← Chapters

လေလံပွဲအတွက် ပြင်ဆင်ခြင်း

Vol. 8 Ch. 102

လေလံပွဲအတွက် ပြင်ဆင်ခြင်း

Vol. 8 Ch. 102

‌နောက်တစ်နေ့ ချင်းယွင်မြို့တွင် နေထွက်လာသည့်အချိန်မှစ၍ လမ်းများထက်တွင် စိတ်လှုပ်ရှားစွာ အုတ်အော်သောင်းနင်းဖြစ်လို့နေကြလေပြီ။ မိုးပြာကောင်းကင် ကူသန်း‌ရောင်းဝယ်ရေးအစည်းအရုံးမှကျင်းပသော လေလံပွဲမဟုတ်ပါလား? ဘယ်လောက်တောင်စောင့်မျှော်ခဲ့ရသလဲ။

မိုးပြာကောင်းကင် ကူသန်း‌ရောင်းဝယ်ရေးအစည်းအရုံးရဲ့လေလံပွဲဟာ နီးနီးဝေးဝေးမှ မရေမတွက်နိုင်လောက်သောလူအုပ်ကြီးကို စုစည်းဆွဲဆောင်နိုင်ပေသည်။ လူတိုင်းဟာ ရှားပါးရတနာတွေကို အရယူဖိုစိတ်အားထက်သန်နေကြပြီး မရနိုင်လျှင်လည်း ဤသို့သောလေလံပွဲကြီးများတွင် တွေ့ရလေ့ရှိသည့် အံ့မခန်းကြွယ်ဝချမ်းသာမှုများနှင့် အာဏာပါဝါများကို မျက်မြင်တွေ့ရသည်နှင့်ပင်တန်လှပြီဟု မှတ်ယူကြလေ၏။

လူတိုင်းတော့ဝင်ခွင့်ရမည်မဟုတ်ပေ။ လွှမ်းမိုးနိုင်စွမ်းရှိသော အင်အားကြီးမိသားစုဝင်များ ဒါမှမဟုတ် မတန်တဆဈေးမြင့်လှသော လေလံပွဲလတ်မှတ်ကို ဝယ်ယူနိုင်သူများသာလျှင် ခန်းမတွင်းဝင်ခွင့်ရပေမည်။

အရှေ့ပိုင်းစီရင်စုစုဝေးပွဲသို့ ဝင်ရောင်ယှဥ်ပြိုင်ခွင့်ရကြသော မိသားစုများအတွက်တော့ ခုံများအသင့်ခင်းကျင်းပေးပြီးသားပါလေ။ နောက်ဆုံးတော့လည်း ယှဥ်ပြိုင်ခွင့်ရတဲ့မိသားစုတွေဆိုတာဟာ သူတို့မြို့တော်မှာအင်အားအကြီးဆုံးမိသားစုများပဲ ဖြစ်သည်မဟုတ်လား?

ကြက်သွေးရင့်ပန်းနွယ်တည်းခိုဆောင်တွင် ဖုန့်မိသားစုဝင်များမှာ ‌လေလံပွဲအတွက်ပြင်ဆင်ရင်းအလုပ်များနေကြသည်။ သို့သော် မိသားစုခေါင်းဆောင်မှာတော့ မရှိပါချေ။ တစ်နေရာရာကိုသွားစရာရှိသည်ဟုသာပြောပြီး အစအနပင်မကျန်အောင်ပျောက်သွားသည်သာ။

မဟာအကြီးအကဲများပင် ခေါင်းဆောင်ဘယ်သွားမလို့လဲဆိုတာကို မေးလို့မရလိုက်ပါ။ သို့သော် သူတို့လည်း များများစားစားတော့စိုးရိမ်မနေပါချေ။ ချင်းယွင်မြို့မှာ လုံခြုံရေးကောင်းသောမြို့တော်ဖြစ်ပြီး ဖုန့်ချန်း၏စွမ်းအားနှင့်ပေါင်းလျှင် လုပ်ကြံတိုက်ခိုက်မှုတွေကို ကြောက်နေစရာမကြောင်းမရှိပါ။

ဝှစ်

"ငါပြန်ရောက်ပြီ"

သူတို့အားလုံး ဖုန့်ချန်းကိုစောင့်ရမလား သွားနှင့်ရမလား ငြင်းခုန်နေကြချိန်ဝယ် ဖုန့်ချန်းပြန်ရောက်လို့လာသည်။

"ချန်းအာ ဘယ်တွေသွားနေတာလဲ"

မဟာအကြီးအကဲဖုန့်ကျန်းရှန်မှ မေးလာသည်။

"ဟဲဟဲ နောက်တော့သိရမှာပေါ့ဗျာ"

