← Chapters

ဘယ်သူက သူဌေးလဲ၊ ငါပဲ... ငါပဲ... ငါပဲ

Vol. 8 Ch. 107

ဘယ်သူက သူဌေးလဲ၊ ငါပဲ... ငါပဲ... ငါပဲ

Vol. 8 Ch. 107

မကြာမီမှာပင် လေလံဈေးမှာ တစ်သိန်းခွဲအထိမြင့်တက်သွားသည်။ အောက်ဘက်မှလူအုပ်ကြီးမှာ တအံ့တသြဖြင့်သာငေးမောနေကြလျက်။ ‌ရွှေဒင်္ဂါးတစ်သိန်းခွဲဆိုသည်မှာ မျိုးဆက်တစ်ဆက်လောက် ဇိမ်ခံစံစားနေနိုင်ဖို့ပင် လုံလောက်နေပြီဖြစ်သော်ငြား ခုတော့ ပစ္စည်းတစ်ခု၏တန်ဖိုးသာပင်။

တိမ်လွှာခွင်းဂိုဏ်း၏ ကိုယ်စားလှယ်မှာ တစ်သိန်းခွဲအထိပေးပြီးနောက် ကျေနပ်သွားဟန်ဖြင့် အနောက်ကိုမှီထိုင်လိုက်သည်။ ထိုအချိန်တွင် ဖုန့်ချန်းကလက်ထောင်လာသည်။

"တစ်သိန်း ခြောက်သောင်း"

ဖုန့်မိသားစု၏သီးသန့်ခန်းဆီသို့ အားလုံးလှည့်ကြည့်လိုက်ကြသည်။ လူအချို့က တီးတိုးစကားများဆိုလာကြသည်။ အများစုကတော့ တစ်နေ့ကစွမ်းရည်ပြခဲ့သည် ဖုန့်မိသားစုကို မမှတ်မိနိုင်ကြပေ။

တိမ်လွှာခွင်းဂိုဏ်းနှင့်ယှဥ်ပြိုင်ဖို့အထိ ‌ငွေကြေးတောင့်တင်းနေရုံသာမက ပုံမှန်အားဖြင့် ဤသို့လေလံပွဲကြီးတွေမှာ စွမ်းအားကြီးဂိုဏ်းများနှင့် ထိပ်တိုက်မတွေ့ရဲကြသည်ကို သူတို့ကတော့ပေါ်တင်စိန်ခေါ်နေသကဲ့သို့ပင်။

တိမ်လွှာခွင်းဂိုဏ်းအကြီးအကဲက အသာလှောင်ရယ်လိုက်သည်။ "မိသားစုငယ်လေးက အတင့်ရဲလှချည်လား ရွှေဒင်္ဂါးတစ်သိန်းခုနှစ်သောင်းဟေ့"

တိမ်လွှာခွင်းဂိုဏ်းမှာလည်း ဖုန့်မိသားစုကိုမှတ်မိဟန်မတူဘဲ ကိုယ့်နေရာကိုယ်သေချာမသိသော မိသားစုငယ်လေးတစ်ခုအဖြစ်သာ ထင်မှတ်ဟန်ရှိလေသည်။

ဖုန့်ချန်းတွန့်ဆုတ်ခြင်းမရှိ လက်ထောင်လာပြန်သည်။ "‌ရွှေဒင်္ဂါးနှစ်သိန်း"

ခန်းမတစ်ခုလုံး ငြိမ်ကျသွားပြီး တိမ်လွှာခွင်းဂိုဏ်းအကြီးအကဲများပင် မျက်ခုံးပင့်လာရတော့သည်။

တိမ်လွှာခွင်းဂိုဏ်းအကြီးအကဲမှာ သူ့ဂိုဏ်းသားများကို စိတ်လှုပ်ရှားစွာတစ်ချက်အကဲခတ်ပြီး တွန့်ဆုတ်လို့သွားတော့သည်။ ပစ္စည်းတစ်ခုတည်းတွင် ထိုမျှသုံးဖြုန်းရန်ကား သူတို့အတွက်ပင် မတန်တဆပမာဏကြီးဖြစ်နေ၏။ ဖုန့်မိသားစု၏ တဇွတ်ထိုးဈေးတင်မှုက လူတိုင်းအာရုံကိုဖမ်းစားနိုင်လိုက်သည်။ အားလုံး၏အကြည့်မှာ သူတို့ထံတွင်ရှိနေကြပြီ။

