ပထမဆုံးပြိုင်ပွဲစဥ်၏ အဆုံးသတ်
Vol. 8 Ch. 99
၁၈ဆင့်ပေါ်တွင် အသေအချာခြေချပြီးသည်နှင့် ဖုန့်ယွင်လာရာလမ်းသို့ပြန်လှည့်ကာ ၁၇ဆင့်ဆီဆင်းလို့လာတော့သည်။ ၁၇ဆင့်သို့ရောက်သည်နှင့် ဖုန့်မေက နားမလည်နိုင်သလို သိချင်စိတ်များနေသောမျက်လုံးလေးများဖြင့် သူ့ထံအပြေးကပ်လာသည်။
"အစ်ကိုယွင်" သူမအသံတွင် အံ့သြမှုများစွက်လို့နေသည်။ "ဘာလို့၁၉ဆင့်ထိဆက်မတက်တာလဲ"
ဖုန့်မေက စိတ်ရှုပ်ထွေးနေသည့်လေသံကိုဖုံးကွယ်မထားဘဲ မေးလို့လာသည်။ ဖုန့်ယွင်တစ်ယောက် ၁၈ဆင့်သို့ အခက်အခဲမည်မည်ရရမကြုံလိုက်ဘဲ တက်သွားနိုင်သည်ကို သူမမြင်လိုက်ရသည်လေ။ သူမအတွက်တော့ အစောကလိုအင်အားတိုးနေချိန်မှာတောင် ဖြစ်မလာနိုင်သည့်အခြေအနေပင်။ ဖုန့်ယွင်ဆက်တက်လျှင် မရနိုင်စရာအကြောင်းမရှိဟု သူမတပ်အပ်တွေးမိသည်။ ၁၈ဆင့်၏ဖိအားကို ဤမျှလွယ်လွယ်လေးတွန်းလှန်နိုင်ပါလျက် ဘာကြောင့်ရပ်တန့်လိုက်သည်မှန်း သူမစဥ်းစား၍မရနိုင်ပါ။
ဖုန့်ယွင်လည်း ခေတ္တမျှရပ်လိုက်ပြီး ၁၉ဆင့်ဆီသို့မျှော်ကြည့်လိုက်သည်။ တက်လမ်းမှာရှင်းလင်းပြတ်သားလျက် ကြိုးစားကြည့်ချင်စရာ စိန်ခေါ်မှုတစ်ခုပါပေ။ သူအသာပြုံးလိုက်မိသည်။ ဆယ်ကျော်သက်ကောင်လေး၏ မျက်ဝန်းအိမ်များမှာ တည်ငြိမ်ရင့်ကျက်သောအငွေ့အသက်များဖြင့်။
"ဒီနေ့အတွက်တော့ ဒီလောက်နဲ့တော်သင့်ပြီထင်တယ်" ပေါ့ပေါ့ပါးပါးပင်ပြောလိုက်ဟန်ရှိသော်လည်း ဆုံးဖြတ်ချက်သေချာချပြီးပုံပင်။
ဖုန့်မေလည်း တခစ်ခစ်ရယ်မောလိုက်သည်။ "သိပ်ကြွားတာပဲ" ဖုန့်မေခပ်တိုးတိုးစနောက်လိုက်သော်လည်း သူမအသံထဲတွင် ငြိုငြင်စိတ်မပါရှိပေ။ အနည်းငယ်မျှသောမူနွဲ့နွဲ့ဟန်လေးဖြင့် ကျီစားလာခြင်းလာဖြစ်ပြီး ကသိကအောက်စိတ်များလည်း မြူမှုန်မျှမရှိတော့။ အခြေအနေက စိတ်ဝင်စားစရာကောင်းလာချိန်မှာမှ ကွက်တိရပ်ပစ်လိုက်ခြင်းကား ဖုန့်ယွင်ပီသပါပေသည်။
"၁၈ဆင့်ပဲဖြစ်ဖြစ် ၁၉ဆင့်ပဲဖြစ်ဖြစ်ပါ" ဖုန့်ယွင်က သူမစိတ်တွင်းမှအတွေးများကိုဖတ်နိုင်သည့်အလား ဆက်ပြောလာသည်။ "သိပ်ပြီးကွာခြားသွားတာမှမရှိတာ"
