← Chapters

လေလံပွဲစပြီ

Vol. 8 Ch. 103

လေလံပွဲစပြီ

Vol. 8 Ch. 103

မိုးပြာကောင်းကင် ကူးသန်းရောင်းဝယ်ရေးခန်းမသည် ကြီးကျယ်ခမ်းနားလှသော အဆောက်အဦးကြီးတစ်ခုဖြစ်ပြီး ချင်းယွင်မြို့၏ကောင်းကင်ယံကို တလူလူလွင့်တက်တော့မယောင် မြင့်မားလှသည်။ ဖုန့်မိသားစုဆိုက်ရောက်သော် ခန်းမအပြင်ဘက်တွင် အတွင်းသို့ဝင်ခွင့်ရရန် အလုအယက်တိုးကြိတ်နေကြသောလူအုပ်ကြီးကို မြင်တွေ့လိုက်ရပေသည်။ ဝင်ပေါက်ကို လက်ရွေးစင်ကိုယ်ရံတော်များဖြင့် စောင့်ကြပ်ထားပြီး ဖိတ်ကြားခြင်းခံရသူများနှင့် လုံလောက်သောကြွယ်ဝမှုရှိသူတို့ကိုသာ ဝင်ခွင့်ပြု၏။

ယနေ့တွင်တော့ ဖုန့်မိသားစု၏အခြေအနေကား မနေ့ကနှင့် တစ်ခြားစီဟုဆိုရပေမည်။

မြို့ခံပြည်သူများမှာ ဖုန့်ယွင်နှင့်ဖုန့်မေ၏ အောင်မြင်မှုများအကြောင်း ကြားပြီးနေကြလေပြီ။

တစ်နေ့ကပဲ လူတိုင်းနီးပါးက ဖုန့်မိသားစုကိုမကြောက်မရွံ့ဝေဖန်ကဲ့ရဲ့ခဲ့ကြပေမယ့် ယနေ့တွင်တော့ အပြုအမူများမှာ မိုးနှင့်မြေသို့ ကွာခြားလှလေသည်။

"အဲ့ဒါဖုန့်ယွင်လား ချောလိုက်တာဟယ် ငါသေချာပေါက်သူ့မိန်းမဖြစ်အောင်လုပ်မယ်"

"သေလိုက်လေ စွမ်းရည်စစ်ကျောက်တောင်၁၈ဆင့်ထိတက်နိုင်ထားတဲ့ ကျင့်ကြံသူတစ်ယောက်က နင့်ကိုတစ်ချက်တောင်ငဲ့ကြည့်မယ်ထင်လို့လား"

"ဟမ့် နင့်ထက်တော့သာပါသေးတယ် ပြီးတော့ ဖုန့်ယွင်ကိုမရရင်တောင် ဖုန့်လျန်းနဲ့ဖုန့်ကျန်းဟောင်ရှိသေးတာပဲ"

......

ဖုန့်ယွင်နှင့်ဖုန့်မေက ထင်ရှားလွန်းနေသဖြင့် ဖုန့်ကျန်းဟောင်နှင့်အခြားမိသားစုဝင်များမှာ သူတို့နှင့်ယှဥ်လျှင်အတော်လေးမှေးမှိန်ရတယ်ဆိုပေမယ့် လုံးဝသတိထားမခံရတာမျိုးတော့မဟုတ်ပေ။

၁၀ဆင့်သို့တက်နိုင်ခြင်းကပင် အတော်လေးပါရမီရှိသည့်အခြေအနေမှာ ၁၂ဆင့်၁၃ဆင့်ထိရောက်ထားနိုင်သောကျင့်ကြံသူလူငယ်များကား အံ့ချီးဖွယ်ပင်။ ထိပ်သီးဂိုဏ်းများထံမှ ဖိတ်ကြားခေါ်ဆောင်ခံရမည်မလွဲပေ။

လူအုပ်ကြီးမှာ ဖုန့်မိသားစုကိုမြင်သည်နှင့် ရင်သပ်ရှုမောဖြစ်နေရကာ ချီးကျူးစကားများအတောမသတ်နိုင်တော့။

ဒီနေ့တွင်တော့ ဖုန့်မိသားစုသည် ပါရမီရှင်မိသားစုအဖြစ် နာမည်ကြီးနေပြီး ပါရမီရှင်နှင့်မှလက်ဆက်ထိမ်းမြားချင်ကြသည့် အမျိုးသား အမျိုးသမီးတို့အတွက် အာရုံစိုက်ရာဖြစ်နေတော့လေ၏။

