ကောင်းချီးပါးစပ်၏ ပထမဆုံးပြသသော ခွန်အား
Vol. 65 Ch. 971
လျန့်ဟန်က နောက်ထပ် ဗီဒီယိုတစ်ခုကို လက်ခံရရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင် အသိပေးချက်တစ်ခု ပါလာခဲ့သည်။
အသိပေးချက်တွင် ရေးထားသည်မှာ…
“လေးစားအပ်ပါသော အသုံးပြုသူ.. ကျိန်စာဝန်ဆောင်မှုကို ထပ်မံ အသုံးပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်.. အလယ်အလတ်ကျိန်စာ အတွက် ပိတ်ဆို့ထားသောကြောင့် ကျိန်စာမပြီးမြောက်ခဲ့ပါ.. ကျိန်စာဝန်ဆောင်မှု စည်းမျဉ်းအရ ကျိန်စာသက်ရောက်မယ့် နေရာရဲ့ အနီးတဝိုက်မှာ ငလျင်လှုပ်ခြင်း၊ သို့မဟုတ် ဆူနာမီကဲ့သို့ သဘာဝဘေးအန္တရာယ် တစ်ခုခု ဖြစ်ပွားတဲ့အခါက လွဲလို့ ကျိန်စာလုပ်ငန်းစဉ် အတွင်း ပိတ်ဆို့ခံရတဲ့ဖြစ်ရပ်မှာ ကျွန်တော်တို့အနေဖြင့် ပြန်အမ်းငွေမပေးပါ”
လျန့်ဟန် “..........”
ဤသည်က အနည်းငယ် မတရားပေ။
လျန့်ဟန်က နောက်ဆုံးထွက်ဗီဒီယိုကို ဖွင့်ကြည့်လိုက်ရာ (bilibili)တွင် အပ်လုဒ်တင်ထားသည်ထက်ပင် အလွန်တိုကြောင်း သဘောပေါက်လိုက်သည်။
အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ဗီဒီယို၌ အဖွင့်နှင့်အဆုံးကိုသာ ပိုင်းဖြတ်၍ ထည့်သွင်းထားသည်။
ဗီဒီယိုထဲတွင် ဖေဖေချန်းသည် ချန်းချောင်ကို ကျောပိုးပြီး ကလေးဆေးရုံသို့ လာခဲ့သည်။
ဆေးရုံသို့ ရောက်သောအခါတွင် ဗီဒီယိုက ရုတ်ချည်းပြတ်တောက်သွားပြီး ဆူညံသံများဖြင့် အစားထိုးလိုက်သည်။
“ကျိန်စာကို တစ်စုံတစ်ယောက်က ဝင်ရောက် စွက်ဖက်လိုက်တာများလား”
လျန့်ဟန်က ပရိုဂရမ်၏ သတိပေးစာကို ထပ်မံ စစ်ဆေးလိုက်သည်။
သူက ဤကျိန်စာဆော့ဖ်ဝဲကို ကျုးကဲ ထံမှ အမှတ်မထင် ရရှိခဲ့ပြီး ပထမဆုံး စမ်းသပ်မှုတွင်လည်း ထူးထူးခြားခြားအောင်မြင်ခဲ့သည်။
တစ်ဖက်လူက မည်ကဲ့သို့ သိရှိသွားပါသနည်း။
“အဆင့်လွန် ကျင့်ကြံသူတစ်ယောက်က ကြားဝင်ကူညီလိုက်တာများ ဖြစ်နိုင်မလား”
လျန့်ဟန်က ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိလိုက်သည်။
ထိုအချိန်မှာပင် ပရိုဂရမ်က အသံမြည်လာသည်။
ယင်းမှာ ကျိန်စာပရိုဂရမ်၏ ဒုတိယအကြိမ်မြောက် အသိပေးစာဖြစ်၏။
“ကျိန်စာချေဖျက်သူက အလွန်အစွမ်းထက်တဲ့ အတွက် အဆင့်မြင့်ကျိန်စာကို အသုံးပြုပါလို့ အကြံပြုပါတယ်”
လျန့်ဟန် “..........”
