ကော်ဖျင်၏အလည်အပတ်
Vol. 65 Ch. 973
ချန်းချောင်၏ မှတ်ဉာဏ်မှ နုတ်ထွက်ပြီးနောက်တွင် ဝမ်လင်းသည် သူ၏စားပွဲ၌ အချိန်အတော်ကြာ စဉ်းစားနေခဲ့သည်။
ချန်းချောင်နှင့်ပတ်သက်၍ သူရေးဖွဲ့သီကုံးထားသော ကဗျာမှာ အောက်ပါအတိုင်း ဖြစ်သည်။
“ငါတို့တွေငယ်စဉ်မှာ ဝေခွဲမရတုန်လှုပ်ပြီး ကူကယ်ရာမဲ့သလိုခံစားရတယ် ဆိုပေမဲ့ အဆုံးသတ်မှာတော့ ကြီးပြင်းလာကြဆဲပဲ.. သင်က မှန်ကန်တဲ့လမ်းစဉ်ကို ရွေးချယ်ဖို့ မသိတတ်သေးတဲ့အချိန်မှာ မခံချင်စိတ်ရှိတဲ့ လူသားတစ်ဦး သာသာပဲ..
တောင်ထိပ်မှာ မတ်တပ်ရပ်ပြီး နေရောင်အောက်မှာ တောက်ပနေတဲ့သင်က ကောင်းချီးပေးခံရသလိုပဲ.. ရင်သပ်ရှုမောဖွယ်ကောင်းတယ်”
စက်တင်ဘာလ ၆ရက်နေ့သည် နွေရာသီအားလပ်ရက်၏ ၂၄ရက်မြောက်နေ့ ဖြစ်သည်။
ကမ္ဘာမြေက ဂြိုဟ်သားများနှင့်သံတမန်ဆက်ဆံရေး ထူထောင်မည့်နေ့လည်း နီးကပ်လာပြီ ဖြစ်သည်။
ဤကာလအတွင်း လူတိုင်း၏နှုတ်ဖျားတွင် လူတစ်ဦး၏ အမည်က ရေပန်းစားနေခဲ့သည်။
ထိုလူမှာ နတ်တာအိုကြယ် စူးစမ်းလေ့လာရေး မစ်ရှင်တစ်ခုတွင် သေဆုံးသွားသည်ဟု သတင်းထွက်ခဲ့သည့် သိပ္ပံပညာရှင်ကော်ဖျင် ဖြစ်သည်။
ထို့ကြောင့် ကော်ဖျင်က ကျင့်ကြံခြင်းကမ္ဘာနှင့် စကြာဝဠာရှိဂြိုဟ်သားများအကြား ဆက်ဆံရေးသံတမန် ဖြစ်လာခြင်းသည် အလွန်အဓိပ္ပါယ်ရှိသည်။
ကော်ဟောက်သည် ထိုသတင်းအတွက် အလွန်ပင်ပီတိ ဖြစ်နေခဲ့သည်။
ဤတစ်ကြိမ် ကော်မိသားစုတွင် ဧရာမပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာခဲ့သည်။
ဆိုရလျှင် ကော်ဟောက်၏ ဦးလေးများစွာထဲမှ ကော်ဖျင်သည် အသန်မာဆုံးဦးလေး အဖြစ် ထိပ်ဆုံးနေရာသို့ သိသိသာသာပင် ခုန်တက်သွားခဲ့သည်။
ကော်ဟောက်က ကော်ဖျင်နှင့်ပတ်သက်၍ များများစားစားသိပ်မသိပေ။
နောက်ဆုံးအကြိမ် နတ်တာအိုကြယ်သို့ ခရီးစဉ်တွင် ဝမ်လင်းသည် အမှတ်၆၀ အထက်တန်းကျောင်းမှ လူတိုင်း၏ မှတ်ဉာဏ်များကို အစားထိုးခဲ့သည်။
ထို့ကြောင့် ကော်ဟောက်၏ မှတ်ဉာဏ်ထဲတွင် ရှိသည့်အရာမှာ သူတို့သည် သာမန်ဂိမ်းတစ်ခုကို ဆော့ခဲ့ခြင်းသာ ဖြစ်သည်။