သူ့အသံကတည်ငြိမ်နေပြီး သေချာရေရာမှုလည်းရှိလှသည်။ ဖုန့်ယွင်အတွက် ၁၉ဆင့်ဆိုသည်မှာ အပေါ်ယံအောင်မြင်မှုတစ်ခုထက်မပိုလှပေ။ အမှိုက်ကောင်ဟူသောဂုဏ်ပုဒ်ကိုဖယ်ရှားနိုင်ဖို့ ၁၈ဆင့်မှာ လုံလောက်သည်ထက်ပင်ပိုနေပေပြီ။ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီးဖြစ်သဖြင့် ဒီနေ့အတွက်တော့ ဆက်သွားစရာမလိုတော့ပါချေ။
ဖုန့်မေနှင့်ဖုန့်ယွင်မှာ ၁၇ဆင့်ထက်ခဏမျှရပ်ရင်း တိတ်တိတ်လေးပြောဆိုကျီစယ်နေကြချိန်ဝယ် အခြားသောပြိုင်ပွဲဝင်များမှာ ရှေ့ဆက်ဖို့ကြိုးစားနေလျက်သာ။ အောက်ဆုံးသောပြိုင်ပွဲဝင်မှစပြီး ကျောက်တောင်တစ်ခုလုံးရှိကျင့်ကြံသူများမှာ အတိုင်းအတာကိုကျော်လွန်ဖို့ကြိုးစားနေကြရင်း အောင်မြင်သွားကြသည်လည်းရှိသလို ဒီ့ထက်ဆက်မတိုးနိုင်တော့သူများလည်းရှိ၏။ သူတို့အားလုံးသည် ဖုန့်ယွင်တက်လှမ်းနိုင်ခဲ့သော ထို၁၈ဆင့်ကို တစ်ချက်တစ်ချက် သတိကြီးစွာဖြင့်မော့ကြည့်တတ်ကြသေးသည်။
၁၇ဆင့်တွင် ယှဥ်တွဲမတ်တပ်ရပ်နေကြသော ထိုနှစ်ဦးဆီအကြည့်ရောက်သွားသော် ပြိုင်ပွဲဝင်များမှာ သက်ပြင်းအသာချမိကြတော့သည်။ ကယောင်ကတမ်းလေးပင် အိပ်မက်မက်ရန်မဖြစ်နိုင်သော အမြင့်တစ်နေရာပါလေ။
ထိုအချိန်တွင် လွှမ်းမိုးနိုင်စွမ်းရှိသော အသံတစ်သံမှာ လူအုပ်ကြားထဲမှတီးတိုးသံများကိုကျော်ဖြတ်လျက် ပဲ့တင်ထပ်ပျံ့နှံ့လာတော့သည်။
"ပထမဆုံးပြိုင်ပွဲစဥ်ကတော့ အဆုံးသတ်ပါပြီခင်ဗျာ" အစီအစဥ်ကြေငြာသူ၏အသံသည် လူပင်လယ်ကြီးပေါ်သို့အုပ်မိုးသွားသည်။ အသံမှာ တည်ငြိမ်၍ အင်အားအပြည့်ရှိလှ၏။ ယနေ့ဖြစ်ရပ်ကြောင့် နိုးကြွလာသော စိတ်လှုပ်ရှားမှုများမှာလည်း လေထုထဲတွင်မငြိမ်သက်နိုင်ကြသေးပေ။
"ပြိုင်ပွဲဝင်များခင်ဗျာ ကျောက်တောင်ပေါ်ကနေပြန်လည်ဆင်းသက်ပြီး နဂိုနေရာများကိုပြန်နိုင်ပါပြီ"
ပြိုင်ပွဲဝင်များထံမှ စိတ်အေးသွားဟန် သက်ပြင်းချသံများကို ကြားလိုက်ရသည်။ အများစုကတော့ သူတို့၏စွမ်းရည်အဆင့်ကို မကျေမနပ်ဖြစ်လို့နေလျက်။ သို့သော် မွေးရာပါ ပါရမီဆိုသည်မှာ သူတို့ပြောင်းချင်တိုင်းပြောင်းလို့ရသည်မဟုတ်။ ၁၀ဆင့်အထက်မှပြိုင်ပွဲဝင်များနှင့် သူတို့ကြားကကွာခြားချက်ကိုကြည့်ပြီး ညည်းညူနေရုံသာတတ်နိုင်မည်ပင်။