ဖုန့်ချန်းက အကြံများပြည့်နေသောအပြုံးဖြင့် ပြန်ပြောလိုက်သည်။

ငယ်စဥ်တုန်းက ခပ်နောက်နောက်ခပ်ပြောင်ပြောင်အမူအရာများ အခုချိန်ထိမပျောက်သေးသောဖုန့်ချန်းကိုကြည့်ပြီး ဖုန့်ကျန်းရှန်မှာ ခေါင်းသာယမ်းမိတော့သည်။

ဖုန့်ချန်းမှာ ကလေးဘဝကတည်းက လူတွေကိုအမြဲအလန့်တကြားဖြစ်အောင်ခြောက်လှန့်ရသည်အား လွန်စွာမှနှစ်ခြိုက်ပြီး အကြံအစည်မထမြောက်ခင်ထိ ခပ်တည်တည်ဖုံးကွယ်ထားနိုင်စွမ်းလည်းရှိလေသည်။ ဖုန့်မိသားစုဝင်များမှာ အမြဲသည်းထိတ်ရင်ဖိုဖြစ်ရပ်များနှင့်သာကြုံနေရသောကြောင့် ဖုန့်ချန်းလည်း အမေဖြစ်သူထံမှ မကြာခဏဆူပြောခံခဲ့ရသည်။

ဖုန့်ချန်း၏ တဇွတ်ထိုးလုပ်တတ်သည့်အကျင့်ကြောင့် ဖုန့်မိသားစုမှာလည်း ဖုန့်ချန်းမွှေသမျှခံနေရတတ်လေသည်။

တစ်ခါကဆိုလျှင် အိမ်မှထွက်သွားပြီး ပြန်လာသော် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူဖြစ်လာရုံသာမက မြေကမ္ဘာအဆင့်ကျင့်စဥ် တစ်ခုကိုပါ အပါယူလာလိုက်သေးသည်။

ထိုအကြောင်းကိုသိရသည်နှင့် ဖုန့်မိသားစုတစ်ခုလုံးလည်း လှုပ်လှုပ်ရွရွဖြစ်လို့သွားပြီး ဖုန့်ချန်း၏အမေက သူ့ကို ဒီကျင့်စဥ◌်ဘယ်ကရခဲ့မှန်း မရရအောင်စစ်မေးလေတော့သည်။ ထိုသို့သောအဖိုးတန်ရတနာများကို အန္တရာယ်များသောနေရာများ၌သာ တွေ့ရတတ်သဖြင့် ဖုန့်ချန်းလည်း ဒါတွေကိုရဖို့သွားရောက်စွန့်စားလာတာဖြစ်မည်ဟု သူမကောက်ချက်ချလိုက်သည်။ ဘယ်လောက်ပဲတန်ဖိုးကြီးတာတွေရလာပါ‌စေ၊ ဘယ်လောက်ပဲတိုးတက်လာပါစေ၊ နောက်ထပ်မလုပ်ချင်အောင် အပြစ်ပေးနိုင်မှ တော်ကာကျမည်ပင်။

ထို့အပြင် ဘယ်လောက်စစ်မေးမေး ဘယ်လိုသွားခဲ့လဲဆိုတာကို ပြုံးသာပြုံးနေပြီး လုံးဝပြန်မဖြေသည့်ဖုန့်ချန်းကြောင့် သူတို့ထင်သလို အန္တရာယ်များတဲ့နေရာတွေကိုသွားတာပဲဖြစ်နိုင်သည်ဟု ပိုယုံလိုက်ကြတော့သည်။

ဖုန့်ကျန်းရှန်၏ဘေးမှ ဖုန့်ကျီလန်ဟာလည်း ကူကယ်ရာမဲ့စွာခေါင်းယမ်းမိတော့သည်။ အမေဖြစ်သူမရှိမှတော့ ဒီကောင်လေးဘယ်လောက်မွှေမွှေ ဆူပူကြိမ်းမောင်းမည့်သူလည်းမရှိတော့ပေ။

တစ်ဖက်တွင်တော့ ဖုန့်ချန်းမှာ လေလံပွဲမှာရလာမည့်ပိုက်ဆံများကိုကြိုတွေးပြီး ပျော်လို့မဆုံးတပြုံးပြုံးဖြစ်နေတော့၏။