“အသုံးပြုသူမန်ဘာ ဖြစ်ချင်ရင် သင့်တစ်သက်တာရဲ့ ဆယ်နှစ်သက်တမ်းကို ဖြည့်သွင်းလိုက်ရုံနဲ့ နှစ်ဆယ်ရာခိုင်နှုန်း လျော့ဈေးကို ခံစားရမှာဖြစ်တယ်”
လျန့်ဟန် “နှစ်ဆယ်ရာခိုင်နှုန်းတောင်လား”
“ဒီအထူးအခွင့်အရေးက ဂျူနီယာမန်ဘာလေးတွေ အတွက်ပဲ.. အသုံးပြုသူ.. သင့်အနေနဲ့ အနှစ်ငါးဆယ် သက်တမ်းကိုလည်း မန်ဘာအတွက် ဖြည့်သွင်းလို့ရတယ်.. အဲဒါဆိုရင် အဆင့်အမြင့်ဆုံး ဒိုင်းမွန်းမန်ဘာတစ်ယောက် ဖြစ်သွားပြီး ၅၀% လျှော့ဈေးကို ခံစားရမှာဖြစ်တယ်.. ဒိုင်းမွန်းမန်ဘာ ဖြစ်လာရင်တော့ မင်း မကျေနပ်တဲ့သူ တစ်ယောက်ကို ဘက်စကတ်ဘော ကစားသလို ဆော့ကစားနိုင်စေမယ့် အထူးကျိန်စာဝန်ဆောင်မှုတစ်ခု ရရှိမယ်”
စနစ်၏သတိပေးချက်တွင် မကျေနပ်သည့် တစ်စုံတစ်ယောက်ဟုသာ ဖော်ပြထားသော်လည်း လျန့်ဟန်က မည်သူ့ကိုရည်ညွှန်းမှန်း ခန့်မှန်းနိုင်ခဲ့သည်။
ဒိုင်းမွန်းမန်ဘာဖြစ်လျှင် ရရှိလာမည့် အထူးဝန်ဆောင်မှုက တကယ်ကို ထိတ်လန့်စရာကောင်းမည်မှာ သေချာသည်။
တစ်ကြိမ်တည်းနှင့် အနှစ်ငါးဆယ် သက်တမ်းဆုံးရှုံးသွားသည်ကို မည်သူမှခံနိုင်ရည်ရှိမည် မဟုတ်ဟု သူထင်သည်။
သူက အနှစ်တစ်ရာတိုင်အောင် အသက်ရှည်မည်ဟု ယခင်ကဗေဒင်တွက်ခဲ့ဖူးသည်။
ကျိန်စာကို စမ်းသပ်ရန်အတွက် သူစတေးခဲ့သည့်နှစ်များကို နုတ်ယူလိုက်လျှင် သူ၏သက်တမ်း အပိုင်းအခြားသည် နှစ်တစ်ရာကျော်သာ ကျန်တော့သည်။
ပထမကျိန်စာတွင် သူ့ဘဝ၏ တစ်နှစ်သက်တမ်းကို စတေးခဲ့သော်လည်း ခန္ဓာကိုယ်ချို့ယွင်းကာ မကျန်းမမာ ဖြစ်လာခဲ့သည်။
ဒုတိယအကြိမ်တွင်မူ ငါးနှစ်သက်တမ်းကို သူကစတေးခဲ့ပြီး တစ်ညတည်းနှင့် ဆံပင်ဖြူ အများအပြား ပေါက်လာခဲ့သည်။
ဤအရာများသည် သူ၏သက်တမ်းကို စုပ်ယူခံရခြင်းကနေ ပြန်လည်ရရှိခဲ့သည့် ဆိုးကျိုးများ ဖြစ်သည်။
အကယ်၍သူက သူ့ဘဝ၏ အနှစ်ငါးဆယ်သက်တမ်းကို တစ်ကြိမ်တည်းဖြင့် ဆုံးရှုံးခဲ့ရလျှင် ခန္ဓာကိုယ်တစ်ပိုင်းပင် သေသွားနိုင်ပေသည်။
ထိုအတွက်ကြောင့် သူက ဒိုင်းမွန်းမန်ဘာဖြစ်ရန် ကြောက်ရွံ့သွားခဲ့သည်။
သူက ရုတ်တရက် သူယခင်က တွေးခဲ့ဖူးသော ယုတ်မာကောက်ကျစ်သည့် နည်းလမ်းတစ်ခုကို သတိရသွားသည်။
