လေးစားမှုကင်းမဲ့ခြင်း
Vol. 65 Ch. 966
ပလုံဆိုင်၌ ရန်ပွဲတစ်ခု စတင်နေသည်ကို တွေ့လိုက်ရလျှင် ဖေဖေချန်းသည် သခင်လေးသုံးယောက် အတွက် စိုးရိမ်နေခဲ့သည်။
သို့ရာတွင် သခင်လေးသုံးယောက် မည်မျှအစွမ်းထက်သည်ကို မြင်လိုက်ရလျှင် သူအံ့ဩသွားသည်။
၎င်းတို့က သူ၏သိုင်းခန်းမတွင် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သော ကလေးကြီးအချို့ထက်ပင် ပို၍သွက်လက်စွာ တိုက်ခိုက်နိုင်သည်။
ထိုအကြောင်းကို တွေးမိပြီးနောက်တွင် ဖေဖေချန်းသည် ဆက်လက် စောင့်ကြည့်ရန်သာ ဆုံးဖြတ်ခဲ့သည်။
ထို့အပြင် ကျန်းကျစ်တီသည် သခင်လေးသုံးယောက်အား စောင့်ရှောက်ရန်အတွက် သက်တော်စောင့် တစ်ယောက်ကိုပင် စေလွှတ်ထားခဲ့သည်။
ထိုသက်တော်စောင့်မှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
ထိုအဆင့်ကျင့်ကြံသူတစ်ယောက် စောင့်ကြည့်နေသည့် ကလေးများကြားတွင် တစ်စုံတစ်ရာဆိုးဆိုးရွားရွား ဖြစ်လာနိုင်မည်မဟုတ်ပေ။
လျန့်ဟန်က တိုက်ဂါးလျန့်ကို ကျောထောက်နောက်ခံပြုထားသဖြင့် လျန့်ဟန်သည် ကလေးများကိုခေါ်ဆောင်လာပြီး ရှောင်လင်းမိခင်၏ ပစ္စည်းများကို ဖျက်ဆီးကာ ရှောင်လင်းမိခင်ကို အသေအကြေရိုက်နှက်ခဲ့သည်။
ထိုအကြောင်းကို ပြန်တွေးမိသောအခါ ဖေဖေချန်းက ဒေါသထွက်လာခဲ့သည်။
ဤကဲ့သို့ အခွင့်အရေးသည် ရရှိရန်ခဲယဉ်း၍ တိုက်ဂါးလျန့်ကို မည်သည့်နည်းနှင့်ဖြစ်စေ ကောင်းစွာ ဆုံးမရပေမည်။
ချန်းချောင်နှင့် ဝမ်ရှောင်လင်းတို့က တိုက်ပွဲကို ငေးကြည့်နေရင်း အံ့ဩသွားကြသည်။
သူတို့က သိုင်းခန်းမတွင် မည်မျှပင် လေ့ကျင့်ပါစေ ဤသည်မှာ တကယ့်ဂိုဏ်းကြီးများတွင် ပညာသင်ကြားထားသော သခင်လေးများကို အနီးကပ်တွေ့မြင်ရခြင်း ဖြစ်သည်။
ဆိုရလျှင် ဂိုဏ်းတစ်ဂိုဏ်းမှ သခင်လေးတစ်ဦး၏ ရုန့်ရင်းသော တိုက်ခိုက်မှုကို သူတို့အနေဖြင့် ပထမဆုံးအကြိမ် တွေ့မြင်ရခြင်းဖြစ်၏။
ချမ်းသာကြွယ်ဝသော ဒုတိယမျိုးဆက်ကလေးများ အားလုံးသည် အဖေအားကိုးဖြင့် အခြားကလေးများကို အနိုင်ကျင့်သော တိုက်ဂါးလျန့်ကဲ့သို့ မဟုတ်ကြပေ။
