ခန္ဓာကိုယ်ဉာဏ်အလင်းပေး မှော်စွမ်းရည်
Vol. 65 Ch. 970
“ဉာဏ်အလင်းရသွားတာလား”
ဘုန်းတော်ကြီး၏စကားကြောင့် ဖေဖေချန်းက အံ့ဩသွားခဲ့သည်။
ခန္ဓာကိုယ်က ဉာဏ်အလင်းရနိုင်ကြောင်းကို ဤနှစ်များတလျှောက်လုံးတွင် သူ့အနေဖြင့် ပထမဆုံးအကြိမ် ကြားသိဖူးခြင်းဖြစ်၏။
“ငါကခန္ဓာကိုယ်တစ်ခုလုံး ဉာဏ်အလင်းပေးတဲ့ ဝန်ဆောင်မှုမျိုး တော်ရုံမပေးတတ်ပေမဲ့ ဒီကလေးရဲ့ အခြေအနေကတော့ ထူးခြားတယ်.. ဘုရားတည်တာထက် လူ့အသက်ကို ကယ်တာက ပိုပြီးမွန်မြတ်ပါတယ်.. ဒီအတွက် ကုန်ကျစရိတ်လည်း ပေးစရာမလိုပါဘူး”
ဘုန်းတော်ကြီးက ပြုံး၍ပြောလိုက်သည်။
“ကလေးအပြည့်အဝ ပြန်ကောင်းလာတဲ့အခါကျရင် မင်းတို့မိသားစုအနေနဲ့ လဝက်လောက် တရားစခန်းလာဝင်ဖို့ ငါမျှော်လင့်တယ်”
ဖေဖေချန်းက ချန်းချောင်၏ နဖူးကို စမ်းသပ်ကြည့်လိုက်ရာ ချန်းချောင်က အလွန် အားနည်းနေသေးသော်လည်း အမှန်တကယ်ပင် အဖျားပျောက်သွားကြောင်း တွေ့ရှိလိုက်ရသည်။
ခန္ဓာကိုယ်ကို ဉာဏ်အလင်းပေးပြီး ကျိန်စာတိုက်ခြင်းကို အမှန်တကယ် ချေဖျက်နိုင်ခဲ့ပုံရ၏။
ထို့ကြောင့် ဖေဖေချန်း၏ မျက်နှာပေါ်တွင် ဘုန်းတော်ကြီးကို လေးစားသော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
“ဘုန်းတော်ကြီးရဲ့ဘွဲ့အမည်က ဘယ်လိုခေါ်လဲ”
“ဒီက အညတရ ဘုန်းကြီးရဲ့ ဗုဒ္ဓဘာသာဘွဲ့အမည်က ကျင့်သန်းပါ”
ထို့နောက်တွင် ဘုန်းတော်ကြီး ကျင့်သန်းက ပြတ်သားသောလေသံဖြင့် ပြောလိုက်သည်။
“မင်းတို့ကို တရားစခန်းလာဝင်ဖို့ပြောတာက ငါ့ရဲ့အလုပ်တွေကို ခိုင်းချင်လို့မဟုတ်ဘူး.. နောက်ထပ် ၁၅ရက်အတွင်းမှာ ဒီကိစ္စရဲ့ နောက်ကွယ်မှာရှိတဲ့လူက မင်းတို့ကို ထပ်ပြီး တိုက်ခိုက်လာမယ်လို့ ငါခံစားနေမိလို့ပဲ.. ငါ့ရဲ့ ဘုန်းကြီးကျောင်းက နည်းနည်းတော့ စုတ်နေပါပြီ.. ဒါပေမဲ့လည်း မင်းတို့ကို မကောင်းမှုကနေ ကာကွယ်ပေးပြီး မကောင်းတဲ့ကံကြမ္မာကို ကောင်းတဲ့ကံကြမ္မာအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်”
“ကျေးဇူးအများကြီးတင်ပါတယ် ဘုန်းတော်ကြီး”
ဖေဖေချန်းက လေးနက်စွာပြုံး၍ ခေါင်းညိမ့်လိုက်သည်။
တစ်ဖက်မှ ကျိန်စာတိုက်သူ၏ လုပ်ရပ်မှာ တကယ်ကို ယုတ်မာလွန်းသည်။
အမြဲလိုလိုကျန်းမာရေး ကောင်းမွန်နေသည့် ချန်းချောင်လေးသည် ရုတ်တရက် အအေးမိသွားခဲ့ပြီး ခန္ဓာကိုယ်တွင် မည်သည့်အမှားအယွင်းကိုမှ ဆေးရုံက ရှာမတွေ့ခဲ့ပေ။
