← Chapters

ကောင်းကင်မီးတောက်ငှက်မွှေး

Vol. 8 Ch. 106

ကောင်းကင်မီးတောက်ငှက်မွှေး

Vol. 8 Ch. 106

ပစ္စည်းငယ်လေးများကို တစ်ခုပြီးတစ်ခုတင်ဆက်ပြသနေရင်း လေလံပွဲကိုဆက်လက်ကျင်းလို့နေသည်။ တစ်ခုမှတော့ ဖုန့်ယွင်အကြိုက်မဟုတ်နေသေးပေ။

သာမန်လူများအတွက် ရရန်ခက်ခဲသော်ငြား သူတို့လိုမိသားစုများအတွက် အရေးမပါသောပစ္စည်းလေးများသာ ဖြစ်နေသေးသည်။

"ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျာ နောက်ပြမယ့်ပစ္စည်းကတော့ အမှန်တကယ်ရှားပါးလှပြီး ကျွန်တော်တို့ဒီညနေခင်းရဲ့ တန်ဖိုးကြီးရတနာတွေထဲကတစ်ခုဆိုရင်လည်း မမှားပါဘူး" ကြေငြာသူက စကားကိုခဏရပ်လိုက်ပြီး သိချင်စိတ်တွေပိုများလာအောင် လုပ်လိုက်သည်။

ထို့နောက် အချိန်ကောင်းမှာပဲ ပွဲတက်ရောက်သူများထဲမှတစ်ဦးက လုံခြုံစွာထုပ်ပိုးထားသောသေတ္တာငယ်လေးတစ်လုံးကို ထုတ်ယူလာသည်။ သေတ္တာကိုဖွင့်လိုက်သော် လူအများအာမေဋိတ်သံများထွက်ကျလာတော့၏။ သေတ္တာထဲရှိ အနက်ရောင်ပိုးစပေါ်တွင် လှဲလျောင်းနေသည်ကား တောက်ပသောငှက်မွှေးတစ်ချောင်းပင်။ အလင်းရောင်အောက်တွင် ထိုငှက်မွှေး၏ မီးတောက်လိုအနီရောင်နှင့် ရွှေရောင်စပ်သည့်အသွေးမှာ မှေးမှိန်သော်လည်း သိသာထင်ရှားသည့်‌ နွေးထွေးမှုအငွေ့အသက်လေးတစ်ခုထုတ်လွှတ်နေပြီး အသက်ရှိနေသယောင်ယောင်ထင်ရ၏။

"ကောင်းကင်မီးတောက်ငှက်မွှေး ဖြစ်ပါတယ်"

လူအုပ်ကြီးမှာ အံ့သြမင်သက်မှုနှင့်အတူ တီးတိုးသံများလည်းပလုံစီထွက်လာတော့သည်။

"ကောင်းကင်မီးတောက်ငှက်မွှေးဆိုတာက ဒဏ္ဍာရီလာဖီးနစ်ငှက်ရဲ့ ဝိဉာဥ်အငွေ့အသက်ကို ထိန်းသိမ်းထားနိုင်တယ်လို့ဆိုကြပါတယ်" ကြေငြာသူကဆက်ပြောသည်။ "ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေကို ကုသတဲ့နေရာမှာ အဆင့်မြင့်ဆေးကောင်းတစ်လက်အဖြစ်အသုံးပြုနိုင်ပါတယ် အချို့လူတွေအတွက်တော့ ပုန်းကွယ်နေတဲ့ စွမ်းရည်လှိုင်းတွေကိုပါ နိုးထစေနိုင်တယ်လို့ဆိုပါတယ်"

ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လို့သွားတော့၏။ ခန်းမထဲရှိ စွမ်းအားအကြီးဆုံးသောပုဂ္ဂိုလ်သည်ပင် ထိုင်နေရာကနေ ကျောမတ်သွားရသည်။ သူတို့အားလုံး၏စိတ်ဝင်စားမှုများကို နှိုးဆွခံလိုက်ရပေပြီ။ ပျင်းစရာကောင်းသော ပစ္စည်းခပ်ညံ့ညံ့များအပြီးတွင် မိုးပြာကောင်းကင်ကူးသန်းရောင်းဝယ်ရေးအစည်းအရုံးသည် လက်နက်ကြီးကိုထုတ်ပြလိုက်လေပြီ။

"ဒါက..."

