အခန်း (၁၀၁)
Vol. 8 Ch. 101
မိုးပြာကောင်းကင်ကူးသန်းရောင်းဝယ်ရေးအစည်းအရုံးမှာ မိုးပြာကောင်းကင်အင်ပါယာတွင် အကြီးဆုံးစီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်၏။
ချင်းယွင်မြို့တစ်လွှားသာမက အင်ပါယာတစ်ခုလုံးတွင် သူတို့အဆက်အသွယ် အကိုင်းအခက်များ နေရာတကာဖြန့်ကျက်လို့ထားသည်။ သို့သော် မြူခိုးချိုင့်ဝှမ်းမြို့တော်မှာတော့ အစွန်အဖျားကျလှ၍ သူတို့အာဏာလက်လှမ်းမမီနိုင်ပေ။
သို့သော် ဖုန့်ချန်းမှာတော့စိတ်လှုပ်ရှားကာ တက်ကြွလို့နေပေပြီ။ သူ့မှာ ရောင်းချစရာပစ္စည်းတွေမှ တစ်ပုံတစ်ပင်ရှိနေသည်။ မုန်တိုင်းတောင်ကြားမှရလာသော ထိုအဖိုးတန်ရတနာများကိုရောင်းချရန် ဤလေလံပွဲမှာ အခွင့်ကောင်းကြီးတစ်ရပ်ပင်။
ထျန်းလုံခန်းမတွင်းမှ မိသားစုများတစ်စုပြီးတစ်စုထွက်ခွာသွားကြပြီး ဖုန့်မိသားစုလည်းထိုနည်းတူပင်။ သို့သော် ဝင်လာတုန်းကလေထုအခြေအနေနှင့် ယခုထွက်လာချိန်အခြေအနေကတော့ အကွာကြီးဖြစ်လို့နေသည်။
အဝင်မှာတုန်းက သူတို့မှာ စောင့်ကြည့်အကဲခတ်ခံလိုက်ရ ကျိန်ဆဲခံလိုက်ရနှင့် မည်သူမှလည်းအနားမကပ်ချင်လှပေ။
သို့သော် ပြန်လည်ထွက်ခွာချိန်မှာတော့ လူတိုင်းကသူတို့နှင့်စကားဖောင်ဖွဲ့ချင်နေကြပြီး ချီးကျူမြှောက်ပင့်လို့မဆုံးနိုင်သည်မှာ အစောကမသိချင်ယောင်ဆောင်မှုများဟာ သက်သက်ဟန်ဆောင်စနောက်ခဲ့ကြသလိုပင်။
ဖုန့်ချန်းမှာ တောက်တဲ့လိုတွယ်ကပ်နေကြသောလူအုပ်ကြီးကို အတော်လေးခါထုတ်လိုက်ရပြီး သူတို့မိသားစုတည်းခိုရန်စီစဥ်ထားသော ချင်းယွင်မြို့ရှိတည်းခိုခန်းအား ဦးတည်လိုက်တော့သည်။
သူတို့ဦးတည်သော ကြက်သွေးရင့်ပန်းနွယ် တည်းခိုဆောင်သို့ နီးကပ်လာသော် ပန်းနွယ်ပန်းခက်သဏ္ဍာန် အဆင်အယင်များ အနုစိတ်ထွင်းထုထားပြီး အနီရောင်အလံစများ တလူလူလွင့်တက်နေကာ အခြားတည်းခိုဆောင်များနှင့်မတူကွဲပြားလှသည့် တည်းခိုဆောင်မျက်နှာစာကို ဦးစွာမြင်တွေ့လိုက်ရသည်။ အဝင်ဝတွင်ရှိသော မီးအိမ်များမှ နွေးထွေးသောအလင်းရောင်မှာ ဧည့်သည်များကို ခရီးဦးကြိုပြုနေသည့်ဟန် ခံစားရ၏။