တိုက်ဂါးလျန့်သည် သူတို့ရပ်ကွက်တွင် ချမ်းသားကြွယ်ဝသော ဒုတိယမျိုးဆက် ဖြစ်သည်။
သို့သော် ကျန်းကျစ်တီနှင့် အခြားသော ဂိုဏ်းခေါင်းဆောင်များနှင့် နှိုင်းယှဉ်လျှင် လျန့်မိသားစု၏ မျှခြေမှော်ခန်းမသည် သူဌေးနှင့်ဆင်းရဲသားလို ကွာဟချက် အလွန်ကြီးမားနေသည်။
ဤသခင်လေးသုံးယောက်သည် မြင့်မားသော အဆင့်အတန်းဖြင့် မွေးဖွားလာကြသူများ ဖြစ်၏။
၎င်းတို့သည် မွေးဖွားလာပြီးချိန်မှစ၍ အကောင်းဆုံးသောအရာများကိုသာ ရရှိလာကြသည်။
ထို့ကြောင့် သခင်လေးများသည် ကဏ္ဍအားလုံးတွင် ရွယ်တူကလေးများထက် သာလွန်နေခဲ့ကြသည်။
ဖေဖေချန်းက တိုက်ပွဲကိုကြည့်ရင်း သက်ပြင်းကို အခါခါချလိုက်သည်။
အာဏာရှင်မြေကမ္ဘာဂိုဏ်းခေါင်းဆောင် ကျန်းကျစ်တီ၏ သားဖြစ်သူ ကျန်းဖျင်ရူသည် ၈နှစ်သာ ရှိသေးသော်လည်း သူတို့သိုင်းခန်းမရှိ ၁၁နှစ်နှင့် ၁၂နှစ်ကလေးများထက် ပို၍ပင်သန်မာသည်။
ချမ်းသာသော ဒုတိယမျိုးဆက်ကလေးများသည် မိသားစုနောက်ခံ ပိုမိုကောင်းမွန်လေလေ ငယ်စဉ်ကတည်းက ပုံမှန်လူများထက် ပိုမိုသင်ယူပြီး အလုပ်ကို ပိုမို ကြိုးစားရလေလေ ဖြစ်သည်။
ဆိုရိုးစကားတစ်ခုရှိသည်။
အခြားသူများက သင့်ထက် ချမ်းသာသော အဆင့်အတန်းတွင်မွေးဖွားခြင်းကို ကြောက်ရွံ့နေစရာမလိုအပ်။
သင့်ထက်ပိုချမ်းသာသူက သင့်ထက် အလုပ်ပို၍ ကြိုးစားမည်ကိုသာ ကြောက်ရွံ့ဖို့ လိုအပ်သည်။
ဖေဖေချန်းက ထိုဆိုရိုးစကားဖြင့် လေးနှစ်အရွယ် ချန်းချောင်လေးနှင့် ဝမ်ရှောင်လင်းတို့၏ စိတ်ဓာတ်များကို တစ်ချိန်တည်းတွင် လှုံ့ဆော်ပေးခဲ့သည်။
ထိုနေ့ညနေခင်းတွင် ဖေဖေချန်းသည် ရှောင်လင်းအမေ၊ သခင်လေးသုံးယောက်နှင့် သက်တော်စောင့်တို့ကို ညစာစားရန်အတွက် သိုင်းခန်းမသို့ ဖိတ်ခေါ်ခဲ့သည်။
မေမေချန်းက မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည်။
သခင်လေးသုံးယောက်အား ဖေဖေချန်းက ဖိတ်ကြားလိုက်သောအခါတွင် ကျန်းကျစ်တီနှင့် အခြားသူများသည် ပရိသတ်ချက်ဂရုတွင် ချက်ချင်းပင် သဘောတူလိုက်ကြသည်။
ဖေဖေချန်းက ဝမ်စစ်ထူ၏ ပရိသတ်ခေါင်းဆောင် ဖြစ်ရာ ဝမ်စစ်ထူကို လေးစားသောအားဖြင့် သူတို့သုံးယောက်က သဘောတူခဲ့ကြခြင်း ဖြစ်၏။
