မြေကမ္ဘာအဆင့်မြင့် ကျင့်စဥ်
Vol. 8 Ch. 110
ဖုန့်ချန်းမျက်နှာထားမှာ တည်တည်ငြိမ်ငြိမ်ပင်ရှိနေဆဲဖြစ်သော်လည်း စိတ်ကျေနပ်မှုအရိပ်အယောင်ကို ဖုံးကွယ်လို့မရနိုင်ပေ။ သူစာရင်းအပ်ထားသော သားရဲအမြုတေများအားလုံးကို အလုအယက်တိုးကြိတ်ဝယ်ယူသွားကြသည်လေ။ ထိုသားရဲအမြုတေများမှာ သူ့တန်ဖိုးနှင့်သူရှိသောရတနာများဖြစ်သော်လည်း သူ့ကိုပိုပြီးစိတ်လှုပ်ရှားစေသည်မှာ နောက်လာမည့်ပစ္စည်းပင်။
တကယ်တော့ သူစာရင်းအပ်ထားသမျှပစ္စည်းတွေထဲတွင် သားရဲအမြုတေများမှာ တန်ဖိုးအနည်းဆုံးပင်။
သားရဲအမြုတေများအားလုံးရောင်းထွက်ပြီးသွားသောအခါ ကြေငြာသူမှာ အချိန်ခဏယူ၍ သူ့ကိုယ်သူအားအင်ပြန်စုစည်းလိုက်ပြီး အားမာန်အသစ်ဖြင့်ကြေငြာလိုက်သံထွက်ပေါ်လာတော့သည်။
"ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျာ ဒီလောက်အနှစ်သာရပြည့်ဝလာတဲ့ရတနာများစွာကို ရောင်းချပြီးသွားပြီဖြစ်ပေမယ့် ဒါတွေအားလုံးထက်သာလွန်တဲ့ နောက်ရတနာတစ်ခုက စောင့်ကြိုနေပါသေးတယ် မြေကမ္ဘာအဆင့်မြင့် ဓားသိုင်းကျင့်စဥ်ပဲဖြစ်ပါတယ်ခင်ဗျား"
ခန်းမတစ်ခုလုံးတိတ်ကျသွားခဲ့ပြီး ဝန်ထမ်းနှစ်ဦးက လှပစွာစီခြယ်ထွင်းထုထားသောသေတ္တာကြီးတစ်လုံးကို သယ်မလာကြသည်။ သေတ္တာကိုယ်တိုင်ကပင် ရှေးကျသောဒီဇိုင်းရှိပြီး စုတ်ချက်များဖြင့်လည်း တစ်ခုခုကိုရေးထိုးထားသည်။ သေတ္တာမှထွက်ပေါ်နေသော ဖျော့တော့ပေသည့် အင်အားကြီးသောစွမ်းအင်လှိုင်းကိုလည်း ခံစားလို့ရနေ၏။
"ဒါကတော့ မုန်တိုင်း၏အမျက်ဒေါသ လို့သိကြတဲ့ မြေကမ္ဘာအဆင့်မြင့် ဓားသိုင်းကျင့်စဥ်ပဲဖြစ်ပါတယ် လေပြင်းနဲ့မုန်တိုင်းတွေကို လိုရာစေခိုင်းနိုင်စွမ်းရှိပြီး ကျင့်ကြံသူဟာ ဒြပ်စင်များကိုလည်းလိုသလိုထိန်းချုပ်နိုင်စွမ်းရှိလာမှာဖြစ်ပါတယ်"
ပွဲကြည့်ပရိတ်အားလုံး အာမေဋိတ်ပြုလိုက်မိကြသည်။ မြေကမ္ဘာအဆင့်မြင့်ဓားသိုင်းကျင့်စဥ်ဆိုသည်မှာ အဆင့်တူလက်နက်များထက်ပင် ရှားပါးသေး၏။ များသောအားဖြင့် မိသားစုများ ဂိုဏ်းများအတွင်း မျိုးရိုးစဥ်ဆက်အလိုက် လက်ဆင့်ကမ်းတတ်ကြသောရတနာများပင်။ အေးခဲမြူခိုးဂိုဏ်းသည်ပင် တစ်ခု၊နှစ်ခုမျှသာပိုင်ဆိုင်ထားပြီး တိမ်လွှာခွင်းဂိုဏ်းမှာတော့ အမြင့်ဆုံးပိုင်ဆိုင်ထားသည့်ကျင့်စဥ်က မြေကမ္ဘာအလယ်အလတ်ဆင့်သာရှိလေသည်။
