← Chapters

အင်မော်တယ်ရှဲဖီ၏ အရိုးအိုး

Vol. 66 Ch. 980

အင်မော်တယ်ရှဲဖီ၏ အရိုးအိုး

Vol. 66 Ch. 980

လွန်ခဲ့သောဆယ်နှစ်ခန့်က အင်မော်တယ်ရှဲဖီတွင် အပြစ်ရှိကြောင်း ဟွာရှို့မဟာမိတ် အဖွဲ့အစည်းက တွေ့ရှိခဲ့ပြီး သူ၏အာဏာအားလုံးကို ဖြုတ်ချကာ သေဒဏ်စီရင်ခဲ့သည်။

အင်မော်တယ်ရှဲဖီသည် မသေခင်တွင် ဗိုလ်ချုပ်ရီထံ ဥတစ်လုံးကို အပ်နှံခဲ့သည်။

ထိုအပ်နှံထားသည့်ဥမှ ကလေးတစ်ဦး မွေးဖွားလာခဲ့သည်။

ထိုဥမှ မွေးဖွားလာသောကလေးသည် ဖန့်ရှင်းမှလွဲ၍ အခြားသူ မဟုတ်ပေ။

တကယ်တမ်တွင် ဖန့်ရှင်းသည် သူ့အဖေအရင်း၏ သေဆုံးမှုကို တစ်ချိန်လုံးစုံစမ်းနေခဲ့ပြီး ဘယ်တုန်းကမှ လက်မလျှော့ခဲ့ပေ။

သို့ရာတွင် သူ့အနေဖြင့် ယခုအချိန်ထိ မည်သည့်အရာကိုမှ ရှာမတွေ့သေးပေ။

လမ်းခရီးတွင် ဖန့်ရှင်း၏ ဇာတ်လမ်းကိုနားထောင်ရင်း ပိုင်ယိုချွမ်၏ မျက်နှာတွင် ထူးဆန်းသောအမူအရာ ဖြစ်ပေါ်လာသည်။

“ဒါဆိုရင် မင်းက လူမဟုတ်ဘူး.. မင်းက လူသားမဟုတ်တဲ့ လူသားတစ်ယောက်ပဲ.. ဒါပေမဲ့လည်း လူတွေက နို့တိုက်သတ္တဝါအုပ်စုထဲ ပါဝင်တာပဲလေ.. ဒါပေမဲ့ မင်းကတော့ ထူးထူးဆန်းဆန်း ဥကနေ မွေးဖွားလာခဲ့တယ်.. မင်းက နတ်ဆိုးဘုရင် ပစ်ကိုလိုကို ကော်ပီယူနေတယ်လို့ တစ်ယောက်ယောက်က မပြောဖူးဘူးလား”

ပိုင်ယိုချွမ်က ဖန့်ရှင်းနှင့် စကားကောင်းနေခဲ့သည်။

လက်ရှိအချိန်တွင် သူတို့သည် စိတ်ဝိညာဉ်ကားထဲတွင် ရှိနေကြသည်။

ဤကားသည် အလွန်ထူးခြားသော ပစ္စည်းဖြင့် ပြုလုပ်ထားသည့် တမူထူးခြားသော ယာဉ်တစ်မျိုး ဖြစ်သည်။

ဤကားက ဘယ်တော့မှ အင်ဂျင်ဆီယိုစမ့်မည် မဟုတ်ပေ။

“အင်မော်တယ်ရှဲဖီရဲ့သေဆုံးမှုက တော်တော်ထူးဆန်းတယ်.. သူက မိစ္ဆာအင်ပါယာကွာဖီရဲ့တပည့်ဖြစ်ပြီး နောက်ကွယ်ကနေပဲ အမြဲလိုလို အလုပ်လုပ်ခဲ့တယ်.. ဒါပေမဲ့ မိစ္ဆာအင်ပါယာကွာဖီ အဖမ်းခံရပြီးတဲ့နောက်မှာ အင်မော်တယ်ရှဲဖီက သူလုပ်နေကျပုံစံမျိုးနဲ့ လုံးဝမတူတဲ့ ထူးခြားဆန်းကြယ်တဲ့ နတ်ဆိုးစစ်တပ်ကြီးကို ရုတ်တရက်ဦးဆောင်ပြီး ချီတက်လာခဲ့တယ်”