ဝမ်စစ်ထူက တစ်နှစ်တာ အကောင်းဆုံး စာရေးဆရာဆုကို ရရှိပြီးနောက်တွင် စာဖတ်သူအားလုံး၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။
ထို့အပြင် ကျင့်ကြံခြင်းလောကရှိ ဂိုဏ်းခေါင်းဆောင် အားလုံးနီးပါသည် သူ၏ဝတ္တုကို သုတေသန အစီအရင်ခံစာ ဖတ်သကဲ့သို့ ဝတ္တုအတွင်းရှိ နက်နဲသောအရာများကို စူးစမ်းလေ့လာခဲ့ကြသည်။
ညစာမစားမီတွင် လူတိုင်းသည် စားပွဲတွင်ထိုင်ကာ စကားစမြည်ပြောဆိုခဲ့ကြသည်။
သခင်လေးသုံးယောက်၏ ကြီးပြင်းလာမှုက ချန်းချောင်လေးနှင့်ယှဉ်လျှင် များစွာကွာဟကြောင်း ဖေဖေချန်း လေးနက်စွာ ခံစားခဲ့ရသည်။
သို့ရာတွင် ဖေဖေချန်းက လုံးဝစိတ်မပူပေ။
ချန်းချောင်က အသက်လေးနှစ်သာ ရှိသေး၍ သူ့အနေဖြင့် အစွမ်းကုန်ပျိုးထောင်ရန် အချိန်များစွာ ကျန်ပါသေးသည် မဟုတ်လော။
“အားလုံးရဲ့ကူညီမှုအတွက် အများကြီးကျေးဇူးတင်ပါတယ်”
ရှောင်လင်း၏ မိခင်က သူတို့ကို ထပ်ကာတလဲလဲ ကျေးဇူးတင်စကားဆိုလိုက်သည်။
ရိုးသားစွာဝန်ခံရလျှင် သူမသည် တိုက်ဂါးလျန့် ပြဿနာရှာရန် ထပ်မံ ရောက်ရှိလာမည်ကို တွက်ဆမိထား၍ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ပြီးပြီ ဖြစ်သည်။
ကျန်းကျစ်တီ စီစဉ်ပေးခဲ့သော ကိုယ်ရံတော်၏အမည်မှာ ကျူးကျင့် ဖြစ်သည်။
အချို့ကသူ့ကို ကျူးလေးဟုခေါ်ကြပြီး အချို့က အားကျင့်ဟုလည်း ခေါ်ကြသည်။
ကျူးကျင့်က ပြုံး၍ပြောလိုက်သည်။
“ရှောင်လင်းတို့အမေ.. ဒီနောက်ပိုင်းမှာ မင်းဘာမှစိတ်ပူစရာ မလိုတော့ဘူး.. ဒီကောင်က ထိုက်တန်တဲ့ သင်ခန်းစာကို ရသွားခဲ့ပြီ.. ငါတို့ရဲ့ သခင်လေးသုံးယောက်က ဒီနေ့ သိပ်မလှုပ်ရှားခဲ့ပါဘူး.. လက်ကောက်ဝတ်လေး အနည်းငယ် လှုပ်ရှားလိုက်ရုံလေးပါပဲ”
“ဘယ်လို.. ဒါက လက်ကောက်ဝတ်လေးကို လှုပ်ရှားလိုက်ရုံလေး.. ဟုတ်လား”
ချန်းချောင်က တိုက်ဂါးလျန့်၏ ဆိုးရွားသော အသွင်အပြင်ကို ပြန်သတိရမိလျှင် သူ၏ပေါင်ကို ကူကယ်ရာမဲ့စွာဖြင့် တစ်ချက် ရိုက်လိုက်မိသည်။
ထိုအချိန်က တိုက်ဂါးလျန့်ကို သူအမှန်တကယ် သနားမိသွားသည်။
