ကျင့်ကြံခြင်းလောကရှိ အရွယ်မရောက်သေးသူများကို အကာအကွယ်ပေးသော ဥပဒေ
Vol. 65 Ch. 964
မနက်စာစားနေစဉ် ချန်းချောင်သည် အလွန် ဒေါသထွက်နေပြီး သုန်သုန်မှုန်မှုန် ဖြစ်နေသည်။
သူက ဝမ်ရှောင်လင်းကို ကြည့်လိုက်ရာ သူ့နှလုံးသားက အနည်းငယ် မငြိမ်မသက် ဖြစ်သွားသည်။
သူမ ဝမ်းနည်း စိတ်မကောင်းဖြစ်မည် စိုးသောကြောင့် ချန်းချောင်က သူမကို မပြောပြခဲ့ပေ။
သမီးတစ်ဦးသည် မိခင်အတွက် ခန္ဓာကိုယ်နှင့် အနီးစပ်ဆုံးရှိသည့် ချည်သားအင်္ကျီတစ်ထည်နှင့် တူသည်ဟု အဆိုရှိကြသည်။
ကိုယ့်အမေ အရိုက်ခံလိုက်ရသည်ကို သိလိုက်ရသောမိန်းကလေးတိုင်းသည် စိတ်ထိခိုက်ရလိမ့်မည်သာ ဖြစ်၏။
ဝမ်လင်းက ချန်းချောင်၏ အတွေးများကြောင့် အနည်းငယ်စိတ်လှုပ်ရှားသွားခဲ့သည်။
ချန်းချောင်သည် ငယ်ရွယ်သေးသော်လည်း အခြားသူများ၏ ခံစားချက်ကို နားလည်ပေးနိုင်စွမ်း ရှိနေသည် မဟုတ်လော။
သမီးတစ်ယောက်က ချည်သားအင်္ကျီဆိုလျှင် ချန်းချောင်က စစ်ဝတ်အင်္ကျီဟုပင် ဆိုရမည်။
ဝမ်လင်းက ထိုသို့ပင် တွေးမိခဲ့သည်။
ဖေဖေချန်းက မနက်စာကို ယူဆောင်လာစဉ် ချန်းချောင်တစ်ယောက် သစ်သီးပန်ကိတ်ကို ဖြည်းဖြည်းချင်း စားသုံးနေသည်အား တွေ့လိုက်ရပြီး ထိုပန်ကိတ်ကို ယူဆောင်လာသူက ရှောင်လင်း၏အမေဖြစ်ကြောင်း ချက်ချင်းပင် သိလိုက်သည်။
သူက ချန်းချောင်ကို ပြောလိုက်သည်။
“ချန်းချောင်.. မင်းဘာဖြစ်လို့ ရှောင်လင်းတို့အမေကို အထဲဝင်ဖို့ မဖိတ်ခေါ်လိုက်ရတာလဲ”
“ဒါပေမဲ့ အန်တီက..”
ချန်းချောင်က ဖေဖေချန်း၏ မေးခွန်းကို ပြန်ဖြေရင်း စကားထစ်သွားသည်။
သူ၏ အပြုအမူကိုမြင်လျှင် ဖေဖေချန်းက အရိပ်အမြွက်မျှသဘောပေါက်လိုက်ပြီး ထပ်မမေးတော့ပေ။
မနက်စာ စားပြီးနောက်တွင် ဖေဖေချန်းသည် ချန်းချောင်ကို တစ်ဖက်သို့ ဆွဲခေါ်သွားပြီး အကြောင်းအရင်းအား မေးလိုက်သည်။
အဆုံးသတ်တွင် ရှောင်လင်း၏အမေ ဒဏ်ရာရရှိနေသည်ကို သူသိလိုက်ရသည်။
ဖေဖေချန်းက အသေးစိတ် အချက်အလက်ကို အတိအကျ မသိသော်လည်း အကြောင်းအရင်းကို သိရန်အတွက် ရှောင်လင်းအမေ အိမ်နားတွင်နေသော ကျောင်းသားအချို့ကိုမေးရန် ဆုံးဖြတ်ခဲ့သည်။
ရှောင်လင်းတို့အမေသည် သိုင်းခန်းမ၏ အနီးအနားတွင် အိမ်ငှားဖြင့် နေထိုင်နေခဲ့သည်။
သူမ၏ အိမ်အနားတွင် သိုင်းခန်းမ၏ ကျောင်းသားအချို့လည်း နေထိုင်ကြ၏။