ဒေါက်တာလျှိုမင်ကြောင့်သာ ကျိန်စာတိုက်ခံခဲ့ရကြောင်း သူသိခဲ့ရသည်။
အကယ်၍သာ ဒေါက်တာလျှိုနှင့် ဘုန်းတော်ကြီးကျင့်သန်းတို့ကြောင့်သာ မဟုတ်ခဲ့လျှင် ချန်းချောင်သည် ကျိန်စာ၏ ပယောဂကြောင့် နာမကျန်းဖြစ်ကာ သေဆုံးသွားတော့မည်ဖြစ်သည်။
ဤအတွေးကြောင့် ဖေဖေချန်းသည် ကူကယ်ရာမဲ့ကာ နှဖူးပေါ်ကနေ ချွေးစေးများ ကျဆင်းလာခဲ့သည်။
သူ့အပေါ်တွင် အတိုင်းအဆမရှိသော အညှိုးတရားရှိသူမှာ ဂိုဏ်းတစ်ခုထဲမှ စီနီယာအစ်ကို ဖြစ်သည့် လျန့်ဟန်မှလွဲ၍ အခြားသူကို ဖေဖေချန်း စဉ်းစား၍မရပေ။
လျန့်ဟန်က ဤမျှအထိ လုပ်လိမ့်မည်ဟု ဖေဖေချန်း တစ်ခါမှ မထင်ထားခဲ့ချေ။
“တရားစခန်းဝင်ဖို့ကိစ္စကို နှောင့်နှေးလို့မရဘူး.. မနက်ဖြန်လာနိုင်ရင် အကောင်းဆုံးပဲ”
ဤစကားများသည် ဘုန်းတော်ကြီးကျင့်သန်း၏ နောက်ဆုံးစကားများဖြစ်သည်။
ထိုစကားကို ဖေဖေချန်းသည် ဘုန်းကြီးကျောင်းမှ မထွက်ခွာမီ မှာကြားခဲ့ခြင်းဖြစ်၏။
“ကျေးဇူးတင်ပါတယ် ဘုန်းတော်ကြီး.. ကိစ္စတွေအားလုံးစီစဉ်ပြီးတာနဲ့ မနက်ကိုလာခဲ့ပါမယ်”
ဖေဖေချန်းက ခေါင်းငြိမ့်လိုက်သည်။
သူ၏နောက်ထပ်အလုပ်မှာ မေမေချန်းကို စည်းရုံးရန်ဖြစ်သည်။
ဖေဖေချန်းက သူတို့မိသားစုမရှိလျှင် ရှောင်လင်းတို့အမေကို အလွန်စိုးရိမ်သောကြောင့် ရှောင်လင်းတို့ သားအမိကိုပါ ဘုန်းကြီးကျောင်းသို့ လိုက်လာရန် စည်းရုံးခဲ့သည်။
ဖေဖေချန်း၏စည်းရုံးမှုက အမှန်တကယ်ပင် အောင်မြင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဖေဖေချန်းသည် ဗုဒ္ဓထံတွင် တစ်ခါမှဆုမတောင်းဖူးသော ဘာသာမဲ့တစ်ဦး ဖြစ်သောကြောင့်ပင်။
ယခုတော့ ဖေဖေချန်းက ရုတ်တရက် ကောက်ကာငင်ကာ တရားစခန်းဝင်ရန် စီစဉ်နေ၏။
ယင်းအပြင် သူ့သဘောထားက အလွန်တရာ လေးနက်နေပုံရသည်။
ဖေဖေချန်းထံမှ အကျိုးအကြောင်းကို ကြားရလျှင် မေမေချန်းနှင့် ရှောင်လင်းတို့အမေက ချက်ချင်းဆိုသလို အံ့ဩသွားကြသည်။
“ဘုန်းတော်ကြီးကျင့်သန်းလား”
သူမက ထိုအမည်နှင့် ရင်းနှီးသည်ဟု ခံစားနေရကာ ထပ်ကာတလဲလဲ တွေးတောနေမိသည်။
တရားစခန်းဝင်မည့် ပထမဆုံးနေ့တွင် ဖေဖေချန်းသည် ချန်းချောင်၊ မေမေချန်းနှင့် ရှောင်လင်းတို့သားအမိကို ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်လာခဲ့သည်။