“လခွမ်း.. မင်းတို့ယုံချင်ယုံ မယုံချင်နေ.. ကော်ဖျင်ကအမှန်တကယ် ငါ့ရဲ့ဦးလေးပဲ”
(Wechat) ရှိ ချက်ဂရုတွင် ကော်ဟောက်သည် အံအားသင့်နေသည့် အီမိုဂျီတစ်ခုကို ပေးပို့ခဲ့သည်။
“ငါယုံပါတယ်.. ဒါပေမဲ့ ဘာဖြစ်လို့ အတန်းချက်ဂရုမှာ မပြောရတာလဲ.. အဲဒီမှာက လူပိုစုံတယ်မဟုတ်လား”
ချန်းချောင်က ရယ်မော၍ပြောလိုက်သည်။
“ဒီကိစ္စက ကြီးကြီးကျယ်ကျယ် မလုပ်တာ ပိုကောင်းတယ်.. မင်းတို့က ငါ့ရဲ့ သူငယ်ချင်းအရင်းတွေပဲလေ.. မင်းတို့ကို ပြောပြတာက ကိစ္စသိပ်မရှိဘူး.. တခြားလူတွေက မင်းတို့နဲ့တော့ မတူဘူးလေ”
ကော်ဟောက်က ပြောလိုက်သည်။
သူသာ အတန်းချက်ဂရုတွင် ဤကိစ္စကိုပြောလိုက်လျှင် လူအများ၏ မနာလိုဖြစ်ခြင်းကို ခံရမည်ဖြစ်သည်။
ကော်ဟောက်က ထိုအချက်ကို စဉ်းစားမိပြီး အတန်းချက်ဂရုတွင် မပြောပြခဲ့ခြင်းဖြစ်သည်။
ဤသည်က သူရော ကော်ဖျင်အတွက်ပါ ကောင်းကျိုးရှိသည်။
အကယ်၍သာ ဤကိစ္စသည် ကော်ဖျင်ကို မိန့်ခွန်းပြောရန် ကျောင်းသို့ဖိတ်ခေါ်လိုသော ဆရာမအချို့၏နားသို့ ရောက်ရှိသွားခဲ့လျှင် တကယ့်ဘေးဒုက္ခတစ်ခု ဖြစ်လာမည် ဖြစ်သည်။
တကယ်တမ်းတွင် ကော်ဟောက်သည် သူ၏ အတိုင်းအတာကို ကောင်းစွာသိသည်။
ကော်ဖျင်က သူ၏ဦးလေးဖြစ်သည်မှာ အမှန်တကယ်ဖြစ်သော်လည်း ပြဿနာမှာ ထိုဦးလေးနှင့်သူက လုံလောက်သောနီးစပ်မှု မရှိခြင်းဖြစ်သည်။
“မင်းက ကော်ဖျင်နဲ့ အတော်လေးရင်းနှီးလား”
ထိုအချိန်တွင် မြေပဲလေးက မေးလိုက်သည်။
ကော်ဟောက် “တကယ်တော့ ငါနဲ့က သိပ်မရင်းနှီးဘူး.. အဖေနဲ့တော့ရင်းနှီးတယ်.. အဖေနဲ့က အဆက်အသွယ်ရှိနေဆဲပါပဲ.. ငါတို့ကော်မိသားစုမှာ သီးသန့်(Wechat) ဂရုရှိတယ်လေ.. အဲဒီဂရုမှာ ဦးလေးကော်ဖျင်လည်း ပါတာပေါ့.. ဒါပေမဲ့ ချက်ဂရုထဲမှာ စကားမပြောတာတော့ အတော်ကြာပြီ”
ချန်းချောင် “မင်းဦးလေးကို ဒီနေရာမှာတွေ့တော့ အကြောင်းတစ်ခုခုကြောင့် တစ်နေရာမှာ မြင်ဖူးသလို ခံစားရတယ်.. သူက ဂိမ်းတစ်ခုခုရဲ့ NPCနဲ့ တူတယ်နော်”
ဝမ်လင်း “..........”
