ကြမ္မာငင်သောလျန့်ဟန်
Vol. 65 Ch. 972
မျှချေမှော်ခန်းမတွင် ပေါက်ကွဲမှုကြီးကြီးမားမား ဖြစ်ပွားခဲ့သည် ဟူသောသတင်းက ထိုနေ့ညတွင် တောမီးကဲ့သို့ ပျံနှံ့သွားခဲ့သည်။
လျန့်ဟန်က သူနှင့်ထိုက်တန်သည်ကို ရရှိခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဖေဖေချန်းက စိတ်သက်သာရာ ရသွားခဲ့သည်။
“တော်သေးတယ် ဘုန်းတော်ကြီး.. ဒီမီးက အရမ်းကိုကြီးမားလွန်းတယ်.. ကံကောင်းထောက်မစွာပဲ ပတ်ဝန်းကျင်မှာ ဘယ်သူမှ ရှိမနေခဲ့ဘူး.. မဟုတ်လို့ရှိရင် ကြေကွဲစရာဖြစ်ရပ်တွေ ဖြစ်လာလိမ့်မယ်”
“ဘယ်လိုဖြစ်ပြီး ပေါက်ကွဲမှုကဖြစ်တာလဲ”
“အကြောင်းအရင်းက လက်ပ်တော့တစ်လုံးကြောင့်လို့ ကြားမိတယ်.. လက်ပ်တော့ရဲ့ ဘက်ထရီက အပူလွန်ကဲပြီး ပေါက်ကွဲသွားပုံရတယ်”
“လက်ပ်တော့တစ်လုံးရဲ့ ပေါက်ကွဲတာက ဘာလို့ဒီလောက်တောင် ပြင်းထန်ရတာလဲ”
“လက်ရှိ ဈေးကွက်ထဲရောက်နေတဲ့ လက်ပ်တော့အချို့က မှော်ရတနာတွေရဲ့ ဖွဲ့စည်းပုံအတိုင်း တည်ဆောက်ထားကြတာဖြစ်တဲ့အတွက် ဒီလက်ပ်တော့တွေ အားလုံးမှာ စိတ်ဝိညာဉ်နူကလီးယား စွမ်းရည်ကို အသုံးပြုထားကြတယ်.. ပြောရရင် လက်ပ်တော့တစ်လုံးက အားသွင်းစရာတောင် မလိုဘဲ ဆယ်စုနှစ်များစွာ အသုံးပြုနိုင်တယ်.. ဒါပေမဲ့ လျန့်ဟန်က လက်ပ်တော့နဲ့ပတ်သက်ပြီး ကံမကောင်းခဲ့ပုံပဲ.. သူအသုံးပြုတဲ့ မော်ဒယ်က အရည်အသွေးဆိုင်ရာ ပြဿနာရှိတဲ့အတွက် ကုမ္ပဏီကနေ တိုက်ရိုက် ပြန်လည်သိမ်းဆည်းခဲ့ဖူးတယ်.. လျန့်ဟန်က သင်တန်းခန်းမတွေနဲ့ အရမ်းအလုပ်များနေလို့ ဒီကိစ္စကို သတိမထားမိလိုက်တာလည်း ဖြစ်နိုင်တယ်.. ပေါက်ကွဲသွားတာလည်း အံ့ဩစရာတော့ မဟုတ်ပါဘူး”
“..........”
