ဖော်ထုတ်ခြင်း
Vol. 65 Ch. 963
ထိုစကားလုံးများကြောင့် ကျူးကဲ၏ အမူအရာသည် ချက်ချင်းပင် အေးခဲသွားခဲ့သည်။
သူ့စိတ်က တစ်ခဏမျှ လုံးလုံးလျားလျား ဗလာဖြစ်သွားခဲ့ပြီး ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။
မနေ့ညကတည်းကပင် သူက တစ်စုံတစ်ရာ မူမမှန်သလို မရိုးရှင်းဟု ခံစားနေရသည်။
သို့သော် ဤကဲ့သို့ ကိစ္စမျိုးဖြစ်ပေါ်လာမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
လေထုက တစ်ခဏလောက် အေးခဲသွားသလိုပင်။
ကျူးကဲက တုန်လှုပ်ခြောက်ခြားကာ တံတွေးကို မျိုချလိုက်ပြီး လက်ထဲမှ စီးကရက်ကိုပင် ညှစ်ပစ်လိုက်သည်။
“သူဌေးဟွမ်.. မင်းဘာပြောနေတာလဲ.. ငါနားမလည်ဘူး”
အယ်ဒီတာချုပ် ဟွမ်ထောင်က ပြုံးလိုက်သည်။
“ဟန်ဆောင်တာကို ရပ်လိုက်ပါတော့ ကျူးကဲ.. ငါအားလုံးသိပြီးပြီ.. ဒီဖိုင်က စာရွက်စာတမ်းတွေက မင်းရဲ့ဝတ္တုနဲ့ မပတ်သက်ဘူး ဆိုပေမဲ့ မင်းရဲ့ အထောက်အထားတွေနဲ့ ပတ်သက်နေတယ်.. ဖွင့်ကြည့်လိုက်ပါ”
ထိုစကားအရ အယ်ဒီတာချုပ် ဟွမ်ထောင်က ထိုဖိုင်ကို ဖွင့်ဖတ်ထားပြီး အထဲမှ အကြောင်းအရာများကို သိရှိပြီးပြီဖြစ်သည်မှာ ထင်ရှားနေသည်။
ဖိုင်ကို ကောက်ကိုင်၍ ကြည့်လိုက်သည်နှင့် ကျူးကဲ၏ နှလုံးသားက တုန်လှုပ်သွားခဲ့သည်။
ဖိုင်ထဲတွင် အချက်အလက် စာရွက်များစွာနှင့်အတူ ဓာတ်ပုံတစ်ပုံလည်း ပါရှိသည်။
အချက်အလက် စာရွက်များတွင် အိုင်ဒီလိပ်စာ များစွာအပြင် အွန်လိုင်းဝယ်ယူမှုများ အပေါ် စုံစမ်းစစ်ဆေးမှု ပြုလုပ်ထားသော မှတ်တမ်းများလည်း ပါရှိသည်။
အမှောင်ဘုရင်ခံလေဒီ၁၃ ဟူသောအကောင့်သည် သူ၏ အထောက်အထားကို ဖုံးကွယ်ရန်အတွက် ထိုအချိန်ကဈေးကွက်ထဲတွင် ဝယ်ယူခဲ့သော အကောင့်တစ်ခု ဖြစ်၏။
ချမ်းသာကြွယ်ဝပြီး ပြီးပြည့်စုံသောပုံရိပ်ကို ဖန်တီးနိုင်ရန်အတွက် ကျူးကဲသည် သူ၏ အထောက်အထားအစစ်ကို ဖုံးကွယ်ရန် အသံပြောင်းလဲသည့် အက်ပ်ကိုပင် ဝယ်ယူခဲ့သည်။
အကောင့်နှင့် အသံပြောင်းလဲခြင်းအက်ပ်အား ဝယ်ယူခဲ့သောအချက်အလက်များသည် အိုင်ဒီလိပ်စာချင်း တူညီကြသည်။
ထိုလိပ်စာသည် ကျူးကဲ၏ နေရာကို ညွှန်ပြနေခဲ့သည်။