ထို့ကြောင့် ဖေဖေချန်းက သူ၏ကျောင်းသားများ တစ်ခုခုသိနေလိမ့်မည်ဟု ထင်ခဲ့သည်။
အဆုံးသတ်တွင် သူက ပထမဦးဆုံး ခေါ်ယူမှုအနေဖြင့် ကျောင်းသားတစ်ယောက်ကို ဖုန်းခေါ်ဆိုခဲ့သည်။
ရှောင်လင်း၏ အမေအကြောင်းကို မေးလိုက်သောအခါတွင် ဖုန်းလက်ခံရရှိသော ကျောင်းသားသည် သူ၏မေးခွန်းကို ဖြေဆိုရန် အနည်းငယ် ဝန်လေးနေခဲ့သည်။
ထိုကျောင်းသား၏မိဘများက အပိုအလုပ်များမလုပ်ရန် ကြိုတင်တားမြစ်ထားပုံရသည်။
“မင်းငါ့ကိုပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်.. ငါဘယ်သူ့ကိုမှ ပြန်မပြောပါဘူး.. ရှောင်လင်းက ငါတို့သိုင်းခန်းမရဲ့ တပည့်တစ်ဦး ဖြစ်တာကို မင်းလည်းသိသင့်တယ်.. ငါတို့ သိုင်းခန်းမရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မင်းမှတ်မိသေးလား.. ငါတို့သိုင်းခန်းမရဲ့ ကိုယ်ခံပညာ သင်ယူရတဲ့ရည်ရွယ်ချက်က သူတပါးကို အနိုင်ကျင့်ဖို့ မဟုတ်ဘဲ အားနည်းသူတွေကို ကူညီဖို့နဲ့ တရားမျှတမှုကို ပံ့ပိုးဖို့ပဲ.. မင်းသိထားသမျှကို ပြောပြတာက ရှောင်လင်းကို အကူအညီပေးတာနဲ့ အတူတူပဲ.. ဒါကဖြောင့်မတ်မှန်ကန်တဲ့ လုပ်ရပ်ပဲ”
ဖေဖေချန်းက ပြောလိုက်သည်။
သူ၏ စကားလုံးများက ဖြောင့်မတ်သော်လည်း အနည်းငယ်ပြင်းထန်ပြီး ကလေးကို တွန်းအားပေးသလို ဖြစ်သွားကြောင်း သူကောင်းစွာသိသည်။
သို့ရာတွင် ရှောင်လင်းအမေ ကိစ္စကို အမှန်အတိုင်းသိရရန်အတွက် သူ့၌ အခြားရွေးချယ်စရာ မရှိတော့ပေ။
ဖုန်း၏အခြားတစ်ဖက်ရှိကလေးသည် အမှန်တရားကို မပြောပြမီ ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
“သိုင်းခန်းမခေါင်းဆောင်.. အဖြစ်အပျက်က ဒီလိုပါ.. မနေ့က ကျွန်တော် ဝရံတာမှာရှိနေတုန်း မျှခြေသိုင်းခန်းမခေါင်းဆောင်ရဲ့သား တိုက်ဂါးလျန့်ကို တွေ့လိုက်ရတယ်.. သူက ရှောင်လင်းတို့အမေကို အနိုင်ကျင့်ဖို့ ကလေးတစ်စုကို ခေါ်လာခဲ့တယ်.. ဒါ့အပြင် မှော်မီးလုံးတွေကို အသုံးပြုပြီး ရှောင်လင်းတို့အမေ စုဆောင်းထားတဲ့ အမှိုက်တွေအားလုံးကို မီးရှို့ပစ်ခဲ့ကြတယ်.. ဒါတင်မကသေးဘဲ ရှောင်လင်းတို့အမေကိုလည်း အညိုမည်းစွဲတဲ့ အထိ ရိုက်နှက်ခဲ့တယ်”
ဖေဖေချန်းအား ပြောပြခဲ့သည့် ကလေးသည် အသက်ဆယ်နှစ်သာ ရှိသေးသည်။
ဤအရွယ်က မိဘများကို ပုန်ကန်တတ်သောအရွယ် မဟုတ်ဘဲ မိဘပြောသမျှကို နားထောင်တတ်သော အရွယ် ဖြစ်သည်။
