အဆင့်၆သားရဲအမြုတေ
Vol. 8 Ch. 109
ဖုန့်မိသားစု ချွတ်ခြုံကျသွား၍ ဘာလေလံပွဲမှဝင်မပါတော့ဟု အများစုကထင်ကြေးပေးနေကြသည်။
မြေကမ္ဘာအဆင့်လက်နက်နှစ်ခုကို အပိုင်ယူလိုက်နိုင်သည့် တိမ်လွှာခွင်းဂိုဏ်းအကြီးအကဲသည်ပင် ဖုန့်မိသားစုဘက်ကို ကျေနပ်အားရနေဟန်အပြုံးဖြင့် လှမ်းကြည့်လိုက်သေးသည်။
"ကြည့်ရတာ သူတို့ပိုက်ဆံကုန်သွားပုံပဲ" ဦးဆောင်ဈေးခေါ်သည့်အကြီးအကဲက ခပ်တိုးတိုးမှတ်ချက်ပြုလိုက်သည်။
ပစ္စည်းတစ်ခုတည်းကိုပဲ ဈေးအမြင့်ကြီးပေးပြီးလိုက်ဝယ်သည့် မိသားစုတစ်ခုကိုရှုံးရတာက သိပ်တော့အရှက်ကွဲလောက်စရာဟုတ်မနေပါ။
ဘယ်လောက်ပဲချမ်းသာကြွယ်ဝပါစေ မလိုအပ်ဘဲပိုက်ဆံမဖြုန်းသင့်ဘူးလေ။ ရွေဒင်္ဂါးနှစ်သိန်းကို ငှက်မွှေးတစ်ချောင်းအတွက်နှင့်ဖြုန်းလိုက်ရသည်ထက် မြေကမ္ဘာအဆင့်လက်နက်နှစ်ခုရတာ ပိုမကောင်းပေဘူးလား?
တီးတိုးသံများမှာ တစ်စထက်တစ်စကျယ်လောင်လို့လာသည်။ ဖုန့်မိသားစုတော့ ပစ္စည်းတစ်ခုတည်းကို ဈေးအမြင့်ကြီးပေးဝယ်ပြီး ထပ်ဝယ်စရာပိုက်ဆံမရှိတော့လောက်ဟု အားလုံးကကောက်ချက်ချလာကြတော့၏။
ဖုန့်ချန်းကတော့ တစ်စက်မှအရေးမလုပ်အားပါ။ သူတို့ဘာသာ အတင်းပြောပြော ဝေဖန်လေကန်တွေလုပ်လုပ် သူတို့အိမ်မွဲပြာကျနေပြီဟုထင်သွားရင်တောင် ဘာမှအရေးပါလှသည့်ကိစ္စလည်းမဟုတ်။
(ဒါပဲလားဟ)
ဖုန့်ချန်းမှာ လေလံပွဲကိုကြည့်ရင်း တဖြည်းဖြည်းပျင်းရိလာသည်ကိုပဲ ခံစားမိတော့သည်။ တစ်ခုပြီးတစ်ခု ထပ်ထုတ်လိုက်ရင် မြေကမ္ဘာအဆင့်လက်နက်တွေချည်းသာ။ သူ့အာရုံကို နည်းနည်းလေးမျှပင်မဖမ်းစားနိုင်ပါချေ။
ရေခဲပိုးထည်သံချပ်ကာရောင်းထွက်သွားပြီးနောက် ခန်းမတွင်းစိတ်လှုပ်ရှားမှုများ ပိုလို့မြင်သာလာသည်။ ယွင်ဟိုင်မိသားစုက သံချပ်ကာကို တစ်သိန်းတစ်သောင်းပေးဝယ်သွားသောကြောင့် ပွဲကြည့်ပရိတ်သတ်များမှာ နောက်လာမည့်ပစ္စည်းကို စွမ်းအင်အပြည့်ဖြင့်စောင့်စားနေကြတော့၏။
ကြေငြာသူမှာ နောက်ပစ္စည်းကိုထုတ်မလာခင် ဧည့်သည်တော်များ၏ စိတ်အားထက်သန်မှုကို တစ်ဆင့်မြှင့်ပေးသည့်အနေဖြင့် ခဏမျှဝေ့ကြည့်လိုက်သည်။
"ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျာ ဒီတစ်ခေါက်မှာတော့ အမှန်ကိုထူးကဲရှားပါးလှတဲ့ပစ္စည်းတစ်ခု တင်ပြပေးမှာဖြစ်ပါတယ် အဆင့်၆သားရဲအမြုတေပါခင်ဗျာ"
ခန်းမတစ်ခုလုံး အာမေဋိတ်သံများပျံ့လွင့်သွားပြီး ဝန်ထမ်းများမှာ အသေးစိတ်စီခြယ်ထားသော သေတ္တာကြီးတစ်လုံးကို ထုတ်ယူလာတော့သည်။ ၎င်း၏မျက်နှာပြင်မှာ ဝိဉာဥ်စွမ်းအင်ဖျော့ဖျော့လေးဖြင့် လင်းလက်တောက်ပလို့နေတော့၏။ အဆင့်၆သားရဲအမြုတေကို ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူများသာအမဲလိုက်နိုင်ပြီး သူတို့ကလည်း ကိုယ်တိုင်သုံးစရာရှိမှလိုက်ကြတဲ့အတွက် လေလံဆွဲသည်ဆိုတာမျိုးကို တစ်ခါမှမကြုံဖူးပါချေ။