တိုက်ဂါးလျန့်သည် ဓာတ်ဘောလုံးကဲ့သို့ပင် လေထဲသို့လွင့်ထွက်သွားပြီး ငါးမိနစ်ပြည့်ပြီးနောက်မှ ပြန်ကျလာခဲ့သည်။
ထို့ပြင် သူနှင့်အတူပါလာသည့် လက်ပါးစေကလေးများကလည်း သူ့ကို လုံးဝ မကူညီခဲ့ကြပေ။
အမှန်မှာ ထိုကလေးများသည် သခင်လေးသုံးယောက်၏ အစွမ်းအစကို မြင်လိုက်ရ၍ ကျွတ်ကြဲသွားကြခြင်း ဖြစ်၏။
“ကလေးကိုမှန်ကန်တဲ့အရာတွေ မလေ့လာခိုင်းဘဲ ကိုယ်တိုင်ပြဿနာသွားရှာခိုင်းတယ်.. အဖေကိုယ်တိုင်က နောက်ကနေမြှောက်ပေးနေတာ တကယ်ကို စက်ဆုပ်စရာပဲ”
ဖေဖေချန်းက ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ချန်း.. ဒါပေမဲ့ လျန့်ဟန် လက်စားချေမှာကို ကျွန်မကြောက်မိတယ်”
ရှောင်လေးမိခင်၏ မျက်နှာပေါ်တွင် စိုးရိမ်သောအမူအရာ တစ်ခု ရှိနေသည်။
သူမက နံဘေးတွင်ထိုင်နေသည့် ဝမ်ရှောင်လင်းကို ပွေ့ဖက်ထားရင်း ဝမ်ရှောင်လင်း၏အရိုးက အနည်းငယ် ပိုမိုသန်မာလာသလို ခံစားရသည်။
“စိတ်မပူပါနဲ့ရှောင်လင်းတို့အမေ.. သူ့စရိုက်ကို ငါကောင်းကောင်းနားလည်ပါတယ်”
ဖေဖေချန်းက ခေါင်းငြိမ့်၍ ပြောလိုက်သည်။
“ဒီကိစ္စကို စိတ်ပူနေစရာမလိုပါဘူး.. ငါတို့ရဲ့ဂိုဏ်းခေါင်းဆောင်သုံးယောက်က မျှခြေမှော်ခန်းမဆီကို ရှေ့နေကတဆင့် စာတွေပို့ထားပြီးပါပြီ”
ကျူးကျင့်က ရှောင်လင်းတို့အမေကို နှစ်သိမ့်လိုက်သည်။
“ဒီမျှခြေမှော်ခန်းမရဲ့ ခေါင်းဆောင်လျန့်သာ ဉာဏ်ရည်ထက်မြက်သူဆိုရင် လုံးဝ ပြဿနာရှာရဲတော့မှာ မဟုတ်ဘူး”
“ရှေ့နေက တဆင့် စာပို့လိုက်တာလား”
ဖေဖေချန်း မှင်တက်သွားခဲ့သည်။
“ဟုတ်တယ်.. ငါတို့ရဲ့ သခင်လေးသုံးယောက်က ဒဏ်ရာတွေရသွားခဲ့တယ်လေ.. ဒါကြောင့် သူတို့ဆီကို ရှေ့နေတွေ လွှတ်လိုက်တာပဲ”
ကျူးကျင့်က ပြောလိုက်သည်။
“သူတို့က ဘယ်နေရာမှာ ဒဏ်ရာရသွားလို့လဲ"
ဖေဖေချန်းက နားမလည်နိုင်စွာဖြင့် ပြန်မေးလိုက်သည်။
“အရမ်းကြီးမများပါဘူး.. နည်းနည်းပါးပါးပါပဲ”
ကျူးကျင့်က စကားကို ခေတ္တရပ်လိုက်ကာ လက်ဘက်ရည်တစ်ငုံသောက်ပြီးနောက် ဆက်ပြောလိုက်သည်။
“သူတို့က တိုက်ဂါးလျန့်ကို ပါးရိုက်ပြီးတဲ့အချိန်မှာ လက်သည်းတွေနည်းနည်းနာသွားခဲ့တယ်”
“ခွီး”