အများစုက ဖုန့်ယွင်နှင့်ဖုန့်မေကိုသာမြင်ကြပေမယ့် ဖုန့်လျန်း ဖုန့်ရှောင်ယုနှင့် ဖုန့်ကျန်းဟောင်တို့သည်လည်း တိမ်မြုပ်မနေပါ။

သူတို့အားလုံးဟာ အရှေ့ပိုင်းစီရင်စုရဲ့ ထိပ်တန်းပါရမီရှင်များဖြစ်ကြပြီး ဓာတ်ကြီးသုံးပါးနတ်အဆင့်ထိတက်လှမ်းနိုင်ချေရှိကြသူများပင်။

"ကြည့်စမ်း အဲ့ဒါတိမ်လွှာခွင်းဂိုဏ်းကလူတွေမလား"

ဖြတ်သွားဖြတ်သားတစ်ဦး၏ တအံ့တသြအော်သံကြောင့် မိုးပြာကောင်းကင် ကူးသန်းရောင်းဝယ်ရေးခန်းမတွင်းသို့ ဝင်တော့မည့်ဆဲဆဲဖြစ်သောဖုန့်ချန်းလည်း အသစ်ရောက်လာသောဂိုဏ်းကိုတစ်ချက်လှမ်းကြည့်လိုက်တော့သည်။ တိမ်လွှာခွင်းဂိုဏ်းဆိုသည်မှာ မိုးပြာကောင်းကင်အင်ပါယာ၏ ထိပ်သီးဂိုဏ်း၁၀ခုထဲမှ တစ်ခုအပါအဝင်ဖြစ်၏။

ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် မုန်တိုင်းဝိဉာဥ်နန်းတော်လောက် အရေးပါအရာရောက်လှသည်တော့မဟုတ်ပေမယ့် အင်အားကြီးဂိုဏ်းတစ်ခုအဖြစ် အများကအသိအမှတ်ပြုထားကြသည်သာ။ အရှေ့ပိုင်းစီရင်စုတွင် တိမ်လွှာခွင်းဂိုဏ်း၏အဆင့်အတန်းမှာ ထျန်းလုံမိသားစုနှင့် အတူတူလောက်ဟုပြောရပေမည်။

ထို့အပြင် တိမ်လွှာခွင်းဂိုဏ်းသည် ရည်မှန်းချက်ကြီးမားသောလူငယ်များ၏ ဦးတည်ရာ ဂုဏ်သိက္ခာရှိဂိုဏ်းဂဏတစ်ခုလည်းဖြစ်၏။ တိမ်လွှာခွင်းဂိုဏ်းကို စိတ်လှုပ်ရှားစွာကြိုဆိုနေကြသောသူများ၏ အာရုံသည် နောက်ထပ်ရောက်လာသောဂိုဏ်းတစ်ခုထံသို့ ကူးပြောင်းသွားတော့သည်။

"ကြည့်စမ်း အဲ့ဒါအေးခဲမြူခိုးဂိုဏ်းအဖွဲ့သားတွေပဲ"

တိမ်လွှာခွင်းဂိုဏ်းအဖွဲ့သားများဆိုက်ရောက်ပြီးမကြာမီ အေးခဲမြူခိုးဂိုဏ်းလည်း ရောက်ရှိလာတော့သည်။

လူထု၏တုံ့ပြန်မှုမှာကား တိမ်လွှာခွင်းဂိုဏ်းရောက်တုန်းကထက် သိသိသာသာကို ပိုတက်ကြွပြင်းထန်နေတော့၏။

အဘယ့်ကြောင့်ဆိုသော် အေးခဲမြူခိုးဂိုဏ်းမှာ ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် မုန်တိုင်းဝိဉာဥ်နန်းတော်ကဲ့သို့ အင်ပါယာ၏ထိပ်ဆုံးဂိုဏ်း၃ခုထဲ အပါအဝင်ဖြစ်သောကြောင့်ပင်။

ထို့အပြင် တိမ်လွှာခွင်းဂိုဏ်းမှာ အရှေ့ဘက်စီရင်စုမှဂိုဏ်းဖြစ်သဖြင့် ဒီလိုပွဲမျိုးတွင် မကြာခဏမြင်တွေ့ရတတ်သည်။

သို့သော် အေးခဲမြူခိုးဂိုဏ်းမှာ အရှေ့ဘက်စီရင်စုမှပွဲများကို လာရောက်ခဲသည်ပင်။ ထို့အပြင် ဂိုဏ်းတစ်ခုလုံးမှာ အမျိုးသမီးများဖြင့်ဖွဲ့စည်းထားခြင်းကြောင့် ပုရိသယောကျ်ားတို့၏အာရုံကို အထူးစုစည်းဆွဲဆောင်ထားနိုင်လေသည်။