တန်ဆာဆင်ခြယ်သထားသော သစ်သားတံခါးကိုတွန်းဖွင့်လိုက်သော် ချယ်ရီပန်းနံ့သင်းကြူကြူဖြင့် မီးဖိုဆောင်မှဆူပွက်နေသာ ဟင်းနံမွှေးမွှေးတို့ကို ရောယှက်ရှူရှိုက်လိုက်မိသည်။ တည်းခိုဆောင်မှာ ဧည့်သည်တော်များ ခြေချင်းလိမ်လို့ရှိသည်။ အချို့မှာ အစားအသောက်စားပွဲဝိုင်းများတွင်ထိုင်နေကြလျက် အချို့မှာ သေရည်စားပွဲများတွင် စကားဖောင်ဖွဲ့နေကြ၏။
တောက်ပသောအပြုံးတစ်ပွင့်ဖြင့် ဧည့်ကြိုစားပွဲတွင် ကူညီရန်အသင့်ရပ်နေသော ဝန်ထမ်းအမျိုးသမီးငယ်ထံသို့ ဖုန့်ချန်းဦးတည်လိုက်သည်။ "ကြက်သွေးရင့်ပန်းနွယ်တည်းခိုဆောင်မှကြိုဆိုပါတယ်ရှင် လူကြီးမင်းတို့ ကြိုတင်မှာယူထားတာများရှိပါသလား"
"ရှိပါတယ် ဖုန့်မျိုးရိုးနာမည်နဲ့ တစ်ခန်းမှာယူထားပါတယ်"
"အာ ဟုတ်ပြီ ဖုန့်မိသားစုမှာယူထားတဲ့အခန်းအသင့်ဖြစ်နေပါပြီရှင် ကျွန်မလမ်းပြပေးပါ့မယ်" အမျိုးသမီးမှာ သူတို့ကိုရှေ့မှဦးဆောင်လမ်းပြပြီး မီးအိမ်များဖြင့်အလှဆင်ထားရာ လှေကားတစ်လျှောက် ခေါ်ဆောင်သွားတော့၏။
အခန်းသို့ရောက်သော် ကြော့ရှင်းသပ်ရပ်မှုအား ဖုန့်ချန်းမချီးမွမ်းဘဲမနေနိုင်တော့ချေ။ နံရံထက် အလှဆင်ပန်းချီများစွာချိတ်ဆွဲထားပြီး သင့်တင့်ပြည့်စုံသောပရိဘောဂများကြောင့် အထက်တန်းဆန်သော်ငြား နွေးထွေးလုံခြုံသည့်အငွေ့အသက်တစ်ခု ပေးစွမ်းနိုင်သည်။ ပြတင်းပေါက်ကျယ်ကြီးမှတစ်ဆင့် ပျားပန်းခတ်လှုပ်ရှားသွားလာနေကြသော ဈေးတန်းကိုမြင်နိုင်ရုံသာမက နေဝင်စပြုပြီး လိမ္မော်ရောင်နှင့်ပန်းရောင်တို့ ရောစပ်ထင်ဟပ်နေသော ရေတံခွန်ငယ်တစ်စင်းကိုပါ ရင်သပ်ရှုမောဖွယ် မြင်တွေ့နိုင်ပေသည်။
"လှလိုက်တာနော်" ဖုန့်မေသည် အထဲသို့လှမ်းဝင်ပြီး တစ်ပတ်လှည့်လျက်ပြောလာသည်။ အနောက်မှလိုက်လာသောဖုန့်ကျန်းဟောင်လည်း သဘောတူစွာခေါင်းညိတ်လာသည်။ "ငါတို့မြူခိုးချိုင့်ဝှမ်းမြို့တော်က မြင်နေကြအခန်းပုံစံတွေနဲ့ အတော်လေးကွာတာပဲ"
အခန်းကို ခဏမျှကျေနပ်စွာလှည့်ပတ်ကြည့်နေပြီးမှ ဖုန့်ချန်းပြောလိုက်သည်။ "ညစာမစားခင် ခဏလောက်အနားယူကြရအောင်"