ချန်းချောင်က ရုတ်တရက်ရယ်မောလိုက်သည်။
ဖေဖေချန်းနှင့် ရှောင်လင်းတို့အမေက အာဏာရှင်မြေကမ္ဘာဂိုဏ်း၏ လှုပ်ရှားမှုကြောင့် လုံးဝ အံ့အားသင့်သွားခဲ့သည်။
အရိုက်ခံရသည်မှာ တိုက်ဂါးလျန့် ဖြစ်ကြောင်း ရှင်းလင်း
သိသာနေသော်လည်း လျန့်မိသားစုသည် ရှေ့နေမှတဆင့် စာများကို လက်ခံခဲ့ရသည်။
“ဒီလိုလည်း လုပ်လို့ရတယ်လား”
ထိုစကားကိုကြားလျှင် အားကျင့်က ပြုံး၍ ပြောလိုက်သည်။
“ဒီကမ္ဘာမှာ အကြွင်းမဲ့ တရားမျှတမှုဆိုတာ အစကတည်းက မရှိပါဘူး”
ချန်းချောင်တွင် အံ့ဩစရာကောင်းသည့် ပေါင်းသင်းဆက်ဆံရေး စွမ်းရည်ရှိသည်ဟု ဆိုရမည်။
ထမင်းစားအပြီးမှာပင် သူသည်သခင်လေးသုံးယောက်နှင့် ရင်းနှီးနေပြီး ဖုန်းနံပါတ်များကိုပင် ဖလှယ်ခဲ့သည်။
ချန်းချောင်က သခင်လေးသုံးယောက်နှင့် လေပေးဖြောင့်နေခဲ့သည်။
ဆိုလိုသည်မှာ သူသည် စကားပြောရာတွင် ပိုမိုချောမွေ့စွာ ပြောဆိုတတ်လာပြီ ဖြစ်၏။
အဆုံးသတ်တွင် သူသည် ဘာသာစကားအတတ်ပညာကို လေ့လာလိုက်စားခဲ့သည် မဟုတ်ပါလော။
ထိုကိစ္စနှင့်ပတ်သက်၍ ဖေဖေချန်းက အလွန်ပျော်ရွှင်နေခဲ့သည်။
အဆင့်အတန်းမြင့်မားသော သခင်လေးများနှင့် ခင်မင်ခွင့်ရသည်မှာ တကယ်ပင်ရှားပါးသည်။
ထို့အပြင် ဤသခင်လေးသုံးယောက်သည် ပုံမှန်အားဖြင့် အလွန်ပြည့်ကျပ်နေသည့် အချိန်ဇယားများ ရှိကြသည်။
ချန်းချောင်က ဤအခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့ခြင်း အတွက် အလွန်ပင် ကံကောင်းသည်ဟု ဆိုရမည်။
ချန်းချောင်က သခင်လေးသုံးယောက်နှင့် သူ၏ပုံမှန်နေ့ရက်များကို အကြမ်းဖြင်း နှိုင်းယှဉ်ကြည့်လိုက်သောအခါ သူကအမှန်တကယ်ပင် ဘာမှမဟုတ်ကြောင်း နားလည်သွားသည်။
သခင်လေးသုံးယောက်၏ တစ်နေ့တာ အချိန်စာရင်းတွင် ချန်းချောင် စိတ်ကူးထားသည်ထက်ပင် လေ့လာရသည့်အရာ အများအပြားရှိသည်။
အထူးသဖြင့် အသက် ၈နှစ်အရွယ်ရှိသည့် ကျန်းဖျင်ရူဖြစ်သည်။
၎င်းက မနက်ခြောက်နာရီကနေ မနက်နှစ်နာရီအထိ ဇယ်ဆက်သလို လေ့လာခဲ့ပြီး တစ်နေ့လျှင် လေးနာရီသာ အိပ်လေ့ရှိသည်။