ဖေဖေချန်းက သိုင်းသင်တန်းခန်းမကို ခေတ္တပိတ်ထားခဲ့ပြီး ရက်အနည်းငယ်ခရီးထွက်မည်ဟု ကျောင်းသားများကို အကြောင်းကြားခဲ့သည်။
ဤရက်ပိုင်းအတွင်း ကျောင်းသားများ ဆုံးရှုံးခြင်းမှ ကင်းဝေးစေရန်အတွက် တစ်ဦးချင်းစီကို အခမဲ့ အတန်းနှစ်တန်း ပေးမည်ဖြစ်၏။
သူတို့၏လုပ်ငန်းကို လဝက်မျှ ပိတ်ထားလိုက်သည်က တကယ်တမ်းတွင် ချန်းမိသားစု၏ ဝင်ငွေအပေါ်၌ အတော်လေး သက်ရောက်မှုရှိ၏။
သို့ရာတွင် အရာအားလုံးထက် ကျန်းမာရေးက ပိုအရေးကြီးသည် မဟုတ်လော။
ဖေဖေချန်းက ကျိန်စာတိုက်သူမှာ လျန့်ဟန်မှန်း ရိပ်စားမိသော်လည်း လျန့်ဟန်က မည်ကဲ့သို့ ကျိန်စာတိုက်သည် သို့မဟုတ် ထိုကျိန်စာကို မည်သို့ခုခံရမည်မှန်း မသိခဲ့ပေ။
ကံကောင်းထောက်မစွာပင် ဘုန်းတော်ကြီးကျင့်သန်းက သူတို့ကိုလမ်းပြပေးခဲ့သည်။
“ဒကာတော်.. ဒီဘုန်းတော်ကြီးကျောင်းကို မင်းရဲ့အိမ်လို့ သဘောထားလိုက်.. မင်းစိတ်ကို ရှင်းအောင်ထားပြီး ပျော်ရွှင်တဲ့ဘဝကို လဝက်လောက် ဖြတ်သန်းနိုင်မယ်လို့ ငါမျှော်လင့်တယ်”
ထို့နောက်တွင် ဘုန်းတော်ကြီးတစ်ပါးက သူတို့ကို ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ လေးထောင့်အိမ်ကလေးဆီသို့ ခေါ်သွားခဲ့သည်။
ဖေဖေချန်းက သူတို့မိသားစုသာမက အခြားသော မိသားစုများလည်း တရားစခန်းဝင်ရန် ရောက်လာကြသည်ကို မြင်ခဲ့ရသည်။
“ကျေးဇူးတင်ပါတယ် ဘုန်းတော်ကြီး”
ဖေဖေချန်းက လက်အုပ်ချီ၍ ပြောလိုက်သည်။
“ဒါနဲ့ဘုန်းတော်ကြီးကျင့်သန်းက အခုဘယ်ရောက်နေလဲ”
“ဆရာက ပင်မကျောင်းဆောင်မှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ဟောပြောနေတယ်.. ဒါက ဆရာ့ရဲ့ ပုံမှန်သင်ကြားရေးအပိုင်းပါပဲ.. ဒကာတော် စိတ်ဝင်စားရင် ဝင်နားထောင်လို့ ရပါတယ်”
ဘုန်းတော်ကြီးက ပြုံး၍ပြောလိုက်သည်။
ပင်မခန်းမဆောင်တွင် တရားဟောပြောနေသည်မှာ ဘုန်းတော်ကြီးကျင့်သန်းဖြစ်သည်။
ဘုန်းတော်ကြီးကျင့်သန်းက ယခုအခါတွင် အခြားသူများအား တရားဟောပြောနေသောကြောင့် ဖေဖေချန်းက စကားစမြည် သွားရောက်ပြောဆိုရန် မသင့်တော်ပေ။
ထို့ကြောင့် ဖေဖေချန်းက အချိန်ကို အကျိုးရှိစွာ အသုံးချရန်အတွက် ဘုန်းတော်ကြီးကျင့်သန်း တရားဟောနေသည့် ပင်မခန်းမဆောင်သို့ မေမေချန်းတို့ အားလုံးကို ခေါ်သွားခဲ့သည်။