ထိုနည်းလမ်းမှာ သူ၏သင်တန်းမှ ကျောင်းသားများကို မလှိမ့်တပတ်လှည့်စားကာ ကိုယ်စားကျိန်စာတိုက်ခိုင်းရန်ဖြစ်သည်။
အဆုံးသတ်တွင် ကျောင်းသားများသည် ကျိန်စာဆော့ဖ်ဝဲနှင့်ပတ်သက်၍ ဘာမျှမသိကြပေ။
သူ့အနေဖြင့် စကားလုံးချိုချိုသုံးကာ လှည့်စာရန်သာ လိုအပ်သည်။
လျန့်ဟန်က နောက်ထပ် ကျိန်စာတိုက်မှုများ လုပ်ဆောင်ရန်အတွက် ဆုံးဖြတ်ခဲ့သည်။
အခြားတစ်ဖက်တွင်လည်း ချန်းချောင်သည် ဘုန်းကြီးကျောင်းတွင် တရားစခန်းဝင်ရင်း ငြီးငွေ့နေခဲ့သည်။
အဘယ်ကြောင့် ဤနေရာတွင် တရားစခန်းဝင်နေရမှန်း သူမသိပေ။
သူသတိရလာသောအခါတွင် ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေပြီဖြစ်သည်။
ဘုန်းတော်ကြီးကျင့်သန်း၏ ကောင်းချီးပေးခြင်းကို ခံရပြီးနောက်တွင် သူ့အပေါ် သက်ရောက်နေသော ကျိန်စာကရှင်းလင်းသွားခဲ့သည်။
ထို့အတူ မှတ်ဉာဏ်တချို့ကိုလည်း ဆုံးရှုံးသွား၏။
ထိုအကြောင်းကို ဘုန်းတော်ကြီးကျင့်သန်းက ဖေဖေချန်းအား ပြောပြထားပြီးသား ဖြစ်သည်။
ကုသမှုက မှတ်ဉာဏ်ချို့ယွင်းမှုအချို့ ဖြစ်ပေါ်စေနိုင်သော်လည်း ခန္ဓာကိုယ်အတွက် အန္တရာယ်မရှိပေ။
သို့သော် ချန်းချောင်သည် ယမန်နေ့ညက ဖြစ်ပျက်ခဲ့သည်များကို အမှန်အကန် သိချင်နေခဲ့သည်။
သူက အလွန်အဖျားကြီးပြီး သတိလစ်သွားသည်ဟုသာ ရှောင်လင်းတို့အမေက ပြောခဲ့ပြီး အသေးစိတ် အချက်အလက်များကို လုံးဝမပြောခဲ့ပေ။
သူက အမှန်တကယ်ဖျားနေပြီ ဆိုလျှင် ဘုန်းကြီးကျောင်းကို အဘယ်ကြောင့် ရောက်လာရသနည်း။
နေ့ဘက်တွင် ကျင့်ကြံရန်အတွက် ခွန်အားအလုံးစုံကို စိတ်နှစ်ထားနိုင်သော်လည်း ညအချိန်တွင် ဂိမ်းဆော့ရန် ဝိုင်ဖိုင် မရှိသည့်အတွက် သေလုမျောပါး ခံစားခဲ့ရသည်။
သူ့လိုခေတ်မှီသောသူက ဝိုင်ဖိုင် မရှိဘဲ မည်သို့ နေထိုင်ရပါအံ့နည်း။
သူ့နံဘေးတွင် တစ်ချိန်လုံးရှိနေသည့် ဝမ်ရှောင်လင်းကလည်း ထိုအကြောင်းနှင့် ပတ်သက်၍ သူ့ကိုဘာမှပြန်မပြောခဲ့ပေ။
အကြောင်းအရင်းမှာ သူမက ဖြစ်ပျက်နေသည့် ကိစ္စများကို အကြမ်းဖြင်း သိရှိနားလည်ထားသော်လည်း စကားမပြောနိုင်၍ ဖြစ်သည်။