ကျိုးကြောင်းဆီလျော်စွာတွေးခေါ်မှု၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်မှု၊ တက်ကြွစွာလေ့ကျင့်မှု၊ စိတ်ဝိညာဉ်ချီ အသက်ရှူလေ့ကျင့်မှု.. စသည့် သင်ခန်းစာအမျိုးမျိုးက သူ၏တစ်နေ့တာတွင် ပြည့်ကျပ်နေသည်။
အားကျင့်က သခင်လေးများကို ပြန်မခေါ်သွားမီတွင် ဖေဖေချန်းသည် ချန်းချောင်တစ်ယောက် အနက်ရောင် ဝတ်စုံပြည့် ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရပြီး အံ့အားသင့်သွားခဲ့သည်။
အင်္ကျီကအနည်းငယ်ကြီးနေသဖြင့် ချန်းချောင်က ဘောင်းဘီကိုလိပ်တင်ကာ အင်္ကျီလက်စများကို ခေါက်ထားရသည်။
“ချန်းချောင်.. မင်းဘာလို့ ဖျင်ရူရဲ့ အဝတ်အစားကို ဝတ်ထားရတာလဲ”
“သားကိုဝတ်စုံလဲဝတ်ဖို့ပြောတာက ဖျင်ရူကိုယ်တိုင်ပါ.. သူကသားတို့သိုင်းခန်းမရဲ့ ယူနီဖောင်းကို သဘောကျတယ်လေ.. ဒါကြောင့် သားကို ဝတ်စုံချင်း လဲဝတ်မလားလို့ မေးတဲ့အတွက် သားက သူနဲ့ အဝတ်အစားချင်း လဲလိုက်တာပဲ”
ချန်းချောင်က ရှင်းပြလိုက်သည်။
ဖေဖေချန်း “လေးစားမှုကင်းမဲ့လိုက်တာ”
ကျူးကျင့် “သခင်လေးက သဘောကျတယ်ဆိုရင် လဲလှယ်ခွင့်ပြုလိုက်ပါ.. ခေါင်းဆောင်ချန်း.. ဒါနဲ့မင်းရဲ့သားကို ကောင်းကောင်း လေ့ကျင့်ပေးပါ.. သူ့ရဲ့အရိုးအဆစ်က တော်တော်ကောင်းတာကို ငါသတိထားမိတယ်.. ငါတို့ဆီမှာ ငါတို့ဂိုဏ်းက သီးသန့်ထုတ်ထားတဲ့ အရိုးအားကောင်းဆေးအချို့ရှိတယ်.. အဲဒီဆေးတွေကို နှစ်ရက်အတွင်း လက်ဆောင်ပို့ပေးလိုက်ပါမယ်.. ခေါင်ဆောင်ချန်း.. ကျေးဇူးပြုပြီး ဘာမှအားနာမနေနဲ့”
အားကျင့်က ပြုံး၍ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ညီနောင်ဝက်”
ထိုသို့ပြောပြီးသည်နှင့် ဖေဖေချန်းက သူ့စကားမှားသွားမှန်း သိလိုက်သည်။
သူကကျူးလေးဟု သုံးနှုန်းရန်ပြင်ခဲ့သော်လည်း သူ့ဦးနှောက်က တစ်နည်းနည်းဖြင့် မှားခေါ်မိသွားသည်။
“တောင်းပန်ပါတယ် ညီနောင်အားကျင့်”
“ရပါတယ်ခေါင်းဆောင်ချန်း.. ငါကောင်းကောင်းနားလည်ပါတယ်”
“..........”
“အဲဒါကြောင့်ပဲ လူတွေကငါ့ကို အားကျင့်လို့ပဲ ခေါ်ကြတာများတယ်.. ငါ့ကို ကျူးလေးလို့ခေါ်ရင် တခြားအရာတွေကို တွေးဖို့လွယ်တယ်လေ”
အပိုင်း(၉၆၆) ပြီး၏