ကျူးကဲ၏နှလုံးသား တစ်ခုလုံးက လေးလံသွားသည်။
သူက တွေ့ကရာ အကြောင်းပြချက်တစ်ခု ပေးပြီး ဤအရာအားလုံးက အတုဟု ဘူးခံ ငြင်းဆို၍ ရသည်။
သို့သော် တကယ်တမ်း သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသည်မှာ ဖိုင်ထဲတွင်ပါသည့် ဓာတ်ပုံ ဖြစ်သည်။
ထိုအချိန်က ကျူးကဲသည် အမှောင်ဘုရင်ခံ လေဒီ၁၃၏ ပုံရိပ်ကို ဖန်တီးရန်အတွက် အမျိုးသမီး အဝတ်အစားများနှင့် ကင်မရာတွင် ထွက်ပေါ်လာရန် ကြိုးစားခဲ့သည်။
သို့သော် သူ၏အစီအစဉ်ကို သူကိုယ်တိုင်ပင် ပယ်ဖျက်လိုက်ရသည်။
သူက ယွမ်နှစ်သောင်းသုံးကာ HD ကွာလတီ အလှကင်မရာကို အသုံးပြုခဲ့သော်လည်း သူ၏ ဘီယာဗိုက်အသွင်ကို ဖုံးကွယ်ရန် နည်းလမ်းမရှိခဲ့ပေ။
ထို့ကြောင့် သူက လူလုံးပြရန် အစီအစဉ်ကို စွန့်လွှတ်ခဲ့ပြီး သူ၏အထောက်အထားကို ဖုံးကွယ်ရန်အတွက် အသံကိုသာ အဓိကအားကိုး၍ ပြုပြင်မွန်းမံခဲ့သည်။
ကျူးကဲက အမျိုးသမီးဝတ်စုံကို လူသိရှင်ကြား မဝတ်ပြခဲ့ဖူးသော်လည်း သူ့ဘာသာသူ သီးသန့်စမ်းဝတ် ကြည့်ခဲ့ဖူးသည်။
ဤဓာတ်ပုံမှာ ထိုအချိန်က သူစမ်းဝတ်နေသည့်အချိန်တွင် လက်ပ်တော့၏ ကင်မရာကနေ ရိုက်ယူထားသောပုံ ဖြစ်သည်။
“ကျူးကဲ.. မင်းက ကိုယ့်ကိုယ်ကိုယ် ပုံဖျက်ပြီး ငါ့ကိုတောင်လှည့်စားရဲတယ်.. တကယ်တော့ ငါ့လက်ထဲမှာ ဒီဓာတ်ပုံတစ်ပုံတင် မကဘူး.. ဗီဒီယိုတစ်ခုလည်း ရှိသေးတယ်.. ဒါတွေအားလုံးက ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေပဲ”
အယ်ဒီတာချုပ် ဟွမ်ထောင်က သက်ပြင်းချ၍ ပြောလိုက်သည်။
“သူဌေးဟွမ်.. ငါ..”
ကျူးကဲက အရာအားလုံး ပြီးဆုံးသွားပြီမှန်းသိ၍ ငြင်းခုံရန်အစွမ်းအစ မရှိတော့ပေ။
“မင်းသိပါတယ်.. တကယ်လို့သာ အမှောင်ဘုရင်ခံ လေဒီ၁၃က မင်းဆိုတာ စာဖတ်သူတွေ သိသွားရင် ငါတို့ ဝက်ဘ်ဆိုက်ရဲ့ တရားမျှတတဲ့ အမူအကျင့်တွေကို သူတို့တွေ သံသယဖြစ်သွားမှာပဲ.. ဒီကိစ္စသာ ပေါက်ကြားသွားရင် ငါတို့ ဝက်ဘ်ဆိုက်လည်း အခက်တွေ့ရမယ်.. ဒါ့အပြင် လိမ်လည်မှု ကျူးလွန်ခဲ့တဲ့မင်းလည်း အမဲစက် စွန်းထင်သွားလိမ့်မယ်”
ဟွမ်ထောင်က ပြောကြားလိုက်သည်။
“သူဌေးဟွမ်.. အဲဒါက နားလည်မှုလွဲနေတာပါ”