ပင်မခန်းမဆောင်တွင် လူအများအပြား ရှိနေသည်။
ဖေဖေချန်းတို့လူစုက လစ်လပ်နေသော ဖျာများပေါ်တွင် ဝင်ထိုင်လိုက်ကြသည်။
နောက်ပိုင်းတွင် ထိုတရားလာနာသော သူများသည် ဘုန်းတော်ကြီးကျင့်သန်း၏ ဘုန်းကြီးကျောင်းသို့ ပုံမှန်လာရောက်သူများ ဖြစ်ကြောင်း ဖေဖေချန်း သိလိုက်ရသည်။
တရားစခန်းဝင်နေစဉ် ကာလအတွင်း ရေ၊မီးနှင့် တည်းခိုနေထိုင်စရိတ်ကို ပေးဆောင်ထားသရွေ့ သင်ဆန္ဒရှိသလောက် ဘုန်းကြီးကျောင်း၌ နေထိုင်နိုင်ပေသည်။
ထို့ပြင် နေရာထိုင်ခင်းအတွက်လည်း အလွန်ပင်ဈေးသက်သာ၏။
ဆိုရလျှင် ဘုန်းတော်ကြီးကျင့်သန်း၏ ဘုန်းကြီးကျောင်းသည် ကိုးကွယ်သူ အများအပြား ရှိသည်။
ထို့ကြောင့် ဘုန်းတော်ကြီးကျင့်သန်းက အမှန်တကယ်အရည်အချင်းရှိသူ ဖြစ်မှန်း ထင်ရှားနေသည်။
သူတို့ ရောက်ရှိသွားသည့်အချိန်က ဘုန်းတော်ကြီးကျင့်သန်း၏ အမေးအဖြေကဏ္ဍအချိန် ဖြစ်သည်။
ထိုအချိန်တွင် ဘုန်းတော်ကြီးကျောင်းကို ရောက်လာသူများသည် မေးခွန်းပေါင်းများစွာကို မေးလေ့ရှိကြသည်။
ထိုထဲမှအချို့မှာ ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်သူများဖြစ်ပြီး သံသယရှိသည့် မေးခွန်းတိုင်းကို လာရောက်မေးမြန်းလေ့ရှိသည်။
အချို့ကမူ အနယ်နယ်အရပ်ရပ်မှ ရောက်လာကြပြီး ဘုန်းတော်ကြီးကျင့်သန်းထံ၌ လမ်းညွှန်မှုကို ရှာဖွေကြခြင်း ဖြစ်၏။
၎င်းတို့က မေးခွန်းအမျိုးအစား အားလုံးကို ဘုန်းတော်ကြီးကျင့်သန်းအား မေးလေ့ရှိသည်။
ကတုံးကေနှင့် နည်းပညာသမား “ဘုန်းတော်ကြီးကျင့်သန်း.. မနေ့က ကျွန်တော့် ကွန်ပျူတာစခရင်မှာ ရွေးချယ်စရာ နှစ်ခု ပေါ်လာတယ်.. ကွန်ပျူတာကို အက်ပ်ဒိတ်လုပ်မလား ဒါမှမဟုတ် ကျော်သွားမလားလို့ ရွေးခိုင်တယ်.. ကျွန်တော်လည်းဘာလုပ်ရမှန်းမသိဘူး”
“ဒါက လုံခြုံရေးဆိုင်ရာ ဆော့ဖ်ဝဲအချက်ပေးမှုတစ်ခုလား”
ဘုန်းတော်ကြီးကျင့်သန်းက ခပ်ယဲ့ယဲ့ပြုံး၍ မေးလိုက်သည်။
“ဘုန်းတော်ကြီးက ကြိုသိနေတာလား”
“ဟုတ်တယ်.. အဲဒါက လုံခြုံရေးဆော့ဖ်ဝဲတစ်ခုပါပဲ”
“ကျွန်တော်ဘာဆက်လုပ်သင့်လဲဆိုတာ ညွှန်ကြားပေးပါ”
“ဒကာတော်.. မင်းက အရမ်းကိုအတွေးလွန်နေတာပဲ.. တကယ်တော့မင်းမှာ တတိယရွေးချယ်စရာရှိပါသေးတယ်.. အဲဒီဆော့ဖ်ဝဲကို ဖြုတ်ပစ်လိုက်ပါ”
“ဝိုး.. ဘုန်းတော်ကြီးကျင့်သန်းက တကယ်ကို ပညာရှိတာပဲ”
လူတိုင်း “..........”