သူမက စာကို ရေးတတ်ဖတ်တတ်သော အဆင့်လည်း မရှိသေးချေ။
ထို့ကြောင့် ရှောင်လင်းက ချန်းချောင်ကို စကားပြန်မပြောပြနိုင်သလို စာဖြင့်လည်း ရေးမပြနိုင်ခဲ့ပေ။
ထိုအချိန်တွင် ချန်းချောင်သည် နည်းလမ်းတစ်ခုကို တွေးမိခဲ့သည်။
ထိုနည်းလမ်းမှာ ပုံဆွဲ၍ပြောပြသော နည်းလမ်းဖြစ်သည်။
စာမရေးနိုင်လျှင်ပင် ပုံတော့ဆွဲနိုင်သေးသည် မဟုတ်ပါလော။
ချန်းချောင်က စက္ကူနှင့် စုတ်တံကို ရှာဖွေလိုက်ပြီး အိမ်နောက်ဖေးနေရာ တစ်ခုတွင် ဝမ်ရှောင်လင်းနှင့် အတူ ဂိမ်းကိုစတင် ကစားခဲ့သည်။
“ရှောင်လင်း.. ပုံဆွဲတမ်း ကစားကြရအောင်.. မနေ့ကဖြစ်ပျက်ခဲ့တာတွေကို ငါ့ကိုပုံဆွဲပြပါ.. ငါနဲ့ဂိမ်းကစားမှာ သဘောတူရင်ခေါင်းငြိမ့်ပါ.. သဘောမတူရင်တော့ ခေါင်းခါလို့ရတယ်”
ရှောင်လင်းက ခေါင်းညိမ့်လိုက်သည်။
ထို့နောက်တွင်သူမက စုတ်တံကိုယူလိုက်ပြီး စက္ကူပေါ်တွင် ပုံဆွဲလိုက်သည်။
ပထမပုံမှာ မျှခြေ မှော်ခန်းမ၏ လိုဂိုပုံ ဖြစ်သည်။
ဖြစ်ပျက်ခဲ့သမျှအရာအားလုံးက မျှခြေ မှော်ခန်းမခေါင်းဆောင်၏ ကျိန်စာကြောင့် ဖြစ်ရသည်အကြောင်း ချန်းချောင်ကို သူမက ပြောပြခဲ့သည်။
အစောပိုင်းတွင် ထိုအကြောင်းကို သူမ မသိခဲ့သော်လည်း ဖေဖေချန်းက သူမအမေကို ဘုန်းကြီးကျောင်းတွင် တရားစခန်းဝင်ရန် ဆွဲဆောင်သောညတွင် ဇာတ်လမ်းတစ်ခုလုံးအား ပြောပြခဲ့သည်ကို သူမ ကြားသိခဲ့ရသည်။
ဒုတိယပုံမှာ မီးတောက်ပုံ ဖြစ်သည်။
ချန်းချောင်က ယမန်နေ့ညက သတိမေ့သည်အထိ အဖျားတက်ခဲ့ကြောင်းကို သူမ ဆိုလိုခြင်းဖြစ်သည်။
တတိယပုံမှာ ဆေးရုံ၏ လက်ဝါးကပ်တိုင်ပုံ ဖြစ်သည်။
ရှောင်လင်းက ဆေးရုံကိုရည်ညွှန်းရန်အတွက် ထိုပုံ၏ဘေးတွင် 120 ကိုပင် ထည့်သွင်းခဲ့သည်။
120ဆိုသည်မှာ အရေးပေါ်ကယ်ဆယ်ရေး hot lineဖုန်းနံပါတ်ဖြစ်သည်။
စတုတ္ထပုံမှာ ကတုံးတစ်ယောက်က အနီရောင်လက်အိတ်ကိုဝတ်၍ လူဦးခေါင်းခွံကို အစိတ်စိတ် ရိုက်ခွဲနေသည့်ပုံ ဖြစ်သည်။
ဦးခေါင်းခွံသည် ကျိန်စာများကို ကိုယ်စားပြုသည်။
ကတုံးမှာမူ ချန်းချောင်ကို ကောင်းချီးပေးခဲ့သည့် ဘုန်းတော်ကြီး ကျင့်သန်းကို ရည်ညွှန်း၏။
