ပုဂ္ဂိုလ်ကြီးများ ဘယ်လို အလုပ်လုပ်လဲ
Vol. 65 Ch. 961
ဤအရာက ဖေဖေချန်းနှင့် အခြားသူများ မျှော်မှန်းထားသည်ထက် ကျော်လွန်နေခဲ့သည်။
ဖေဖေဝမ်၏ ဝတ္တုကို ကျင့်ကြံခြင်းဖိုရမ်မှ ကောင်းစွာလက်ခံလိမ့်မည်ဟု မထင်ခဲ့ကြပေ။
အစောပိုင်းတွင် အွန်လိုင်းဝတ္တုများအပေါ် ဂိုဏ်းခေါင်းဆောင်များ၏ သဘောထားသည် အချိန်ဖြုန်းရန်အတွက် အပျော်ဖတ် သဘောမျှသာဖြစ်ပြီး ဖတ်ရှုရန် လုံးဝမထိုက်တန်ဟု ထင်မြင်ခဲ့ကြသည်။
ကျင့်ကြံခြင်းဖိုရမ်သည် အခြားသောဖိုရမ်များနှင့် ယှဉ်လျှင် လုံးဝခြားနားသော အဆင့်တွင် ရှိနေသည်။
ဤနေရာက ကျင့်ကြံခြင်း အသိုင်းအဝိုင်း၏ နာမည်ကျော်ပုဂ္ဂိုလ်များ စုဝေးရာဟုပင် ဆိုနိုင်သော နေရာဆိုလည်း မမှားပေ။
ဂိုဏ်းခေါင်းဆောင် အားလုံး၏ တူညီသောအမြင်မှာ အွန်လိုင်းဝတ္တုများပေါ်တွင် အချိန်ဖြုန်းမည့်အစား ကျင့်စဉ်များကို အလွတ်ကျက်မှတ်ကာ အတွေ့အကြုံနှင့် ဗဟုသုတ တိုးပွားစေရန် အတွက် လျှို့ဝှက် ကောလာဟလနှင့် အတင်းအဖျင်းများ အကြောင်းကို ဖိုရမ်၌လေ့လာရန် ဖြစ်၏။
တံခါးပိတ် ကျင့်ကြံခြင်းသည်ပင် အွန်လိုင်းဝတ္တုထက် ပို၍ စိတ်ဝင်စားဖွယ် ကောင်းသည်ဟု မှတ်ယူခဲ့ကြသည်။
သို့သော် ဖေဖေဝမ်၏ ဝတ္တုသည် ၎င်းတို့၏ အမြင်များကို ပြောင်းလဲစေခဲ့သည်။
ပထမအချက်မှာ ဖေဖေဝမ်၏ ဝတ္တု၌ ၎င်းတို့ စိတ်ဝင်စားစေလောက်သည့် ကျင့်ကြံခြင်း လျှို့ဝှက်ချက်များနှင့် ဗဟုသုတများ ပါဝင်နေခြင်းကြောင့် ဖြစ်သည်။
ဂိုဏ်းအကြီးအကဲ တချို့သည် ဤကျင့်ကြံခြင်းလျှို့ဝှက်ချက်များက တကယ်ကို အကျိုးရှိစေကြောင်း သိရှိခဲ့ကြသည်။
တကယ်တမ်းတွင် ဖေဖေဝမ်သည် သူ၏ဝတ္တုကို မရေးမီ သုတေသနများစွာ ပြုလုပ်ခဲ့သည်။
သူက ကျင့်ကြံခြင်းအဆင့်တွင် နိမ့်ပါးသော်လည်း သူ၏ အသိပညာဗဟုသုတသည် ဂိုဏ်းခေါင်းဆောင်များထက် မနည်းပါးပေ။
တကယ်တမ်းတွင် ယင်းမှာ ဖေဖေဝမ်၏ ကွန်ပျူတာကို ဉာဏ်အလင်းပေးခဲ့သည့် ဝမ်လင်း၏ ကျေးဇူးကြောင့် ဖြစ်သည်။
ထိုကွန်ပျူတာက ဖေဖေဝမ် အွန်လိုင်းတွင် ကြည့်ရှုခဲ့သော ကျင့်ကြံခြင်းဆိုင်ရာ အသိပညာအားလုံးကို ထိန်းသိမ်းထားနိုင်ပြီး အလိုအလျောက် ပေါင်းစည်းမှုများ ပြုလုပ်နိုင်သည်။