ဒုတိယမေးခွန်းမှာ ဘုန်းတော်ကြီးကျောင်းတွင် တရားစခန်းဝင်နေသည့် အိမ်ထောင်ရှင်အမျိုးသမီး၏ မေးခွန်းဖြစ်သည်။
သူမက ဘုန်းတော်ကြီးကျင့်သန်း ထံ၌ မေးခွန်းမေးရန် အတွက် တန်းစီနေရသည်မှာ ကြာမြင့်နေပြီးဟု ဖေဖေချန်းကြားသိခဲ့ရသည်။
ယနေ့ကမူ သူမ၏အလှည့် ဖြစ်သည်။
အဆုံးသတ်တွင် မေးခွန်းမေးရန် သူမ အလှည့်ရောက်လာ၍ သူမ၏မျက်လုံးတွင် မျက်ရည်များနှင့် ပြည့်နှက်နေခဲ့သည်။
“ဘုန်းတော်ကြီး.. ကျွန်မရဲ့သားက အိုင်ဒေါလ် တစ်ယောက်အနေနဲ့ ပွဲထွက်ဖို့ အပြင်းအထန်ကြိုးစားနေတယ်.. ကျွန်မဘာဆက်လုပ်သင့်လဲ”
“အိုင်ဒေါလား.. ဒါက ဒီနေ့ခေတ်ကလေးများစု အားကျရတဲ့အလုပ်ပဲ.. ရေဘယ်လောက်နက်တယ်ဆိုတာ သူတို့အနေနဲ့နည်းနည်းမှမသိကြတဲ့ အတွက် ပေါ့ပေါ့တန်တန်ပဲ စိတ်ကူးယဉ်တတ်ကြတယ်”
ဘုန်းတော်ကြီးကျင့်သန်းက သက်ပြင်းချ၍ ပြောလိုက်သည်။
“ဘုန်းတော်ကြီးပြောတာ မှန်ပါတယ်.. ဒါပေမဲ့ ကျွန်မသားက ကျွန်မစကားကို နားမထောင်ဘူး”
အိမ်ထောင်ရှင်အမျိုးသမီးက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“ဒါဆိုမင်းကို ကဗျာတစ်ပုဒ်ရေးပေးလိုက်မယ်.. အဲဒီကဗျာကို သားလေးရဲ့ ခေါင်းအုံးပေါ်မှာ တင်ထားလိုက်ပေါ့”
“ဘယ်လိုကဗျာမျိုးလဲ ဘုန်းတော်ကြီး”
အမျိုးသမီးက ပြန်မေးလိုက်သည်။
ဘုန်းတော်ကြီးကျင့်သန်းက ရွှေရောင်စာရွက်တစ်ရွက်ကို ထုတ်ကာ လက်တန်းပင်ချရေးလိုက်သည်။
“ကိုယ်လူချောရဲ့ ကကွက်ဆန်း
ကိုယ့်ဘာသာကိုယ် ပတ်ချာလည် မူးအောင်ကြမ်း
အမွှေးဆီလိမ်း အိုင်းလိုင်နာဆိုး
မိန်းမရနံ့ လှိုင်လှိုင် ထွက်သကိုး
ရှူးဖိနပ်ကိုဝတ် ခြေစွပ်ရှည်စွပ်
ဖဲပြားပွင့်များ ခါးတင်ထား
အဆိုနဲ့အကရော ပိုင်သတဲ့လား
ယောက်ျားလေးလား မိန်းကလေးလား"
“ပြီးပြီ.. ဒါက သူ့အတွက် ငါကိုယ်တိုင် ရေးထားပေးတဲ့ ကဗျာပဲ”
“ဘုန်းတော်ကြီးကျင့်သန်းက ကဗျာလည်း စပ်တတ်တာပဲ.. တကယ်ကို အံ့ဩဖို့ကောင်းတယ်”
“မင်းက ငါ့ကိုမြှောက်ပင့်နေတာလား”
ဘုန်းတော်ကြီးကျင့်သန်းက ရယ်မောလိုက်သည်။
“ဒီကဗျာက ယနေ့ခေတ် အမျိုးသားအိုင်ဒေါလ်တွေရဲ့ အခြေအနေကို အကျဉ်းချုံးပြီးရေးထားတာပါ.. မင်းရဲ့သားက တော်တော်လေးငယ်ဦးမယ်လို့ ငါထင်တယ်.. ဒီအရွယ်က စာကျက်သင့်တဲ့အရွယ်လေ.. လုံ့လဝီရိယရှိရှိနဲ့ ကြိုးစားရင် အနာဂတ်မှာ အောင်မြင်မှာ သေချာပါတယ်.. ဒီကမ္ဘာမြေပေါ်မှာ ရှိနေသရွေ့ အခွင့်အရေးဆိုတာ တစ်ချိန်တော့ ပေါ်လာမှာပါ”
အပိုင်း(၉၇၀) ပြီး၏