အရေးပါသည့်နောက်တစ်ချက်ကတော့ ‌အေးခဲမြူခိုးဂိုဏ်း၏ခေါင်းဆောင်ဖြစ်သူ ရေခဲနတ်သမီးမှာ မိုးပြာကောင်းကင်အင်ပါယာ၏ အလှဆုံးအမျိုးသမီးများထဲ အဆင့်၅ချိတ်သူ မိန်းမလှတစ်ဦးဖြစ်၏။ အင်ပါယာတစ်ခုလုံး၏ အဆင့်၅အလှပဂေးဖြစ်နေရုံသာမက ခန့်မှန်းလို့ပင်မရနိုင်လောက်အောင် အင်အားကြီးလှသည်ဟူ၍လည်း သတင်းမွှေးသေးသည်။ အေးခဲမြူခိုးဂိုဏ်းစီးနင်းလာသောစီးတော်ယာဥ်မှာ အတော်လေးကြီးမားလှပြီး အဆင့်၄သားရဲတစ်ကောင်က ယာဥ်ကိုဆွဲလာခြင်းဖြစ်၏။ အဆင့်၄သားရဲဆိုသည်မှာ ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူတစ်ဦးနှင့် ညီမျှသောအားအင်ရှိသည်။ ၎င်း၏တည်ရှိမှုကပင် အထင်ကြီးစရာဖြစ်လို့နေပြီ။ ဒါကိုမြင်မှ ဖုန့်ချန်းလည်း သားရဲတစ်ကောင်လောက်ဖမ်းလာခဲ့ရအကောင်းသားဟု စဥ်းစားမိသည်ပင်။ အကာအကွယ်လည်းရသလို ဒီလိုအသုံးချလို့လည်းရသည်လေ။ မုန်တိုင်းတောင်ကြားမှာက ထိုသားရဲများအကြောင်း သူပြန်စိတ်ရောက်သွားသည်။ သူသာ သားရဲတစ်ကောင်လောက်ဖမ်းလာပြီး နာခံအောင်ထိန်းကျောင်းနိုင်မည်ဆိုလျှင် မိသားစုလုံခြုံရေးအတွက် အတော်လေးစိတ်ချလို့ရမည့် အ‌ထောက်အကူဖြစ်မည်ပင်။ အဆင့်၆သားရဲနှစ်ကောင်သုံးကောင်လောက်ကသာ စောင့်ကြပ်ပေးနေမည်ဆိုလျှင် သူ့မိသားစုကို ဘယ်သူကအတင့်ရဲလို့လာထိနိုင်မည်နည်း? သူသိသလောက်တော့ မိုးပြာကောင်းကင်အင်ပါယာထဲတွင် ဤမျှအစွမ်းရှိသူကို မကြားဖူးပါချေ။

အရှေ့ဘက်စီရင်စုလေလံပွဲက အေးခဲမြူခိုးဂိုဏ်းကိုပါ အရောက်ဆွဲဆောင်နိုင်မည်ဟု သူထင်မထားခဲ့ပေ။

သို့သော် လေလံပွဲမှာပို၍အပြိုင်အဆိုင်ဖြစ်လာတော့မည်ကို ကြိုမြင်သဖြင့် သူကျေနပ်စွာပြုံးလိုက်မိသည်။ လူချမ်းသာတွေ များများရောက်လာလေလေ သူ့ပစ္စည်းတွေ ဈေးပိုရနိုင်လေလေပင်။ လူအများစုက လူချမ်းသာတွေပိုပိုများလာတာကြောင့် သူတို့လိုချင်တာကိုမတတ်နိုင်မှာကြိုတွေးပြီး ပူပန်နေချိန်တွင် ဖုန့်ချန်းကတော့ ပိုလို့ပင်မြူးထူးလာသေးသည်။ ဝယ်သူနဲ့ရောင်းသူကြားကကွာခြားချက်ကတော့ ဒီလိုပါပဲ။

ဖုန့်ချန်းပြုံးလျက်သာပင် အကြည့်လွှဲလိုက်တော့သည်။ "သွားကြစို့ ဝင်ဖို့အချိန်ကျပြီ"

အစောင့်များက ဖုန့်ချန်းကိုချက်ချင်းမှတ်မိကြပြီး အမြန်ဘေးကပ်ပေးကာ အရိုအသေပြုလာကြသည်။ အရှေ့ဘက်စီရင်စုစုဝေးပွဲ၏ ပြိုင်ပွဲဝင်များဖြစ်သောကြောင့် ဖုန့်မိသားစုမှာ မည်သည့်ဖိတ်စာကတ်ကိုမှ ပြရန်မလိုပေ။

