← Chapters

လျန့်ဟန်၏ ယုတ်မာသောအစီအစဥ်

Vol. 65 Ch. 968

လျန့်ဟန်၏ ယုတ်မာသောအစီအစဥ်

Vol. 65 Ch. 968

သူ၏တပည့်များကို လှည့်စား၍ ကိုယ်စား ကျိန်စာတိုက်ခိုင်းသင့်ပါသလော။

လျန့်ဟန်က ချက်ချင်းဆိုသလိုပင် မကောင်းသောအကြံအစည်ကို စဉ်းစားမိလိုက်သည်။

ဤသည်က ယုတ်မာသောအကြံအစည် ဖြစ်သော်လည်း သူ့တွင်တခြားနည်းလမ်း မရှိပေ။

သူက တိုက်ဂါးလျန့်၊ သူ့မိန်းမနှင့် သူ့မိခင်ကို ပြုစုစောင့်ရှောက်နေရပြီး ကိုယ်တိုင်လည်း အသက်ကြီးနေပြီဖြစ်သည်။

သို့သော် သူ၏ ကျောင်းသားများကမူ မတူကြပေ။

၎င်းတို့က ငယ်ရွယ်သေး၍ သူ့ထက် အသက်ပိုရှည်ရှည် နေရဦးမည် ဖြစ်သည်။

ထို့ကြောင့် ကျောင်းသားများ၏ ဘဝကို စတေးလိုက်သည်က သူကိုယ်တိုင် စတေးလိုက်သည်ထက် ပိုကောင်းသည်မဟုတ်ပါလော။

ထိုအကြောင်းကို တွေးနေရင်းဖြင့် လျန့်ဟန်၏ နှလုံးသားထဲတွင် ဆိုးယုတ်သောအတွေးများ ဝင်ရောက်လာခဲ့သည်။

သို့ရာတွင် လျန့်ဟန်သည် ထိုကျိန်စာ အမှန်တကယ် အလုပ်ဖြစ်မဖြစ် ဦးစွာ စမ်းသပ်သင့်သည်ဟု ယူဆခဲ့သည်။

သူက ကောက်ရိတ်သမား၏လျှာပေါ်ရှိ နာမည်ထည့်သည့်ဘောက်စ်တွင် ဖေဖေချန်း၏ အမည်ကိုရိုက်ထည့်ကာ ပျော့ပျောင်းသောကျိန်စာကို ရွေးချယ်ခဲ့သည်။

ချက်ချင်းပင် ကွန်ပျူတာစခရင်ပေါ်ရှိ ကောက်ရိတ်သမားသည် သူကိုင်ထားသော ကောက်ရိတ်ဓားကို ဝှေ့ယမ်းလိုက်ရာ ကွန်ပျူတာမျက်နှာပြင်တစ်ခုလုံး သွေးများစီးကျလာခဲ့သည်။

ထိုမြင်ကွင်းကြောင့် လျန့်ဟန်က စက္ကန့်အနည်းငယ်ကြာ မှင်တက်သွားခဲ့သည်။

သူအသိစိတ်ပြန်ဝင်လာသောအခါတွင်‌ ကောက်ရိတ်သမား၏ လျှာပေါ်၌ စကားလုံးတစ်လုံး ပေါ်ထွက်လာခဲ့သည်။

[

ပြုလုပ်ဆဲ]

“ဒီကျိန်စာက တကယ်ပဲအစစ်အမှန်လား”

လျန့်ဟန်က မယုံကြည်နိုင်စွာဖြင့် သူ၏ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။

ပျော့ပျောင်းသောကျိန်စာအတွက် သူ၏အသက်တစ်နှစ်ကို စတေးလိုက်သောကြောင့် အသက်ကြီးလာသည်နှင့်အမျှ သူ၏ရုပ်ပိုင်းဆိုင်ရာသည် တစ်ခဏအတွင်း ကျဆင်းသွားခဲ့သည်။