သူတို့ပိုက်ဆံလိုလျှင်တောင် အဆင့်၅သားရဲကိုအမဲလိုက် ရောင်းချသည်က ပိုလို့ဘေးကင်းပေမည်။ အမှန်ပင် အဆင့်၆သားရဲအမြုတေကို လေလံပွဲတွင်း တစ်ခါမှမတွေ့ရစဖူး။
ထို့ကြောင့် တိမ်လွှာခွင်းဂိုဏ်းနှင့် အေးခဲမြူခိုးဂိုဏ်းအကြီးအကဲများကဲ့သို့ စိတ်ခံစားချက်သိပ်မပြသည့်သူများအပါအဝင် ခန်းမတစ်ခုလုံး အံ့သြမင်သက်ဖြစ်ကုန်ရခြင်းပင်။
သေတ္တာကြီးကိုဖွင့်လိုက်သည်နှင့် စွမ်းအားကြီးမားလှသော စွမ်းအင်လှိုင်းတစ်ခုက ဖြန့်ကျက်ထွက်ပေါ်လာရာ ခန်းမတွင်းရှိကျင့်ကြံသူတိုင်းအာရုံကို ဖမ်းစားလိုက်တော့၏။
ဖုန့်ချန်းက သူစာရင်းအပ်ခဲ့သောပစ္စည်းကိုကြည့်လိုက်သည်။ သူပေးခဲ့သလို အဝတ်စဖြင့်ဖြစ်သလိုပတ်ထားတာမဟုတ်တော့ဘဲ၊ သေတ္တာတွေဘာတွေနှင့် သေချာပြင်ဆင်ခင်းကျင်းလို့ထားသည်။ လေလံပွဲရှင်ကတော့ တကယ်ကိုအမြင်ရှိပုံပင်။
"ဒါကတကယ်ကြီး အဆင့်၆သားရဲအမြုတေပဲ ငါကံကောင်းလွန်းလို့ ယုံတောင်မယုံနိုင်ဘူး"
တိမ်လွှာခွင်းဂိုဏ်းအကြီးအကဲတစ်ဦးက ရေရွတ်လာသည်။
တိမ်လွှာခွင်းဂိုဏ်းက စွမ်းအားကြီးသည်ဆိုသော်ငြား ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူမရှိသေးသောကြောင့် အဆင့်၆သားရဲအမြုတေကိုရဖူးဖို့ ဝေးပါသေးသည်။
ယခုမှသာပထမဆုံးမြင်ဖူးခြင်းဖြစ်ပြီး မရရအောင်ယူရမည်ဟုလည်း ဆုံးဖြတ်ချက်ချလိုက်ကြသည်။
"ဒီသားရဲအမြုတေကို မိုးကြိုးစွယ်သားရဲဆီကရလာတာဖြစ်ပါတယ် ဒီသားရဲတွေဟာ သူတို့ရဲ့အံ့မခန်းအားအင်နဲ့ သွက်လက်မှုကြောင့်နာမည်ကြီးကြပြီး ဝိဉာဥ်စွမ်းအင်ပြည့်ကြွယ်ဝလှတဲ့အမြုတေတွေကို ထုတ်လုပ်ပေးနိုင်စွမ်းရှိကြပါတယ် အဆင့်မြင့်ဆေးလုံးတွေသန့်စင်ဖော်စပ်တာ အဆင့်မြင့်မှော်ရတနာတွေသွန်းလုပ်တာမျိုးမှာ အသင့်တော်ဆုံးအမြုတေဖြစ်ပါတယ် ဒါ့အပြင် မိုးကြိုးလျှပ်စီးပိုင်းကိုအထူးပြုတဲ့ ကျင့်ကြံသူတွေအဖို့ အထောက်အကူကောင်းကောင်းတစ်ခုဖြစ်လာမှာမလွဲပါပဲ"
အမြုတေ၏တန်ဖိုးရှိပုံများကို ရှင်းပြပြီးနောက် ခန်းမတွင်းရှိတင်းမာမှုမှာ လွန်စွာမြင့်တက်လာတော့သည်။ နောက်လာတော့မည့် လေလံစစ်ပွဲကြီးအတွက် အားလုံးကိုပြင်ဆင်ချိန်ပေးထားဟန်ဖြင့် ကြေငြာသူမှာ ဈေးမပြောသေးဘဲ ခေတ္တမျှရပ်စောင့်လို့နေ၏။ "ဒီတန်ဖိုးကြီးအမြုတေရတနာကို ရွေဒင်္ဂါးငါးသောင်းကနေ ဈေးဖွင့်ပါမယ်"
ချက်ချင်းပင် လက်များမြောက်တက်လာပြီး သွေးရူးသွေးတန်း လုယက်ကုန်ကြတော့သည်။ စွမ်းအားကြီးဂိုဏ်းများနှင့် မိသားစုများ အချင်းချင်းယှဥ်ပြိုင်ကုန်ကြသောကြောင့် ဈေးနှုန်းမှာလည်း တဟုန်ထိုးတက်လာတော့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် နှစ်ဆမြင့်တက်ကာ တစ်သိန်းဈေးရှိနေပေပြီ။