သူပစ္စည်းများကို သိုလှောင်လက်စွပ်တွင်းမှထုတ်၍ စာရေးမထံအပ်လိုက်သော် သူမမျက်လုံးများမှာ မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်လို့သွားသည်။ အဆင့်၆သားရဲအမြုတေ ၅ခုထက်မကပါရှိနေလေ၏။ မိုးပြာကောင်းကင်အင်ပါယာတွင် အဆင့်၆သားရဲကိုအနိုင်ယူနိုင်သည့် ဝိဉာဉ်သန္ဓေအဆင့်ကျင့်ကြံသူမှာ ဆယ်ယောက်ပင်မပြည့်ပေ။

ထို့အပြင် အဆင့်၆သားရဲကို အသေသတ်နိုင်ဖို့ဆိုလျှင် ဝိဉာဉ်သန္ဓေအဆင့်ကျင့်ကြံသူ အနည်းဆုံးတစ်ဦးနှင့် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူအများအပြားကိုစုရုံးရ၍ ကောင်းကောင်းပြင်ဆင်ထားနိုင်ပါမှ အောင်မြင်မည်ပင်။

သို့သော် ဝိဉာဉ်သန္ဓေအဆင့်ကျင့်ကြံသူများမှာ အဆင့်၆သားရဲကိုသတ်ဖို့အတွက်နှင့် သူတို့အသက်ကိုစွန့်စားကြမည်မဟုတ်ပေ။ အဆင့်၅သားရဲများကို အမဲလိုက်ခြင်းဖြင့်ပင် ကျော်ကြားအောင်မြင်မှုက စိတ်ကျေနပ်စေဖို့လုံလောက်လေပြီ။ အဆင့်၆သားရဲများမှာ ယေဘုယျအားဖြင့် ဝိဉာဉ်သန္ဓေအဆင့်ကျင့်ကြံသူများထက် ပိုလို့အားကြီးသောကြောင့် သူတို့ကိုအမဲလိုက်သတ်ဖြတ်ရန်အကြောင်းရင်း မရှိသလောက်ပါပင်။

ထို့ကြောင့် အဆင့်၆သားရဲအမြုတေဆိုသည်မှာ မိုးပြာကောင်းကင်အင်ပါယာတွင် လွန်စွာမှရှားပါးလေသည်။

"နေ-နေပါဦး ကျွန်မ စီမံခန့်ခွဲမှူးကိုခေါ်လိုက်ပါဦးမယ်" စာရေးမမှာ ဖုန့်ချန်းမတုံ့ပြန်နိုင်လိုက်သေးခင် အမြန်ပြေးထွက်သွားလေသည်။

မကြာခင်မှာပင် စီမံခန့်ခွဲမှူးရောက်လို့လာပြီး ဖုန့်ချန်းဖြန့်ခင်းပြထားသောပစ္စည်းများကို မျက်မှောင်ကြုံ့လျက်စစ်ဆေးကြည့်တော့သည်။ "လူကြီးမင်း ဒါတွေအားလုံးကိုဘယ်ကရလာတာပါလိမ့်" မယုံကြည်ဟန်ဖြင့် ထိုလူကမေးလာသည်။

"ဪ ခရီးထွက်ရင်း လမ်းဘေး အမှိုက်ပုံကကောက်လာတာတွေပါ"

စီမံခန့်ခွဲမှူးမှာ ဖုန့်ချန်း၏စကားများကိုမယုံကြည်နိုင်ဟန်ဖြင့် ခေါင်းယမ်းလို့လာသည်။ ဤရှားပါးသားရဲအမြုတေများကိုရလာဖို့က ဖုန့်ချန်းပြောသလောက် ဘယ်လွယ်ပါမည်နည်း? သူပြောသလိုသာဆိုလျှင် မဟားဒရားကံတွေစွတ်ကောင်းနေမှ ဖြစ်နိုင်မည်ပင်။

ဖုန့်ချန်းက ပုခုံးတစ်ချက်တွန့်ပြီးဆက်ပြောလာသည်။ "အင်း ကျုပ်နည်းနည်းကံကောင်းသွားတယ်လို့ဆိုရမှာပေါ့"

စီမံခန့်ခွဲမှူးမှာ တည်ငြိမ်သည့်ပုံစံကိုချက်ချင်းပြန်ထိန်းယူလိုက်ပြီး စီးပွားရေးဆန်ဆန်ပြောလို့လာသည်။ "ပစ္စည်းအရည်အသွေးကိုတော့ ကျွန်တော်တို့တစ်ချက်စစ်ကြည့်ဖို့လိုမယ် ဒါပေမယ့် ဒီပစ္စည်းတွေကိုရလာတာ တကယ်ကိုမယုံနိုင်စရာကောင်းအောင် အံ့ဩရလောက်ပါပေတယ် နှစ်ပေါင်းများစွာလက်ခံရတဲ့ထဲ အဖိုးအထိုက်ဆုံးတွေပါပဲ"