“ဒါက နားလည်မှုလွဲမလွဲ မင်းနဲ့ငါ ကောင်းကောင်းသိနေတာပဲ.. ဒါပေမဲ့ အမည်မသိ သတင်းပေးသူက မင်းအတွက် ထွက်ပေါက်လမ်း တစ်ခု ချန်ပေးထားပြီး အကြံပြုချက် တစ်ခုကို တင်ပြခဲ့တယ်.. ဒီအကြံပြုချက်ကို မင်းလိုက်နာနေသရွေ့ သူက ဒီအချက်အလက်တွေကို ထုတ်ပြန်မှာမဟုတ်ဘူး”
“သူက ငါ့ကို ဘာလုပ်စေချင်တာလဲ”
ကျူးကဲ၏ မျက်နှာက မဲနက်နေပြီ ဖြစ်သည်။
သူ၏တစ်ကိုယ်လုံးက လေထွက်သွားသော မီးပုံးပျံကဲ့သို့ ပျော့ခွေနေခဲ့သည်။
သူ့စိတ်ထဲတွင်မူ အခြေအနေက မျှော်လင့်ချက် မဲ့နေမှန်း ကောင်းစွာသိသည်။
ဟွမ်ထောင်က ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။
“ပထမအချက်အနေနဲ့ မင်းအခုအချိန်ကစပြီး အမှောင်ဘုရင်ခံလေဒီ၁၃ အကောင့်ကို သုံးလို့မရတော့ဘူး”
“အဲဒါက ပြဿနာ မဟုတ်ပါဘူး”
“နောက်တစ်ချက်ကတော့ မင်းနဲ့ ငါတို့ရဲ့စာချုပ်ကို ဖျက်သိမ်းရလိမ့်မယ်”
အယ်ဒီတာချုပ် ဟွမ်ထောင်က ကျူးကဲကို စေ့စေ့ကြည့်လိုက်ပြီး နောက်ဆုံးစကားကို ပြောလိုက်သည်။
ဤသို့ဖြင့် ထိုနှစ်မှာပင် ဝမ်စစ်ထူသည် ဝက်ဘ်ဆိုက်ထဲသို့ဝင်လာခဲ့ပြီး ဂုရုကျုးကဲသည် ဒေါသတကြီးဖြင့် ဝက်ဘ်ဆိုက်ထဲမှထွက်သွားခဲ့ရသည်။
ဤအဖြစ်အပျက်သည် ဖေဖေဝမ်အား ကျင့်ကြံခြင်းစာဖတ်သူနက်ဝေါ့ခ်တွင် ကျော်ကြားစေခဲ့သည်။
ယခုတစ်ခေါက် ချန်းချောင်၏ မှတ်ဉာဏ်ကိုသာ မကြည့်မိလျှင် နောက်ကွယ်မှ အကြောင်းအရာများကို ဝမ်လင်းတစ်ယောက် သိရမည်မဟုတ်ပေ။
ကျူးကဲ ရှုံးနိမ့်သွားပြီးနောက်တွင် လျန့်ဟန်သည် အကောင်းဆုံးစာရေးဆရာ အတွက် သူရင်းနှီးမြှုပ်နှံထားသည့် ငွေကြေးကို ဘာတစ်ခုမှ ပြန်မရခဲ့ပေ။
ဤသည်မှာ သူတစ်ခါမှ မကြုံဖူးသော ပြင်းထန်သည့် ထိုးနှက်ချက် ဖြစ်သည်။
ထို့ပြင် မျှခြေမှော်ခန်းမ၏ လုပ်ငန်းသည်လည်း ပိုမိုဆိုးရွားလာခဲ့သည်။
အခြားတစ်ဖက်တွင်လည်း ဖေဖေချန်းသည် ပိုမို၍ အောင်မြင်လာပြီး စူပါခွန်အား သိုင်းခန်းမကို အားကြိုးမာန်တက် မြှင့်တင်ခဲ့သည်။
လစဉ်မဲပေးပွဲ၏ ရလဒ်အားလုံးသည် ဖေဖေချန်းနှင့် အခြားအဖွဲ့ခေါင်းဆောင်များ၏ ကြီးမားသော ကြိုးပမ်းမှုကြောင့် ဖြစ်သည်ဟု ဖေဖေဝမ်က သိ၍ အလွန် ကျေးဇူးတင်ကြောင်း စာပြန်ခဲ့သည်။
