← Chapters

ရန်သူအသစ်တစ်ယောက်

Vol. 65 Ch. 975

ရန်သူအသစ်တစ်ယောက်

Vol. 65 Ch. 975

မီရှို့နိုင်ငံ၏နယ်စပ်တွင် မိစ္ဆာအူမှိုတက်သခင်နှင့် အစပြုသည့်တိုက်ပွဲအပြီး၌ ခံတပ်အသစ်များကို တည်ဆောက်ခဲ့သည်။

မိစ္ဆာအူမှိုတက်သခင် သေဆုံးသွားပြီ ဖြစ်သော်လည်း ၎င်းသည် နူကလီးယား ဘေးအန္တရာယ်ကဲ့သို့ အနီးနား ပတ်ဝန်းကျင်တွင် ဆိုးရွားစွာ ညစ်ညမ်းစေခဲ့သည်။

ထိုကဲ့သို့ကိစ္စမျိုးကို အနာဂတ်တွင် ထပ်မံ မဖြစ်ပွားစေရန် ထိန်းချုပ်ဖို့အတွက် မီရှို့နိုင်ငံသည် ခံတပ်အသစ်များကို တည်ဆောက်ခဲ့ခြင်းပင်။

မိစ္ဆာအူမှိုတက်သခင် သေဆုံးမှုသည် သူဝါးမျိုခဲ့သည့် ဥက္ကဌပိုင်ကိုပါ တစ်ခါတည်း သေဆုံးစေ့ခဲသည်။

ယခုအခါတွင် နယ်စပ်ရှိကာကွယ်ရေး အခြေစိုက်စခန်း၌ အလိုအလျောက် သန့်စင်သည့် သန့်စင်ရေးစနစ်ကို အသုံးပြုထားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ကျင့်ကြံသူများသည် ထိုနေရာကို လွယ်လွယ်ဖြင့် ခြေချနိုင်တော့မည် မဟုတ်ပေ။

မြင့်မားသောနံရံ၏ အပြင်ဘက်တွင် အားမာန်အပြည့်ရှိသော ဆံဖြူလူငယ်တစ်ဦး ပေါ်လာသည်။

ထိုလူငယ်၏ မျက်နှာပေါ်တွင် ခနဲ့တဲ့တဲ့ အပြုံးတစ်ခု ရှိနေသည်။

“ဒီနေရာကို ဝင်ခွင့်မပြုထားဘူးဆိုတာ အသိပေးချင်ပါတယ်.. ကျေးဇူးပြုပြီး စက္ကန့်သုံးဆယ်အတွင်း နောက်ဆုတ်လိုက်ပါ.. မဟုတ်လို့ရှိရင် ကာကွယ်ရေးစနစ်က အလိုအလျောက် အသက်ဝင်လာမှာ ဖြစ်တယ်”

“ကာကွယ်ရေးစနစ်လား”

ဆံဖြူလူငယ်က ပြုံးလိုက်သည်။

နောက်ထပ် အခိုက်အတန့်မှာပင် သူ၏မျက်လုံးကနေ အလင်းတန်းများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းများ ထွက်လာကာ မြင့်မားသောနံရံတွင် အပေါက်ကြီးတစ်ခုကို ချက်ချင်း ဖြစ်ပေါ်စေခဲ့သည်။

လူငယ်က ထိုအပေါက်ထဲကတေ အထဲသို့ ဝယ်လာပြီးနောက်တွင် တစ်နေရာကို စိုက်ကြည့်လိုက်သည်။

“ဒီနေရာပဲ”

ဤနေရာက မိစ္ဆာအူမှိုတက်သခင် ဖျက်ဆီးခံခဲ့ရသော နေရာဖြစ်ပြီး အော်ရာ အထူထပ်ဆုံးနေရာလည်း ဖြစ်သည်။

“အသက်ပြန်ရှင်စေ”

လူငယ်က သူ၏လက်ဖဝါးကို ဖွင့်လိုက်ရာ အဖြူရောင်အလင်းတန်းများက မြေပြင်ကို ဖုံးလွှမ်းသွားခဲ့သည်။