ပိုင်ယိုချွမ်က အလွန်အံ့ဩနေသော အမူအရာဖြင့် ဖန့်ရှင်းကိုသူသိထားသမျှ ပြောဆိုနေခဲ့သည်။

ဆိုရလျှင် ပိုင်ယိုချွမ်သည် ဖန့်ရှင်းကို ဖမ်းဖို့မထွက်ခင် ကြိုတင် ပြင်ဆင်လာပုံရသည်။

“ငါ့အဖေ သေသွားတဲ့ကိစ္စမှာ တစ်စုံတစ်ခု မှားယွင်းနေတယ်လို့ မင်းတို့ထင်လား”

“အမ်.. ဒီထဲမှာ လျှို့ဝှက်ဇာတ်လမ်းတစ်ခုခု ရှိနေနိုင်မယ်လို့တော့ ငါထင်တယ်.. ဒါပေမဲ့လည်း အင်မော်တယ်ရှဲဖီက ကွယ်လွန်သွားတာ ဆယ်စုနှစ်တစ်ခုတောင် ကျော်လာခဲ့ပြီ.. အခုချိန်မှာ သူ့အကြောင်း တွေးတာက အဓိပ္ပါယ်အများကြီး မရှိတော့ပါဘူး”

ထိုစကားကို ပြောပြီးနောက်တွင် ပိုင်ယိုချွမ်က ဖန့်ရှင်းကိုစိုက်ကြည့်လိုက်သည်။

“တကယ်တော့ ငါမင်းကို မမုန်းပါဘူး.. မင်းကိုတောင် ကူညီနိုင်ပါတယ်”

ဖန့်ရှင်း “မင်းက ငါ့ကို ဘယ်လိုကူညီမှာလဲ”

ပိုင်ယိုချွမ် “အဲဒီနေ့က ဖြစ်ပျက်ခဲ့တဲ့ အမှန်တရားကို မင်းမသိချင်ဘူးလား.. ငါ့အဖေရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် အဲဒါက လုံးဝခက်ခဲမှာမဟုတ်ဘူး”

ထိုစကားကိုကြားလျှင် ဖန့်ရှင်းက ငြိမ်သက်သွားခဲ့သည်။

“ဖန့်ရှင်း.. မင်းဘာတွေတွေးနေလဲ ဆိုတာ ငါကောင်းကောင်းသိတယ်.. အခုချိန်မှာ မင်းရဲ့ မူလစိတ်ဝိညာဉ်နယ်ပယ်ထဲမှာပဲ ရှိနေတဲ့အတွက် မင်းထွက်ပြေးမယ်ဆိုရင် မခက်လောက်ပါဘူး.. ဒါပေမဲ့မင်းက ငါတို့ရဲ့ အခြေစိုက်စခန်းထိ လိုက်လာခဲ့ပြီး မင်းရဲ့ရဲဘော်တွေကို လျှို့ဝှက်သတင်းပို့ဖို့ ကြံစည်နေတယ် မဟုတ်လား”

ထိုစကားကိုကြားလျှင် ဖန့်ရှင်းက တိတ်ဆိတ်နေခဲ့သည်။

ပိုင်ယိုချွမ်က သူ့ကို ထိုမျှအထိ နားလည်နေလိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

“မင်းဘာမှပြန်မပြောဘူး ဆိုတော့ ငါထင်တာမှန်နေပြီပေါ့”