ကွန်ပျူတာထဲတွင် ထည့်သွင်းထားသည့် စိတ်ဝိညာဉ်အူတိုင်သည် သိပ်သည်းသည့်စွမ်းအား မော်လီကျူးများကနေ ပြုလုပ်ထားသည့် စွမ်းအင်ပုံဆောင်ခဲတစ်ခု ဖြစ်သည်။
ယင်းက ဗိုလ်ချုပ်ရီ၏ ဓားလက်ဝါးနှင့် မိစ္ဆာအင်ပါယာကွာဖီ၏ ပျက်စီးခြင်းစက်ဝန်းနှင့် နိယာမအရ ဆင်တူသည်။
နှစ်မျိုးစလုံးသည် ဝိညာဉ်စွမ်းအား သိပ်သည်းမှုကို အခြေခံထားသည်။
ဤနည်းပညာက ဈေးကွက်တွင်ရှိနေပြီ ဖြစ်၍ အလွန်ခေတ်မီနေပြီဟု သတ်မှတ်နိုင်သည်။
ပုံမှန်အားဖြင့်ပြောရလျှင် ပေါက်ကွဲမှုဖြစ်ပွားနိုင်ချေသည် 0.01% သာဖြစ်သည်။
ယင်းမှာ လေယာဉ်ပျက်ကျခြင်း သို့မဟုတ် ထီပေါက်ခြင်း၏ ဖြစ်နိုင်ချေနှင့် ညီမျှ၏။
ထို့ကြောင့် ခေါင်းဆောင်လျန့်က ထီပေါက်သွားသည်ဟုပင် ဆိုနိုင်သည်။
၎င်းကထိပ်တန်းကံစမ်းမဲကိုပင် ထိမှန်သွားခဲ့သည်။
ဝမ်လင်းက ချန်းချောင်၏မှတ်ဉာဏ်ကို ဝမ်ရှောင်လင်း၏ မျက်လုံးများမှတဆင့် ကြည့်လိုက်သည်။
ဝမ်လင်း၏ကိုယ်ပိုင်မှတ်ဉာဏ်တွင် ထိုအချိန်က သတင်းများကို အမှန်တကယ် မှတ်မိနေခဲ့သော်လည်း ပေါက်ကွဲမှုဖြစ်ရသည့် အကြောင်းအရင်းမှာ ချန်းချောင်၏ ကောင်းချီးပေးသော ပါးစပ်ကြောင့်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
ဤဘုန်းတော်ကြီးကျင့်သန်းက အလွန်ပင် အစွမ်းထက်သည်ဟု ဆိုရမည်။
ဘုန်းတော်ကြီးကျင့်သန်းက ခန္ဓာကိုယ်တစ်ခုလုံးကိုပင် ဉာဏ်အလင်းပေးသည့် အကျိုးသက်ရောက်မှုကို ဖန်တီးနိုင်သည်မဟုတ်ပါလော။
ကျင့်ကြံခြင်းကမ္ဘာတွင် အစွမ်းထက် ကျင့်ကြံသူများသည် လူအများကြားတွင် ပုန်းအောင်း၍ နေထိုင်လေ့ရှိသည်။
ဆိုရလျှင် ကျွန်တော်တို့ နေထိုင်သော ကမ္ဘာကြီးသည် အမြဲတစေ ထူးခြားမှုများဖြင့် ပြည့်နှက်နေသည်။
ဝမ်လင်း ကိုယ်တိုင်သည်လည်း ထိုဥပမာကဲ့သို့ပင်။
ဘုန်းတော်ကြီးကျင့်သန်း၏ စွမ်းဆောင်ရည်ကြောင့် ကျင့်ကြံခြင်းလောကတွင် နာမည်ရရန်မှာ ခက်ခဲလိမ့်မည် မဟုတ်ကြောင်း ဝမ်လင်းခံစားခဲ့ရသည်။
သို့သော်အဆုံးသတ်တွင် ဤဘုန်းတော်ကြီးကျင့်သန်းသည် သူ၏ ဘုန်းကြီးကျောင်းတွင်သာ သိုသိုသိပ်သိပ် နေထိုင်နေပြီး အခြားသူများကို ဉာဏ်အလင်းပေးရန် အတွက်သာ သူ၏ပညာကို အသုံးပြုခဲ့သည်။
ဘုန်းကြီးကျောင်းက ပြန်လာပြီးနောက်တွင် ဖေဖေချန်းသည် လျန့်ဟန်အကြောင်းကို ကျောင်းသားအချို့အား မေးမြန်းခဲ့သည်။