-----------------------

“ဟက်ချိုး”

ဝမ်မင်က နိုးလာသောအခါတွင် ငရုပ်ကောင်းအနံ့ကို ချက်ချင်းခံစားလိုက်ရသည်။

ထို့အပြင် ထိုငရုပ်ကောင်းအနံ့က သူ၏ ခေါင်းပေါ်ကနေ ရနေသကဲ့သို့ပင်။

“ဒါက မူမှန်ဘူး.. ဘာလို့ အသားကင်အနံ့ရနေရတာလဲ”

သူက ကုန်းထရန် ပြင်လိုက်သောအချိန်တွင် ကျိုက်ယန်က သူ၏ ခန္ဓာကိုယ်ကို ဖိထားလိုက်သည်။

“မလှုပ်နဲ့ဦး”

ဝမ်မင် “???”

ကျိုက်ယန်က ဝမ်မင်၏ ခေါင်းပေါ်ရှိ အသားကင်ကို ညှပ်ဖြင့်ကောက်ယူပြီး တစ်ကိုက် ကိုက်လိုက်သည်။

“၄၀%ပဲ ကျက်သေးတယ်”

ဝမ်မင်က အံ့ဩသွားခဲ့သည်။

“မင်းက ငါ့နဖူးကို မီးဖိုအဖြစ် အသုံးပြုနေတာလား”

“ဥက္ကဌချီက ငါ့ကို ခွင့်မပြုတဲ့အတွက် ငါဟင်းမချက်ရတာ ကြာပြီလေ.. နင် မေ့မျောသွားပြီးနောက်မှာ နင့်ရဲ့ ကိုယ်ပူချိန်ကို အသုံးမပြုရင် နှမျောစရာလို့ ငါတွေးမိတယ်”

ထို့နောက် သူမက စားပွဲပေါ်ရှိ ပန်းကန်ပြားပေါ်တွင် ထည့်ထားသည့် အသားကင်များကို ညွှန်ပြလိုက်သည်။

“ငါအများကြီးကင်ထားတယ်.. နင်မြည်းကြည့်ပါလား”

ဝမ်မင်က သူ့ချွေးများကို သုပ်လိုက်သည်။

“ဒီဇီဝဓာတုလက်နက်ကို မင်းကိုယ်တိုင်ပဲ စားလိုက်တော့”

“နင်က အရမ်းသဘောထား သေးသိမ်တာပဲ”

ကျိုက်ယန်က နှုတ်ခမ်းကိုဆူ၍ ပြောလိုက်သည်။

“ရှင်ဒီထက်ပိုပြီး အနားယူရမယ်.. ရှင့်ဦးနှောက်ကို လွန်လွန်ကဲကဲ ဆက်ပြီးအသုံးပြုမယ်ဆိုရင် ပြဿနာ ဖြစ်လာလိမ့်မယ်.. ဥက္ကဌချီက ရှင့်ကို လဝက် ခွင့်ပေးထားတဲ့အတွက် အရပ်ဝတ်နဲ့အပြင်ထွက်လည်လို့ရတယ်.. ဒီအချိန်လေးပဲ ရှင်နဲ့ကျွန်မက နီးနီးကပ်ကပ် နေလို့ရမှာလေ”

“ငါသိပါတယ်”

ဝမ်မင်က ခေါင်းညိမ့်လိုက်သည်။

“ဂြိုဟ်သားတွေနဲ့ ဆက်ဆံရေး ထူထောင်ရတာ အဆင်ပြေရဲ့လား”

