← Chapters

မြေကမ္ဘာအဆင့်ကျင့်စဥ် နောက်တစ်ခုတဲ့လား?

Vol. 8 Ch. 111

မြေကမ္ဘာအဆင့်ကျင့်စဥ် နောက်တစ်ခုတဲ့လား?

Vol. 8 Ch. 111

"ဂုဏ်ပြုပါတယ် ယွင်ဟိုင်မိသားစုခင်ဗျာ ဒီလိုအဖိုးတန်ကျင့်စဥ်တစ်ခုကိုအရယူနိုင်လိုက်တာ ကြီးကျယ်တဲ့အောင်မြင်မှုတစ်ခုပါပဲ"

"မှန်တာပေါ့ဗျာ ယွင်ဟိုင်မိသားစုကတော့ ဒီ့ထက်ပိုပြီးစွမ်းအားကြီးဖို့သာရှိပါတော့တယ်"

မိသားစုများစွာက ယွင်ဟိုင်မိသားစုထံချဥ်းကပ်၍ ချီးကျူးဂုဏ်ပြုစကားဆိုလာကြသည်။ ငွေကြေးကူညီထားသောမိသားစုများကတော့ ထိပ်ဆုံးကပင်။ သူတို့လိုမိသားစုကြီးများနှင့် တုဖက်ယှဥ်ပြိုင်ရန် အခွင့်အရေးမရှိသည်မှာသေချာနေသောကြောင့် ပြတ်သားတဲ့ရွေးချယ်မှုတစ်ခုကိုတော့ ပြုလုပ်ရမည်ဖြစ်၏။

ယွင်ဟိုင်မိသားစုအား ကျင့်စဥ်ရရန်ကူညီပေးလိုက်နိုင်ခြင်းက သူတို့ရဲ့အောင်မြင်မှုတစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ခံရပြီးဖြစ်သလို မိသားစုနှစ်ခုကြားက ဆက်ဆံရေးကိုလည်း ပိုမိုနက်ရှိုင်းခိုင်မာစေလိမ့်မည်။ အရှုံးမရှိသည့်ခြေလှမ်းပါပင်။

ထျန်းလုံယုမှာလည်း ရင်ထဲမှဆူပွက်နေသောဒေါသအိုးကြီးမငြိမ်သေးသော်ငြား အပြုံးတစ်ခုကို မရရအောင်ဖျစ်ညှစ်ဖန်တီးပြီး ယွင်ဟိုင်မိသားစုခေါင်း‌ဆောင်ကို ဂုဏ်ပြုစကားသွားပြောရလေသည်။ "ဂုဏ်ပြုပါတယ် ယွင်ဟိုင်လျန်ရင်းခင်ဗျာ" စကားလုံးများက လျှာဖျားမှာခါးသီးလှသော်လည်း အမူအရာမပျက်ဖို့ကအဓိကပင်။

မကျေမနပ်ဖြင့် အော်ဆဲချင်လှသော်လည်း သူတို့မှာ ယွင်ဟိုင်မိသားစုအပေါ်မှီခိုရပေဦးမည်။ အတိတ်က အတိတ်ပင်ဖြစ်သည်။ ယခုတော့ အနာဂတ်ကိုပိုဂရုစိုက်ရမည်သာ။

"ကျေးဇူးပါ ထျန်းလုံမိသားစုသခင်လေး" ယွင်ဟိုင်လျန်ရင်းက တည်ငြိမ်စွာဖြင့်တုံ့ပြန်လာသည်။

ထျန်းလုံမိသားစုမှ သူမတို့နှင့်အပြိုင်အဆိုင်လေလံဆွဲခဲ့သော်လည်း သူမကတော့စိတ်ထဲထားဟန်မရှိပါ။ ထိုသို့သောစွမ်းအားကြီးကျင့်စဥ်တစ်ခုကို အပြိုင်လုမည့်သူမရှိတာကမှ ထူးဆန်းပေဦးမည်။

နောက်ပြီး ထိုကျင့်စဥ်ကိုရဖို့ သူမကုန်ခဲ့ရတဲ့ငွေကြေးပမာဏကိုလည်း စိတ်ထဲသိပ်ထည့်နေဟန်မတူ။ သူမအတွက် ငွေကြေးက ပြဿနာမဟုတ်ပါလေ။ လေလံပွဲ၏အဓိကကဏ္ဍကြီးပြီးဆုံးသွားပြီဟု အားလုံးထင်မှတ်ထားကြချိန်တွင် ကြေငြာသူမှာ အသစ်တစ်ဖန်စိတ်လှုပ်ရှားမှုတို့ဖြင့် နောက်ပစ္စည်းတစ်ခုကို ဆွဲထုတ်လာ‌တော့၏။

"ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျာ" ကြေငြာသူ၏ပြတ်သားသောအသံကြောင့် တီးတိုးသံများ၊ ဂုဏ်ပြုစကားသံများ တိတ်ကျသွားတော့သည်။ "နောက်ထပ်ထူးကဲတဲ့ပစ္စည်းတစ်ခုကို ထုတ်ပြဖို့ရှိနေသေးတဲ့အတွက် လေလံပွဲပြီးသွားပြီလို့တော့ ထင်မထားလိုက်ကြပါနဲ့ဦးဗျာ"

မြေကမ္ဘာအဆင့်မြင့်ကျင့်စဥ်၏ မပြီးဆုံးနိုင်သေးသောဂယက်ကြောင့် သူ့စကားကို ဘယ်သူမှအာရုံရှိမနေပေ။

နောက်လာမည့်ပစ္စည်းကိုလည်း အများကြီးမျှော်လင့်မထားကြတော့ဘဲ ကြေငြာသူ၏စကားကိုလည်း ပရိတ်သတ်များကိုပြန်တက်ကြွလာအောင် အပေါ်ယံဆားဖြူးခြင်းဟုသာ ထင်မှတ်လိုက်ကြသည်။ လေလံပွဲများတွင် များသောအားဖြင့် လူထုအာရုံကိုဆွဲဆောင်နိုင်သောပစ္စည်းတစ်ခုထုတ်ပြပြီးလျှင် နောက်လာမည့်ပစ္စည်းကတော့ ခပ်ညံ့ညံ့ထဲကဖြစ်တတ်လေ၏။

လေလံပွဲတစ်ခုမှာ လူတိုင်းကို အချိန်တိုင်းအံ့သြမင်သက်စေနိုင်မည့် ပစ္စည်းတွေချည်း ပြည့်မနေနိုင်ပါ။

"အခုတင်ပြမှာကတော့ နောက်ထပ်ထူးကဲတဲ့ရတနာတစ်မျိုးဖြစ်ပါတယ် မြေကမ္ဘာအလယ်အလတ်ဆင့် ဓားသိုင်းကျင့်စဥ်ပဲဖြစ်ပါတယ်ခင်ဗျာ နှင်းခဲအရိပ်လို့နာမည်ကြီးတဲ့ ကျင့်စဥ်တစ်မျိုးဖြစ်ပြီး နှင်းခဲတိုက်ကွက်တွေနဲ့ ကိုယ်ပျောက်စွမ်းရည်ကို ပေါင်းစပ်ပေးနိုင်တဲ့ စွမ်းအားကြီးကျင့်စဥ်ပဲဖြစ်ပါတယ် ကျင့်ကြံသူဟာ အေးစက်ခဲသက်တဲ့ လေပြင်းတစ်သုတ်လိုမျိုး သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ ကြောက်မက်ဖွယ်တိုက်ခိုက်မှုတွေ ဖန်တီးနိုင်ပါလိမ့်မယ်"

နောက်ပစ္စည်းတစ်ခုကို ကြေငြာလိုက်သည်နှင့် တီးတိုးသံများ တစ်ဖန်ပေါက်ကွဲထွက်လာကြတော့၏။ အများစုမှာ အရည်အသွေးညံ့ပစ္စည်းတစ်ခုခုထွက်လာမည်ဟုခန့်မှန်းထားကြသော်လည်း မထင်မှတ်ထားစွာဘဲ မြေကမ္ဘာအလယ်အလတ်ဆင့် ဓားသိုင်းကျင့်စဥ်တစ်ခု ခုန်ထွက်လာသတဲ့လေ။ မြေကမ္ဘာအဆင့်မြင့်ဓားသိုင်းကျင့်စဥ်လောက် ရှားပါးအဖိုးတန်သည်မဟုတ်သော်လည်း သူလည်း အတော်များများအပြိုင်အဆိုင်လိုချင်နေကြသော အဖိုးတန်ကျင့်စဥ်မျိုးပင်။

လူအုပ်ကြီးမှာ ခေတ္တမျှတောင့်ခဲငြိမ်သက်သွားပြီးမှ လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။ "ဘာတဲ့ ငါကြားလိုက်တာရောမှန်ရဲ့လား"

"နောက်ထပ်မြေကမ္ဘာအဆင့်ကျင့်စဥ်တစ်ခုတဲ့ ပြီးတော့ အလယ်အလတ်ဆင့်တဲ့ဟ"

"ဟာကွာ ဒီလေလံပွဲမှာအဖိုးထိုက်ရတနာတွေ ဘယ်လောက်တောင်ရှိနေတာတုန်း မင်းနေပြည်တော်ကလေလံပွဲတောင် သူ့လောက်မကြွယ်ဘူး"

.......