သို့သော် ထိုမျှလောက်သောကျင့်စဥ်အဆင့်ကပင် တိမ်လွှာခွင်းဂိုဏ်းကို အရှေ့ပိုင်းစီရင်စု၏ အင်အားအကြီးဆုံးဂိုဏ်းများထဲမှာ တစ်ခုအပါအဝင်ဖြစ်အောင် မြှင့်တင်ပေးထားခြင်းပင်။
မြေကမ္ဘာအဆင့်မြင့်ကျင့်စဥ်တစ်ခုကို လေလံဆွဲခြင်းဆိုသည်မှာ ကြားပင်မကြားစဖူး။ လူတိုင်းဖုံးမရနိုင်အောင် စိတ်လှုပ်ရှားလာကြတော့သည်။
"ယုံတောင်မယုံနိုင်ဘူးဟေ့"
"မြေကမ္ဘာအဆင့်မြင့်ကျင့်စဥ်ကို ထုတ်ရောင်းသတဲ့လား ပိုင်ရှင်ကစိတ်မမှန်တော့ဘူးထင်တယ် ဂိုဏ်းတစ်ခုရဲ့အင်အားမှာ ကျင့်စဥ်အဆင့်ကဘယ်လောက်အရေးပါမှန်း နားမလည်ဘူးလား?"
"ဒီလိုကျင့်စဥ်သာရှိနေရင် စွမ်းအားအကြီးဆုံးဂိုဏ်းတစ်ဂိုဏ်းဖြစ်လာနိုင်ချေရှိနေတာကို"
"ငါမွဲပြာကျသွားရင်တောင် ဒီကျင့်စဥ်ကိုတော့ရမှဖြစ်မယ်"
.........
လူတိုင်း၏မျက်လုံးမှာ စိတ်အားထက်သန်မှုများဖြင့်တောက်လောင်နေကြပြီး ဒီရတနာကိုအရယူဖို့ သူတို့မှာရှိရှိသမျှကို ပေးဆပ်ပစ်လိုက်ဖို့အဆင်သင့်ဖြစ်နေကြတော့၏။ အေးခဲမြူခိုးဂိုဏ်းနှင့် တိမ်လွှာခွင်းဂိုဏ်းတို့မှာလည်း ထျန်းလုံ၊ ယွင်ဟိုင်နှင့် ယွမ်မိသားစုတို့နှင့်အပြိုင်လုရန် အားခဲထားကြတော့သည်။
"မဟာအကြီးအကဲရွှမ်ဟိုင်ရန် ကျွန်တော်တို့ဒါကို ရအောင်ယူမှဖြစ်မယ်"
တိမ်လွှာခွင်းဂိုဏ်းအကြီးအကဲတစ်ဦးက သူတို့အုပ်စုခေါင်းဆောင်ကိုလှမ်းပြောလိုက်သည်။
"အိမ်းးး"
မဟာမကြီးအကဲရွှမ်ကလည်း ခေါင်းညိတ်သဘောတူလာသည်။ ထိုသို့အဆင့်မြင့်ဓားသိုင်းကျင့်စဥ်တစ်ခု၏ အရေးပါမှုကို သူကောင်းကောင်းသိပါ၏။ အရသာယူနိုင်လျှင် သူတို့ဂိုဏ်း၏အင်အားမှာ အဆမတန်ကြီးထွားလာနိုင်သည်။ မိုးပြာကောင်းကင်အင်ပါယာ၏ ထိပ်သီးဂိုဏ်းငါးခုအတွင်းသို့ပင် ဝင်နိုင်ချေရှိပေမည်။
ဈေးဘယ်လောက်မြင့်မြင့် ရအောင်ယူရမည်မှန်း သူသဘောပေါက်လိုက်သည်။