“ရှင်စိတ်မပူပါနဲ့.. ကော်ဖျင်နဲ့ တခြားသူတွေက ဒီကိစ္စကိုအဆင်ပြေအောင် ကိုင်တွယ်လိမ့်မယ်.. ဒါ့အပြင် သူပြန်ရောက်လာပြီးနောက်မှာ သူ့တပည့်တွေလည်း သုတေသနဌာနကို ပြန်ရောက်လာကြပြီ.. ဒါကြောင့် သုတေသနဌာနရဲ့ လုပ်ငန်းဆောင်တာတွေက လစ်ဟင်းမှုမရှိခဲ့ဘူး.. ဒါနဲ့ ရှင် သတိမေ့သွားတုန်းက ရှင့်ညီဆီကို ကော်ဖျင်သွားခဲ့ပေမဲ့ ရှင့်ညီနဲ့ မတွေ့နိုင်ခဲ့ဘူး”

ထိုစကားကိုကြားလျှင် ဝမ်မင်က သူ့နဖူးကိုသူ ရိုက်လိုက်သည်။

ထိုအကြောင်းကို သူမေ့လုနီးပါး ဖြစ်ခဲ့သည်။

ဝမ်လင်း၏ တာအိုအဆောင်လက်ဖွဲ့ကို အက်ပ်ဒိတ် မြှင့်ရာတွင် ကော်ဖျင်လည်း ပါဝင်ခဲ့ကြောင်း ဝမ်လင်းကိုသူ တစ်ခါမှမပြောပြခဲ့ဖူးပေ။

ဤအတွက် သူ့တွင် ကိုယ်ပိုင်အကြောင်းပြချက် ရှိသည်။

ကော်ဖျင်တစ်ယောက် ထိုအချိန်က သုတေသနတွင် ပါဝင်လာရသည့် အဓိကအကြောင်းအရင်းမှာ တာအိုအဆောင်လက်ဖွဲ့ပစ္စည်းအား ခွဲခြမ်းစိတ်ဖြာပြီး ဝမ်လင်းဆန့်ကျင့်ရေးဟု အမည်ရသည့် အဆောင်လက်ဖွဲ့၏ အဓိက ဖိနှိပ်ချုပ်ချယ်မှုကို ထုတ်လုပ်ရန်အတွက် ဖြစ်သည်။

ဤအရာအား ခွဲခြမ်းစိတ်ဖြာသောအချိန်တွင် ကော်ဖျင်သည် ထူးခြားသောအမြင်နှင့် စိတ်ကူးစိတ်သန်းများ ရှိခဲ့သည်။

တစ်ခါတရံတွင် သိပ္ပံနည်းကျ သုတေသနပြုခြင်းသည် စာရေးသားခြင်းနှင့် ဆင်တူပြီး လှုံ့ဆော်မှု သို့မဟုတ် ကွဲပြားသောတွေးခေါ်ပုံမျိုး လိုအပ်သည်။

“ဒီအကြောင်းကို နောက်မှပဲ ကော်ဖျင်နဲ့ ငါပြောတော့မယ်.. အခုတော့ ငါ့ကို အိပ်မက်ပြန်လည်ထိန်းသိမ်းတဲ့ ကိရိယာ တစ်ချက်ပေး”

ဝမ်မင်က ပြောလိုက်သည်။

အိမ်မက်ပြန်လည်ထိန်းသိမ်းသည့် ကိရိယာမှာ ဝမ်မင်အပျော်တမ်း တီထွင်ခဲ့သည့် မှော်ရတနာတစ်ခု ဖြစ်သည်။

ထိုစက်ကိရိယာက ၂၄နာရီအတွင်း လူတစ်ဦး၏အိပ်မက်များကို ပြန်လည် ရရှိစေနိုင်သည်။

လူသားများ မက်ခဲ့သည့် အိပ်မက်များသည် နိုးထလာသည်နှင့် မေ့ပျောက်သွားတတ်ကြသည်။

အချို့အိပ်မက်များသည် အမှတ်တရများ ဖြစ်နေ၍ အိပ်မက် ပြန်လည်ထိန်းသိမ်းရေး ကိရိယာသည် အလွန်အသုံးဝင်သည်ဟု ဆိုရမည်။

