညီအစ်ကိုများ အားလုံးက ဤနေရာမှာ ရှိနေ၏။