"မပူပါနဲ့အကြီးအကဲတို့ ဒီနေ့တော့ ကျုပ်ကိုယ်ပိုင်စည်းစိမ်အားလုံးပြောင်သလင်းခါသွားရင်တောင် ဒီဓားသိုင်းကျင့်စဥ်ကိုတော့ အရယူလာပေးမယ်"
ဂိုဏ်းအတွက်ဆို ကိုယ်ကျိုးစွန့်ဖို့ပင်ဝန်မလေးသည့် စိတ်ပိုင်းဖြတ်မှုဖြင့် မဟာအကြီးအကဲရွှမ်ကပြောလာသည်။
"မစိုးရိမ်ပါနဲ့ မဟာအကြီးအကဲ ကျုပ်တို့လည်းရှိသမျှအကုန်ထည့်ပြီးကူပါ့မယ်"
ကျန်သူများကလည်း သူတို့ပိုင်ဆိုင်မှုများကိုပါ လိုလိုလားလားပေးအပ်လာကြသည်။
"ဟားဟား မိုးပြာကောင်းကင်ကူးသန်းရောင်းဝယ်ရေးအစည်းအရုံးက အဆင့်မြင့်ဓားသိုင်းကျင့်စဥ်မျိုးကို ငါတို့ချင်းယွင်မြို့မှာရောင်းလိမ့်မယ်လို့ ထင်ကိုမထားခဲ့ဘူးဟေ့"
ထျန်းလုံယုကပျော်ရွှင်စွာပြောလာသည်။
ဒီနယ်မြေမှာ သူ့ဒေသဖြစ်ပြီး မိသားစုပိုင်ဆိုင်မှုများအားလုံးကို သူကြိုက်သလိုခြယ်လှယ်ခွင့်ရှိသည်လေ။ ဒီနေ့တော့ ရှိသမျှအားလုံးပေါင်နှံရပါစေဦး ထိုဓားသိုင်းကျင့်စဥ်ကိုတော့ ရကိုရစေရမည်။
လူအများ၏တုံ့ပြန်ပုံအရ အချမ်းသာဆုံးဟူသောယွင်ဟိုင်မိသားစုပင် ဒါကိုအရယူဖို့ ငွေကြေးအလုံအလောက်ပါလာမည့်ပုံမပေါ်ပေ။
ထျန်းလုံမိသားစုမှ တစ်ခြားအကြီးအကဲများသည်လည်း သူတို့နိုင်မည်ကိုကြိုသိနေဟန်ဖြင့် တပြုံးပြုံးဖြစ်နေကြတော့၏။
ဖုန့်မိသားစုဘက်မှာတော့ စိတ်လှုပ်ရှားမှုဟူ၍ ထူးထူးခြားခြားရှိမနေပါ။
ကောင်းကင်အဆင့်ကျင့်စဥ်များစွာပိုင်ဆိုင်နေပြီးချိန်တွင် မြေကမ္ဘာအဆင့်ကျင့်စဥ်ကို အဘယ့်ကြောင့်မက်မောနေရဦးမည်နည်း?
ရှိပြီးသားကောင်းကင်အဆင့်ကျင့်စဥ်တွေကိုတောင် ကုန်စင်အောင်မလေ့လာရသေးပေ။ မြေကမ္ဘာအဆင့်ကျင့်စဥ်မှာ သူတို့အချိန်တွေကိုဖြုန်းရာပင်ကျပေးဦးမည်။
ဖုန့်ချန်းမသိမသာပြုံးလျက် ထိုင်ခုံကျောမှီပေါ်သို့ အသာမှီထိုင်လိုက်သည်။ လေလံပွဲရဲ့ဗဟိုချက်ကတော့ ရောက်ရှိနေလေပြီ။ အပြင်းထန်ဆုံးသော လေလံပြိုင်ပွဲများ ဖြစ်ပွားဖို့အစပြုလေပြီ။
"ဒီဓားသိုင်းကျင့်စဥ်ပေရွက်လိပ်ရဲ့ အဖွင့်ဈေးကတော့ ရွေဒင်္ဂါးသုံးသိန်းပဲဖြစ်ပါတယ် တစ်ကြိမ်မှာ အနည်းဆုံးတစ်သောင်းတိုးပြီး ဈေးခေါ်ရပါမယ်"