ယင်းက ပညာရပ်ဆိုင်ရာ သုတေသနစာတမ်း တစ်ခုအား ပြုစုပုံနှင့် ဆင်တူသည်။
ဤသည်မှာ ဖေဖေဝမ် သာလျှင် စွမ်းဆောင်နိုင်သော ဒဏ္ဍာရီလာ ကြီးမားသော လုပ်ဆောင်ချက်လည်း ဖြစ်၏။
ထို့ကြောင့် ဖေဖေဝမ်၏ ဝတ္တုသည် အွန်လိုင်းစာဖတ်သူများအတွက် စိတ်ဝင်စားဖွယ် ကောင်းသော စာအုပ်တစ်အုပ်ဖြစ်လာသည်။
သို့ရာတွင် ဂိုဏ်းကြီးများ၏ အမြင်တွင်မူ ထိုဝတ္တုသည် အထူးတလည် စိတ်ဝင်စားဖွယ်ကောင်းသော ပညာရပ်ဆိုင်ရာ သုတေသနစာတမ်း တစ်ခုသဖွယ် ဖြစ်လာခဲ့သည်။
ထို့ကြောင့် ၎င်းတို့က ဇာတ်ကွက်များကို အာရုံစိုက်ရမည့်အစား ဇာတ်ကောင်က လျှို့ဝှက်ဆန်းကြယ် နယ်မြေမျိုးစုံကို ဝင်ရောက်လာသောအခန်း သို့မဟုတ် မှော်စွမ်းရည်များကို ခွဲခြမ်းစိတ်ဖြာသော အခန်းများကိုသာ အာရုံစိုက်ခဲ့ကြသည်။
ဖေဖေဝမ်၏ ဝတ္တုတွင် ထည့်ရေးထားသည့် အယူအဆများသည် အဓိပ္ပါယ်မရှိဟု ထင်ရသော်လည်း တကယ်တမ်းတွင် လက်တွေ့ အသုံးဝင်သည့် အယူအဆများ ဖြစ်နေသည်။
ရလဒ်အနေဖြင့် ကျင့်ကြံခြင်းဖိုရမ်တွင် ဝတ္တုကို ပရိုမိုးရှင်းဆင်းသည့် ဖေဖေချန်း၏ ပို့စ်သည် အက်မင် “ငါကအန်ကယ်ကြောင်”၏ လက်ချက်ဖြင့် ပထမဆုံးစာမျက်နှာ၏ထိပ်သို့ ရောက်ရှိသွားခဲ့သည်။
ည၈နာရီထိုးခါနီး အချိန်တွင် နောက်ကွယ်မှ ဂိုဏ်းခေါင်းဆောင်များ၏ ခွန်အားများနှင့် ဖေဖေဝမ်၏ ဝတ္တုသည် အဆုံးသတ်တွင် တာထွက် လာခဲ့လေပြီ။
တန်ပြန်တိုက်ခိုက်မှုအတွက် စစ်ခရာသံက တရားဝင်အသံထွက်လာပြီ ဖြစ်၏။
အခြားတစ်ဖက်တွင်လည်း မျှခြေမှော်ခန်းမ၌ လျန့်ဟန်နှင့်အပေါင်းအပါ တို့သည် မထိုင်နိုင်ကြသေးပေ။
“ဝမ်စစ်ထူရဲ့ အခြေအနေ ဘယ်လိုရှိလဲ”
လျန့်ဟန်က စီးကရက်ကိုသောက်ရင်း မေးလိုက်သည်။
“သူက လက်ဆောင်တွေ အများကြီး ရနေတယ်.. နောက်ပြီး သူ့ကို လက်ဆောင်ပေးတဲ့ သူတွေအားလုံးက အခုမှ စာရင်းသွင်းထားတဲ့ အကောင့်သစ်တွေ ဖြစ်ပုံရတယ်”
တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်သည်။
လျန့်ဟန်ဘက်မှ အဖွဲ့ခေါင်းဆောင်များက ဝမ်စစ်ထူ၏ ဝတ္တုကို လက်ဆောင်များ ပေးနေသည့် အကောင့်များသည် အကောင့်သစ်များ ဖြစ်နေသည်ကို သတိပြုမိခဲ့ကြသည်။