"ကောင်းတယ်ဗျာ" ဖုန့်ယွင်က ဆိုဖာအိအိတစ်လုံးပေါ် ပစ်လှဲချလိုက်ပြီးပြောလာသည်။ "အကြိတ်အနယ်ပြိုင်ပွဲကြီးအပြီး အခုမှပဲအသက်ရှူချောင်ရတော့တယ်"
ပြိုင်ပွဲတစ်ခုလုံးမှာ အားမထုတ်ဆုံးဖြစ်ခဲ့သောသူ့ညီအပြောကိုကြားပြီး ဖုန့်ချန်းမျက်ဆံလှန်လိုက်သည်။ သူ့အတွက်ဖြင့် ဒီလောက်လွယ်ကူနေတဲ့ဟာကို။ သွေးမှပူလိုက်ရဲ့လား ဇာတ်လိုက်မင်းသားရေ။ လခွမ်းနဲ့မှ
"မနက်ဖြန်ကျင်းပမယ့် မိုးပြာကောင်းကင်ကူးသန်းရောင်းဝယ်ရေးအစည်းအရုံးရဲ့ လေလံပွဲကိုလည်း မမေ့လိုက်ကြနဲ့ဦး စောစောအနားယူပြီး မနက်ဖြန်အတွက်ပြင်ဆင်ထားကြ ငါတို့ဘက်ကလည်း ဘာရတနာတွေများဝယ်ဖို့လိုမလဲ စောင့်ကြည့်ထားရမယ်"
ဖုန့်ချန်းဆက်ပြောလာသည်။
"ဒီနေ့ပွဲအတွက် ဆုပေးတဲ့အနေနဲ့ မင်းတို့လိုချင်တဲ့ရတနာရှိရင်ပြော ငါအတတ်နိုင်ဆုံးကြိုးစားဝယ်ပေးမယ်"
ဖုန့်ချန်းမှ ဆုပေးမည့်အကြောင်းစကားစလိုက်သည်နှင့် အခန်းတွင်းမှလူငယ်များ စိတ်လှုပ်ရှားလာကြတော့သည်။ လေလံပွဲမှ ကြိုက်ရာရတနာကိုယူနိုင်မည်တဲ့။ အားလုံး၏မျက်နှာများမှာ အားဆေးစားလိုက်ရသကဲ့သို့ပင်။ မိုးပြာကောင်းကင်ကူးသန်းရောင်းဝယ်ရေးအစည်းအရုံးဆိုသည်မှာ အကြီးဆုံးသောကုန်သည်အဖွဲ့ကြီးဖြစ်သောကြောင့် သူတို့လေလံတင်သောရတနာများမှာလည်း လွန်စွာမှ ရှားပါးအဖိုးတန်မည်မလွဲပေ။
သူတို့အတွက် ကြိုက်ရာရတနာတစ်ခုဝယ်ပေးမည်ဟူသော ထိုကတိစကားတွင် စိတ်မလှုပ်ရှားပဲ နေနိုင်ရိုးလား?
"ကျေးဇူးအထူးပါ မိသားစုခေါင်းဆောင်ကြီးခင်ဗျာ"
"ကျေးဇူးပါ အစ်ကိုကြီးရေ"
ကလေးများ၏စိတ်အားထက်သန်မှုကိုမြင်သော် ဖုန့်ချန်းမပြုံးဘဲမနေနိုင်တော့ပေ။ "မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်ပြင်းပြမှုကြောင့် ရလာတဲ့ဆုလာဘ်ပဲ အဲ့ဒီစွမ်းဆောင်ရည်တွေကိုဆက်ထိန်းထားပြီး မိသားစုအတွက် ဂုဏ်ဆောင်နိုင်ဖို့ပြင်ဆင်ထားကြ"
(နောက်ပြီး ငါ့ဖို့လည်းစနစ်ရမှတ်လေးတွေ ယူလာကြဦးပေါ့)
ဒါကိုတော့ ဖုန့်ချန်းအတွေးထဲမှပြောလိုက်သည်။