လက်ရှိတွင် လျန့်ဟန်သည် အလွန်ဆိုးရွားသော အခြေအနေတွင် ရှိနေသည်ဟု ဆိုနိုင်သည်။
သူကပေါက်ကွဲမှု၏ ဗဟိုချက်တွင် ရှိနေ၍ ခန္ဓာကိုယ်၏ ၈၅%အထိ လောင်ကျွမ်းသွားခဲ့သည်။
သူ၏ကလေးအား မှော်မီးလုံးများဖြင့် အခြားသူများကို အနိုင်ကျင့်နည်း သင်ပေးခဲ့သည့် မိုက်မဲသော မိဘတစ်ဦးသည် ဤပေါက်ကွဲမှုကြီးတွင် ဒဏ်ရာရရှိသွားခဲ့သည်။
ဤသည်မှာ အမှန်တကယ်ပင် ဝဋ်လည်သည်ဟုဆိုရမည့် အဆုံးသတ်ပင် ဖြစ်သည်။
ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် လမ်းတစ်လျှောက်ရှိ လူထုသည် မီးကိုငြိမ်းသတ်ရန်အတွက် စိုးရိမ်ထိတ်လန့်စွာဖြင့် လာရောက်ခဲ့ကြသည်။
အိမ်ထောင်စုတစ်ခုချင်းစီ၏ ရေအဆောင်လက်ဖွဲ့များကို လေထဲသို့ ပို့လွှတ်ခဲ့ကြသည်။
ဤမြင်ကွင်းက ကျင်းရှန်ဘုရားကျောင်း၏ နှစ်ပတ်လည်တွင် ရေလွှမ်းမိုးသည့် ပါဖောမန့် လုပ်ပြသည်နှင့် ဆင်တူ၏။
မီးသတ်တပ်ဖွဲ့နှင့် အရေးပေါ် လူနာတင်ယာဉ်တို့သည် မီးကို လုံးဝထိန်းချုပ်နိုင်ခဲ့ပြီး လျန့်ဟန်ကို ကယ်ဆယ်နိုင်ခဲ့သည်။
“ခေါင်းဆောင်လျန့်က တကယ်ကို ကြီးကြီးမားမား ထိခိုက်သွားခဲ့တယ်”
မျှချေမှော်ခန်းမတွင်လည်း တက်ရောက်နေသည့် ကျောင်းသားတစ်ဦးက ဖေဖေချန်းအား ပြောပြခဲ့သည်။
ထိုကျောင်းသားက လျန့်ဟန်ဆီသို့ ရောက်ရှိခဲ့ပြီးပြီဖြစ်၍ အခြေအနေကို ကောင်းစွာသိရှိထားခဲ့သည်။
တကယ်တမ်းတွင် သူ လျန့်ဟန်ဆီသို့ သွားရောက်ခဲ့သည့်အဓိကအကြောင်းအရင်းမှာ လျန့်ဟန်၏ ဒဏ်ရာကို စိတ်ပူသောကြောင့်မဟုတ်ပေ။
မီးလောင်ဒဏ်ရာများ ရရှိနေသည့် လျန့်ဟန်၏ ပုံသဏ္ဍာန်ကို သိလိုသောကြောင့်သာဖြစ်သည်။
“ခေါင်းဆောင်လျန့်ရဲ့ အခြေအနေက ဘယ်လိုရှိနေလဲမသိဘူး.. ငါ သူ့ဆီသစ်သီးခြင်းတောင်းယူသွားပြီး သတင်းသွားမေးမှ ဖြစ်မယ်ထင်တယ်”
လျန့်ဟန်က မည်မျှပင် ယုတ်မာကောက်ကျစ်သူဖြစ်ပါစေ၊ ၎င်းက ဖေဖေချန်း၏ဂိုဏ်းတူ စီနီယာအစ်ကိုကြီး ဖြစ်သည်။
ထို့အပြင် လျန့်ဟန်သည် ဤတစ်ခေါက် အခြေအနေကို သင်ခန်းစာယူပြီး ပြဿနာကို ထပ်မံ လုပ်ဆောင်တော့မည်မဟုတ်ဟု ဖေဖေချန်း ထင်မြင်ခဲ့သည်။