အဖွင့်ဈေးမှာ ကြားရသူများပင် နားနှင့်မဆံ့ဖွယ်။ သို့သော် ဤသို့သောအဖိုးတန်ကျင့်စဥ်မျိုးသည် ရွေဒင်္ဂါးသန်းနှင့်ချီအောင်ထိုက်တန်သဖြင့် ဤမျှသောဖွင့်ဈေးကို နည်းသည်ဟုပင်ဆိုရပေမည်။
အဖွင့်ဈေး၏သက်ရောက်မှုကြောင့် ခန်းမတစ်ခုလုံး ခေတ္တမျှငြိမ်သက်သွားပြီး စဥ်းစားခန်းဝင်နေကြပုံပင်။ အချို့ကတော့ တစ်ခါတည်းအရှုံးပေးလိုက်ပြီးသားဖြစ်၏။ အဖွင့်ဈေးသက်သက်သာရှိသေးသော်လည်း အရှေ့ပိုင်းစီရင်စု၏ ထိပ်သီးမိသားစုဆယ်ခုအတွက်ပင် ကြက်သီးထဖွယ်ပမာဏဖြစ်လို့နေပေပြီ။
ပိုင်မိသားစုကဲ့သို့ မိသားစုငယ်များမှာမူ စကတည်းကလက်လျှော့လိုက်ရပြီး မကျေမနပ်ဖြင့် ပွဲကြည့်ပရိတ်သတ်လုပ်နေရုံသာပင်။
"ငါးသိန်း" ယွမ်ဟောင်ကအော်လိုက်သည်။
"ခြောက်သိန်း" အေးခဲမြူခိုးဂိုဏ်းက တစ်ဆင့်ထပ်မြှင့်သည်။
"ခုနှစ်သိန်း" ယွင်ဟိုင်မိသားစုလည်း ဝင်ပါလာသည်။
"ဟင်းဟင်း မြေကမ္ဘာအဆင့်မြင့်ကျင့်စဥ်တစ်ခုကို အဲ့လောက်နဲ့ရလိမ့်မယ်များထင်နေကြလားမသိဘူး တစ်သန်းခွဲဟေ့" မဟာအကြီးအကဲရွှမ်မှာ ဈေးကိုနှစ်ဆကျော်မြှင့်လိုက်သည်။ မျက်လုံးများမှာ ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် တလက်လက်တောက်ပလျက်။
တစ်ခြားနေရာတွင် လေလံဈေးကိုနှစ်ဆမြှင့်ပစ်ပါမူ အံ့သြစရာဖြစ်နိုင်ပေသည့် ဒီနေရာမှာတော့မဟုတ်ပေ။
"နှစ်သန်း"
တိမ်လွှာခွင်းဂိုဏ်း၏ တစ်သန်းခွဲဈေးခေါ်အပြီးတွင် ထျန်းလုံယုကနှစ်သန်းထိထပ်မြှင့်လာသည်။
နောက်ဈေးတစ်ခုအတွက် သိပ်အကြာကြီးမစောင့်လိုက်ရပါပေ။
"နှစ်သန်း တစ်သိန်း"
ယွင်ဟိုင်မိသားစုက ဈေးထပ်မြှင့်လာသည်။
"နှစ်သန်း နှစ်သိန်း"
ထျန်းလုံယုကလည်း လျှော့မည့်ပုံမရှိ။
ဖုန့်ချန်းကတော့ ဗရုတ်သုတ်ခအခြေအနေကို ကျေနပ်စွာပင်ကြည့်လို့နေသည်။ သူတို့ပိုပြီးပြိုင်လုလေလေ ဈေးကတက်လာလေလေပင်။
ဈေးက ၂သန်းအထိတိုးမြင့်သွားတော့ သူတောင်အနည်းငယ်လန့်သွားရသေးသည်။ မြေကမ္ဘာအဆင့်မြင့်ကျင့်စဥ်တစ်ခု၏တန်ဖိုးကို သူလျှော့တွက်မိပုံပင်။
