ရေခဲနတ်သမီးနှင့် ဆရာကြီးဖုန့်ချန်း
Vol. 8 Ch. 104
ဖုန့်ယွင်၏မျက်နှာပေါ်မှ မသေချာမရေရာဖြစ်နေသောအကြည့်များကို ဖုန့်ချန်းသတိပြုမိပြီး အသာရယ်မောလိုက်သည်။
"မပူပါနဲ့ယွင်အာ မင်းလိုချင်တဲ့ဟာရှိရင် အစ်ကိုကြီးကရအောင်ယူပေးမယ်" ဖုန့်ချန်းပြောလိုက်သည်။ လေသံမှာတည်ငြိမ်၍ ယုံကြည်မှုအပြည့်ရှိ၏။
လေလံခန်းမတစ်ခုလုံးကို သူအကြမ်းဖျင်းခြုံကြည့်လေ့လာနေလိုက်သည်။ အင်အားကြီးပုဂ္ဂိုလ်များ မည်မျှပင်ရောက်ရှိနေစေကာမူ ဖုန့်ချန်း၏အကြည့်ကားမပြောင်းမလဲ ဣန္ဒြေရရပင်။ ထိုသူတို့က သေချာပေါ်က ဖုန့်မိသားစုထက် လွန်စွာကြွယ်ဝအင်အားကြီးနေနိုင်သော်လည်း သူ့လောက်ငွေများများမပါလောက်ဟု ဖုန့်ချန်းတွေးမိသည်။ သူစာရင်းအပ်ထားသောပစ္စည်းများကပင် အတော်လေးဈေးမြင့်လောက်မည်ဖြစ်ရာ ထိုရှားပါးအမြုတေရတနာများကိုလုယက်နေရသည်နှင့် ကျန်ပစ္စည်းများကို ငွေကုန်ကြေးကျသိပ်ခက်ကြတော့မည်မဟုတ်ဟု တွက်လိုက်သည်။
"မင်းတို့ကိုဒီခေါ်လာတာ ပွဲကြည့်ခိုင်းဖို့ပဲမဟုတ်ဘူးနော် မျက်စိကျတာရှိရင်ချက်ချင်းပြော ရအောင်ယူပေးမယ်"
ဖုန့်ယွင်ခေါင်းရှုပ်သွားပြီး သူ့အစ်ကိုကို မျက်ခုံးတစ်ဖက်ပင့်ကာ စူးစမ်းလိုဟန်ဖြင့်ကြည့်လိုက်သည်။ သူတို့မိသားစု အရင်ကလောက်မကျပ်တည်းတော့ဘဲ မြူခိုးချိုင့်ဝှမ်းမြို့တော်များ အချမ်းသာဆုံးဟုသတ်မှတ်လိုရနေသော်လည်း ဤသို့ဂိုဏ်းကြီးများနှင့်ယှဥ်လျှင် ဘာမှမဖြစ်မြောက်သေးသောအနေအထားတွင်သာရှိသေးသည်မဟုတ်လား?
"အစ်ကိုကြီး မကြာသေးခင်ကပဲ ကျွန်တော်မိသားစုက အတော်လေးအဆင်ပြေလာတာသိပါတယ် ဒါပေမယ့် ဒီလိုအဆင့်မြင့်ဂိုဏ်းကြီးတွေနဲ့ ငွေကြေးပိုင်းမှာသွားပြိုင်နေလို့ မရသေးဘူးမလား"
ထိုမေးခွန်းကို ကြိုသိနေဟန်ဖြင့် ဖုန့်ချန်းခပ်မိန့်မိန့်ပြုံးလိုက်သည်။ သူထိုင်နေရာကနေ အရှေ့ကိုအနည်းငယ်ငုံ့ကိုင်းပြီးပြောလိုက်သည်။ "ဒီအတွက်တာ့ စိတ်ပူနေစရာမလိုဘူ လိုချင်တာရှိရင်သာပြော ငါဝယ်ပေးမယ်"
ဖုန့်ယွင်မှာ မသေမချာဖြစ်နေသေးဟန်ဖြင့် သူ့အစ်ကိုကိုအကဲခတ်နေသည်။ ဖုန့်ချန်းကား စိတ်ပူဟန်နည်းနည်းမှမရှိ။ ထိုအမူအရာကြောင့်ပင် ဖုန့်ယွင်ပိုစဥ်းစားရခက်လာသည်။ သူတို့မိသားစု ချောင်ချောင်လည်လည်ဖြစ်လာတာကိုတော့ သူသိပါ၏။ သို့သော် တိမ်လွှာခွင်းနှင့် အေးခဲမြူခိုးကဲ့သို့ လူချမ်းသာဂိုဏ်းကြီးများကို ထိပ်တိုက်သွားရောက်စိန်ခေါ်ရန်မှာ အတော်လေးသတ္တိရှိရာကျနေသည်မဟုတ်လား? သူ့အစ်ကိုတဇွတ်ထိုးနိုင်တာသိပေမယ့် ဒီလောက်ကြီးကျထူးဆန်းသည်။
ထိုသို့ အတွေးများနေစဥ်ပင် အစ်ကိုကြီးမှာ သူတို့ကိုပေးမသိရသေးသော မြှုပ်ကွက်တွေရှိနေဦးမည်ဟု သူခံစားမိနေသည်။
သူတို့မိသားစု အထောက်အပံ့များ အရေးတကြီးလိုအပ်နေချိန်တုန်းက ဆေးလုံးများနှင့်မှော်ရတနာများကို ထုတ်ပေးလာသကဲ့သို့ ဒီတစ်ခေါက်တွင်လည်း ထိုသို့ဖုံးကွယ်ထားသော ရတနာသိုက်တစ်ခုခု ရှိနေဦးမည်ဟု သူခန့်မှန်းမိသည်။