လေလံခန်းမအတွင်းဘက်ကား တောက်ပခမ်းနားလို့နေသည်။ ရွှေဖြင့်ပြုလုပ်ထားသော မီးဆိုင်းများကို မျက်နှာကျက်တွင် တွဲလောင်းချိတ်ဆွဲလို့ထားပြီး နံရံများကိုလည်း အနုစိတ်ထွင်းထုခြယ်မှုန်းကာ အဖိုးတန်ကျောက်မျက်များဖြင့် အလှဆင်ထား၏။ "ဒါက မိုးပြာကောင်းကင် ကူးသန်းရောင်းဝယ်ရေးခန်းမပေါ့နော် ထျန်းလုံခန်းမထက်တောင်ပိုကြီးသေးတယ်"

ဖုန့်ကျန်းဟောင်က အံ့အားသင့်စွာရေရွတ်လာသည်။ ထျန်းလုံခန်းမကိုပင် ကြီးပေ့ လှပေ့ဟု သတ်မှတ်ထားချိန်တွင် ဤသို့ပိုမိုခမ်းနားလှသောခန်းမမျိုးကိုတွေ့လိုက်ရလေသည်။

ပြောင်‌မြောက်လှသော အဆင်အယင်အခြယ်အသများကြောင့် ယခုမှပထမဆုံးအကြိမ်ရောက်ဖူးသော ဧည့်သည်တော်များမှာ အမှန်ပင်အံ့သြချီးကျူးမဆုံးနိုင်တော့ပေ။ မိုးပြာကောင်းကင်အင်ပါယာ၏ ဦးစီးဦးဆောင် စီးပွားရေးအဖွဲ့အစည်းဖြစ်သည်နှင့်အညီ သူတို့၏ကြွယ်ဝမှုများကို စိတ်ကြိုက် ခင်းကျင်းပြသနိုင်လေသည်။

အရှေ့ပိုင်းစီရင်စု၏ အကြွယ်ဝဆုံး စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်များလည်း ရောက်ရှိနေသည်ဖြစ်ရာ ခန်းမတစ်ခုလုံးမှာ သက်ဝင်တက်ကြွလို့နေတော့၏။

သီးသန့်ကြည့်ရှုခန်းတစ်ခုတွင် နေရာယူပြီးနောက် ဖုန့်မေထံမှလည်း ရင်သပ်ရှုမောမှတ်ချက်စကားများ ထွက်ကျလို့လာသည်။ "ဒီနေရာက တကယ်ကိုခမ်းနားတာပဲ နန်းတော်ကြီးကျနေရောနော်"

ဖုန့်ယွင်က ထိုင်ခုံကိုကျောမှီထိုင်လိုက်ပြီး အောက်ဘက်ရှိလူအုပ်ကို အကဲခတ်လို့နေသည်။ "အရေးပါတဲ့ပုဂ္ဂိုလ်တွေ အတော်များများရောက်နေတာပဲ ရတနာတွေကိုလုတဲ့ပွဲကတော့ ပြင်းထန်နေတော့မယ်"

သူ့မျက်လုံးကိုဖမ်းစားထားသည့် ရတနာတစ်ခုရှိနေသော်လည်း ရနိုင်လောက်မည်မထင်ပေ။

ထျန်းလုံမိသားစုနှင့် ယွမ်မိသားစုတို့လို သူ‌ဌေးမိသားစုသာမက တိမ်လွှာခွင်းဂိုဏ်းနှင့် အေးခဲမြူခိုးဂိုဏ်းကဲ့သို့ လူကုံထံဂိုဏ်းကြီးများလည်း ရှိနေသည်လေ။

သူလည်း ဆေးရောင်းရာကနေ စုငွေအတော်များများရှိထားသည်ဆိုပေမယ့် အဆင့်၂ အဆင့်၃ ဆေးဆရာများစွာရှိသော ထိပ်သီးဂိုဏ်းကြီးများနှင့် အဘယ်မှာယှဥ်နိုင်အံ့နည်း?

ဂိုဏ်းကြီးများမှ လိုချင်တာတစ်ခုခုရှိပြီဆိုလျှင် သူတို့လိုတစ်ကိုယ်တည်းသမားများ ဝင်ရောက်ယှဥ်ပြိုင်ဖို့ရာ စိတ်ပင်မကူးသင့်သည့် အခြေအနေဖြစ်၏။

All Chapters