မိသားစုအတော်များများမှာ လေလံပွဲ၏တန်ဖိုးအကြီးဆုံးသောရတနာများ ကုန်စင်သွားပြီအထင်နှင့် ရှားပါးအခွင့်အရေးတစ်ခုကိုမျက်မြင်ကြုံလိုက်ရခြင်းဟုသာ သတ်မှတ်ထားလိုက်ပြီးဖြစ်၏။ မြေကမ္ဘာအလယ်အလတ်ဆင့်ကျင့်စဥ်များမှာလည်း ရှားပါးလှပြီး ထျန်းလုံနှင့် ယွမ်ကဲ့သို့ ထိပ်သီးမိသားစုများတွင်ပင် ရှိရှိသမျှပေါင်းမှ တစ်ခုနှစ်ခုထက်မပိုနိုင်။

အစောလေးကပဲပြန်လည်တည်ငြိမ်သွားသောခန်းမသည် စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းလှုပ်ရွလာကြတော့သည်။ မြေကမ္ဘာအဆင့်မြင့်ကျင့်စဥ်တုန်းကလောက် မပြင်းထန်သော်ငြား မိသားစုအများအတွက်မူ စွမ်းအားအဟုန်ကိုတိုးမြှင့်နိုင်ရန် အခွင့်အရေးတစ်ရပ်ဖြစ်နေတုန်းပင်။

ယွင်ဟိုင်မိသားစုကိုရှုံးနိမ့်ထားခြင်းကြောင့် ဒေါသမပြေသေးသောထျန်းလုံယုသည် ပြိုင်ဆိုင်လိုစိတ်မီးတောက်များ တစ်ဖန်ပြန်အသက်ဝင်လာသည်ကို ခံစားမိလိုက်၏။ မိသားစုအကြီးအကဲများထံ တစ်ချက်လှမ်းကြည့်သော် အားလုံးက နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။ တိုက်ခိုက်လုယူရန်ထိုက်တန်သော ရတနာနောက်တစ်ခုပါပေ။

ယွမ်မိသားစုမှ ယွမ်ဟောင်လည်း ထိတ်လန့်အံ့သြသွားရသည်။ အကောင်းဆုံးသောအခွင့်အလမ်းကို လက်လွှတ်လိုက်ရပြီထင်ခဲ့သော်လည်း လတ်လတ်ဆတ်ဆတ်ဆုလာဘ်တစ်ခုက သူတို့ရှေ့မှောက်သို့ရောက်လာပြန်လေပြီ။ ရိုးရိုးကျင့်စဥ်တစ်ခုသာမဟုတ်။ သူတို့မိသားစုကို မျိုးဆက်တစ်လျှောက်အင်အားတိုးမြှင့်ပေးနိုင်မည့် အဖိုးတန်အထောက်အကူတစ်ခုပင်။

သို့သော် သူ ယွင်ဟိုင်မိသားစုကို ရွှေဒင်္ဂါးငါးသိန်းချေးငှားထားမိကြောင်း သတိရလိုက်သည်။

"သေစမ်းကွာ"

ယွမ်ဟောင်ကျိန်ဆဲလိုက်မိသည်။ နောက်ထပ်မြေကမ္ဘာအဆင့်ကျင့်စဥ်တစ်ခုလာဦးမည်မှန်းကြိုသိလျှင် သူလုံးဝကိုပိုက်ဆံချေးပေးလိုက်မည်မဟုတ်ပါ။

ယခုတော့သူ့တွင် အပြိုင်အဆိုင်လုရန်ငွေအလုံအလောက်မရှိတော့ပေ။ သူ့လိုပဲ ယွင်ဟိုင်မိသားစုကို ဝိုင်းဝန်းကူညီခဲ့ကြသော အခြားမိသားစုများသည်လည်း ထိုနည်းလည်းကောင်းပင်။