ထို့ကြောင့် မိဘများ၏ဆန္ဒကို ဆန့်ကျင်ကာ သူမြင်ထားသမျှကို ဖေဖေချန်းအား ပြန်ပြောရသည့် အတွက် အလွန်သတ္တိရှိသည်ဟု ဆိုရပေမည်။
ကလေး၏စကား ဆုံးသွားသောအခါတွင် ဖေဖေချန်းက ယုံရခက်ခက် ဖြစ်နေခဲ့သည်။
“အခုခေတ်မှာ ကလေးတွေက တခြားလူတွေကို ရိုက်နှက်တတ်ကြတာလား.. လျန့်ဟန်ရော ဝင်ပါခဲ့လား.. မနေ့က လျန့်ဟန်ရှိမနေတာ သေချာလား”
“မနေ့က အဖြစ်အပျက်ကို ကျွန်တော်ဝရံတာကနေ အစအဆုံးတွေ့ခဲ့တယ်.. မျှခြေသိုင်းခန်းမရဲ့ ခေါင်းဆောင်လျန့်ဟန်က လုံးဝပေါ်မလာခဲ့ဘူး.. ကျွန်တော်အောက်ဆင်းပြီး ကူညီချင်ပေမဲ့ ကျွန်တော့်မိဘတွေက ကျွန်တော့်ကို မပတ်သက်ဖို့ပြောပြီး ဘာမှမမြင်ခဲ့သလို ပြုမူခိုင်းခဲ့တယ်.. မိဘတွေက ကျွန်တော့်ကို ရဲခေါ်ခွင့်လည်း မပေးခဲ့ဘူး.. သိုင်းခန်းမခေါင်းဆောင် အဲဒီအတွက် ကျွန်တော့်ကို အပြစ်မတင်ပါနဲ့”
ဖုန်း၏ အခြားတစ်ဖက်ရှိ ကလေးက ဖြေလိုက်သည်။
“အဆင်ပြေပါတယ် ကလေး.. ငါနားလည်ပါတယ်.. ဒီလောက်ပြောပြတာကပဲ ရှောင်လင်းတို့အမေ အတွက် အတော်လေး အထောက်အကူ ဖြစ်နေပါပြီ”
ဖေဖေချန်းက ထိုကလေးကို နှစ်သိမ့်ပေးလိုက်သည်။
လူတိုင်းက ပွဲကြည့်ရသည်ကို နှစ်သက်သော်လည်း ဝင်ပါရန်မနှစ်သက်ကြပေ။
ဤသည်မှာ နေရာတိုင်းတွင် ဖြစ်ရိုးဖြစ်စဉ် တစ်ခုလို ဖြစ်နေသည်။
သို့ရာတွင် နွေးထွေးသောသူများ လုံးဝ မရှိသည်တော့ မဟုတ်ပေ။
အများစုအတွက်မူ သူတို့ ကြုံတွေ့ခဲ့ရသည့် အဆင်မပြေမှုများသည် မပေါ့ပါးခဲ့ပေ။
တကယ်တမ်းတွင် လူတိုင်းသည် ကောင်းသောလုပ်ဆောင်ချက်များကို လုပ်ဆောင်ရန် ရည်ရွယ်ချက်များရှိကြသည်။
သို့ရာတွင် မိမိကိုယ်ကို ဒုက္ခရောက်အောင် လှုံ့ဆော်မိမည်ကို ကြောက်ရွံ့ကြသည်။
နောက်ထပ် ငါးမိနစ် ခြောက်မိနစ်မျှ ဖုန်းပြောပြီးနောက်တွင် ဖုန်းခေါ်ဆိုမှုက ပြီးဆုံးသွားခဲ့သည်။
ဖေဖေချန်းက အခြေအနေကို အကြမ်းဖြင်း နားလည်သွားခဲ့သည်။
ရှောင်လင်း၏ မိခင်ဒဏ်ရာအတွက် တိုက်ဂါးလျန့်သည် သေချာပေါက် တာဝန်ရှိသည်။
မနေ့က အနီးနားတွင် နေထိုင်သည့် တစ်ယောက်သည် ရဲစခန်းကို ဖုန်းဆက်ပေးခဲ့သော်လည်း ရဲများရောက်လာချိန်တွင် ပွဲပြီးသွားပြီဖြစ်သည်။
ထို့ပြင် ကျူးလွန်သောအဖွဲ့သည် အသက်မပြည့်သေးသော ကလေးများ ဖြစ်နေ၏။