ထို့အပြင် အသားအရည်ကလည်း အနည်းငယ် ပျော့တွဲလာခဲ့၏။

ကျန်းမာစွာ အသက်ရှင်နေထိုင်လိုကြသော လူလတ်ပိုင်းများသည် နေ့စဉ်နေ့တိုင်း လုံ့လဝီရိယ စိုက်ထုတ်ပြီး လေ့ကျင့်ခန်းများကို ပြုလုပ်တတ်ကြသည်။

သူက လူလတ်ပိုင်းတစ်ယောက် ဖြစ်သည့်အပြင် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း အသက်တစ်နှစ်ကို စတေးလိုက်ပြီးနောက်တွင် သူ၏ခန္ဓာကိုယ်၌ ချက်ချင်းဆိုသလို ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာသည်။

ထို့ကြောင့် သူ့တပည့်များကို မလှိမ့်တပတ်ဖြင့် သူ့ကိုယ်စားကျိန်စာတိုက်ခိုင်းလျှင် ၎င်းတို့သည် အချိန်အတိုင်းအတာတစ်ခုအထိ အပြင်းဖျားသွားနိုင်သည်။

အကယ်၍ ထိုသို့ဖြစ်ခဲ့လျှင်ပင် လျန့်ဟန်သည် စိတ်မချမ်းမသာဖြစ်မည် မဟုတ်ပေ။

လက်ရှိအချိန်တွင် သူသည် အလွန်အမင်း ဝမ်းသာနေသည်။

ကျူးကဲ၏ကျေးဇူးကြောင့် သူ့အနေဖြင့် ကံကြမ္မာကို လှပသောကံကြမ္မာအဖြစ် ပြောင်းပြန်လှန်နိုင်တော့မည် မဟုတ်ပါလော။

နောက်တစ်နေ့တွင် လျန့်ဟန်သည် ကျိန်စာပရိုဂရမ်ကို စစ်ဆေးရင်း ပရိုဂရမ်၏အတွင်းပိုင်း စာတိုက်ပုံအတွင်းကနေ မိနစ်များစွာကြာမြင့်သည့် ဗီဒီယိုတစ်ခုကို လက်ခံရရှိခဲ့သည်။

လျန့်ဟန်က ထိုဗီဒီယိုကို ဖွင့်ကြည့်လိုက်ရာ ဗီဒီယိုထဲရှိလူသည် ဖေဖေချန်းဖြစ်နေသည်ကို သိလိုက်ရသည်။

ဗီဒီယိုကိုရိုက်ကူးသူက မည်သို့မည်ပုံ ရိုက်ကူးခဲ့သည်ကို သူသေချာမသိသော်လည်း လျန့်ဟန်သည် ထိုဗီဒီယိုကို တစ်စက္ကန့်မျှပင် မကျော်ဘဲ အစမှအဆုံးတိုင် ဂရုတစိုက်ကြည့်ရှုခဲ့သည်။

ဤဗီဒီယိုကို ဖေဖေချန်း၏ တစ်နေ့တာကံဆိုးခြင်း စုစည်းမှုဟုပင် ခေါ်ဆိုနိုင်၏။

မနက်၇နာရီတွင် ဖေဖေချန်းတစ်ယောက် သိုင်းခန်းမဝင်ပေါက်သို့ ရောက်ရှိလာသည့်အခိုက်တွင် တံခါးပေါ်၌ အနီရောင်ဆေးများ ရေးခြယ်ထားသည်ကို တွေ့ရှိခဲ့ရသည်။

“ဘယ်သူလက်ဆော့ထားတာများလဲ”

ဖေဖေချန်းက တံခါးတွင်ပေပွနေသော အနီရောင်ဆေးရည်များကြောင့် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။

သူကတံခါးပေါ်ရှိ အနီရောင်ဆေးကို ဆေးကြောခဲ့သော်လည်း ထိုအနီရောင်ဆေးမှာ ရေစိုခံပြီး အလွယ်တကူ ဆေးကြော၍မရနိုင်သော ဆေးအမျိုးအစားဖြစ်နေခဲ့သည်။