အစောကတော့ ယွင်ဟိုင်မိသားစုနှင့် အဆက်အသွယ်တစ်ခုတည်ဆောက်လိုက်နိုင်၍ ကျေနပ်ခဲ့ရသော်လည်း ယခုတော့ မြေကမ္ဘာအလယ်အလတ်ဆင့်ကျင့်စဥ်တစ်ခုကို လက်လွှတ်ရတော့မည်မှန်း မချိတင်ကဲသိလိုက်ရပေတော့၏။

နှင်းခဲတိုက်ကွက်များကို အခြေခံကြသော အေးခဲမြူခိုးဂိုဏ်းမှာတော့ အတော်လေးစိတ်ဝင်တစားရှိလာဟန်ပင်။ သူတို့အတွက် အထူးသင့်တော်သော ပစ္စည်းကောင်းရောက်လာပေပြီ။

"ဂိုဏ်းချုပ် ကျွန်မတို့မြေကမ္ဘာအဆင့်မြင့်ကျင့်စဥ်ကိုလက်လွှတ်လိုက်ရပေမယ့် ဒီတစ်ခုတော့ရမှဖြစ်မယ်နော်"

"ဟုတ်တယ် ဂိုဏ်းချုပ် ဒီကျင့်စဥ်က ကျွန်မတို့ဂိုဏ်းနဲ့ကွက်တိဖြစ်နေတာ နောက်ပြီး အခုတလော တိုက်ကွက်ကျင့်စဥ်တွေလိုနေတာနဲ့အတော်ပဲ"

ရေခဲနတ်သမီးလည်း ဒီကျင့်စဥ်၏အရေးပါပုံကိုနားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

အစောက မြေကမ္ဘာအဆင့်မြင့်ကျင့်စဥ်ကိုလည်း သူတို့အပြိုင်လုခဲ့ကြပေမယ့် ထိုတစ်ခုက သူတို့ဂိုဏ်းရဲ့ကျင့်စဥ်တွေနဲ့ သိပ်တော့သဟဇာတမဖြစ်လှပေ။

သို့သော် နှင်းခဲကိုယ်ပျောက်ကျင့်စဥ်မှာတော့ သူတို့အတွက်ပင်အထူးဖန်တီးထားသယောင်ထင်မှားရလောက်အောင်ပင် ကွက်တိကိုက်ညီလို့နေ၏။

ယွင်ဟိုင်လျန်ရင်းလည်း အံ့အားသင့်စွာဖြင့် ခေါင်းကိုခါယမ်းမိသည်။ အစောကျင့်စဥ်အတွက်ပင် ပိုက်ဆံပတ်ချေးလိုက်ရသည်ဖြစ်ရာ ဒီတစ်ခုကိုပြိုင်လုဖို့ အခွင့်အရေးမရှိတော့ပါပေ။

မြေကမ္ဘာအဆင့်မြင့်ကျင့်စဥ်ကိုရလိုက်နိုင်လို့ ကျေနပ်ပေမယ့် အနည်းငယ်ထွက်ပြူလာသည့် နောင်တရိပ်လေးကိုတော့ မဖုံးကွယ်နိုင်လိုက်ပါ။

စိတ်မဝင်စားလှစွာစောင့်ဆိုင်းခဲ့ကြသော ‌လေလံနောက်တစ်ပွဲသည် ပြင်းထန်သောအပြိုင်အဆိုင်ပွဲတစ်ခုအဖြစ်သို့ ကူးပြောင်းသွားပြန်လေပြီ။ လေလံဈေးများက အစောကတစ်ပွဲလောက်မမြင့်လှပေသည့် မြေကမ္ဘာအလယ်အလတ်ဆင့်ကျင့်စဥ်ဆိုသည်မှာ တက်တက်ကြွကြွဝိုင်းလုကြဖို့ ထိုက်တန်သည့်ပစ္စည်း‌ကောင်းမျိုးပင်။

"အဖွင့်ဈေးက ရွေဒင်္ဂါးနှစ်သိန်းဖြစ်ပါတယ် တစ်ကြိမ်ကို အနည်းဆုံးငါးထောင်တိုးပြီး ဈေးခေါ်ရပါမယ်" ကြေငြာသူက လေလံကိုစဖွင့်လိုက်သည်နှင့် ဈေးများအပြိုင်ခေါ်ကြတော့သည်။