ထို့ကြောင့် ရဲစခန်းသည် မိနစ်အနည်းငယ်ကြာ ဟောပြောရုံသာတတ်နိုင်ပြီး အားလုံးကို ပြန်လွှတ်ပေးလိုက်ရသည်။
တိုက်ဂါးလျန့်သည် ကျင့်ကြံခြင်းလောကရှိ အရွယ်မရောက်သေးသူများကို အကာအကွယ်ပေးသည့် ဥပဒေကြောင့် လုံးလုံးလျားလျား လွတ်မြောက်သွားသည်ဟု ဆိုနိုင်သည်။
ရှောင်လင်းတို့အမေသည် တစ်နေ့တာလုံး ပင်ပင်ပန်းပန်း စုထားသည့် အမှိုက်များ မီးရှို့ခံရရုံသာမက အညိုအမည်း စွဲသည်အထိလည်း အရိုက်ခံခဲ့ရသည်။
သို့တိုင် ပြစ်မှုကျူးလွန်သော ကလေးများသည် အရေးယူမခံခဲ့ရပေ။
ကျူးလွန်သူများမှာ ကလေးများ ဖြစ်နေ၍ ရဲများသည်လည်း လုပ်ပိုင်ခွင့် အကန့်အသတ်နှင့် ဖြစ်နေသည်။
ကျင့်ကြံခြင်းရဲစခန်းက ရှောင်လင်းတို့ အမေကို ဆေးရုံသို့လိုက်ပို့ရန် အရာရှိအချို့ကို ခိုင်းစေခဲ့သည်။
ရဲများက နေရာသစ်တစ်ခုတွင် နေထိုင်သည်က အကောင်းဆုံးဖြစ်မည်ဟု အကြံပေးကြသည်။
ဤကလေးများက တမင်တကာ ဒုက္ခရောက်အောင် လုပ်ဆောင်ခဲ့ကြ၍ ဒုတိယအကြိမ် အန္တရာယ်ပေးလာနိုင်သည် မဟုတ်ပါလော။
ကျင့်ကြံခြင်းလောကရှိ အရွယ်မရောက်သေးသူများကို အကာအကွယ်ပေးသည့် ဥပဒေကြောင့် တိုက်ဂါးလျန့်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ အရေးမယူနိုင်သည့်အတွက် ရဲများသည် အလွန်ဒေါသထွက်နေကြသည်။
ထိုဇာတ်လမ်းကို သိပြီးနောက်တွင် ဖေဖေချန်းသည် အလွန်တရာ ဒေါသထွက်ကာ ခန္ဓာကိုယ်ပင် တဆတ်ဆတ်တုန်သွားခဲ့သည်။
“ပါးနပ်တဲ့ကလေးတစ်ယောက်ရဲ့ နောက်မှာ ထက်မြက်တဲ့မိဘ တစ်ယောက်ရှိရမယ်”
တိုက်ဂါးလျန့်က ရှောင်လင်းတို့အမေကို အကြောင်းပြချက် မရှိဘဲ ပြဿနာရှာမည်ဟု သူ လုံးဝ မယုံကြည်ခဲ့ပေ။
ထိုသို့ လုပ်ဆောင်ရန်အတွက် လျန့်ဟန်ကသူ၏သားကို လှုံ့ဆောင်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ထို့အပြင် ရှောင်လင်း၏သတင်းက ပေါက်ကြားသွားပြီး လျန့်ဟန်ကို မနာလိုဖြစ်စေခဲ့သည်ဟု ဖေဖေချန်း ယူဆခဲ့သည်။
သို့ရာတွင် အရွယ်မရောက်သေးသူများကို အကာအကွယ်ပေးထားသော ဥပဒေကြောင့် သူက ဤကိစ္စအား ကိုင်တွယ်ရန် အခက်တွေ့နေခဲ့သည်။
လျန့်ဟန်က အခြေအနေကို နောက်ကွယ်ကနေ စောင့်ကြည့်နေပုံရသည်။
ဤကိစ္စကို သူမည်သို့ ဖြေရှင်းသင့်ပါသနည်း။
ဖေဖေချန်းက စီးကရက်တစ်လိပ်ကို ခဲ၍ စဉ်းစားခန်းဝင်နေခဲ့သည်။
ထိုညတွင် သူက ဖေဖေဝမ်၏ မဟာမိတ် ခေါင်းဆောင်များအတွက် ဖွင့်ထားသည့် ချက်ဂရုတွင် ဇာတ်လမ်း တစ်ခုလုံးကို မျှဝေခဲ့သည်။