ပုံများကိုအသုံးပြု၍ သူ့ကို ရှင်းလင်းနားလည်အောင် ပြုလုပ်နိုင်သည်အထိ ရှောင်လင်းက ထက်မြက်နေလိမ့်မည်ဟု ချန်းချောင်က မထင်မှတ်ထား၍ အံ့ဩနေခဲ့သည်။
စတုတ္ထပုံက (overload )ကို တိုက်ခိုက်နေသည့်(Saitama) နှင့် ဆင်တူသည်။
[saitama=လက်သီးတစ်ချက်လူသား ဂျပန်စီးရီးမှဇာတ်ကောင်]
ထို့နောက်တွင် ပန်းချီကားများက ပြီးစီးသွားခဲ့သည်။
ရှောင်လင်းက စုတ်တံကိုချလိုက်ပြီး စိတ်လျှော့လိုက်၏။
တကယ်တမ်းတွင် သူမသည် သူမ၏ ပုံဆွဲစွမ်းရည်ကို ယုံကြည်မှုအပြည့် ရှိသည်။
သူမက စကားမပြောနိုင်သောကြောင့် စွန့်ပစ်ထားသော စုတ်တံအဟောင်းများဖြင့် အမှိုက်ပုံးများတွင် ပုံဆွဲလေ့ကျင့်ကာ အချိန်ဖြုန်းလေ့ ရှိသည်။
သို့သော်လည်း ချန်းချောင်က သူမ၏ပုံများထဲမှ ရှင်းလင်းချက်ကို နားလည်နိုင်မလား သူမ သေချာမသိပေ။
ပန်းချီကားလေးခုကို စူးစိုက်ကြည့်ရင်း ချန်းချောင်ကဝမ်ရှောင်လင်းကို အချိန်အတော်ကြာအောင် ချီးကျူးလိုက်သ်ည။
“ဟားဟား.. ရှောင်လင်း.. မင်းက ငါမယုံနိုင်လောက်အောင် ပုံဆွဲကောင်းတာပဲ.. မင်းရဲ့ပုံလေးခုတည်းနဲ့ ဖြစ်ပျက်ခဲ့သမျှကို ငါနားလည်သွားတယ်.. မင်းရဲ့ပထမပုံနဲ့ ဒုတိယပုံက မျှခြေ မှော်ခန်းမ မီးလောင်သွားတာကို ပြောချင်တာမဟုတ်လား.. အဲဒီအချိန်မှာ အဖေက မီးလောင်တာကို မြင်သွားပြီး 120 ကိုဖုန်းခေါ်ပေးလိုက်တယ်”
“..........”
“မီးလောင်ရတဲ့အကြောင်းအရင်းကတော့ မျှခြေ မှော်ခန်းမက အစုလိုက်အပြုံလိုက်သေစေနိုင်တဲ့ လက်နက်တစ်ခုကို ဖုံးကွယ်ထားလို့ပဲ.. ဒါပေမဲ့ခေါင်းဆောင်လျန့်က လုံးဝဝန်မခံဘဲ ငြင်းဆန်ခဲ့တယ်”
“..........”
အဆုံးသတ်မှာတော့ စီနီယာဘုန်းတော်ကြီး တစ်ပါးက လက်နက်ကြီးကို လက်သီးတစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်တယ်”
“..........”
ချန်းချောင် ထိုစကားကိုပြောပြီး သိပ်မကြာမီမှာပင် မျှခြေ မှော်ခန်းမရှိရာ၌ ဗုံးတစ်လုံးက ပေါက်ကွဲသွားပြီး မိုးကုတ်စက်ဝိုင်းတွင် မီးခိုးလုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
အပိုင်း(၉၇၁) ပြီး၏