ထို့အပြင် ဖေဖေဝမ်သည် သူ့ကို ဝိုင်းရံအားပေး ကူညီခဲ့ကြသည့် စာဖတ်သူအားလုံးကို ကျေးဇူးတင်ကြောင်း ပရိသတ်အဖွဲ့ အသီးသီးထံ မက်ဆေ့ချ် ပေးပို့ခဲ့သည်။
ဖေဖေဝမ်က အောင်မြင်မှု အထိန်းအမှတ်အနေဖြင့် စကားလုံးပေါင်း သောင်းနှင့်ချီကို အက်ပ်ဒိတ်ပေးခဲ့သည်။
ထိုအတွက် ဖေဖေဝမ်သည် ရက်အနည်းငယ် ညဉ့်နက်ခဲ့ရသည်။
ဖေဖေချန်း၏ စူပါခွန်အား သိုင်းခန်းမက စီးပွားရေး အဆင်ပြေလာသော်လည်း အကြောင်းတစ်ခုခုကြောင့် ဖေဖေချန်းသည် ဆိုးရွားသော ခံစားချက်ကို ရရှိခဲ့သည်။
နောက်တစ်နေ့သည် နှစ်သစ်ကူးနေ့ ဖြစ်ပြီး နှစ်သစ်၏ ပထမဆုံးနေ့ ဖြစ်၍ သိုင်းခန်းမကို ပိတ်ထားခဲ့သည်။
သို့ရာတွင် ချန်းချောင်နှင့် ဝမ်ရှောင်လင်းတို့ကမူ လေ့ကျင့်မှုကိုမရပ်တန့်ခဲ့ကြပေ။
သူတို့က မနက်ခင်းတွင် ခြံထဲ၌ လေ့ကျင့်ခန်းများ လုပ်နေကြသည်။
ဤခန္ဓာကိုယ် သန့်စင်ခြင်း လေ့ကျင့်ခန်းကို ဖေဖေချန်းကိုယ်တိုင် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပြီး မူပိုင်ခွင့် လျှောက်ထားရန် အတွက် စီစဉ်နေခဲ့သည်။
ဖေဖေချန်းက သူကိုယ်တိုင် ဖန်တီးထားသည့် ခန္ဓာကိုယ်သန့်စင်ခြင်း လေ့ကျင့်ခန်းကို လေ့ကျင့်ခြင်းသည် စစ်ရေးဘောက်စင်ကို လေ့ကျင့်ခြင်းထက် ပို၍ အသုံးဝင်သည်ဟု ဆိုခဲ့သည်။
စစ်ရေးဘောက်စင်ကို လေ့ကျင့်နေသည့် ကောလိပ်ကျောင်းသူလေး တစ်ဦးသည် ဓားနှင့်၃၂ချက် အထိုးခံရပြီး သေဆုံးသွားသည်ကို အွန်လိုင်းတွင် သူဖတ်ခဲ့ရသည်။
အကယ်၍သာ ခန္ဓာကိုယ်သန့်စင်ခြင်း လေ့ကျင့်ခန်းကို လေ့ကျင့်ထားလျှင် ဓားနှင့် ထိုးခံရမည်ကို လုံးဝ စိုးရိမ်စရာမလိုအပ်ဟု ဖေဖေချန်း ခံစားခဲ့ရသည်။
ပြောရလျှင် ခန္ဓာကိုယ်သန့်စင်ခြင်း လေ့ကျင့်ခန်းများသည် ကြံ့ခိုင်မှုကို အထူး ကောင်းမွန်စေသည်။
အတွဲတစ်တွဲလောက်ကို လေ့ကျင့်ပြီးလျှင် ဓားနှင့်ထိုးခံရလျှင်ပင် ဖြုံတော့မည်မဟုတ်ပေ။
နှစ်တွဲ လေ့ကျင့်ပြီးလျှင် ဓားထိုးခံရမည်ကို ကြောက်ရွံ့တော့မည် မဟုတ်ပေ။
ဝမ်ရှောင်လင်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် လေ့ကျင့်မှုကို စတင်ခဲ့သည်။