ကော်ဟောက် “ဝမ်လင်း.. မင်းနောက်တစ်ခါ ပုန်းနေပြန်ပြီမဟုတ်လား”
ချန်းချောင်က ရယ်လိုက်သည်။
“သူက အမြဲအဲဒီလို ပုန်းနေကျပဲလေ.. ဒါက ပထမဆုံးအကြိမ်မှ မဟုတ်တာ”
သူတို့က မွန်းတည့်ချိန်အထိ ချက်ဂရုထဲတွင် ကော်ဖျင်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
အာကာသဆိုင်ရာ ငြိမ်းချမ်းရေးသံတမန်ဖြစ်သည့် ကော်ဖျင်သည် သတင်းခေါင်းစီးပိုင်းများကို ရက်အတော်ကြာ စိုးမိုးနေခဲ့သည်။
ယခုအခါတွင် ကျင့်ကြံခြင်းလောကသည် ဂြိုဟ်သားများနှင့် ချိတ်ဆက်မှုများ ရှိလာသဖြင့် နတ်တာအိုကြယ်မှ ပေးပို့သည့် ဂြိုဟ်သားဆိုင်ရာ အချက်အလက်များသည် လူတိုင်းရှေ့တွင် ထွက်ပေါ်လာခဲ့သည်။
ဟုတ်ပါသည်၊ အွန်လိုင်းတွင် လူသိရှင်ကြား ထုတ်ပြန်ထားသည့် အချက်အလက်များသည် ဒေတာ၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး ၅%ပင် မပါဝင်ခဲ့ပေ။
နတ်တာအိုကြယ်က စကြာဝဠာကို အလွန်ပြင်းထန်စွာ ကျူးကျော်ဝင်ရောက်လာစဉ်တွင် ၎င်းတို့သည် ဉာဏ်ရည်ထက်မြတ်သော သက်ရှိပုံစံများဖြင့် ဂြိုဟ်များ၏ ၉၀%ကို လက်တွေ့ကျကျ ပေါင်းစပ်ထားခဲ့သည်။
သို့သော်လည်း နတ်နဂါးများသည် အဆုံးသတ်တွင် ကမ္ဘာမြေမှလူများ၏ အနိုင်ယူခြင်းကိုခံရလိမ့်မည်ဟု ဘယ်သောအခါမှမထင်ထားခဲ့ပေ။
ဂရုချက်တွင် ကော်ဖျင်အကြောင်း ဆွေးနွေးကြပြီးနောက် ထိုညတွင် လူတစ်ယောက်သည် ဝမ်မိသားစု အိမ်ငယ်လေးသို့ ရောက်ရှိလာခဲ့သည်။
အိမ်အဝင်ဝတွင် လဲလျောင်းနေသည့်ထွင်ထျန်းဟာသည် မျက်နှာကိုပတ်တီးဖြင့် အပြည့်ပတ်ထားသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
အိတ်ကပ်ထဲကို လက်နှစ်ဖက်ထည့်ထားသည့် ထိုအမျိုးသားက အိမ်ငယ်လေး၏တံခါးကို ကြည့်လိုက်သည်။
“မင်းဘယ်သူလဲ”
ထွင်ထျန်းဟာက လဲနေရာမှထ၍ ချက်ချင်းမေးလိုက်သည်။
ဤလူထံမှ ရန်လိုမှု တစ်စုံတစ်ရာကို မခံစားရသော်လည်း သူက သတိအပြည့် ထားနေခဲ့သည်။
"လူသားပုံစံမပြောင်းဘဲ မင်းက တကယ်ကြီးစကားပြောလို့ရတယ်လား”
ထွင်ထျန်းဟာက အမျိုးသားဧည့်သည်ကို စူးစိုက်ကြည့်ကာ အကဲခတ်လိုက်သည်။
သူ၏အကဲခတ်ခြင်းကို ခံခဲ့ရပြီးနောက်တွင် အမျိုးသားသည် နေကာမျက်မှန်၊ မျက်နှာဖုံး၊ နေကာဦးထုပ်နှင့် ပတ်တီးများကိုပါ ချွတ်လိုက်သည်။