သူ့အနေဖြင့် တံခါးတစ်ခုလုံးကို ဖယ်ရှားပြီး အစားထိုးရန်အတွက် ပိုက်ဆံသုံးရန် လိုအပ်နေပြီ ဖြစ်သည်။

မှုတ်ဆေးဖြင့် လက်ဆော့သွားသူကို နစ်နာကြေးတောင်းရန် တိုင်တန်းခဲ့လျှင်ပင် အမှုက လနှင့်ချီ ကြာမြင့်မည် ဖြစ်၏။

ထိုထက် ဖေဖေချန်းကို စိတ်ပျက်စေသည့်အရာမှာ အနီရောင်ဆေးများ၏ ဘေးတွင် မှုတ်ဆေးဖြင့်ရေးထားသော စာလုံးအသေးလေးကြောင့် ဖြစ်သည်။

“တောင်းပန်ပါတယ်.. ဆေးဖြန်းတာမှားသွားလို့”

ဖေဖေချန်း “..........”

လျန့်ဟန် “..........”

ဤသည်မှာ ဗီဒီယို၏ပထမပိုင်း ဖြစ်သည်။

ဗီဒီယိုထဲမှ ဖေဖေချန်းကဲ့သို့ လျန့်ဟန်သည်လည်း ကွန်ပျူတာရှေ့မှာထိုင်နေပြီး အချိန်အတော်ကြာ စကားမပြောဖြစ်ခဲ့ပေ။

အကြောင်းတစ်ခုခုကြောင့် လျန့်ဟန်က ရယ်ချင်လာမိသည်။

သို့သော် ဖေဖေချန်း၏ကံဆိုးသောနေ့သည် ယခုမှအစသာ ရှိသေးသည်။

ဒုတိယပိုင်းမှာ မွန်းတည့်ချိန်တွင် ဖြစ်သည်။

ဖေဖေချန်းက ငါးဟင်းဖြင့် ထမင်းစားနေစဉ် လည်ချောင်းထဲတွင် ငါးရိုးတစ်ချောင်း နင်သွားပြီး ဆေးရုံသို့ချက်ချင်း ပြေးသွားခဲ့ရသည်။

လျန့်ဟန်ရရှိခဲ့သည့် ဗီဒီယိုထဲတွင် ဆရာဝန်သည် ဖေဖေချန်း၏ လည်ချောင်းထဲကနေ ငါးရိုးကို ထုတ်ယူခဲ့၏။

ထိုငါးရိုးကိုဆွဲထုတ်လိုက်သောအခိုက်တွင် ငါးရိုး၏ ထိပ်ဖျားသည် ဖေဖေချန်း၏လည်ချောင်းကို ရှမိ၍ သွေးများပင်အနည်းငယ် ထွက်လာခဲ့သည်။

“ဒါက တကယ်ကို အန္တရာယ်များလွန်းတယ်.. မင်းသာ နည်းနည်းလောက် နောက်ကျသွားရင် ဒီငါးရိုးက မင်းလည်ချောင်းကို ဖောက်ဝင်သွားမှာပဲ”

ခွဲခန်းထဲရှိ ဖေဖေချန်း၏ မျက်နှာက ရှုံ့မဲ့သွားသည်။

အရိုးကထုတ်ကာစသာ ရှိသေးသောကြောင့် သူ့အသံက ကွဲရှရှဖြစ်နေခဲ့သည်။

“ဒါပေမဲ့ ဒေါက်တာ.. ကျွန်တော်ဝယ်စားတဲ့ငါးက အကြေးခွံနဲ့ အရိုးမရှိတဲ့ငါးလေ”

ထိုငါးမျိုးမှာ ဈေးကွက်တွင် အလွန်ရေပန်းစားသော ငါးဖြစ်သည်။

ငါး၏အမည်အတိုင်းပင် ၎င်းသည် အရိုးမရှိ အကြေးခွံမရှိသော ငါးဖြစ်သည်။

ဆိုရလျှင် ထိုငါးသည် ကလေးရောလူကြီးပါ စားနိုင်ပြီး အသားအရသာ အလွန်ကောင်းသည်။

ကျိုးကြောင်းဆီလျော်စွာပြောရလျှင် သူ့အနေဖြင့် ငါးအရိုးနင်ရန် မည်သို့မျှမဖြစ်နိုင်ပေ။