ထိုအကောင့်များသည် ပရိုဖိုင်ပုံများပင် မရှိသဖြင့် ယခုမှ ပြေးဖွင့်ထားသည့် အကောင့်များ ဆိုသည်မှာ ထင်ရှား၏။
၎င်းတို့က မူလ သတ်မှတ်ပေးထာသည့် အိုင်ဒီများကိုပင် မပြောင်းလဲရသေးပေ။
“လခွမ်း.. သူတို့အားလုံးက စာအုပ်သုံးငွေ ဆယ်သန်းစီ လက်ဆောင်ပေးထားတယ်ဟ.. ဒီလောက် အချိန်တိုအတွင်းမှာ သူဘယ်ကနေ အထောက်အပံ့တွေ အများကြီး ရခဲ့တာလဲ”
လျန့်ဟန်က နားမလည်နိုင် ဖြစ်နေခဲ့သည်။
သူသာမက အခြားအဖွဲ့ခေါင်းဆောင်များလည်း စိတ်ရှုပ်ထွေးသွားကြသည်။
ဘာတွေဖြစ်နေလဲ သူတို့မသိတော့ပေ။
ကျင့်ကြံခြင်းစာဖတ်သူ နက်ဝေါ့ခ်သည် ယခုအခါတွင် အွန်လိုင်းဝတ္တုများနှင့် ပတ်သက်လျှင် အင်တာနက်ပေါ်၌ အကြီးဆုံးနက်ဝေါ့ခ်တစ်ခု ဖြစ်ပြီး ချမ်းသာသူများ စုဝေးရာနေရာလည်း ဖြစ်သည်။
သို့သော် ဖေဖေဝမ်၏ အနားတွင် ဆူဖြိုးသောကြောင်များသည် ရုတ်တရက် အလွန်များပြားစွာ စုရုံးလာကြသည်။
“ဒါက ငွေကြေးအဖွဲ့ရဲ့ သခင်လေးလက်ချက် ဖြစ်နိုင်မလား”
“ပေါက်ကရတွေ”
လျန့်ဟန်က ခေါင်းခါယမ်းလိုက်သည်။
ငွေကြေးအဖွဲ့မှ သခင်လေး ပါဝင်ခဲ့လျှင်ပင် ဤကဲ့သို့လက်ဆောင်ပေးခြင်းမျိုးကို အရှိန်အဟုန်ဖြင့် ဖန်တီးနိုင်လိမ့်မည် မဟုတ်ပေ။
အရေးအကြီးဆုံးမှာ အချိန်တိုလေး အတွင်း၌ လက်ဆောင်အများအပြား ပေးရုံသာမက အကောင့်အသစ်များကိုပါ ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။
“ငွေကြေးအဖွဲ့ရဲ့ သခင်လေးက လက်ဆောင်တွေ ပို့နိုင်ပေမဲ့ အကောင့်သစ် မျိုးစုံကို စာရင်းသွင်းဖို့လောက်ထိတော့ မတတ်နိုင်လောက်ဘူးလေ”
“အစ်ကိုလျန့်.. ဒါဆိုအခု ငါတို့တွေ ဘာလုပ်သင့်လဲ”
“လက်ရှိ မဲကွာဟချက်က ဘယ်လောက်ရှိလဲ”
“ဒါက နည်းနည်းတော့ ထူးဆန်းနေတယ်.. သူတို့တွေက အချိန်တိုင်းမှာ လက်ဆောင်ထုပ်ကြီးတွေကို ပို့နေကြတယ်.. သုံးမိနစ်အတွင်းမှာပဲ HNY ၆သိန်း နီးပါး ရှိနေခဲ့ပြီ”
စာအုပ်ငွေကြေး ဆယ်သန်းသည် လစဉ်မဲတစ်ထောင်နှင့် ညီသည်ဟု အဓိပ္ပါယ်ရသည်။
“ဒါပေမဲ့ သူတို့က မဲခြောက်ထောင်ပဲ ရထားတဲ့အတွက် ကွာဟချက်ကို ကျဉ်းမြောင်းအောင် မလျှော့ချနိုင်သေးဘူး.. သူတို့ထဲက ဘယ်သူမှ လစဉ်မဲအတွက် အနီရောင်လက်ဆောင်ထုပ်တွေ မပေးပို့သေးပါဘူး”