ဒီ့ထက်မေးခွန်းထုတ်လို့လည်း မကောင်းတော့သည်ဖြစ်၍ သူအသာခေါင်းညိတ်ပြလိုက်သည်။ သူလိုချင်တဲ့ပစ္စည်းက မရလည်းဘာမှသိပ်အရေးမကြီးပါဘူးလေ။
********
"အဲ့တစ်ယောက်က သတင်းပို့တဲ့ထဲမှာပါတဲ့ ဖုန့်မေဆိုတာလား" အေးခဲမြူခိုးဂိုဏ်းကို ဦးဆောင်လာသူက မေးလာသည်။
"ဟုတ်ပါတယ် ဂိုဏ်းချုပ်" ငယ်သားအားလုံး တစ်ပြိုင်တည်းဖြေလိုက်ကြသည်။
"အင်း...."
ထိုသူမှာ အေးခဲမြူခိုးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ရေခဲနတ်သမီးပင်။ လေလံပွဲသို့တက်ရောက်လာကြသော ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတွေထဲမှ တစ်ဦးလည်းဖြစ်၏။
သို့သော် သူမမျက်နှာကို ဇာပဝါပါးဖြင့်ကာဖုံးထားသောကြောင့် မည်သူမျှမမှတ်မိကြပေ။
ထို့အပြင် သူမမျက်နှာကိုမြင်ဖူးသူဆိုသည်မှာလည်း အလွန်နည်းပါးလှသည်ဖြစ်ရာ မျက်နှာဖုံးမပါဘဲ အနီးကပ်မြင်လိုက်ရလျှင်တောင် မှတ်မိသူရှိမည့်ပုံမပေါ်ပါ။
ထိုဂိုဏ်းချုပ်သည် ဖုန့်မိသားစုသီးသန့်ခန်းသို့ တစ်ချက်တစ်ချက် လှမ်းအကဲခတ်လို့နေသည်။ အထူးသဖြင့် ဖုန့်မေကိုပင်။
ချင်းယွင်မြို့တော်သို့ အစီအစဥ်မရှိဘဲ ညလုံးပေါက်ခရီးနှင်လာရခြင်းအကြောင်းရင်းမှာ တစ်ခုသာရှိသည်။ ဖုန့်မေကို အရခေါ်နိုင်ဖို့ပင်။
စွမ်းရည်စစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူ ဂိုဏ်းအဖွဲ့ဝင်တစ်ဦးက လင်းမေယုနှင့် အဆင့်တူသည်အထိတက်ရောက်နိုင်ခဲ့ပြီး မည်သည့်ဂိုဏ်းထဲမှမဝင်ရသေးသည့် မိန်းကလေးပြိုင်ပွဲဝင်တစ်ဦးရှိသည်ဟု သတင်းပို့လာသည်။
ထို့ကြောင့် အခြားမည်သည့်ဂိုဏ်းမှလက်မဦးသေးခင် သူတို့ချက်ချင်းလှုပ်ရှားလိုက်ရတာဖြစ်၏။ လင်းမေယုကို ဆန်းကြယ်မီးတောက်ဂိုဏ်းဆီမှာ လက်လွှတ်ပေးလိုက်ရပြီး ဒီတစ်ယောက်ကိုပါ အပါခံ၍မဖြစ်ပေ။
ပိုမြင့်သည့်အဆင့်ထိတက်နိုင်ခဲ့သူ ဖုန့်ယွင်ကိုတော့ မိန်းကလေးမဖြစ်တာနာလှသည်ဟု ညည်းညူလက်လွှတ်ရုံသာရှိတော့သည်။
မဟုတ်မှ သင်းကွပ်လိုက်ရင်တော့ရသားပဲ။
သို့သော် ဖုန့်ယွင်ကိုယ်တိုင်က လုပ်ချင်မလုပ်ချင်ကိုလည်း ထည့်စဥ်းစားပေးရဦးမည်။
ဘာပဲဖြစ်ဖြစ် သူတို့ဒီကိုရောက်လာရသည့်အကြောင်းရင်းကတော ဖုန့်မေပင်။ သူတို့ဘက်မှ စတင်ဖိတ်ခေါ်မှုမပြုလုပ်ခင် မိန်းကလေးကို အရင်အကဲခတ်ကြည့်ချင်သေးရာ မိုးပြာကောင်းကင်ကူးသန်းရောင်းဝယ်ရေးအစည်းအရုံး၏ လေလံပွဲနှင့် ကွက်တိဖြစ်သွားတော့သည်။
ရေခဲနတ်သမီးမှာ ဖုန့်မေကိုလှမ်းကြည့်နေစဥ် အေးစက်နေသည့် အကြည့်တချက်နှင့် တစုံတဦးက စိုက်ကြည့်နေသည်ကို ခံစားရသဖြင့် လှည့်ကြည့်လိုက်ရာ သူမကိုစိုက်ကြည့်နေသောဖုန့်ချန်းကို သတိပြုမိလိုက်၏။
ရိပ်ခနဲသာမြင်လိုက်ရသည်ဆိုသော်ငြား သူမကိုဦးတည်စိုက်ကြည့်နေတာသေချာသည်။
"ဘယ်သူပါလိမ့်" ရေခဲနတ်သမီးကမေးလာသည်။
???