“ငါးကလတ်ဆတ်ရဲ့လား”

“အင်း.. အရမ်းကြီးတော့ မလတ်လောက်ဘူး”

“ဒါဆို မင်းမသိသေးတာဖြစ်မယ်.. ဒီလို ငါးမျိုးတွေကိုဝယ်တဲ့အခါ ငယ်ငယ်ရွယ်ရွယ်နဲ့ အရွယ်ရောက်ပြီးသား ငါးတွေကို ရွေးဝယ်ရမယ်.. တကယ်တော့ ဒီလိုငါးက အမှန်တကယ် အရိုးမရှိတာတော့ မဟုတ်ဘူး.. အရိုးတွေက အလွန်ပျော့ပျောင်းတဲ့အတွက် စားသုံးတဲ့အခါမှာ အရိုးမရှိဘူးလို့ ထင်ရတာပဲ..

ဒါပေမဲ့ ငါးအိုကြီးတွေကို ဝယ်ရင်တော့မတူဘူးပေါ့”

“ငါးအိုကြီးတွေဝယ်ရင် ဘာဖြစ်လို့လဲ”

ဖေဖေချန်းက အံ့ဩစွာဖြင့် မေးလိုက်သည်။

“ငါးအိုကြီးတွေက စားလို့တော့ရပေမဲ့ အရိုးတွေ ပေါက်နေတတ်တယ်လေ”

ဒေါက်တာက ပြန်ဖြေလိုက်သည်။

ဖေဖေချန်း “..........”

ခြောက်မိနစ်ကြာဗီဒီယို၏ အောက်ဆုံးနှစ်မိနစ်သည် ဆေးရုံအပြန်လမ်းမှ ဖေဖေချန်း၏ပုံရိပ် ဖြစ်သည်။

ဖေဖေချန်း၏တက္ကစီသည် သိုင်းခန်းမနှင့် မနီးမဝေး လမ်းဆုံသို့အရောက်တွင် စတီးတုံးများ တင်ဆောင်လာသော ထရပ်ကားတစ်စီးသည် ထိန်းမနိုင်သိမ်းမရဖြစ်ကာ ဖေဖေချန်းကိုတက္ကစီကို ခေါင်းချင်းဆိုင် တိုက်လုနီးပါး ဖြစ်ခဲ့သည်။

ကံကောင်းစွာပင် တက္ကစီယာဉ်မောင်းသည် ကျွမ်းကျင်ပြီး ဖြတ်ထိုးဉာဏ်ရှိသူဖြစ်၏။

သူက ထရပ်ကား၏လမ်းကြောင်းကို မှန်းဆကာ ကွေ့ပတ်ရှောင်တိမ်း၍ ဘေးကင်းသောဇုန်တွင် ကားကိုရပ်တန့်လိုက်သည်။

ထို့နောက်တွင် စတီးတုံးများ တင်ဆောင်လာသော ထရပ်ကားသည် လမ်းဘေးရှိ အတားအဆီးကို ဝင်တိုက်မိပြီး ကား၏ ရှေ့ကနေ အဖြူရောင်မီးခိုးများ ထွက်လာခဲ့သည်။

“ဒီနေ့ငါ တကယ်ကံမကောင်းတာပဲ”

ဗီဒီယိုထဲတွင် ဖေဖေချန်းသည် ထရပ်ကား၏ ဖြစ်အင်ကို ငေးကြည့်နေခဲ့သည်။

သူ၏အမူအရာက အနည်းငယ် တုန်လှုပ်ခြောက်ခြားနေပုံရသည်။

ဖေဖေချန်း၏ပုံရိပ်များကို ဖန်သားပြင်ရှေ့တွင် ထိုင်ကြည့်နေသည့် လျန့်ဟန်က ထိုမြင်ကွင်းကြောင့် ဝမ်းသာပီတိဖြစ်မိသွားသည်။