"နှစ်သန်း သုံးသိန်း" ယွင်ဟိုင်မိသားစုလည်း စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် လျှော့မည့်ပုံမပြပေ။
"နှစ်သန်း ငါးသိန်း" တိမ်လွှာခွင်းဂိုဏ်းမှ ချက်ချင်းဆိုသလိုဈေးထပ်မြှင့်လာသည်။ မဟာအကြီးအကဲ၏လေသံမှာတည်ငြိမ်နေသော်လည်း မျက်လုံးများက အနည်းငယ်မူမမှန်တော့။
သူကိုယ်တိုင်ရော အခြားအကြီးအကဲများ၏ပိုင်ဆိုင်မှုတွေပါ အကုန်သွန်းလောင်းထည့်လျှင်ကို သူတို့အတတ်နိုင်ဆုံးဈေးမှာ ဒါအမြင့်ဆုံးပင်။
"နှစ်သန်း ခြောက်သိန်း"
ထျန်းလုံယုကလည်း တွန့်ဆုတ်ခြင်းအလျဥ်းမရှိ။
မဟာအကြီးအကဲရွှမ်မှာ ဒီ့ထက်ပိုမတတ်နိုင်တော့သဖြင့် မှုန်ကုပ်ကျသွားတော့၏။ မြေကမ္ဘာအဆင့်မြင့်ကျင့်စဥ်ကို သူတို့ရယူဖို့ မဖြစ်နိုင်တော့ပါပေ။
ထိုသို့တန်ဖိုးကြီးကျင့်စဥ်တစ်ခုကို ဦးစားပေးမဖော်ပြခဲ့သည့် မိုးပြာကောင်းကင်ကူးသန်းရောင်းဝယ်ရေးအစည်းအရုံးကို အပြစ်တင်ရန်သာရှိတော့မည်။ အရှေ့မှာဘာကိုမှမဝယ်ခဲ့ပါဘဲ အကုန်ပေါင်းထည့်လိုက်လျှင် ရနိုင်ချေရှိဦးပေမည်။
"နှစ်သန်း ခုနှစ်သိန်း"
"နှစ်သန်း ရှစ်သိန်း"
.............
ဈေးနှုန်းမှာ လိုက်မမီလောက်အောင်မြင့်သည်အထိ ဆက်တိုးနေတုန်းပင်။ တဖြည်းဖြည်းနှင့် မိသားစုအတော်များများမှာတော့ လက်လျှော့လိုက်ကြရပေပြီ။
နောက်ဆုံးအပြိုင်အဆိုင်ကျန်ရှိနေသေးသော မိသားစုနှစ်ခုမှာ ယွင်ဟိုင်နှင့်ထျန်းလုံပင်။
နောက်ဆုံးဈေး သုံးသန်းခွဲဖြင့် ကျင့်စဥ်ကိုအပိုင်ရယူသွားနိုင်သူမှာတော့ ယွင်ဟိုင်မိသားစုဖြစ်သည်။
ဆေးပညာလောကမှာ အဆက်အသွယ်များစွာရှိသော လူချမ်းသာမိသားစုကို ထျန်းလုံမိသားစုအထင်သေးမိသွားပုံပေါ်လေ၏။
ယွင်ဟိုင်မိသားစုအတွက်မူ ငွေကြေးထက် အင်အားကြီးလာဖို့ကပိုအရေးကြီးသဖြင့် ထိုဓားသိုင်းကျင့်စဥ်ကိုရဖို့ ဘာမဆိုပေးဆပ်မည်သာပင်။
မတတ်နိုင်တော့လျှင်ပင် အခြားမိသားစုများထံမှချေးငှားလို့ရနိုင်သေးသည်။ ငွေကြေးအကူအညီအတွက် အဆင့်မြင့်ဆေးလုံးများဖြင့်ပြန်ကျေးဇူးဆပ်မည်ဆိုလျှင် မည်သူကငြင်းပယ်နိုင်ပါမည်နည်း?