"နှစ်သိန်းခုနှစ်သောင်း"

"နှစ်သိန်းရှစ်သောင်း"

တစ်ပွဲရှုံးနိမ့်ထားမှုကြောင့် အခဲမကျေ‌သေးသော တိမ်လွှာခွင်းဂိုဏ်းလည်း ပွဲထဲဝင်ပါလို့လာသည်။ အေးခဲမြူခိုးဂိုဏ်းကလည်း နောက်ကျမကျန်ခဲ့ပါပေ။ သူတို့လိုချင်နေသောကျင့်စဥ်မျိုးနှင့် ကွက်တိကျနေသောကြောင့် မြေကမ္ဘာအဆင့်မြင့်ကျင့်စဥ်ကိုလုတုန်းကထက်ပင် ပိုလို့တက်ကြွနေကြတော့သည်။

"သုံးသိန်းခွဲ" "လေးသိန်း"

ရှုံးနိမ့်မှုအမျက်ဒေါသကို ဖုံးကွယ်ရန်ကြိုးစားနေဆဲဖြစ်သော ထျန်းလုံယုသည် ဒီညမှာတစ်ခုခုကိုတော့အနိုင်ရရမည်ဟု စိတ်ပိုင်းဖြတ်လို့ထား၏။ သူလက်တစ်ဖက်ကို တည်ငြိမ်စွာမြှောက်လိုက်သည်။

"တစ်သန်း"

ခန်းမတစ်ခုလုံးငြိမ်ကျသွားတော့၏။ မြေကမ္ဘာအလယ်အလတ်ကျင့်စဥ်မှာ အဖိုးတန်သည်မှန်သော်ငြား မည်သူမျှတော့ ထိုမျှမဖြုန်းချင်ကြပေ။

ထျန်းလုံမိသားစု၏ကြွယ်ဝမှုကို သူတို့အားလုံးအံ့သြသွားကြရပြီး အ‌ရှေ့ပိုင်းစီရင်စု၏ အင်အားအကြီးဆုံးမိသားစုသုံးခုထဲမှ တစ်ခုအပါအဝင်ဖြစ်ထိုက်ပါသည်ဟု တွေးမိကြသည်။ အေးခဲမြူခိုးဂိုဏ်းကလည်း လွယ်လွယ်နှင့်လျှော့ပေးမည့်ပုံ ပေါ်မနေပါ။

"တစ်သန်း နှစ်သိန်း"

ထျန်းလုံယုမျက်မှောင်ကြုတ်သွားရသည်။ သူလည်းအနိုင်လိုချင်ပေသည့် ဒီကျင့်စဥ်မှာ မြေကမ္ဘာအဆင့်မြင့်ကျင့်စဥ်လည်းဟုတ်မနေပါ။ အထိုက်အလျောက်တော့ အဖိုးထိုက်သည်ဆိုပေမယ့် အဆင့်မြင့်ကျင့်စဥ်များလောက် များများစားစားပြောင်းလဲမပေးနိုင်။ ထျန်းလုံယုမှာ မလိုအပ်ဘဲလည်း အလွန်အကျွံမဖြုန်းချင်လှပေ။ ခေတ္တမျှစဥ်းစားပြီးနောက် လေလံကြေးကိုထပ်မမြှင့်ဖို့ဆုံးဖြတ်လိုက်တော့သည်။ အနာဂတ်တွင်လာဦးမည့် အခွင့်အလမ်းများအတွက် ငွေကိုချွေတာသုံးရမည်ပင်။

ထို့အပြင် အေးခဲမြူခိုးဂိုဏ်းမှာ ယွင်ဟိုင်မိသားစုထက် များစွာအင်အားကြီးကျော်ကြားပြီး နည်းနည်းမှသွားရှုပ်လို့ရမည့်အဖွဲ့မဟုတ်။ သူတို့ဘက်က စိတ်ပိုင်းဖြတ်၍ ဒီလောက်အမြင့်ကြီးပေးနေသည်ကိုတောင် သူ့ဘက်အလျှော့မပေးလျှင် မျက်နှာပူစရာတွေ ဖြစ်ကုန်တော့မည်ပင်။

"အေးခဲမြူခိုးဂိုဏ်းဆီကို ရွှေဒင်္ဂါးတစ်သန်းနှစ်သိန်းနဲ့ ရောင်းချလိုက်ပါပြီခင်ဗျာ"

All Chapters