← Chapters

ဝမ်လင်းနှင့်ထွင်ထျန်းဟာတို့ နေရာဟောင်းတို့ တဖန်ပြန်ရောက်ခြင်း

Vol. 66 Ch. 976

ဝမ်လင်းနှင့်ထွင်ထျန်းဟာတို့ နေရာဟောင်းတို့ တဖန်ပြန်ရောက်ခြင်း

Vol. 66 Ch. 976

ထိုလူငယ်၏မျက်နှာက ဝမ်လင်း၏ မျက်နှာနှင့် အတိအကျတူနေသည်။

ဤအရာက ဝမ်မင်ကို လေးလေးနက်နက် တွေးတောစေ၏။

သူကထိုမျက်နှာနှင့် ရင်းနှီးသလို ခံစားရသော်လည်း တစ်ချိန်တည်းတွင်ပင် မရင်းနှီးသလို ခံစားရပြန်သည်။

ထိုလူငယ်လေးတွင် နှင်းကဲ့သို့ ဖြူဆွတ်နေသော ဆံပင်များရှိပြီး ရှားပါးသော အပြုံးတစ်ခုလည်း ရှိသည်။

သေချာသည်မှာ ထိုလူငယ်လေးသည် ဝမ်မင်နှင့် ရင်းနှီးသည့် ဝမ်လင်း မဟုတ်ပေ။

တစ်စုံတစ်ယောက်က သူ့ညီလေး၏ မျက်နှာကို တုပနေပါသလော။

ဤကိစ္စရပ် တစ်ခုလုံးက တစ်ခုခု ထူးခြားနေသကဲ့သို့ ဝမ်မင်ခံစားမိသည်။

“ရှင့်မျက်နှာက ဘာဖြစ်နေတာလဲ”

ကျိုက်ယန် ပြန်ရောက်လာသောအခါ ဝမ်မင်၏ မျက်နှာ အနည်းငယ် ပျက်ယွင်းနေကြောင်း သတိပြုမိခဲ့သည်။

“ဘာမှမဖြစ်ပါဘူး”

ဝမ်မင်က ခေါင်းခါယမ်းလိုက်သည်။

ထို့နောက်တွင် သူ့အကြည့်က ကျိုက်ယန်ဘက်သို့ ရောက်သွားပြီး လေးနက်စွာ ပြောလိုက်သည်။

“ကျိုက်ယန်.. ရော်ဂျာကို ဆက်သွယ်ပြီး မီရှို့နိုင်ငံရဲ့ နယ်စပ်ကာကွယ်ရေးစခန်းက တိုက်ခိုက်ခံရခြင်း ရှိမရှိ တစ်ချက်လောက် မေးမြန်းပေးပါ”

“ကောင်းပါပြီ”

ကျိုက်ယန်က ခေါင်းညိမ့်လိုက်ပြီး အကြောင်းအရင်းကို ပြန်မမေးလိုက်ပေ။

ရော်ဂျာက မီရှို့နိုင်ငံ၏ မှော်ရတနာသုတေသနဌာနမှ ဖြစ်ပြီး ဝမ်မင်နှင့် အလွန်ရင်းနှီးသော ပြည်ပ မိတ်ဆွေတစ်ဦးလည်းဖြစ်သည်။

မီရှို့နိုင်ငံသည် ယခုအခြေအနေတွင် နယ်စပ်ကာကွယ်ရေးစခန်းကို ဆောက်လုပ်ခဲ့သည်။

ထိုအခြေစိုက်စခန်း၏ ဒီဇိုင်းပုံစံအသေးစိတ် အချက်အလက်များကို ဝမ်မင်ထဲတွင် အကြံဉာဏ်တောင်းခဲ့သူမှာ ရော်ဂျာဖြစ်သည်။

ကော်ဖျင်က ဝမ်မိသားစု အိမ်ငယ်လေးတွင် ညစာစားခဲ့သော်လည်း အဆုံးသတ်တွင် ဝမ်လင်းနှင့် စကားအများအပြား မပြောဖြစ်သေးပေ။

ဝမ်လင်းက ကော်ဖျင်အကြောင်းကို လုံးဝမသိခဲ့ပေ။

ဝမ်မင်က သူ့ကို အခြေအနေအား ရှင်းရှင်းလင်းလင်း ရှင်းမပြသည်အထိ ဝမ်လင်းသည် ပုံမှန်အတိုင်း နှုတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့သည်။

သူက စကားတစ်ခွန်းပင် အာညောင်းခံ၍ မပြောခဲ့ပေ။

ညစာစားပွဲတွင် ကော်ဖျင်က ဝမ်လင်းကို ချီးကျူးလိုက်သည်။

“ကျောင်းသားဝမ်လင်းက တော်တော်လေး ကောင်းမွန်တဲ့ စရိုက်ရှိတယ်.. ငါအရမ်းသဘောကျတာပဲ”

ဝမ်လင်း “အင်း”

ဖေဖေဝမ်နှင့် မေမေဝမ် “..........”