ဆေးလုံးဈေးများက ရွေဒင်္ဂါးရာချီထောင်ချီတန်သည်လေ။ ထို့အပြင် အဆင့်၄လောက်ရှိသည့်ဆေးလုံးများဆိုလျှင် ငွေကြေးဖြင့်တန်ဖိုးဖြတ်လို့ပင်မရပေ။ အဆင့်၄ဆေးဆရာရှိသောမိသားစုတစ်ခုနှင့် ဆက်ဆံရေးထိန်းသိမ်းထားရန်အတွက် ငွေကြေးကိုတွက်ချက်နေစရာမလိုအပ်ပေ။
ယွမ်ဟောင်သည်လည်း ယွင်ဟိုင်မိသားစုကို ငါးသိန်းချေးငှားလိုက်ရလေသည်။ အပြန်အလှန်အနေဖြင့် အဆင့်၄ဆေးလုံးတစ်လုံး အလကားဖော်စပ်သန့်စင်ပေးဖို့ ကတိရထားသည်ဖြစ်ရာ ထိုက်တန်ပါပေ၏။
ထို့အပြင် သူဒီပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်နိုင်မှာမဟုတ်မှန်း ကြိုသိပြီးသားပါလေ။
ထို့အပြင် ယွင်ဟိုင်မိသားစု၏ကြွယ်ဝမှုဖြင့်ဆိုလျှင် ကြွေးမြီပြန်ဆပ်မည့်ကိစ္စကို စိတ်ပူနေစရာမလိုပါချေ။ ထို့ကြောင့် တွန့်ဆုတ်မှုမရှိကူညီပေးလိုက်ခြင်းပင်။ အခြားမိသားစုများသည်လည်း ကူညီပေးဖို့လိုလိုလားလားရှိကြပေသည်။
"ရောင်းထွက်သွားပါပြီ" ကြေငြာသူ၏အသံမှာပြတ်သားခိုင်မာလှသကဲ့သို့ ခန်းမထဲတွင်လည်း လက်ခုပ်သံများစီညံသွားသည်။ ယွင်ဟိုင်မိသားစုကိုယ်စားလှယ်များမျက်နှာထားမှာ စိတ်သက်သာရာရသွားဟန်နှင့် အောင်မြင်မှုကြောင့်ကျေနပ်ဟန်တို့ အတိုင်းသားပေါ်လွင်နေကြသည်။
ထျန်းလုံယုမှာတော့ ချီးမှန်ထားသည့်ရုပ်ဖြင့်။
ယွင်ဟိုင်မိသားစုမှာ သူတို့ကိုယှဥ်ဖို့ပိုက်ဆံအလုံအလောက်မရှိနိုင်ဘူးဟုပဲ အပိုင်တွက်ထားမိရာ အခြားမိသားစုများထံမှချေးငှားမှာကို ကြိုမတွေးလိုက်မိပေ။
ထို့အပြင် ထိုမိသားစုများမှာလည်း ဒီလောက်ပမာဏအများကြီးကို ယုံယုံကြည်ကြည်နှင့် ချေငှားပေးနိုင်ကြလေသည်။ ဘာအကျိုးကျေးဇူးတွေများရနေလို့လဲ သူစဥ်းစားမရခဲ့ပါ။
ယွင်ဟိုင်မိသားစုမှ အဆင့်၄ဆေးလုံးကိုအလကားဖော်စပ်သန့်စင်ပေးမည်မှန်း သူသိပါမူ သူလည်းအားတက်သရောချေးငှားမိလောက်ပေမည်။
သို့သော် သူကတော့အပြိုင်အဆိုင်ဈေးခေါ်ခဲ့ပြီး အဆုံးမှာတော့ရှုံးနိမ့်ခဲ့သည့်အလျောက် ငြီးတွားရုံကလွဲပြီး မတတ်နိုင်တော့ပါချေ။
"သေစမ်းကွာ"
ထျန်းလုံယုမှာ ဒေါသဖြင့်အံကိုတင်းတင်းကြိတ်ထားသည်။ အခြားမိသားစုဖြစ်နေပါမူ သူခြိမ်းခြောက်ဟိန်းဟောက်ပြီး အရှုံးပေးခိုင်းလို့ရသေး၏။ သို့သော် သူတို့လောက်အင်အားကြီးပြီး သူတို့ထက်အဆက်အသွယ်များသည့်ယွင်ဟိုင်မိသားစုကို သွားမဆွရဲပါပေ။ ထို့အပြင် သူတို့ကိုယ်တိုင်လည်း ယွင်ဟိုင်မိသားစု၏ဆေးလုံးများနှင့် မကင်းနိုင်သေးသဖြင့် မကျေနပ်တာတောင်မှ သူထုတ်ပြောခွင့်မရခဲ့ပေါချေ။