ဝမ်မင်သည် တစ်ခါတရံတွင် ဝမ်လင်းကို အနိုင်ကျင့်သည့် အိပ်မက်များ မက်ခဲ့သည်။

သူက ထိုအိပ်မက်များကို အိပ်မက်ပြန်လည်ထိန်းသိမ်းရေးကိရိယာဖြင့် ပြန်လည်ရယူပြီး အထူး ပြုလုပ်ချက်များ ထပ်ထည့်ရန် မလိုအပ်သော ရုပ်ရှင်အဖြစ် မကြာခဏ မှတ်တမ်းတင်ထားခဲ့သည်။

“ရှင့်ရဲ့ညီလေးကို အနိုင်ကျင့်တယ်လို့ ထပ်ပြီး အိပ်မက်မက်နေပြန်ပြီလား”

ကျိုက်ယန်က ရယ်မော၍ ပြောလိုက်သည်။

သူမက ဝမ်မင်နှင့် ပတ်သက်၍ ကောင်းစွာသိထားသည်။

ဆိုရလျှင် ဝမ်မင်သည် သူ့ညီလေးအား အနိုင်ကျင့်သည့်အိပ်မက်များကို ပြန်လည်ထိန်းသိမ်းရန် အတွက် ဤအိပ်မက်ပြန်လည်ထိန်းသိမ်းရေး ကိရိယာကို တီထွင်ခဲ့ခြင်းဖြစ်၏။

“ငါ့ညီလေးကို အိပ်မက်မက်ရင် မင်းသိပ်မပျော်ဘူး မဟုတ်လား”

ဝမ်မင်က မျက်ခုံးပင့်၍ ပြောလိုက်သည်။

“ဟုတ်တယ်.. အနာဂတ်မှာ ဟင်းချက်တဲ့အခါ ရှာလကာရည်ထည့်စရာ မလိုတော့ဘူးပေါ့”

“ဒါက ဘာကိုဆိုလိုချင်တာလဲ”

ဝမ်မင်၏ မေးခွန်းကိုကြားလျှင် ကျိုက်ယန်က ကျားသစ်တစ်ကောင်၏ သားကောင်ကို စိုက်ကြည့်နေသော အကြည့်မျိုးဖြင့် ဝမ်မင်ကို စိုက်ကြည့်လိုက်သည်။

ဝမ်မင်က ချက်ချင်းပင် ကြောက်လန့်သွားသည်။

“ငါက စတာပါ.. အခုနောက်ပိုင်း လူတွေက သံပုရာသီး စားတာကို ကြိုက်နှစ်သက်ကြတာပဲ.. အချဉ်ရည်လေး နည်းနည်းပါးပါးလောက် စားတာက ပုံမှန်ပဲ မဟုတ်လား”

“ဒါဆို မနက်ဖြန် ဘယ်ကိုသွားမလဲဆိုတာ မင်းပဲဆုံးဖြတ်လိုက်ပါ.. ငါ့ညီလေးအိမ်ကိုတော့ ငါမသွားချင်တော့ဘူး”

“အဲဒါပိုကောင်းတယ်”

ထို့နောက်တွင် ကျိုက်ယန်သည် ဘရိုကိတ် အိတ်တစ်လုံးထဲကနေ အိပ်မက်ပြန်လည်ထိန်းသိမ်းရေး ကိရိယာကို ဆွဲထုတ်၍ ဝမ်မင်ကို ပေးလိုက်သည်။

ကျိုက်ယန်က ဝမ်မင်၏ သက်တော်စောင့်နှင့် လက်ထောက်လည်းဖြစ်၍ ဝမ်မင် မကြာခဏ အသုံးပြုလေ့ရှိသည့် မှော်ရတနာအချို့ကို ခန္ဓာကိုယ်နှင့် တစ်ပါတည်း သယ်ဆောင်လာလေ့ရှိသည်။

ကျိုက်ယန် “မနက်ဖြန် ဘယ်ကိုသွားရမလဲဆိုတာ ကျွန်မ စဉ်းစားကြည့်လိုက်ဦးမယ်”

ဝမ်မင် “ကောင်းပါပြီ”