“တကယ်ကြီးလား”
လျန့်ဟန်က အနည်းငယ် အံ့ဩတုန်လှုပ်သွားပြီး ခဏမျှစဉ်းစားလိုက်သည်။
“ဆက်ပြီး စောင့်ကြည့်ရအောင်.. ငါတို့လက်ထဲမှာ HNY သုံးသိန်းလောက် ကျန်သေးတာပဲ.. အနီရောင်လက်ဆောင်ထုပ် မပို့သရွေ့တော့ အနိုင်ရလဒ်က ကျူးကဲ အတွက်ပဲ”
ဖေဖေချန်းနှင့် အခြားသူများက ပီတိဖြစ်ခဲ့ကြသည်။
ဂိုဏ်းခေါင်းဆောင်များက သူတို့မမျှော်လင့်သော ပမာဏအထိ ထောင်နှင့်ချီသော လက်ဆောင်များကို ပေးပို့ခဲ့ကြသည်။
မိနစ်အနည်းငယ် အတွင်းမှာပင် သူတို့သည် ဖေဖေဝမ်ကို HNY ၆သိန်း နီးပါး လက်ဆောင်ပေးခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် ဖေဖေချန်းသည် လစဉ်မဲပေးသော အနီရောင်လက်ဆောင်ထုပ်များကို မည်သူမျှ မပေးပို့ကြောင်း သတိပြုမိခဲ့သည်။
“ဘာလို့ အနီရောင်လက်ဆောင်ထုပ်ကို ဘယ်သူမှ မပေးပို့တာလဲ”
“ဂိုဏ်းခေါင်းဆောင်တွေက ဝတ္တုတွေကို ဖတ်လေ့မရှိဘူး.. ဒါကြောင့် အနီရောင် လက်ဆောင်ထုပ်တွေကို ဘယ်လိုပို့ရမှန်း မသိတာနေမယ်.. အနီရောင် လက်ဆောင်ထုပ်တွေ ပို့တာက လွယ်ပါတယ်.. ငါသူတို့ကို ရှင်းပြလိုက်မယ်”
ထို့နောက်တွင် လင်းကန်သည် ဖေဖေချန်း၏ ဖိုရမ်အကောင့်ကို အသုံးပြု၍ ကျင့်ကြံခြင်းဖိုရမ်တွင် လစဉ်မဲပေးရန် အတွက် စတင် စည်းရုံးတော့သည်။
“ဝမ်စစ်ထူရဲ့ဝတ္တုကို ထောက်ခံပေးတဲ့အတွက် ဂိုဏ်းခေါင်းဆောင်တွေကို ကျေးဇူးတင်ပါတယ်.. ဒီနေ့က ကျင့်ကြံခြင်း စာဖတ်သူနက်ဝေါ့ခ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး စာရေးဆရာပြိုင်ပွဲကို အဆုံးအဖြတ်ပေးမယ့်နေ့ပဲ ဖြစ်တယ်.. ကျွန်တော်တို့ လေးစားရတဲ့ စာရေးဆရာ ဝမ်စစ်ထူက လူတိုင်းရဲ့ လက်ဆောင်တွေကို အလွန် တန်ဖိုးထားမယ်လို့ ကျွန်တော်ယုံကြည်တယ်”
ချက်ချင်းပင် သူ၏မှတ်ချက်အောက်၌ တုံ့ပြန်မှုများ ရှိလာခဲ့သည်။
“ဒါက ပါးပါးလေးပဲ ရှိပါသေးတယ်.. စာရေးသူက ရွှယ်ဝူလျှို့ဝှက်နယ်မြေ အကြောင်း အနည်းငယ် ရေးပေးမယ်လို့ မျှော်လင့်ပါတယ်”