သူက သက်တမ်းတစ်နှစ်သာ စတေးရသော်လည်း ဖေဖေချန်းကိုသတ်လုနီးပါး ဖြစ်ခဲ့ရသည်မဟုတ်လော။

ထို့ပြင် ဖြစ်ပျက်ခဲ့သည့်အရာများကို ဗီဒီယိုတစ်ခုအဖြစ် အေးအေးလူလူ ထိုင်ကြည့်၍ရသဖြင့် လျန့်ဟန်သည် အလွန်အမင်း ပျော်ရွှင်နေခဲ့သည်။

သူ၏ ကျိန်စာတိုက်မှုက ချန်ရီကို အမှန်တကယ် ဒုက္ခရောက်စေပြီး တစ်နေ့တာလုံး ကံမကောင်းဘဲ သေလုနီးပါး ဖြစ်စေခဲ့သည်။

ထို့ပြင် ဤသည်က ပျော့ပျောင်းသော ကျိန်စာအဆင့်သာ ရှိသေးသည်။

လျန့်ဟန် စိတ်လှုပ်ရှားသွားခဲ့သည်။

ထိုသို့ဆိုလျှင် အလယ်အလတ်ကျိန်စာ၏ သက်ရောက်မှုက မည်သည့် အတိုင်းအတာအထိ ရှိနိုင်ပါသနည်း။

လျန့်ဟန်က မျက်ခုံးပင့်လိုက်သည်။

သူကဗီဒီယိုကို ကြည့်ရှုပြီးနောက်တွင် အချိန်အတော်ကြာအောင် ဝမ်းသာပီတိဖြစ်နေခဲ့သည်။

ဖေဖေချန်း၏ ကံမကောင်းသည့်တစ်နေ့တာကို မြင်တွေ့ပြီးနောက်တွင် လျန့်ဟန်သည် ဖေဖေချန်း ဒုက္ခရောက်မည်ကို မစောင့်နိုင်တော့သလို ဖြစ်လာခဲ့သည်။

“အလယ်အလတ်ကျိန်စာက ဘယ်လိုမျိုးလဲဆိုတာ ငါစမ်းကြည့်မယ်”

လျန့်ဟန်က အလွန်ပင်စိတ်လှုပ်ရှားနေခဲ့သည်။

ပျော့ပျောင်းသောကျိန်စာသည် ဖေဖေချန်းကို သတ်လုနီးပါး ဖြစ်စေခဲ့လျှင် အလယ်အလတ် ကျိန်စာသည် ဖေဖေချန်းကို မသေတသေ အဆင့်ထိ ဖြစ်သွားစေမည်လား သူမသိပေ။

ထို့နောက်တွင် လျန့်ဟန်သည် ခဏလောက် စဉ်းစားလိုက်ပြီး ကောက်ရိတ်သမား၏ လျှာပေါ်တွင် နာမည်အသစ် တစ်ခုကို ရေးသားလိုက်သည်။

“ချန်းချောင်…”

တကယ်တမ်းတွင် သူ၏ရည်ရွယ်ချက်သည် ချန်ရီ၏ သေဆုံးခြင်းမဟုတ်ဘဲ ချန်ရီကို နာကျင်အောင်လုပ်ရန် ဖြစ်သည်။

ထို့ကြောင့်သူက ချန်းချောင်ကို ကျိန်စာတိုက်လျှင် ဖခင်ဖြစ်သူ ချန်ရီသည် ပို၍ပင် နာကျင်ခံစားရမည်မှာ သေချာ၏။

ထိုအတွေးကြောင့် လျန့်ဟန်က သူ့ကိုယ်သူထက်မြက်လွန်းသည်ဟု ထင်နေခဲ့သည်။

အပိုင်း(၉၆၈) ပြီး၏

All Chapters