ကော်ဖျင် “ကျောင်းသားဝမ်လင်းက ငါ့တူလေးနဲ့ ဆက်ဆံရေးကောင်းမွန်ပုံရတယ်”

ဝမ်လင်း “အင်း”

ဖေဖေဝမ်နှင့် မေမေဝမ် “..........”

ကော်ဖျင် “ကျောင်းသားဝမ်လင်းက တကယ်ပဲ စကားအပိုတွေလုံးဝ မပြောဘူးနော်.. 'အင်း' ကလွဲပြီးတော့ သူ့မှာပြောဖို့ အခြားစကားလုံးတွေ ရှိရောရှိသေးရဲ့လား”

ဝမ်လင်း “အို”

ဖေဖေဝမ်နှင့် မေမေဝမ် “..........”

ဝမ်လင်းက သူနှင့်မရင်းနှီးသော လူများလာလည်လျှင် အမြဲလိုလို သဘောမကျခဲ့ပေ။

ဝမ်လင်းက အနောက်တိုင်း ဆိတ်ရာသီဖွား ဖြစ်၍ သူ မသိသောသူ တစ်ယောက်နှင့် ပေါင်းသင်းဆက်ဆံရန် တကယ်ကိုခက်ခဲသောလူမျိုး ဖြစ်သည်။

ပင်ကိုယ်စရိုက်အရဆိုလျှင် ကော်ဖျင်သည် ဝမ်လင်းနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။

သူက ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး ကိစ္စများတွင် အလွန်တရာ စိတ်အားထက်သန်စွာ လုပ်ဆောင်တတ်သူဖြစ်သည်။

ထို့ကြောင့် သူ၏ ကိုယ်ရည်ကိုယ်သွေးသည် ဝမ်လင်းနှင့် ပြတ်ပြတ်သားသားပင် ဆန့်ကျင်ဘက် ဖြစ်နေသည်။

ကော်ဖျင်က ဝမ်မိသားစု အိမ်ငယ်လေးမှ မထွက်ခွာမီတွင် ဝမ်မင်ထံမှ အကြောင်းပြန်စာကို ရရှိခဲ့သည်။

ဝမ်မင်က ပြန်လည်သတိရလာပြီး ရော်ဂျာကို နယ်စပ်ကာကွယ်ရေးစခန်းအား စစ်ဆေးရန် အကြောင်းကြားခဲ့ကြောင်း သူသိခဲ့ရသည်။

ကော်ဖျင်က ဝမ်မိသားစု အိမ်ငယ်လေးထံ ရောက်နေကြောင်း ဝမ်မင်သိထားသည်။

ဝမ်လင်း၏ အမူအကျင့်အရ ကော်ဖျင်သည် အေးစက်စက်သာ ဆက်ဆံခံရမည် ဖြစ်သည်။

ဝမ်မင်က ကော်ဖျင်ကို တောင်းပန်ခဲ့သည်။

အကြောင်းအရင်းမှာ ဤတစ်ကြိမ် ဝမ်လင်း၏ ဆက်ဆံရေးသည် သူ့အနေဖြင့် ဝမ်လင်းအား ကြိုတင်အကြောင်းမကြားခဲ့သောကြောင့်ပင်။

သို့ရာတွင် ကော်ဖျင်သည် ဝမ်လင်းကို ကျေးဇူးတင်သော ရည်ရွယ်ချက်ဖြင့် ရောက်လာသူ ဖြစ်သောကြောင့် အနှောင့်အယှက် မဖြစ်ခဲ့ပေ။

သူက ဝမ်လင်းနှင့် စကားအပြန်အလှန် မပြောဆိုခဲ့ကြသော်လည်း ယခုအချိန်တွင် ဝမ်လင်းအကြောင်း နားလည်နေပြီဟု ဆိုနိုင်သည်။

ကော်ဖျင်က ထွက်မသွားခင်လေးတွင် ဝမ်လင်းကို ပြောလိုက်သည်။

“ကျောင်းသားဝမ်လင်း.. မနက်ဖြန် ခေါက်ဆွဲဆိုင်မှာ ချိန်းကြမလား.. အဲဒီဆိုင်က သရေစာခေ ါက်ဆွဲခြောက်ထုပ်တွေလည်း လုပ်တယ်”