ငှက်မွှေးကိုမြင်လိုက်ရချိန်ဝယ် ဖုန့်မေ၏နှလုံးခုန်သံတစ်ချက်ရပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဘာကြောင့်မှန်းမသိဘဲ ထိုငှက်မွှေးနှင့်သူမကြားတွင် နက်နဲသောဆက်ဆံရေးတစ်ခုရှိနေသလိုခံစားရသည်။ ထိုမှော်ရတနာက သူမကို အတွင်းစိတ်တစ်နေရာမှ လှိုက်လှိုက်လှဲလှဲ ခေါ်ဆောင်ကြိုဆိုနေသကဲ့သို့ပင်။ ထိုဖီးနစ်ငှက်မွှေးကို သူမမြဲမြဲမြံမြံစိုက်ကြည့်ရင်း ထိုင်ခုံလက်တန်းပေါ်ကလက်များကို အသာဆုပ်လိုက်မိသည်။

‌ဘေးတွင်ထိုင်နေသောဖုန့်ယွင်မှာ ဖုန့်မေ၏အမူအရာပြောင်းလဲမှုကို ချက်ချင်းသတိပြုလိုက်မိလေသည်။ "မေ့အာ ဘာဖြစ်လို့လဲ"

"မ..မသိဘူး" ဖုန့်မေကအသံတုန်တုန်ဖြင့် ခပ်တိုးတိုးဖြေသည်။ "အဲ့ငှက်မွှေးက....ညီမနဲ့.....တစ်ခုခုသက်ဆိုင်နေသလိုပဲ"

ဖုန့်ယွင်၏မျက်လုံးများကျဥ်းမြောင်းသွားသည်။ "အဲ့ငှက်မွှေးဆီကနေ ဆွဲဆောင်ခံလိုက်ရတာလား"

ဖုန့်မေကခေါင်းညိတ်သည်။ သူမအကြည့်များကို ငှက်မွှေးထံမှ မလွှဲဖယ်သေးပေ။ "ညီမရှင်းမပြတတ်ဘူး ညီမနဲ့ပက်သက်နေတဲ့ပစ္စည်းလိုပဲ"

ဖုန့်မေ၏တုံ့ပြန်မှုကို သတိပြုမိပြီးဖြစ်သော သူ့အစ်ကိုဖုန့်ချန်းကို ဖုန့်ယွင်လှမ်းကြည့်လိုက်သည်။ သူတို့အားလုံးလိုချင်တာကို တစ်ခုစီရအောင်ဝယ်ပေးမည်ဟုဆိုခဲ့သော်ငြား ကောင်းကင်မီးတောက်ငှက်မွှေးကတော့ လွန်စွာမှရှားပါးလှပြီး လူတိုင်းအတွက် တစ်သက်မှာတစ်ခါသာကြုံရသော အခွင့်အရေးမျိုးဖြစ်လို့နေသည်လေ။

တစ်ဖက်တွင်မူ ဖုန့်ချန်းသည်ကား လေလံရှုံးမှာကိုသိပ်စိတ်ရောက်မနေချေ။ ဖုန့်မေဘာကြောင့် ဒီလိုတုံ့ပြန်သလဲဆိုတာ သူနားလည်ပါ၏။ ထိုကောင်းကင်မီးတောက်ငှက်မွှေးမှာ ဖီးနစ်ငှက်မွှေးဖြစ်သည်ဟု ပြောကြသည်လေ။

ဖုန့်မေကိုယ်တိုင်ကလည်း ဖီးနစ်ခန္ဓာပိုင်ရှင်ဖြစ်သည့်အတွက် ဤသို့ခံစားရသည်မှာ ဖြစ်သင့်ပါသည်။

အချို့ကောင်းကင်မီးတောက်ငှက်မွှေးများမှာ ဖီးနစ်ငှက်အစစ်ထံမှဆင်းသက်လာသည်ဟုဆိုကြသော်လည်း အချို့မှာတော့ ဖီးနစ်ငှက်နှင့်အခြားငှက်သွေးနှောများ၏ ငှက်မွှေးများဖြစ်သောကြောင့် အရည်အသွေးကတော့ကွာလှပေသည်။

အရည်အသွေးကွာသည်ဆိုသော်ငြား အသုံးဝင်ပုံမှာတော့ အတူတူပင်။ ဒဏ်ရာများကိုကုသပေးနိုင်ပြီး လူအချို့၏မနိုးထသေးသောခန္ဓာကို နှိုးဆွနိုင်စွမ်းရှိသည်။

ဖုန့်မေကဤသို့တုံ့ပြန်မှတော့ ထိုကောင်းကင်မီးတောက်ငှက်မွှေးသည် ဖီးနစ်ငှက်အစစ်ထံမှရလာသောအရည်အသွေးမြင့်ပစ္စည်းဖြစ်ရမည်ဟု ဖုန့်ချန်းတွေးမိသည်။

(ဒါတော့ ရအောင်ယူရမယ်)