အဆုံးသတ်တွင် သူ့မျက်နှာပေါ်တွင် တပ်ထားသည့် အရေပြားအလွှာတစ်ခုကိုပါ ရုတ်တရက် ခွာချ ပစ်လိုက်သည်။
၎င်းမှာ ဈေးကွက်တွင် ရောင်းချနေသော အသွင်ပြောင်းမျက်နှာဖုံးတစ်ခု ဖြစ်သည်။
ထိုအသွင်ပြောင်းမျက်နှာဖုံးက ပုံစံမျိုးစုံကို စိတ်ကြိုက်ဖန်တီးနိုင်ပြီး နာမည်ကြီး အိုင်ဒေါလ်များ၏ မျက်နှာအမျိုးအစားအားလုံးကိုပင် ရရှိနိုင်သည်။
၅မိနစ်သာလိုအပ်မည်ဖြစ်ပြီး ၅မိနစ်ကြာပြီးနောက်တွင် သင်အလိုရှိသည့် အသွင်သို့ပြောင်းလဲသွားမည် ဖြစ်သည်။
သို့ရာတွင် အသွင်ပြောင်းမျက်နှာဖုံးတစ်ခု ဝယ်ရန်အတွက် လူတစ်ဦးသည် အမည်အရင်းဖြင့် မှတ်ပုံတင်ရမည်ဖြစ်၏။
အကြောင်းအရင်းမှာ ရာဇဝတ်မှုများကို ထိန်းချုပ်ရန်အတွက် မျက်နှာဖုံးများကို တရားမဝင်ရောင်းချခြင်းများအား တားမြစ်လိုခြင်းကြောင့် ဖြစ်သည်။
ဟွာရှို့မဟာမိတ်အဖွဲ့သည် အသွင်ပြောင်း မျက်နှာဖုံးများထုတ်လုပ်သည့် အခွင့်အရေးများကို တင်းတင်းကျပ်ကျပ်ကန့်သတ်ထားခဲ့သည်။
အသွင်ပြောင်းမျက်နှာဖုံး တရားမဝင် ထုတ်လုပ်ခြင်းသည် ပြင်းထန်သောရာဇဝတ်မှုဖြစ်ပြီး ပြစ်မှုထင်ရှား၍ ဖမ်းမိလျှင် ထောင်ဒဏ်နှစ်၅၀၀ သို့မဟုတ် ထိုထက်များစွာ ပြစ်ဒဏ်ချခံရနိုင်သည်။
“..........”
တံခါးဝတွင်ရှိနေသော ထွင်ထျန်းဟာက အံ့အားသင့်စွာ ငေးကြည့်နေခဲ့သည်။
ဤလူက ရုပ်ဖျက်ထားသော အစိတ်အပိုင်းအားလုံးကို ဖယ်ရှားရန် ၅မိနစ်သာ ကြာမြင့်ခဲ့သည်။
ထိုလူက သူ၏အသွင်အပြင်ကို ဦးခေါင်းမှ ခြေဖျားအထိ ခြေသားလုံးမွှေးများအပါအဝင် လုံးဝ ဖုံးကွယ်ထားခဲ့သည်။
သိပ်မကြာမီမှာပင် ထိုလူ၏ မူလအသွင်အပြင်က ပေါ်ထွက်လာသည်။
ထွင်ထျန်းဟာက ထိုလူလတ်ပိုင်းအမျိုးသားကို ယခင်က မြင်ဖူးခဲ့သည်။
သူ့အနေဖြင့် ထိုအမျိုးသားကို မှတ်မိနေခြင်းမှာ မထူးဆန်းပေ။
အဘယ်ကြောင့်ဆိုသော် တီဗွီချန်နယ်အားလုံးကို ဤနှစ်ရက်အတွင်း ထိုအမျိုးသားက စိုးမိုးထားခြင်းကြောင့် ဖြစ်၏။
“မင်္ဂလာပါ.. ငါ့နာမည်က ကော်ဖျင်ပါ”
လူလတ်ပိုင်းအရွယ်အမျိုးသားက သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
“ဘာအကြောင်းနဲ့ ဒီကိုရောက်လာတာလဲ သူ့ကိုမေးလိုက်”
ဝမ်လင်းက ဒုတိယထပ်ကနေ စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