“ဝတ္တုကို ပုံဖော်ထားတဲ့ စာရေးဆရာရဲ့ စိတ်ကူးစိတ်သန်းတွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းပြီး ငါတို့အတွက် လေ့လာရကျိုးလည်းနပ်တယ်.. ဒီလောက်က အသေးအဖွဲပါ.. အားမနာပါနဲ့”
“ငါတို့ဂိုဏ်းက အနက်ရောင်အဆင့် ဂိုဏ်းတစ်ခုသာ ဖြစ်ပေမဲ့ ငါတို့ရဲ့ နှစ်စဉ်ဝင်ငွေက သန်းရာနဲ့ချီပြီး ရှိတယ်.. ဒီလက်ဆောင်က စာရေးဆရာကို အားပေးဖို့အတွက် သက်သက် ပို့ပေးလိုက်တာပါ”
ဖေဖေချန်းတို့ လူစုက ပြန်စာများကို အံ့ဩမှင်တက်စွာ ငေးကြည့်နေကြသည်။
ဟုတ်ပါသည်၊ ဤသည်မှာ အရေးပါသော ပုဂ္ဂိုလ်များ၏ အမှန်တကယ် အလုပ်လုပ်ပုံ ဖြစ်သည်။
လင်းကန် “ဒါပေမဲ့ လက်ရှိမှာ အဓိကကျတာက လက်ဆောင်တွေထက် လစဉ်မဲတွေပဲ.. ကျွန်တော်တို့က ပထမနေရာနဲ့ အလှမ်းဝေးနေသေးတယ်.. အောက်မှာပြထားတဲ့ စခရင်ရှော့မှာ အနီရောင်လက်ဆောင်ထုပ်ကို ဘယ်လိုပို့ရမလဲ ဆိုတာ ပြသထားတယ်..လစဉ်မဲပေးတဲ့ အနီရောင်လက်ဆောင်တစ်ထုပ်က စာအုပ်အကြွေငါးရာနဲ့ ညီမျှတဲ့ ငါးယွမ် ဖြစ်တယ်.. ဂိုဏ်းခေါင်းဆောင်တွေ အားလုံးက ပံ့ပိုးကူညီပေးမယ် ဆိုရင် ကျွန်တော်တို့တွေ အထူးပဲ ကျေးဇူးတင်ရှိပါတယ်.. ဒါပေမဲ့ ပထမနေရာကို ရောက်ဖို့ တော်တော်လေး ခက်ခဲမယ်လို့ ကျွန်တော်တို့ထင်တယ်”
“လုံးဝ မခက်ခဲပါဘူး.. မင်းတို့တွေ ဘာမှစိတ်မပူနဲ့.. အခုပထမနေရာကို ရောက်ဖို့ မဲဘယ်လောက် ကွာဟနေလဲ”
“မဲပေါင်းလေးသောင်းလောက် အပြတ်အသတ် ကွာနေသေးတယ်.. အစောပိုင်းကတော့ ငါးသောင်းနီးပါး ကွာဟနေတာပါ.. ဒါပေမဲ့ ဂိုဏ်းခေါင်းဆောင်တွေ စီတန်းပြီး ပို့လိုက်တဲ့ ယွမ်တစ်သိန်းစီ လက်ဆောင်တွေက အဲဒီကွာဟချက်ကို ကျဉ်းမြောင်းစေခဲ့တယ်.. ယွမ်တစ်သိန်းက စာအုပ်အကြွေစေ့ ဆယ်သန်း သို့မဟုတ် လစဉ်မဲတစ်ထောင်နဲ့ ညီမျှတယ်လေ”
“ဒါဆို ယွမ်တစ်သိန်းက လစဉ်မဲတစ်ထောင်လို့ ဆိုလိုတာပေါ့ဟုတ်လား”
“ဟုတ်ပါတယ်”
“ကောင်းပြီလေ.. ဒါဆိုအခု ငါတို့မှာ ပစ်မှတ်တစ်ခုရှိပြီ.. အဲဒီမဲအရေအတွက်ကို မကျော်မချင်း လက်ဆောင်တွေ ပို့လိုက်ရုံပဲပေါ့”
ကျင့်ကြံခြင်းဖိုရမ်မှ ဂိုဏ်းခေါင်းဆောင် တစ်ဦးက အမြန်ပြန်ဖြေလိုက်သည်။
ဖေဖေချန်းနှင့်လင်းကန် “..........”
ချန်းချောင်နှင့်ဝမ်လင်း “..........”
အပိုင်း(၉၆၁) ပြီး၏