"ဖုန့်မိသားစုကို ဒီလောက်ချမ်းသာနေမယ်လို့ထင်မထားဘူး"

"ပြိုင်ဘက်ကင်းပါရမီရှင်တွေရှိနေရုံတင်မကဘူး စောက်ရမ်းပါချမ်းသာနေသေးတာဟ"

"ငါဖုန့်မိသားစုကိုအထင်သေးခဲ့မိတာပဲ ဒီလောက်ချမ်းသာလိမ့်မယ်လို့ ထင်ကိုမထားတာ"

"ဟမ့် ကြွားဝါလွန်းတယ် ဒီပုံအတိုင်းဆို သူတို့တစ်ခြားပစ္စည်းဝယ်နိုင်တော့မှာမဟုတ်ဘူး ကောင်းကင်မီးတောက်ငှက်မွှေးအပေါ်မှာ အကုန်သုံးပစ်တော့မယ်ထင်ပါ့"

......

ဖုန့်မိသားစု၏ကြွယ်ဝမှုတွင် လူအများအံ့သြမင်သက်သွားရပြီး အချို့ကတော့ ဦးနှောက်မသုံးပဲပိုက်ဆံဖြုန်းသည်ဟုသာ မှတ်ချက်ချကြသည်။ ကောင်းကင်မီးတောက်ငှက်မွှေးကို တစ်သိန်းခွဲအမြင့်ဆုံးဖြစ်လောက်မည်ထင်ထားသော်ငြား နှစ်သိန်းထိဈေးတင်ပစ်လိုက်သေးသည်။ လူအများ၏အမြင်တွင်မူ မလိုအပ်ဘဲအလွန်အကျွံဖြုန်းတီးခြင်းပင်။ ခန်းမတစ်ခုလုံးတွင် ဖုန့်မိသားစုကိုဝေဖန်သောတီးတိုးသံများသာ ပျံ့လွင့်နေသည်။

တိမ်လွှာခွင်းဂိုဏ်းကိုယှဥ်ပြိုင်ပြီး လေလံဈေးအမြင့်ကြီးပေးသူ ထိုမိသားစုမှာ မည်သူဖြစ်ကြောင်း သိချင်သူများလည်းရှိသေး၏။

ထိုအထဲတွင် မျက်နှာမွဲမိသားစုလေးနှင့်မယှဥ်နိုင်၍ သိက္ခာကျသည်ဟုခံစားနေရသော တိမ်လွှာခွင်းဂိုဏ်းလည်း ပါဝင်သည်။

"ဘယ်သူတွေလဲဆိုတာ စုံစမ်းကြစမ်း"

တိမ်လွှာခွင်းဂိုဏ်းအကြီးအကဲက ငယ်သားတစ်ဦးကိုစေခိုင်းလိုက်သည်။

"ချက်ချင်းသိစေရပါမယ်"

တိမ်လွှာခွင်းဂိုဏ်းအကြီးအကဲမှာကား အပြင်ပန်းတွင်တည်ငြိမ်နေသယောင်ရှိသော်ငြား စိတ်တွင်းတွင် ဗလောင်ဆူနေပြီဖြစ်သည်။ အင်အားနည်းမိသားစုလေးထံမှ လူသိရှင်ကြားအရှက်ခွဲခံလိုက်ရမှုကို ဒီတိုင်းလွှတ်ပေးလိုက်မည်မဟုတ်ပါ။ အမျက်ဒေါသကို မနည်းမျိုသိပ်ထားရသည့်မျက်လုံးများဖြင့် စုံစမ်းရန်အမြန်ပြေးသွားသောငယ်သားကို စောင့်နေလိုက်သည်။