ပြိုင်ပွဲဝင်များ တစ်ယောက်ပြီးတစ်ယောက်ပြန်ဆင်းလာကြတော့သည်။ မျက်နှာထားများမှာ မောပန်းနွမ်းနယ်မှုများ မကျေနပ်ဟန်များအပြည့်ဖြင့်။
ပြိုင်ပွဲဝင်များအားလုံး စွမ်းရည်စစ်ကျောက်တောင်ထက်မှ ဂရုတစိုက်ဆင်းသက်လာကြသည်ကို ကျန်မိသားစုဝင်များလည်း စောင့်ကြည့်နေကြသည်။ ပြိုင်ပွဲဝင်အနည်းငယ်များ ခြေထောက်များပင်တုန်ချိအားနည်းလျက်ရှိပြီး အချို့ကတော့ မျက်နှာမပျက်စွာဘဲ တည်တည်ငြိမ်ငြိမ်ဆင်းသက်လာကြသည်။ သူတို့၏မျက်လုံးများမှာတော့ သူတို့ရောက်ခဲ့သည့်အဆင့်နှင့် အထက်မှထိပ်တန်းပါရမီများ၏အဆင့်ကြားက အကွာအဝေးကို အကြည့်မလွှဲနိုင်သေး။
နောက်ပြီး ထျန်းလုံယုကဲ့သို့ အမြန်ဂရုစိုက်ဆေးကုပေးရန်လိုအပ်နေသည့် ပြိုင်ပွဲဝင်များလည်းရှိသည်ပင်။ ခန္ဓာကိုယ်၏အတိုင်းအတာထက်ကျော်လွန်၍ ဇွတ်အတင်းတွန်းတင်ခဲ့ကြသောကြောင့် ရခဲ့သောဒဏ်ရာများကို ပိုမဆိုးခင်အမြန်ကုရမည်သာ။
စွမ်းရည်စစ်ကျောက်တောင်ထက်မှ နောက်ဆုံးဆင်းသက်လာသောပြိုင်ပွဲဝင်များကတော့ ဖုန့်ယွင်နှင့်ဖုန့်မေပင်။
သူတို့အောက်သို့ရောက်ရောက်ချင်း လူအုပ်ကြီးမှာ ဝိုင်းဝိုင်းလည်လာတော့သည်။
မိနစ်ပေါင်းများစွာကြာအောင် ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်ခဲ့ရပြီးနောက်မှာတော့ အားပေးလက်ခုပ်သံများ ပေါက်ကွဲထွက်လာပြီး အံ့သြတကြီးချီးမွမ်းလို့မဆုံးနိုင်ကြတော့ပေ။ အချို့က စိတ်လှုပ်ရှားစွာပင် အပြေးဝင်တိုးတတ်ကြသေးသည်။
ဖုန့်ယွင်နှင့်ဖုန့်မေမှာ လူအများ၏အာရုံစိုက်ရာဗဟိုချက်ဖြစ်လို့သွားရပြီး ဂုဏ်ပြုချီးကျူးချင်သူများ၊ မေးခွန်းပေးချင်ကြသူများ၊ သို့မဟုတ် ပထမပွဲစဥ်ကို ကောင်းကောင်းကြီးလွှမ်းမိုးနိုင်ခဲ့သော ထိုနှစ်ဦးအား တစ်ချက်လောက်လာအကဲခတ်ချင်သူများ စသည့်လူမျိုးစုံကြား အဝိုင်းခံလိုက်ရတော့၏။
"ဖုန့်ယွင်ရေ ရင်သပ်ရှုမောစရာပါပဲ ၁၈ဆင့်ထိ ဘယ်လိုများတက်သွားနိုင်တာလဲကွာ"
"ဖုန့်မေ မင်းလည်းတော်တော်ပါရမီပါတာပါလား အရှေ့ပိုင်းစီရင်စုမှာ ဒီလောက်တော်တဲ့သူတွေရှိလိမ့်မယ်လို့ ထင်ကိုမထားဘူး"
"ဖုန့်ယွင်နဲ့ ဖုန့်မေရေ မင်းတို့ကိုယုံကြည်လိုက်ပြီနော်"