ချန်းချောင်နှင့် ဝမ်ရှောင်လင်းတို့က သက်တူရွယ်တူနီးပါး ဖြစ်ပြီး ချန်းချောင်သည် လအနည်းငယ်သာ ပိုကြီးသည်။
ချန်းချောင်က ဝမ်ရှောင်လင်း သူ့အနောက်ကနေ လိုက်လံတုပ၍ ပြုလုပ်နိုင်ရန်အတွက် တမင်တကာ နှေးကွေးစွာ ပြုလုပ်ခဲ့သည်။
“ရှောင်လေးနဲ့ ချန်းချောင်ရေ”
လေ့ကျင့်မှု တစ်ဝက်ခန့် အရောက်တွင် ရှောင်လင်း၏အမေအသံက ထွက်ပေါ်လာခဲ့သည်။
“ဒေါ်လေး လာတာဖြစ်မယ်”
ချန်းချောင်နှင့် ဝမ်ရှောင်လင်းတို့က အလျင်အမြန်ပင် ဂိတ်ဝကို ပြေးသွားခဲ့သည်။
“ဒီမနက် အနောက်လမ်းကနေ သစ်သီးပန်ကိတ်တွေ အမေဝယ်လာတယ်.. မနက်စာ မစားရသေးဘူး မဟုတ်လား”
ရှောင်လေး၏ အမေက သူမ ဝယ်လာသည့် သစ်သီးပန်ကိတ်နှစ်ခုနှင့် ပဲနို့နှစ်ခွက်ကို ကမ်းပေးလိုက်သည်။
“မနက်စာတော့ မစားရသေးပါဘူး.. ဖေဖေက အခုမှလုပ်နေတာလေ”
ချန်းချောင်က အစားအသောက်ကို လက်ခံလိုက်ပြီး ပြုံးရွှင်စွာဖြင့် စားလိုက်သည်။
“ဒေါ်လေး အထဲဝင်ပါဦးလား”
“မဝင်တော့ဘူး.. မနက်ဖြန်မှပဲ လာခဲ့တော့မယ်.. ဒီနေ့လုပ်စရာတွေ ရှိသေးတယ်”
ရှောင်လင်း၏အမေက သူ၏ ဖိတ်ခေါ်မှုကို ငြင်းဆန်ခဲ့သည်။
ချန်းချောင်က သူမ၏လေသံ အနည်းငယ် ထူးဆန်းနေသည်ကို ခံစားလိုက်ရသည်။
သိုင်းခန်းမ၏ ခြံစည်းရိုးက အနည်းငယ်မြင့်ပြီး ဘေးဘက်မှအပင်များသည် သူ၏ မြင်ကွင်းကို အနည်းငယ် ပိတ်ဆို့ထားသောကြောင့် ရှောင်လင်းအမေ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။
သူက မူမမှန်သလို ခံစားရသဖြင့် ခြံစည်းရိုးအတွင်းရှိ ထောင့်တစ်ခုကို ရှာဖွေပြီး အက်ကွဲကြောင်းကနေ ချောင်းကြည့်လိုက်သည်။
ရှောင်လေး၏အမေ မျက်နှာကို မြင်လိုက်သောအခါတွင် သူမ အဘယ်ကြောင့် သိုင်းခန်းမထဲသို့ ဝင်လာရန် ဝန်လေးနေမှန်း သူသိလိုက်သည်။
သူမ၏မျက်နှာတွင် ဒဏ်ရာများနှင့် ပြည့်နှက်နေ၏။
သူမက မက်စ် တပ်ထားသော်လည်း ထိုကဲ့သို့ပြင်းထန်သောဒဏ်ရာများကို မဖုံးကွယ်နိုင်ခဲ့ပေ။
“ဒါဘယ်သူ့လက်ချက်လဲ.. ဒါက တိုက်ဂါးလျန့်တို့ဘက်က လက်ချက်များလား”
ချန်းချောင်က မှန်းဆကြည့်လိုက်သည်။
အပိုင်း(၉၆၃) ပြီး၏