ဖုန့်ချန်းစိတ်ပိုင်းဖြတ်လိုက်သည်။ ဖုန့်မေကမလိုချင်‌ရင်တောင် ထိုဖီးနစ်ငှက်မွှေးအစစ်ကို သူရအောင်ယူရမည်ပင်။

ရွှေဒင်္ဂါးများနှင့် တန်ဖိုးဖြတ်၍မရသော အဖိုးတန်ရတနာဖြစ်ပြီး စနစ်ဈေးဆိုင်တွင်ပင် စနစ်ရမှတ်တစ်သိန်းအထိကျသင့်သည်ဖြစ်၏။

ထို့အပြင် ထိုငှက်မွှေးမှာ ဖုန့်မေအတွက်ရောက်ရှိလာခြင်းဖြစ်သည်ဟု ဖုန့်ချန်းထင်မိသည်။ သူမ၏ခန္ဓာကိုပင် အပြည့်အဝနှိုးဆွနိုင်စွမ်းရှိလောက်ပေမည်။ သို့သော် ရနိုင်ချေကတော့နည်းပါးသည်သာ။ ဖုန့်မေ၏ကျောက်စိမ်းဖီးနစ်ခန္ဓာမှာ ဖီးနစ်ငှက်များကြားတွင် ထိပ်တန်းအမျိုးအစားဖြစ်လို့နေသည်လေ။ ထိုသို့စွမ်းအားကြီးခန္ဓာတစ်ခုကို ငှက်မွှေးတစ်ချောင်းဖြင့် နှိုးဆွနိုင်ဖို့ဆိုသည်မှာ ကျင့်ကြံသူ၏ကံတရားနှင့်လည်းဆိုင်သေး၏။

"ဖုန့်မေလိုချင်တယ်ဆိုရင် ရအောင်ယူရမှာပေါ့" ဖုန့်ချန်းအခိုင်အမာပင်ပြောလိုက်ပြီး စူးရှသောမျက်လုံးများဖြင့် လေလံစင်မြင့်ထက်သို့ပြန်ဦးလှည့်လိုက်သည်။

"ဒါပေမယ့် ဈေးကြီးလောက်မယ်ထင်တယ်နော်"

ဖုန့်မေလည်း ကောင်းကင်မီးတောက်ငှက်မွှေးကို လိုချင်လွန်း၍စိတ်လှုပ်ရှားနေသည်ဖြစ်သော်လည်း‌ လေလံပွဲတွင်းရှိလူတိုင်း၏ တအံ့တသြအမူအရာများအရ ထိုငှက်မွှေးကိုလိုချင်သူများပြားလှပြီး ဈေးလည်းခေါင်ခိုက်နေလောက်မည်မှန်းသိသာပါသည်။

"ဟားဟား ဒါကိုတော့စိုးရိမ်စရာမလိုပါဘူးကွာ မေ့အာလိုချင်လား မလိုချင်လားသာပြော"

ဖုန့်ချန်းကမေးလာသည်။

"...လိုချင်ပါတယ်"

ဖုန့်မေတွန့်ဆုတ်စွာပြန်ဖြေလိုက်သည်။ သူမကိုယ်သူမလည်းသိပ်မသေချာသေးပေမယ့် ထိုပစ္စည်းက သူမစွမ်းအားများကို သိသိသာသာတိုးမြှင့်ပေးနိုင်လိမ့်မည်ဟု ခံစားနေရသည်။

ဖုန့်ချန်းခေါင်းညိတ်လိုက်သည်။

"ကောင်းကင်မီးတောက်ငှက်မွှေးရဲ့ အဖွင့်ဈေးကတော့ ‌ရွှေဒင်္ဂါးငါးသောင်းဖြစ်ပါတယ် တစ်ကြိမ်ကို အနည်းဆုံးတစ်ထောင်တိုးပြီး ဈေးခေါ်ပေးရပါမယ်"

ချက်ချင်းဆိုသလိုပင် လက်များထောင်လာကြပြီး ဈေးနှုန်းမှာလည်း ဝုန်းခနဲထိုးတက်သွားတော့၏။ ထျန်းလုံမိသားစုနှင့် တိမ်လွှာခွင်းဂိုဏ်းအပြင် အေးခဲမြူခိုးဂိုဏ်းကပါ ဝင်ရောက်လေလံဆွဲလာကြတော့သည်။ ရတနာ၏တန်ဖိုးကို အသိအမှတ်ပြုကြဟန်ပင်။

"ရွှေဒင်္ဂါးခြောက်သောင်း" ထျန်းလုံမိသားစုက ကြေငြာသည်။

"ခုနှစ်သောင်း" ယွမ်မိသားစုကလည်း အမီလိုက်သည်။

"ရှစ်သောင်း" "ကိုးသောင်း"

"တစ်သိန်း"

.....

All Chapters