"ဂုဏ်ပြုပါတယ်ကွာ မင်းတို့နှစ်ယောက်က အတော်ဆုံးပဲ"
"နောက်ထပ်ဘာတွေဆက်လုပ်ပြမလဲသိချင်လွန်းလို့ မစောင့်နိုင်တော့ဘူး"
ရုတ်ချည်းချဥ်းကပ်လာကြသောလူအများကြား ဖုန့်မေမှာ အထိတ်တလန့်ပင်ဖြစ်သွားရသည်။ မကြာသေးသောအချိန်တုန်းကပင် သူမတို့ကို ကူးစက်ရောဂါသည်များကဲ့သို့ ဝေးဝေးမှနှိပ်ကွပ်ဆက်ဆံခဲ့ကြပြီး အခုတော့ လူတိုင်းကသူမအနားကပ်ချင်၊ သူမအာရုံစိုက်တာခံချင်လှသဖြင့် အရူးအမူးဖြစ်လို့နေသည်လေ။
ကျင့်ကြံရေးလောကမှာတော့ အင်အားကအရေးကြီးဆုံးပါပဲလား။
"အဟမ်း အားလုံးပဲငြိမ်သက်ပေးကြပါ ပြိုင်ပွဲဝင်များလည်း ပြန်လည်နေရာယူပေးကြပါ" ရုတ်ရုတ်သဲသဲဖြစ်နေသောလူအုပ်ကိုထိန်းရန် ကြေငြာသူ၏သတိပေးသံထွက်ပေါ်လာသည်။
ဒီအတိုင်းသာလွှတ်ထားလိုက်လျှင် ရလဒ်မကြေငြာခင်မိုးလင်းသွားပေရော့မည်။
"ယွင်အာ ငါ့တူလေးသိပ်ကိုတော်တာပဲ"
"မေ့အာ မင်းလုပ်နိုင်လိမ့်မယ်ဆိုတာကို ငါတို့ကြိုသိပြီးသားပဲ မင်းတို့နှစ်ယောက်လုံးက မိသားစုကိုဂုဏ်ယူရအောင် ကြိုးစားပေးနိုင်ခဲ့ကြတယ် လျန်အာ၊ ရှောင်ယုနဲ့ ကျန်းဟောင်တို့လည်း အကောင်းဆုံးလုပ်နိုင်ခဲ့တယ် အားလုံးကို ဂုဏ်ပြုပါတယ်ကွာ" ဖုန့်ကျန်းရှန်နှင့် ဖုန့်ကျီလန်တို့မှာ ချီးကျူးမြှောက်ပင့်လို့ မဆုံးနိုင်ကြတော့ပေ။
နွေးထွေးသောချီးကျူးစကားများကြောင့် သူတို့အားလုံးပြုံးမိသွားရ၏။ မိမိလေးစားအားကျသောသူများထံမှ အသိအမှတ်ပြုခံရခြင်းကား အမှန်ပင်စိတ်ကျေနပ်စရာကောင်းလှသည်။ လူအုပ်ကြီးတစ်ဖန်ငြိမ်သက်သွားသည်နှင့် အစီအစဥ်ကြေငြာသူ၏အသံထွက်ပေါ်လာပြီး အားလုံး၏အာရုံစိုက်မှုကို ဆွဲငင်သွား၏။
"ကဲ အခုဆိုရင်တော့ ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီရဲ့အဆင့်တွေကို ကြေငြာမှာဖြစ်ပါတယ်" ခန်းလုံးပြည့်လွှမ်းမိုးနိုင်သောအသံဖြင့် သူကဆက်ပြောလာသည်။
"ပထမနေရာမှာတော့ ၁၈ဆင့်ထိတက်လှမ်းသွားပြီး ဖုန့်မိသားစုအတွက် အမှတ်၁၀၀ရယူပေးနိုင်ခဲ့တဲ့ ဖုန့်ယွင်ရှိပါမယ် ဒုတိယနေရာမှာတော့ ၁၇ဆင့်တိုင်တက်ရောက်သွားပြီး ဖုန့်မိသားစုကို ၉၅မှတ်အပိုယူပေးနိုင်ခဲ့တဲ့ ဖုန့်မေရှိပါမယ် တတိယနေရာမှာတော့ ယွမ်ကျိရန်...."