အမြုတေများနှင့်အတူ အဆင့်မြင့်မြေကမ္ဘာကျင့်စဥ်တစ်ခုနဲ့ အလယ်အလတ်ဆင့် မြေကမ္ဘာကျင့်စဥ်နှစ်ခုကိုလည်း သူကစာရင်းအပ်လာသည်။ စီမံခန့်ခွဲမှူးသည် ထိုပစ္စည်းများကိုအသေးစိတ်စစ်ဆေးကြည့်လာပြီး အံ့သြရိပ်များမြင့်တက်လာသည်။ "ဒါတွေက သာမန်ပစ္စည်းတွေမဟုတ်ဘူး အရမ်းထူးကဲတယ် ခင်ဗျားဒါတွေကိုရောင်းချင်တာသေချာလား" သူ့အသံမှာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့်။

"သေချာပါတယ် ဈေးကောင်းကောင်းရဖို့လည်း မျှော်လင့်မိပါတယ်" ဖုန့်ချန်းကပြန်ပြောလာသည်။

အစီအရင်စာအုပ်များကိုမူ ရောင်းချရန်မလိုအပ်သေးဟုထင်မိသဖြင့် သိမ်းဆည်းထားဖို့သာဆုံးဖြတ်လိုက်သည်။ အဆင့်၄နှင့်အဆင့်၅ အစီအရင်စာအုပ်များကိုသာ ရောင်းရန်ထုတ်လိုက်ပါက လူတွေဝိုင်းအုံလာကြမှာတော့မှန်ပေမယ့် ဝယ်နိုင်ကြမည်တော့မဟုတ်ပေ။ ဒီပစ္စည်းတွေလောက်ဖြင့် အတော်လေးအမြတ်ရနေပါပြီလေ။

ပေးစရာရှိတာပေးပြီးနောက် တည်းခိုဆောင်သို့ပြန်သွားတော့မည့်အချိန်တွင် စီမံခန့်ခွဲရေးမှူးက သူ့ကိုတားလာသည်။

"လူကြီးမင်းခင်ဗျာ ခဏနေပါဦး" ထို့နောက် သူ့အိတ်ကပ်တွင်းမှ ငွေရောင်ကတ်တစ်ကတ်ကို ပြုံးချိုစွာဖြင့်ထုတ်ပေးလာသည်။

"ဒါက မိုးပြာကောင်းကင်ကူသန်းရောင်းဝယ်ရေးအစည်းအရုံးရဲ့ ငွေအဆင့်ကတ်ပါ" စီမံခန့်ခွဲရေးမှူးကရှင်းပြလာသည်။ "ဒီကတ်နဲ့ဆိုရင် လူကြီးမင်းဘယ်ပစ္စည်းကိုဝယ်ချင်ပါစေ ၂၀ရာခိုင်နှုန်းလျှော့ဈေးရမှာပါခင်ဗျာ ဒါက လူကြီးမင်းတို့လို အဆင့်မြင့်အဝယ်တော်တွေအတွက် အထူးအခွင့်အရေးပါ"

ဖုန့်ချန်းလည်း အံ့သြပျော်ရွှင်သွားရသည်။ "ဒါဆိုတော်တော်လေးအဆင်ပြေတာပဲ ကျေးဇူးပါဗျာ"

"နောက်ပြီး လူကြီးမင်းရောင်းချင်တဲ့ပစ္စည်းအတွက်လည်း အစည်းအရုံးက ကော်မရှင်ခအနိမ့်ဆုံးယူပေးမှာပါ" သူကဆက်ပြောသည်။ "အနာဂတ်မှာလည်း လူကြီးမင်းကိုဆို ဒီလိုအထူးတလည်ဆက်ဆံပေးမှာဖြစ်လို့ နောက်ထပ်ရောင်းချစရာရတနာတွေမျာရှိရှင် မိုးပြာကောင်းကင်ကူးသန်းရောင်းဝယ်ရေးအစည်းအရုံးကိုသာ အရောက်လာခဲ့ပါခင်ဗျာ အမြင့်ဆုံးဈေးကိုရစေရမယ်လို့ အာမခံပါတယ်"

ဖုန့်ချန်းခေါင်းညိတ်ပြီး စိတ်ကျေနပ်စွာဖြင့်လှည့်ပြန်ခဲ့လိုက်တော့သည်။

အခုလုပ်စရာရှိတာဆိုလို့ လေလံပွဲစမယ့်အချိန်ကိုစောင့်ပြီး ပိုက်ဆံတွေထိုင်ရေနေရုံပင်။

All Chapters