ယနေ့တွင် အိပ်မက်ပြန်လည်ထိန်းသိမ်းရေး ကိရိယာကို သူအသုံးပြုလို့ရသည့် အကြောင်းအရင်းမှာ အခြားအကြောင်းအရင်းတစ်ခု ရှိသောကြောင့် ဖြစ်သည်။

ရှင်းလင်းစွာပြောရလျှင် ဝမ်မင်သည် သူမက်ခဲ့သည့်အိပ်မက်အတွက် အလွန်ပင် စိုးရိမ်နေခဲ့သည်။

မီရှို့နိုင်ငံနယ်စပ်ရှိ ကာကွယ်ရေး အခြေစိုက်စခန်းတွင် ဆံဖြူလူငယ်တစ်ဦး ရုတ်တရက် ပေါ်လာသည်။

ဝမ်မင်က အိပ်မက်ထဲမှမြင်ကွင်းကို ခပ်ရေးရေး မှတ်မိနေပါသေးသည်။

မိစ္ဆာအူမှိုတက်သခင် သေဆုံးပြီးနောက်တွင် မီရှို့နိုင်ငံ၏ နယ်စပ်ကာကွယ်ရေးစခန်း ဆောက်သည့်ကိစ္စနှင့် ပတ်သက်၍ ဝမ်မင်က သိရှိထားခဲ့သည်။

သို့ရာတွင် ဝမ်မင်သည် ထိုနယ်စပ်ကာကွယ်ရေးစခန်းကို တစ်ခါမျှ မရောက်ဖူးပေ။

သို့သော်လည်း ထိုအခြေစိုက် စခန်းတစ်ခုလုံးသည် သူ့အိပ်မက်ထဲတွင် အမှန်တကယ် ပေါ်လာခဲ့သည်။

အိပ်မက်ထဲမှ ဖြစ်ပျက်သမျှ အရာအားလုံးသည် အမှန်တကယ် ဖြစ်နေပုံရသောကြောင့် ဝမ်မင်က အနည်းငယ် စိတ်မသက်မသာဖြစ်ခဲ့သည်။

အထူးသဖြင့် ဆံဖြူချာတိတ်လေး၏ မျက်နှာပေါ်မှအပြုံးကို သူလုံးဝ မေ့မရပေ။

အစမှအဆုံးတိုင် ထိုလူငယ်သည် သူနှင့် ရင်းနှီးနေပုံရသည်။

“ဘယ်လောက်တောင်ထူးဆန်းတဲ့ အိပ်မက်လဲ”

ဝမ်မင်က ထိုကဲ့သို့ထူးဆန်းသည့် အိပ်မက်မျိုးကို တစ်ခါမှ မမက်ဖူး၍ မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

သူကအိပ်မက်ပြန်လည်ထိန်းသိမ်းရေး ကိရိယာဦးထုပ်ကို ဆောင်းလိုက်သောအခါတွင် သူသတိလစ်စဉ်က မက်ခဲ့သည့်အိပ်မက်ကို ပြန်လည်ရရှိခဲ့သည်။

ထိုအိပ်မက်ထဲတွင် မဟာတံတိုင်း ကဲ့သို့မြင့်မားသော တံတိုင်းများရှိသည့် ခံတပ်စခန်းတစ်ခုကို သူမြင်ခဲ့ရသည်။

အိပ်မက်ထဲတွင် သူနှင့် ရင်းနှီးပုံပေါက်သည်ဟု ခံစားရသော ထူးဆန်းသည့် ဆံဖြူလူငယ်လေးကိုလည်း သူမြင်တွေ့ခဲ့ရသည်။

ထိုအချိန်မှာပင် ချာတိတ်လေးက သူ့ကိုလှည့်၍ ပြုံးပြလိုက်သည်။

ထူးဆန်းသည်မှာ ထိုချာတိတ်လေးတွင် ဝမ်လင်းနှင့် တစ်ထပ်တည်း တူညီသည့် မျက်နှာလေး ရှိနေခဲ့သည်။

အပိုင်း(၉၇၅) ပြီး၏

All Chapters