“ဆရာချန်း ဘာမှသွားမပို့တာ ပိုကောင်းတယ်.. မနေ့ကကျွန်တော် သူ့ဆီသစ်သီးခြင်းတောင်း ယူသွားခဲ့ပေမဲ့ သူလုံးဝမစားနိုင်ဘူးဆိုတာကို သိလိုက်ရတယ်.. ခေါင်းဆောင်လျန့်က မစားနိုင်လောက်တဲ့ထိ ပါးစပ်လည်း လောင်ကျွမ်းသွားခဲ့တယ်.. ထူးဆန်းတဲ့ အကြောင်းအရာတစ်ခုခုကြောင့် ခေါင်းဆောင်လျန့်ရဲ့ အင်္ဂါတွေက တော်တော်လေးအိုမင်းရင့်ရော်နေတယ်လို့ ဆရာဝန်တွေက ပြောတယ်.. မဟုတ်ရင် သူ့ရဲ့ဒဏ်ရာတွေက အချိန်နဲ့အမျှ ပြန်ကောင်းလာနိုင်သေးတယ်.. ပေါက်ကွဲမှုဖြစ်စ အချိန်တုန်းက ကျွန်တော်သွားကြည့်ခဲ့သေးတယ်.. ခေါင်းဆောင်လျန့်ကို လူနာတင်ကားထဲ သယ်သွားတဲ့အချိန်မှာ ခေါင်းဆောင်လျန့်ရဲ့ လက်သည်းတွေတောင် မီးလောင်သွားတာကို ကျွန်တော်တွေ့ခဲ့ရတယ်”
“မင်းကအားလုံးကို အသေးစိတ် သတိထားမိတာပဲ”
“သတိမထားမိစရာအကြောင်းလည်း မရှိဘူးလေ.. ခန္ဓာကိုယ်တစ်ခုလုံးက မီးလောင်ဒဏ်ရာတွေနဲ့ ပြည့်နေတာကိုး.. ခေါင်းဆောင်လျန့်ရဲ့အသက်ကိုတော့ ကယ်တင်နိုင်ခဲ့တယ်လို့ကြားတယ်.. ဒါပေမဲ့ အခုချိန်ကစပြီး ခေါင်းဆောင်လျန့်က ဒုက္ခိတ ဖြစ်တော့မယ်.. သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေက အတော်လေး ပျက်စီးသွားခဲ့တယ်.. ဒါကြောင့် ဆေးဘက်ဆိုင်ရာထောက်ခံချက် အပြည့်အဝမရသေးတဲ့ အင်္ဂါအတုတွေနဲ့ အစားထိုးထားရတယ်.. ခေါင်းဆောင်လျန့် အနေနဲ့ ဆေးကုသတဲ့ ကုန်ကျစရိတ်ကို ဆပ်ဖို့တောင် အချိန်အတော်လေး ရုန်းကန်ရနိုင်တယ်”
ဖေဖေချန်းက ထိုညတွင် သိပ်အိပ်မပျော်ခဲ့ပေ။
အချိန်အတော်ကြာစဉ်းစားပြီးနောက်တွင် လျန့်ဟန် အတွက် ကျင့်ကြံခြင်းဖိုရမ်တွင် အလှူခံပေးရန် ဆုံးဖြတ်ခဲ့သည်။
လျန့်ဟန်သည် ၎င်း၏မိုက်မဲမှုကြောင့် ကံကြမ္မာ၏ ဒဏ်ခတ်ခြင်းကို ခံခဲ့ရသည်။
သို့သော်လည်း သူ၏မိသားစုဝင်များသည် သူ့အတွက်နှင့်ဒုက္ခရောက်ရန် မလိုအပ်ပေ။
လျန့်ဟန်၏ဇနီးသည်က အိမ်ခြံမြေများကိုရောင်းပြီး ငွေရှာရန်ပြင်နေသည်ကို မြင်ရသောအခါတွင် ဖေဖေချန်း၏စိတ်က မမာနိုင်တော့ပေ။
ဤနှစ်များတလျှောက်တွင် လျန့်ဟန် စုဆောင်းခဲ့သော မိသားစုပိုင်ဆိုင်မှုနှင့် အိမ်ခြံမြေအားလုံးသည် ဆေးကုသမည့်ကုန်ကျစရိတ်ကို ကာမိရန် လုံလောက်မည်မဟုတ်ပေ။
သူတို့က ကွန်ပျူတာ ထုတ်လုပ်သည့် ကုမ္ပဏီထံ လျော်ကြေးရရှိလိုသော်လည်း ထိုကုမ္ပဏီသည် ယခင်က ထိုကွန်ပျူတာမော်ဒယ်ကို ပြန်လည် သိမ်းဆည်းခဲ့ပြီးဖြစ်သောကြောင့် ဥပဒေအရ ထိုပြဿနာမှာ ကုမ္ပဏီနှင့်မပတ်သက်တော့ပေ။