ယခုအခါတွင် ဖေဖေချန်းသည် ဝမ်စစ်ထူ၏ နံပါတ်တစ်ပရိသတ် ခေါင်းဆောင် ဖြစ်လာခဲ့သည်။
ယမန်နေ့ညက ပြုလုပ်သော ပြိုင်ဆိုင်မှုကြီး အပြီးတွင် ပရိသတ်အဖွဲ့ ချက်ဂရုသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာခဲ့ကြသည်။
ကောင်းကင်ရွှယ်ဂိုဏ်းခေါင်းဆောင် ဟန်ရန် “ဒါကမတရားလွန်လွန်းတယ်.. ဒါက အနိုင်ကျင့်တာပဲမဟုတ်ဘူးလား”
အာဏာရှင်ဂိုဏ်း၏တည်ထောင်သူ ကျန်းကျစ်တီ “ဒီမျှချေသိုင်းခန်းမရဲ့ ခေါင်းဆောင်က ပလုံကောက်တဲ့ အမျိုးသမီးတစ်ယောက်ကို ပြဿနာရှာဖို့အတွက် ကလေးတွေကို မိုက်မိုက်မဲမဲ အသုံးပြုခဲ့တယ်.. အရွယ်မရောက်သေးတဲ့ သူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေက ကောင်းမွန်တဲ့ဥပဒေ ဖြစ်ပေမဲ့ တချို့တွေက ဒီဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး မတရားတဲ့ကိစ္စတွေကို ဆောင်ရွက်ဖို့ အခွင့်ကောင်းယူနေခဲ့တယ်.. ဒီမျှခြေမှော်ခန်းမက သင်ပေးလိုက်တဲ့ ကလေးတွေက အနာဂတ်မှာ လူကောင်းတွေ ဘယ်လိုမှဖြစ်လာမှာ မဟုတ်ဘူး”
ကြယ်ပွင့်လူသတ်သမားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် စုန့်ခိုင်ဟွာ “ငါ့အမြင်တော့ အရမ်းကြီး နောက်မကျသေးဘူး.. ဒီကလေးကို သူ့အဖေကိုယ်တိုင်က လမ်းလွဲကို ပို့နေတာ.. ဒါပေမဲ့လည်း သူက ဆယ်နှစ်ပဲ ရှိသေးတယ်.. ဒီအရွယ်မှာမလွဲမရှောင်သာ အမှားတွေကိုတော့ ပြုလုပ်မိမှာပဲ.. ဒါပေမဲ့အချိန်မီ ပညာပေးလိုက်ရင်တော့ အဆင်ပြေသွားနိုင်ပါတယ်”
ချက်ဂရုထဲမှ လူတိုင်းသည် ဖေဖေချန်း၏ စကားကို နားထောင်ပြီးနောက်တွင် ဆွေးနွေးမှုများ စတင်ခဲ့ကြသည်။
ဖေဖေချန်း “အခုထိဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းကောင်းကို ရှာမတွေ့သေးဘူး.. ဒီကလေးက မနက်ဖြန်မှာ ထပ်ပြီး ပြဿနာရှာလိမ့်မယ်လို့ ငါသံသယရှိနေတယ်.. ရဲတွေအနေနဲ့လည်း အချိန်ပြည့်စောင့်ကြည့်နိုင်မှာ မဟုတ်တဲ့အတွက် ဒီကိစ္စကို ပြေလည်အောင်လုပ်ဖို့ မဖြစ်နိုင်ဘူး”
ထိုအချိန်တွင် ကောင်းကင်ရွှယ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဟန်ရန်က ရုတ်တရက် ပြောလိုက်သည်။
“ခေါင်းဆောင်ချန်း.. တိုက်ဂါးလျန့်ကို ဆုံးမဖို့ မင်းရဲ့ စူပါခွန်အားသိုင်းခန်းမက ကလေးတွေကို လွှတ်ပေးလိုက်ရင်ရော”