ထိုအချိန်တွင် ကြေငြာသူမှာလည်ချောင်းကိုရှင်း၍ ထပ်မံဈေးတင်လာခြင်းမရှိသောလေလံအား အတည်ပြုလိုက်တော့သည်။

"‌ရွေဒင်္ဂါးနှစ်သိန်း တစ်ကြိမ် နှစ်ကြိမ်"

ဒုန်း- ကြေငြာသူက တုံးကိုထုချလိုက်သည်။

"ဖုန့်မိသားစုကို ရောင်းချလိုက်ပါပြီခင်ဗျာ"

ကြေငြာသူက အနည်းငယ်တုန်ယင်နေသောအသံဖြင့် ကြေငြာလိုက်သည်။ မည်မျှပင်ရှားပါးအဖိုးတန်ပါစေ ကောင်းကင်မီးတောက်ငှက်မွှေးတစ်ချောင်းကို ရွေဒင်္ဂါးနှစ်သိန်းရရန်ဆိုသည်မှာ မင်းနေပြည်တော်တွင်ပင် မဖြစ်နိုင်လောက်သည့်ကိစ္စဖြစ်၏။ ထိုပစ္စည်းကို မင်းနေပြည်တော်ဆီပို့မည့်အစား ဒီမှာပဲလေလံဆွဲရန်ဆုံးဖြတ်လိုက်သောကြောင့် အမြတ်ကြီးကြီးပိုက်မိလေပြီ။

ဖုန့်မေသည်လည်း တအံ့တသြဖြင့်မျက်လုံးပြူးနေရသည်။ ကောင်းကင်မီးတောက်ငှက်မွှေးအတွက်နှင့် ဖုန့်ချန်းထိုမျှထိဈေးတင်ပေးမည်ဟု သူမမမထင်ထားခဲ့ပေ။ မိသားစုခေါင်းဆောင်၏ ကြွယ်ဝမှုအစစ်အမှန်ကိုမသိကြသေးသော အခြားဖုန့်မိသားစုဝင်များလည်း လန့်ဖျပ်အံ့သြသွားရသည်။ ဤမျှငွေပမာဏကို ဘယ်ကများရလာပါသနည်း?

အရင်က သူတို့မိသားစုနှစ်စဥ်ဝင်ငွေမှာ သောင်းဂဏန်းလောက်သာရှိခဲ့သည်ကို အခုတော့ ပစ္စည်းတစ်ခုအတွက်နှင့် ‌နှစ်သိန်းသုံးလိုက်သည်တဲ့လား?

ဆယ်စုနှစ်များစွာစုဆောင်းရမည့် ဝင်ငွေပမာဏကို တစ်ကြိမ်တည်းဖြင့် လွှင့်ပစ်လိုက်သလိုပင်။

ဖုန့်ယွင်သည် ဖုန့်မေဘက်သို့လှည့်၍ အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။ "အခုအဲ့ဒါကို ညီမလေးရသွားပြီ"

ဖုန့်မေစိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကိုအသာညိတ်ပြလိုက်သည်။ စိတ်သက်သာရာရသွားဟန်လည်းရှိသည်။ ထိုကောင်းကင်မီးတောက်ငှက်မွှေးကိုအပိုင်ရလိုက်ခြင်းမှာ နှစ်ပေါင်းများစွာပျောက်ဆုံးနေသော သူမဝိဉာဥ်တစ်ပိုင်းတစ်စကို ပြန်လည်ဖြည့်စွက်ခံလိုက်ရသလိုပင်။

သို့သော် ဘာမှဖြစ်မလာမှာကိုကြိုတွေးပြီး စိုးရိမ်နေမိပြန်သည်။ မိသားစုခေါင်းဆောင်မှာ သူမအတွက်နှင့် ရွေဒင်္ဂါးနှစ်သိန်း သုံးထားရသည်လေ။

သူမအနေဖြင့် စိတ်‌တောင်မကူးရဲသည့် ငွေကြေးပမာဏပါပင်။

All Chapters