ယခုအချိန်တွင် ဝမ်လင်းသည် အင်းနှင့်အို မှလွဲ၍ အခြားစကားလုံးကို ပြောခဲ့သည်။

“ကောင်းပြီလေ ”

ကော်ဖျင်က အံ့အားသင့်သွားခဲ့သည်။

ကော်ဖျင်က မေးခွန်းများစွာမေးဖူးခဲ့သော်လည်း ချာတိတ်လေးသည် ထိုမေးခွန်းအားလုံးကို စိတ်မဝင်စားပုံပေါက်သည်။

အဆုံးသတ်၌ သရေစာခေါက်ဆွဲခြောက်ထုပ် အကြောင်း ပြောလိုက်သောအခါတွင် ဝမ်လင်း၏မျက်လုံးများသည် နူကလိယဗုံးများကိုပင် ပစ်လွှတ်နိုင်သည်ဟု သူခံစားလိုက်ရသည်။

ဤအရာသည် နူကလိယဗုံးများ၏ လျှို့ဝှက်ကုဒ်ဖြစ်နိုင်ပါသလော။

ကော်ဖျင်က ဝမ်လင်းကို ချိန်းဆိုလိုက်သည့် ခေါက်ဆွဲဆိုင်၏လိပ်စာသည် အမှတ်3600, စိန့်ဝီလျံ စမ်းချောင်းလမ်းတွင် ရှိသည်။

ထိုနေရာက ဝမ်လင်း အသက် ၆နှစ်အရွယ်တွင် ထွင်ထျန်းဟာကို သတ်ခဲ့သော အထင်ကရ သရေစာ စတိုးဆိုင်၏ ဘေးတွင်ရှိသည်။

ဆိုရလျှင် ထိုခေါက်ဆွဲဆိုင်သည် ဖန့်ရှင်းတို့ မိသားစု၏ ခေါက်ဆွဲဆိုင်ဖြစ်၏။

သူတို့မိသားစု၏ ခေါက်ဆွဲဆိုင်က အထင်ကရ စတိုးဆိုင်၏ ဘေးတွင်ရှိ၍ ဖန့်ရှင်းသည် ထိုအချိန်က ဝမ်လင်း တစ်ယောက် ထွင်ထျန်းဟာအား သတ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။

ဖန့်ရှင်းက သူ့ကို ယခင်က ဖိတ်ကြားခဲ့ဖူးသော်လည်း ဝမ်လင်းသည် ဖန့်ရှင်းမိသားစု၏ ခေါက်ဆွဲဆိုင်သို့ မရောက်ခဲ့ဖူးပေ။

စက်တင်ဘာ ၇ရက်နေ့သည် နွေရာသီအားလပ်ရက်၏ ၂၅ရက်မြောက်နေ့ဖြစ်သည်။

ထိုနေ့ မနက်စောစောတွင် ဝမ်လင်းသည် ထွင်ထျန်းဟာနှင့်အတူ ဖန့်ရှင်း၏ ခေါက်ဆွဲဆိုင်သို့ ဦးတည်သွားခဲ့သည်။

ထွင်ထျန်းဟာကို ဝမ်လင်းက တမင်တကာ ရည်ရွယ်၍ ခေါ်လာခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က ကောင်းကင်မှ ဆင်းသက်လာသည့် ထွင်ထျန်းဟာသည် ဝမ်လင်းအတွက် စိတ်ထိခိုက်စရာ ကောင်းသည့် အတွေ့အကြုံတစ်ခု ဖြစ်စေခဲ့သည်။

ထွင်ထျန်းဟာသည်လည်း အလွန်ပင် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။

သို့ရာတွင် ဝမ်လင်း၏ စိတ်ပျက်မှုသည် ထွင်ထျန်းဟာလောက် ရှိမည်မဟုတ်ပေ။

ထွင်ထျန်းဟာက အသတ်ခံခဲ့ရပြီး ယခုအခါတွင် မျိုးစိတ်ပင် ပြောင်းလဲသွားခဲ့သည် မဟုတ်ပါလော။

ဖန်မောင်နှံက သိပ်မကြာခင်တွင် ဒုတိယဆိုင် ဖွင့်တော့မည်ဟု ဝမ်လင်း ကြားသိခဲ့သည်။

ဝမ်လင်းနှင့် ထွင်ထျန်းဟာတို့ စိတ်ဝိညာဉ်စမ်းချောင်းလမ်းသို့ ရောက်ရှိလာပြီ ဖြစ်သည်။

သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ရာစုနှစ် သရေစာခေါက်ဆွဲကြွပ်ကြော်ဆိုင် ရှိပြီး ထိုဆိုင်၏ဘေးတွင် ဖန့်ရှင်းတို့ မိသားစုမှ ဖွင့်လှစ်ထားသည့် ခေါက်ဆွဲဆိုင် ရှိသည်။

ထိုစိတ်ဝိညာဉ်စမ်းချောင်းလမ်း၏ အလယ်တည့်တည့်တွင် ကြေးရုပ်တုကြီးနှစ်ခု ရှိနေသည်။

တစ်ခုမှာ ကျိုးရီဖြစ်ပြီး နောက်တစ်ခုမှာ ထွင်ထျန်းဟာ၏ မူလပုံစံဖြစ်သည့် ကောင်းကင်ဝါးမျိုဖားပြုပ်ပုံစံ ဖြစ်သည်။

ယင်းမှာ လွန်ခဲ့သော ၆နှစ်ခန့်က ကျိုးရီ၏ ကြီးကျယ်ခန်းနား‌သော အောင်မြင်မှုကို အထိန်းအမှတ် သင်္ကေတဖြင့် ပြုလုပ်ထားသည့် ကြေးရုပ်တု ဖြစ်သည်။

ကျိုးရီက ထွင်ထျန်းဟာကို အနိုင်ယူခဲ့ပုံနှင့် ပတ်သက်၍ ဖန့်ရှင်းကလွဲလျှင် အခြားသက်သေမရှိခဲ့ပေ။

ထို့ကြောင့် ထိုကြေးရုပ်တုကို ပန်းပုဆရာသည် စိတ်ကူးဖြင့် ထုလုပ်ခဲ့ခြင်းဖြစ်သည်။

ရုပ်တုနှစ်ခုကို မျက်နှာချင်းဆိုင် ထုလုပ်ထားပြီး စိတ်ဝိညာဉ်ဓားတစ်လက်ကို ကိုင်ဆောင်ထားသည့် ကျိုးရီ၏ ရုပ်သွင်သည် အလွန်ပင် ခံ့ညားချောမောနေသည်။

ထွင်ထျန်းဟာနှင့် ဝမ်လင်းတို့က ရုပ်တုကို အချိန်အတော်ကြာ ငေးကြည့်နေခဲ့ကြသည်။

စက္ကန့်ပိုင်းခန့်ကြာသောအခါတွင် ကြေးရုပ်တုက အမှန်တကယ်ပင် ရွေ့လျားသွားခဲ့သည်။

သခင်နှင့် အစေခံတို့က ထိုမြင်ကွင်းကိုကြည့်ကာ အံ့ဩသွားခဲ့ကြသည်။

ဤရုပ်တုက အမှန်တကယ်ပင် ရွေ့လျားနိုင်သော အရုပ်ဖြစ်နေသည်။

ကျိုးရီ၏ ကြေးရုပ်တုက လက်ထဲတွင်ကိုင်ထား‌သောဓားဖြင့် ထွင်ထျန်းဟာ၏ ဗိုက်ထဲသို့ ထိုးလိုက်သည်။

ထို့နောက်တွင် ထွင်ထျန်းဟာ ကြေးရုပ်တု၏ ဗိုက်ထဲမှ လှပသော ရေမှုန်ရေမွှားများက စီးကျလာ၍ ပတ်လည်မှ အပင်များကို ဖြန်းနေခဲ့သည်။

ဝမ်လင်းနှင့်ထွင်ထျန်းဟာ “..........”

ပန်းပုရုပ်၏ ခြေရင်းတွင် ပြန်လည်အသုံးပြုသည့် စနစ်တစ်ခုပါရှိသည်။

အပင်များကို လူလုပ် စိတ်ဝိညာဉ်မြေတွင် စိုက်ပျိုးထားသောကြောင့် စုပ်ယူမှုအားကောင်းသည်။

ထို့နောက်တွင် ထိုရေများသည် ထွင်ထျန်းဟာ ကြေးရုပ်တု၏ ဗိုက်တွင် စုစည်းကာ ပြန်လည်အသုံးပြုမည် ဖြစ်၏။

ထို့ကြောင့် ထွင်ထျန်းဟာသည် ငါးမိနစ်တိုင်းတွင် ဓားထိုးခံနေရသည်။

သူ၏ကြေးရုပ်တုကြီးကိုကြည့်ကာ ထွင်ထျန်းဟာက အမှန်တကယ် နာကျင်သွားသလို ခံစားရပြီး သူ့ဗိုက်ကိုပင် ပွတ်လိုက်မိသည်။

အပိုင်း(၉၇၆) ပြီး၏

All Chapters