“အခုချိန်ကစပြီး လျန့်မိသားစုအတွက် ခက်ခဲတဲ့နေ့ရက်တွေရောက်လာတော့မယ်”
ဖေဖေချန်းက သက်ပြင်းချ၍ ရေရွတ်လိုက်သည်။
နှစ်ပေါင်းများစွာ ပြိုင်ဆိုင်လာခဲ့သည့် သူ၏ပြိုင်ဘက်ပြိုလဲသွားသည်ကိုကြည့်ရင်း ဖေဖေချန်း၏နှလုံးသားက အမှန်တကယ် ဝမ်းနည်းနေခဲ့သည်။
လျန့်ဟန်၏ဆေးကုသစရိတ်ကို သူတစ်ဦးတည်း မတတ်နိုင်သော်လည်း စုပေါင်းစွမ်းအားဖြင့် တတ်နိုင်လောက်သည်မဟုတ်လော။
“အဖေ သူ့ကို တကယ်ကူညီမှာလား”
ချန်းချောင်က ဖေဖေချန်း၏ အပြုအမူကို နားမလည်နိုင်ခဲ့ပေ။
“သူကငါ့ကို ဒီနှစ်တွေတလျှောက်လုံး ပြိုင်ဆိုင်လာခဲ့တယ်.. လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး သူက ငါနဲ့ယှဉ်ပြိုင်ရတာကို ပိုပြီး ရူးသွပ်လာတယ်.. ငါတို့ ကျောင်းတက်စဉ်ကလည်း သူငါ့ကို အတော်လေးရန်လိုခဲ့တယ်.. ဒါပေမဲ့ အမှန်တကယ်တော့ သူက လူဆိုးတစ်ယောက်မဟုတ်ပါဘူး”
ဖေဖေချန်းက ရှေးဟောင်းနှောင်းဖြစ်များကို ပြန်သတိရပြီး မျှဝေခဲ့သည်။
“ချန်းချောင်လေး.. ကျောင်းစတက်တာနဲ့ မင်းနားလည်သွားလိမ့်မယ်.. ကျောင်းတက်တဲ့အချိန်က တကယ်ကို ပျော်စရာကောင်းပြီး အံဩဖို့ကောင်းတဲ့အချိန်ပဲ”
“အဖေ.. စီနီယာအစ်ကိုကြီး တချို့ဆီက ကြားရတာကတော့ ကျောင်းတက်ရတာ ပင်ပန်းပြီး အိမ်စာတွေအများကြီး လုပ်ရတာဆို”
“အဲဒါက တစ်ကဏ္ဍပဲ ငါ့သား.. မင်းနဲ့ ရှောင်လင်းလေး ကျောင်းစတက်တာနဲ့ ကျောင်းတက်ရတာက ဘယ်လောက်တောင် ပျော်ဖို့ကောင်းလဲ မင်းနားလည်လာလိမ့်မယ်.. လူတော်တော်များများက အလုပ်တစ်ခုကို စလုပ်ပြီးမှသာ အဲဒီအလုပ်ရဲ့ ကောင်းကျိုးဆိုးကျိုးကို သိရတယ်”
“ဒါနဲ့ ခေါင်းဆောင်လျန့်က မကြာခင် သေတော့မယ်လို့ ကျွန်တော်ကြားတယ်.. ဒါကြောင့် အဖေ့ရဲ့အကူအညီက အလဟဿ ဖြစ်သွားနိုင်တယ်”
ချန်းချောင်က ကိုယ်တိုင်ပင် မသိလိုက်ဘဲ စတင်ကောင်းချီးပေးနေပြီဖြစ်သည်။
“ဆေးရုံက သူ့အသက်ကို ကယ်တင်ပြီးပါပြီ.. အသက်အန္တရာယ် ရှိနိုင်သေးတယ်ဆိုပေမဲ့လည်း ကြီးကြီးမားမဟုတ်ပါဘူး”
ဖေဖေချန်းက ထိုစကားကို ပြောနေသည့်အချိန်တွင် ဘုန်းကြီးကျောင်းမှ ထွက်လာစဉ်က ဘုန်းကြီးကျင့်သန်း ပေးခဲ့သည့် ပိုးအိတ်ကို ရုတ်တရက် သတိရသွားသည်။
အပိုင်း(၉၇၂) ပြီး၏