မနက်ကပင် ချက်ဂရု၌ ကော်ဖျင်၏ အကြောင်းကို ပြောခဲ့ရာ ညနေပိုင်းတွင် ကော်ဖျင်က ဝမ်မိသားစု၏အိမ်ငယ်လေးသို့ ရောက်ရှိလာမည်ဟု သူမထင်ထားခဲ့ပေ။
ဝမ်လင်းက အနည်းငယ်ထူးဆန်းသလို ခံစားမိသည်။
ကော်ဖျင်၏မှတ်ဉာဏ်များကို သူကိုယ်တိုင် အစားထိုးခဲ့မှန်း ဝမ်လင်း ပြန်အမှတ်ရမိသည်။
နတ်တာအိုကြယ်ခရီးစဉ်တွင် ဝမ်လင်းသည် အဓိကဇာတ်ဆောင် ဖြစ်သော်လည်း ကော်ဖျင်၏ မှတ်ဉာဏ်ကို အစားထိုးပြီးနောက်တွင် ကော်ဖျင်၏ စိတ်ထဲ၌ အဓိကဇာတ်ဆောင်ဖြစ်သည့် အသန်မာဆုံးလူမှာ ပိုင်ချောင်းဖြစ်သည်။
ယုတ္တိနည်းအရပြောရလျှင် ကော်ဖျင်အနေဖြင့် မှတ်ဉာဏ်အစားထိုးခံရပြီးနောက်တွင် သူ့ကိုမှတ်မိနိုင်မည် မဟုတ်ပေ။
သို့ဆိုလျှင် ကော်ဖျင်က အဘယ်ကြောင့် သူ့ဆီသို့ရုတ်တရက် ရောက်လာရပါသနည်း။
“ငါဒီကိုရောက်လာတာက လင်းကျန်းရန်နဲ့ တွေ့ချင်လို့ပါ”
ကော်ဖျင်က ပြန်ဖြေလိုက်သည်။
“အခုတွေ့လို့မရဘူး.. ငါ့သခင်က အိမ်စာတွေနဲ့ အလုပ်ရှုပ်နေတယ်”
ထွင်ထျန်းဟာက ပြောလိုက်သည်။
“ဒါဆိုလည်း သူ့ရဲ့အိမ်စာကို ငါကူညီပေးပါရစေ”
ကော်ဖျင်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
ထွင်ထျန်းဟာ “..........”
“လခွမ်း.. ဟွာရှို့ရဲ့ မှော်ရတနာ သုတေသနဌာနက ကျော်ကြားတဲ့ပညာရှင် ဖြစ်ပြီး လက်ရှိရေပန်းအစားဆုံး အာကာသဆိုင်ရာ ငြိမ်းချမ်းရေးသံတမန်ကော်ဖျင်က အထက်တန်း ကျောင်းသားတစ်ဦးကို အိမ်စာကူလုပ်ပေးမယ်တဲ့လား.. ဒါက လူသားဆန်မှု ဆုတ်ယုတ်လာခြင်းလား.. ဒါမှမဟုတ် အကျင့်သိက္ခာ မရှိတာလား”
“ငါ့ကို ဒီလိုမျိုးငြင်းနေစရာ မလိုပါဘူး.. ဝမ်မင်က ငါ့ကို အကုန်ပြောပြထားပြီးသားပါ.. ငါအရင်က လင်းကျန်းရန်ရဲ့ အဆောင်လက်ဖွဲ့ အဆင့်မြှင့်တင်ရာမှာလည်း ကူညီပေးခဲ့ဖူးပါတယ်.. ငါဒီတစ်ခေါက် ရောက်လာတာက လင်းကျန်းရန်ကို ကျေးဇူးတင်ချင်လို့ပါ”
ကော်ဖျင်က ကူကယ်ရာမဲ့စွာ ပြုံး၍ပြောလိုက်သည်။
“ငါ့သခင်ကို ကျေးဇူးတင်ဖို့.. ဟုတ်လား”
“ဟုတ်တယ်.. အာကာသထဲမှာ အချိန်အတော်ကြာ သွားလာနိုင်အောင် စွမ်းအင်အချို့ကို ပံ့ပိုးပေးခဲ့တဲ့သူက လင်းကျန်းရန်ဖြစ်တယ်လို့ ဝမ်မင်က ငါ့ကို ပြောပြခဲ့တယ်.. လင်းကျန်းရန်ကြောင့်သာ မဟုတ်ရင် ငါအခုချိန်ဆို အာကာသထဲမှာ လွင့်မျောနေလောက်ပြီ”
“..........”
အပိုင်း(၉၇၃) ပြီး၏