ကြေငြာချက်ကို အာမေဋိတ်သံများ အားပေးလက်ခုပ်သံများဖြင့် စိတ်လှုပ်ရှားစွာ နားဆင်လျက်ရှိကြသည်။
"စတုတ္ထနေရာကတော့ ၁၃ဆင့်ထိတက်ရောက်နိုင်ခဲ့တဲ့ ဖုန့်ကျန်းဟောင်ဖြစ်ပြီး ဖုန့်မိသားစုအတွက် ၈၅မှတ်ထပ်ဆောင်းယူပေးခဲ့ပါတယ်ခင်ဗျာ"
မှန်ပေသည်။ ဖုန့်လျန်းနှင့်ဖုန့်ရှောင်ယုနောက်တွင်ပြတ်ကျန်ခဲ့သော ဖုန့်ကျန်းဟောင်မှာ ထိုနှစ်ဦးအားတစ်ပြန်ကျော်တက်ပြီး စတုတ္ထနေရာကိုအရောက်သွားနိုင်ခဲ့လေသည်။
လူအများမှာ ဖုန့်ယွင်နှင့်ဖုန့်မေကို အရူးအမူးအာရုံစိုက်နေကြဆဲအချိန်တွင် ဖုန့်ကျန်းဟောင်သည် ၁၃ဆင့်သို့ တရွေ့ရွေ့တက်လှမ်းနေခဲ့တာဖြစ်၏။
ဖုန့်လျန်း၊ ဖုန့်ရှောင်ယုတို့နှင့် တစ်ဆင့်တည်းရောက်အောင် တောင်တက်နိုင်ခဲ့ပေမယ့် သူမကျေနပ်နိုင်သေးဘဲ ၁၃ဆင့်ထိ မရောက်ရောက်အောင် ကျားကုတ်ကျားခဲ ရအောင်တက်ခဲ့တာဖြစ်သည်။
မယိုင်နဲ့သောစိတ်ပိုင်းဖြတ်မှုဖြင့် ၁၄ဆင့်ကိုဦးတည်ခဲ့သေးသော်ငြား အဆင့်မတက်နိုင်ခဲ့သောကြောင့် ၁၃ဆင့်တွင်ကျန်နေခဲ့ခြင်းပင်။
စတုတ္ထနေရာကို ၁၂ဆင့်တွင်ရှိသောပြိုင်ပွဲဝင်အစုလိုက်ရကြမည်ဟု ထင်ခဲ့ကြသောလူအများမှာ ဖုန့်ကျန်းဟောင်၏တိတ်တဆိတ်လှုပ်ရှားမှုတွင် အငိုက်မိသွားခဲ့ရသည်။
ထို့ကြောင့် ဖုန့်ကျန်းဟောင်၁၃ဆင့်ထိတက်နိုင်ခဲ့သည်ကို လူအတော်များများမသိလိုက်ကြပေ။
ပဥ္စမနေရာတွင် ၁၂ဆင့်မှလူစုဖြစ်သော ဖုန့်ရှောင်ယု၊ ဖုန့်လျန်း၊ ထျန်းလုံယု၊ ဟုလျန်းနှင့် ယွမ်လင်းဆိုသော ပြိုင်ပွဲဝင်ငါးယောက်နေရာယူသည်။
ကျန်သူများတွင် ၁၀ဆင့်ကျော်သောပြိုင်ပွဲဝင်၄ယောက်သာရှိပြီး အဲ့ဒီနောက်တွင်တော့ ၁၀ဆင့်အောက်များသာပင်။
ဖုန့်ယွင်နှင့်ဖုန့်မေမှာမူ အများကြားတွင် သီးသန့်တည်ရှိနေသော အထူးပါရမီရှင်များဖြစ်၏။
"အခုဆိုရင်တော့ မိသားစုအဆင့်များကို ကြေငြာပေးတော့မှာဖြစ်ပါတယ်"