အေးခဲမြူခိုးဂိုဏ်းအကြီးအကဲများမှာ ဂိုဏ်းချုပ်က မည်သူ့အကြောင်းပြောနေမှန်းမသိကြသဖြင့် တစ်ခဏမျှကြောင်ပျောက်သွားရသည်။
"အဲ့လူက ဘယ်သူလဲမေးတာ"
ရေခဲနတ်သမီးက ဖုန့်ချန်းကိုညွှန်ပြ၍မေးလာသည်။
"သူလား ကျွန်မစုံစမ်းခဲ့ရသလောက်တော့ အဲ့လူက ဖုန့်မိသားစုခေါင်းဆောင်ဖုန့်ချန်းဖြစ်မယ် အသက်၃၀ပဲရှိသေးပြီး ဓာတ်ကြီးသုံးပါးနတ်အဆင့်ကိုတက်လှမ်းနိုင်ထားတယ်တဲ့ ဆန်းကြယ်မီးတောက်ဂိုဏ်းနဲ့ မုန်တိုင်းဝိဉာဥ်နန်းတော်ရဲ့ အကြီးအကဲနှစ်ယောက်ကိုသတ်လိုက်တာ သူပဲလေ"
ဂိုဏ်းအဖွဲ့ဝင်တစ်ယောက်က အမြန်ပြန်ဖြေလာသည် ဖုန့်မေနှင့်ဆက်စပ်နေသော အရေးပါသည့်သူတစ်ဦးဖြစ်တာကြောင့် ဖုန့်ချန်းအကြောင်းကိုလည်း သူတို့သေချာပေါက်စုံစမ်းခဲ့ရပါသည်။
"....."
ရေခဲနတ်သမီး နှုတ်ဆိတ်သွားပြီး ဘာမှထပ်မပြောလာတော့ပေ။ သူမ၏ မျက်ခုံးများက တွန့်ကွေးသွားခဲ့၏
(ငါစိတ်ထင်လိုက်တာများလား)
သူမတွေးနေမိသည်။
ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတစ်ဦးအနေဖြင့် သူမ၏ချီစွမ်းအင်အငွေ့အသက်နှင့် အရှိန်အဝါကို ဖုံးကွယ်ရာမှာ အတော်လေးကျွမ်းကျင်ပါသည်။ လူတွေကြားထဲရောနှောရပ်နေလျှင်တောင်မှ သူမဘက်ကအသိမခံသရွေ့ မည်သူမျှသူမကျင့်ကြံဆင့်ကို သတိထားမိကြမည်မဟုတ်ပါချေ။ သူမ ရှိနေမှန်းကို သိကြမည်ပင်မဟုတ်ပေ။
အဝေးကလူများဆို သတိထားမိဖို့ ပိုလို့မဖြစ်နိုင်ပေ။
ထို့အပြင် ထိုလူနှင့်အကြည့်ချင်းဆုံလိုက်သော စက္ကန့်ပိုင်းမျှအချိန်အတွင်းတွင် အန္တရာယ်ကြီးတစ်ခုခုကျရောက်တော့မလိုခံစားချက်ကြောင့် အနည်းငယ်ပင်တုန်ယင်သွားမိသေးသည်။
ထိုအကြည့်ချင်းဆုံလိုက်သည့်အချိန်မှာ တိုတောင်းလွန်းလှသောကြောင့် တကယ်ဖြစ်ခဲ့တာလား စိတ်ထင်ခဲ့တာလားဟု မရေရာရခြင်းပင်။