"တစ်သိန်းနှစ်သောင်း" ယွင်ဟိုင်မိသားစုကိုယ်စားလှယ်ထံမှအသံဖြစ်၏။
"တစ်သိန်းသုံးသောင်း" ဤတစ်ယောက်ကား အနိုင်မခံအရှုံးမပေးသော တိမ်လွှာခွင်းဂိုဏ်းအကြီးအကဲပါပင်။
ခန်းမတွင်းရှိတင်းမာမှုများ မြင့်တက်လာသည်နှင့်အမျှ ဖုန့်မိသားစုသီးသန့်ခန်းရှိရာသို့လည်း မျှော်ကြည့်လာကြသည်။ ဒီတစ်ကြိမ်များ ဝင်နွှဲလေဦးမလားဟု။ သို့သော် ဖုန့်မိသားစုမှာခပ်မဆိတ်ပင် ပွဲကြည့်ပရိတ်သတ်လုပ်လို့နေသည်။
"တစ်သိန်းခွဲ"
"တစ်သိန်းခြောက်သောင်း"
"တစ်သိန်းခုနှစ်သောင်း"
..........
ဈေးနှုန်းမှာ မရပ်မနားမြင့်တက်လျက်သာရှိသေးသည်။ အဆင့်၆သားရဲအမြုတေကို ရနိုင်သည့်အခွင့်အရေးမှာ အလွန်တရာရှားပါးလှပြီး သူတို့သာထိုအမြုတေဖြင့် ကောင်းကင်အဆင့်မှော်ရတနာများဖန်တီးနိုင်ခဲ့လျှင် အမြတ်အစွန်းမှာ အဆ၁၀၀မကသာပေမည်။
ကောင်းကင်အဆင့်မှော်ရတနာဆိုသည်မှာ အများစုလက်လှမ်းမမီနိုင်ကြသော ရှားပါးပစ္စည်းများပင်။ များသောအားဖြင့် ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူများနှင့် ထိုကျင့်ကြံသူများ၏ကျန်ရစ်သော ဂိုဏ်းများမိသားစုများသာ ကိုင်ဆောင်နိုင်ကြတာဖြစ်၏။
ဈေးနှုန်းမှာ တိမ်လွှာခွင်းဂိုဏ်းခေါ်လိုက်သော နှစ်သိန်းခွဲဖြင့် ရောင်းထွက်သွားပေပြီ။
ခန်းမတွင်းရှိစိတ်လှုပ်ရှားမှုများ အနည်ထိုင်စပြုပြီး ကြေငြာသူထံအာရုံပြန်စိုက်လာကြတော့မှ နောက်ပစ္စည်းတစ်ခုအကြောင်းစတင်လိုက်သည်။
"ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျာ အခုဆိုရင်တော့ ကျွန်တော်တို့ဟာ နောက်ထပ်တန်ဖိုးကြီးပစ္စည်းတစ်ခုကို ချပြမှာဖြစ်ပါတယ် အဆင့်၆သားရဲအမြုတေပါပဲခင်ဗျာ" ထို့နောက် နောက်ထပ် ဝိဉာဥ်စွမ်းအင်များရစ်ဝဲနေသည့် အလှဆင်သေတ္တာကြီးတစ်လုံးကို ထပ်ထုတ်လာတော့သည်။ ဖွင့်လျှင်ဖွင့်ချင်းပင် စွမ်းအားအဟုန်တစ်ခုတိုးထွက်လာပြီး ကျင့်ကြံသူများ၏အာရုံကို တစ်ဖန်ဖမ်းစားသွားပြန်သည်။
"ဒီအမြုတေဟာဆိုရင်ဖြင့် မိုးကြိုးနဂါးပျံဆီကနေရရှိ...."
လေလံပွဲကို ဆက်လက်ကျင်းပလို့နေပြီး ဖုန့်ချန်း၏အဆင့်၆သားရဲအမြုတေများမှာ ရွေဒင်္ဂါးနှစ်သိန်းအောက်ထစ်ဖြင့် အကုန်ရောင်းထွက်သွားတော့သည်။
သူ့ပစ္စည်းများကို တစ်ခန်းလုံးအလုအယက်ဖြစ်နေကြသည်အားစောင့်ကြည့်ရင်း ဖုန့်ချန်းကျေနပ်စွာပြုံးနေမိတော့သည်။
(သားရဲအမြုတေတွေနဲ့တင် တစ်သန်းလောက်ရနေပြီ မြေကမ္ဘာအဆင့်ကျင့်စဥ်တွေရော ဘယ်လောက်ရနိုင်မလဲကြည့်ကြသေးတာပေါ့)