မိသားစုအဆင့်တွင် ပထမနေရာမှာ မည်သည့်မိသားစုဖြစ်မည်မှန်း အားလုံးသိနေပြီးသားပါလေ။
"ပထမနေရာကိုတော့ ဖုန့်မိသားစုက အမှတ်၄၄၀နဲ့ အပြတ်အသတ်သိမ်းပိုက်သွားပြီး ဒုတိယနေရာကို ယွမ်မိသားစုက အထင်ကြီးလောက်စရာ အမှတ်၃၄၀နဲ့ ရရှိသွားပါတယ်"
ပထမနေရာမှာတော့ လွဲမှားနိုင်စရာမရှိ မိသားစုဝင်အားလုံး၁၀ဆင့်ကျော်တက်နိုင်ခဲ့ကြသည့် ဖုန့်မိသားစုပင်။ ပြိုင်ပွဲဝင်အဆင့်မှ ပထမနှင့်ဒုတိယနေရာကိုလည်း ဖုန့်မျိုးနွယ်များအပိုင်စီးထားသေးသည်လေ။
ပိုဆိုးတာကတော့ ဖုန့်မိသားစုသည် စဦးပထမပြိုင်ပွဲစဥ်မှာပင် ဒုတိယနေရာနှင့် အမှတ်၁၀၀ အပြတ်အသတ်ကွာနေခြင်းပင်။
တတိယနေရာကိုတော့ ထျန်းလုံမိသားစုက အမှတ်၂၉၀ဖြင့်ရယူထားလေသည်။ အခြားမိသားစုများနှင့်ယှဥ်လျှင်တော့ မျက်နှာမော်နိုင်သေးပေသည့် ယွမ်မိသားစုနှင့်ယှဥ်လျှင် အမှတ်မှာတအားနိမ့်နေသည်ပင်။ ဖုန့်မိသားစုနှင့်တော့ သွားမယှဥ်ရဲသလောက်။
ကောင်းကွက်ကတော့ အဆင့်များကို အမှတ်ဖြင့်ဆုံးဖြတ်ပြီး အမှတ်ကိုမူ တစ်ဦးချင်းအဆင့်အလိုက်ဆုံးဖြတ်လေသည်။ တက်နိုင်ခဲ့သောအဆင့်ဖြင့်မဆိုင်ဘဲ ရှေ့နောက်အဆင့်ဖြင့်သာဆိုင်တာဖြစ်သည်။
တက်ခဲ့သောအဆင့်ဖြင့်သာဆုံးဖြတ်ပါလျှင် မိသားစုအဆင့် ပထမနေရာနှင့် ဒုတိယနေရာမှာ ယခုထက်ပင်ပိုကွာပေလိမ့်ဦးမည်။
အဆင့်များကိုကြေငြာပြီးသည်နှင့် လူအုပ်ကြီးမှာ လှုပ်လှုပ်ရွရွဖြစ်လို့နေကြ၏။ ဖုန့်မိသားစုအတွက် အားလုံးက နှစ်ထောင်းအားရဖြစ်စွာ ချီးကျူးဂုဏ်ပြုပေးနေကြသည်။ ဖုန့်မျိုးနွယ်ပါရမီရှင်များမှာကား လူအများအာရုံစိုက်ရာဖြစ်လို့နေပြီး သူတို့၏အောင်မြင်မှုများက မိသားစု၏ဂုဏ်သိက္ခာကို နောက်ခံကားချပ်အဖြစ် မြှင့်တင်ရေးခြယ်ပေးနေကြသည်။
ဒီနေ့ကတော့ အရှေ့ပိုင်းစီရင်စုစုဝေးပွဲမှာ ဖုန့်မိသားစုဇာတ်လိုက်ဖြစ်တဲ့နေ့ပါပဲ။