ကျန်းကျစ်တီက ချက်ချင်းပင် ဝင်ပြောလိုက်သည်။
“အဖိုးကြီးဟန်.. မင်းဘာတွေတွေးနေတာလဲ.. ခေါင်းဆောင်ချန်းက ကလေးချင်း ရန်ဖြစ်ဖို့ ဘယ်လိုလုပ်ပြီး လှုံ့ဆော်ပေးနိုင်မှာလဲ.. အဲဒီအပြုအမူက ကလေးတွေကို လမ်းလွဲစေနိုင်တယ်.. ဒါ့အပြင် ခေါင်းဆောင်ချန်းကလည်း အဲဒီလိုလုပ်မယ့်သူမျိုးမဟုတ်ဘူး”
“တောင်းပန်ပါတယ် ခေါင်းဆောင်ချန်း.. ငါစကားမှားသွားတယ်”
ဟန်ရန်က ချက်ချင်းပင် တောင်းပန်လိုက်သည်။
ဖေဖေချန်းက ရပါတယ်ဟု ပြန်မပြောခင်မှာပင် အာဏာရှင်မြေကမ္ဘာဂိုဏ်း၏ တည်ထောင်သူ ကျန်းကျစ်တီက ပြောလိုက်သည်။
“ခေါင်းဆောင်ချန်းကတော့ လှုပ်ရှားလို့မဖြစ်ဘူး.. ဒါပေမဲ့ ငါဆိုရင်ရော..”
ကောင်းကင်ရွှယ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဟန်ရန် “..........”
ကြယ်ပွင့်လူသတ်သမားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်စုန့်ခိုင်ဟွာ “..........”
ဖေဖေချန်း “..........”
ကျန်းကျစ်တီ “ပြောရရင် ငါတို့ဂိုဏ်းသုံးဂိုဏ်းက စုန့်ဟိုင်မြို့မှာ အခြေချတဲ့ဂိုဏ်းတွေပဲ.. ငါ့သားက ရှစ်နှစ်ရှိပြီ.. အဖိုးကြီးဟန်.. အဖိုးကြီးစုန့်.. မင်းတို့ရဲ့ သားတွေကရော အသက်ဘယ်လောက်ရှိပြီလဲ”
ဟန်ရန် “ငါ့မှာ သားတစ်ယောက်ပဲရှိတယ်.. သူကတော့ ဆယ့်တစ်နှစ်ရှိပြီ”
စုန့်ခိုင်ဟွာ “ငါ့သားလေးက ကိုးနှစ်”
ကျန်းကျစ်တီ “ကမ္ဘာကြီးက ရက်စက်ကြမ်းကြုတ်တဲ့ နေရာတစ်ခု ဖြစ်တယ်.. ဘယ်လောက်တောင် ဆိုးဆိုးရွားရွား ဖြစ်နိုင်တယ်ဆိုတာ သူတို့လေးတွေ နားလည်ဖို့ အချိန်တန်ပြီ”
လူတိုင်း “..........”၏
ကျန်းကျစ်တီက ကောက်ကျစ်စွာ ရယ်မောသည့် အီမိုဂျီကို ပေးပို့လိုက်သည်။
“ပြောရရင် ဒါက ကလေးတွေကြားက ရန်ပွဲပဲ.. ငါတို့တွေအနေနဲ့ ဥပဒေကို ချိုးဖောက်တာမဟုတ်ဘူး.. သူတို့က ကလေးတွေကို အသုံးပြုတဲ့အတွက် ငါတို့တွေကလည်း ကလေးတွေကို ပြန်အသုံးပြုမယ်”
“..........”
ဖေဖေချန်းက အံ့ဩသွားခဲ့သည်။
ဂိုဏ်းခေါင်းဆောင် သုံးယောက်၏ ကလေးများက တိုက်ဂါးလျန့်ကို သင်ခန်းစာပေးတော့မည်လော။
တိုက်ဂါးလျန့်သည် ယခုအခါတွင် အကောင်းပကတိအတိုင်း ဖြစ်သည်။
မနက်ဖြန်တွင်မူ တရုတ်ပုံပြင်ထဲက အင်မော်တယ် မသန်မစွမ်းလို ခြေထောက် နှစ်ချောင်းအပြင် တတိယခြေထောက်ပါ ကျိုးသွားနိုင်ပေသည်။
အပိုင်း(၉၆၄) ပြီး၏