ပိုင်ယိုချွမ်က သူ၏ ထိုင်ခုံတွင် သက်သောင့်သက်သာ လှဲနေလိုက်သည်။

ထို့နောက်သူက ရယ်မော၍ ဖန့်ရှင်းကိုပြောလိုက်သည်။

“ဒါဆိုလည်းဖန့်ရှင်း.. မင်းအပင်ပန်းခံမနေနဲ့တော့.. အင်မော်တယ်ရှဲဖီရဲ့ အရိုးအိုးကိုဝှက်ထားတဲ့ နေရာအတွက် စောစောကမင်းပေးတဲ့လိပ်စာက အတုပဲ မဟုတ်လား.. မင်းမွေးပြီးတဲ့နောက်မှာ မင်းဆက်ခံရရှိထားတဲ့ စွမ်းအားက အနာဂတ်မှာလူတွေကို အန္တရာယ်ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် မင်းကို လေးနှစ်သားအထိ လျှို့ဝှက်ထားပြီး ပုဂ္ဂလိကကျောင်း တစ်ကျောင်းဖြစ်တဲ့ ထန်းရှစ်အင်ပါယာကျောင်းကို ပို့ခဲ့တယ်.. ထန်းရှစ်အင်ပါယာကျောင်းမှာ မင်းလိုပဲ မိဘဆုံးရှုံးခဲ့ရတဲ့ ထူးခြားတဲ့ကလေး အများအပြားရှိတယ်.. ပုံမှန်အားဖြင့်‌တော့ ထန်းရှစ်အင်ပါယာ အထက်တန်းကျောင်းက ထွက်လာတဲ့ကလေးတွေက တစ်သီးတသန့် နေထိုင်လို့တဲ့ အကျင့်စရိုက်ရှိတာကြောင့် မွေးစာလိုတဲ့ မိသားစုတွေ မရှိကြဘူး.. ဒါပေမဲ့ မင်းက ကံကောင်းပါတယ်.. ခေါက်ဆွဲဆိုင် ဖွင့်ထားတဲ့ ဖန့်မောင်နှံက မင်းကို သားအဖြစ် မွေးစားခဲ့တယ်လေ.. နောက်ပိုင်းမှာတော့ မင်းက ထန်းရှစ်အင်ပါယာကျောင်းကနေ အမှတ်၆၀ အထက်တန်းကျောင်းကို ကျောင်းပြောင်းခဲ့တယ်”

“မင်းမသိသေးတာ ဘာရှိသေးလဲ”

ဖန့်ရှင်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

သူက ပိုင်ယိုချွမ်ကို လုံးဝလျှော့တွက်ခဲ့မိပြီဟု ခံစားလိုက်ရသည်။

ဤလူက သူထင်ထားသည်ထက်ပင် သူ့အကြောင်း ပိုသိနေခဲ့သည်။

“မင်းအကြောင်း ငါအကုန်သိတယ်”

ပိုင်ယိုချွမ်က ပြုံး၍ ပြောလိုက်သည်။

“မင်းအမှတ်၆၀ အထက်တန်းကျောင်းကို ပြောင်းခဲ့တာက မင်းငယ်ဘဝရဲ့ သူရဲကောင်းကို ရှာဖွေဖို့ မဟုတ်လား.. ဒါတွေအားလုံးက အတန်းဖော်ဝမ်လင်း အတွက်ဆိုတာ ငါလုံးဝပြောရဲတယ်”

ထိုစကားကိုကြားလျှင် ဖန့်ရှင်းသည် ကူကယ်ရာမဲ့စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

ဤအကြောင်းကို မည်သူမှ သိနိုင်မည်မဟုတ်ပေ။

သူ့အနေဖြင့်လည်း ယခင်က မည်သူ့ကိုမှ မပြောဖူးပေ။

“မင်းအံ့ဩနေတာလား ဖန့်ရှင်း”

ပိုင်ယိုချွမ်က ရယ်မော၍ ပြောလိုက်သည်။

“ငါမင်းကို အမှန်တိုင်းပြောပြမယ်.. အခု အသစ်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းမှာ ငါ့အဖေက ခြေလျင်တပ်သား အဆင့်ထက် ဘာမှမပိုဘူး.. ငါတို့ရဲ့သခင်က မင်းထင်ထားတာထက် အများကြီး ပိုသန်မာတယ်”

ဖန့်ရှင်းက ပိုင်ယိုချွမ်၏ စကားကိုနားထောင်ရင်း ပထမဆုံးအကြိမ်အဖြစ် မကြုံစဖူးသော အန္တရာယ်ရနံ့ကို ခံစားလိုက်ရသည်။

ဤတစ်ကြိမ် ရန်သူသည် သူယခင်ကကြုံခဲ့ဖူးသည့် အခြားရန်သူများနှင့် မတူပေ။

တစ်ဖက်တွင် သူတို့မသိနိုင်သည့် အင်အားများ ရှိရုံသာမက သာမန်ရန်သူများမသိနိုင်သည့် အရာများကို ရှာဖွေနိုင်သည့် ကြောက်မက်ဖွယ် သတင်းကွန်ရက်တစ်ခုလည်း ရှိနေသည်။

“အခြေအနေက ဒီထိရောက်နေပြီ ဆိုမှတော့ အတန်းဖော်ဖန့်ရှင်းကို ငါပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်.. ငါတို့အဖွဲ့အစည်းက မင်းကို အလိုရှိနေတယ်.. ဒီအခွင့်အရေးကို မင်းတန်ဖိုးထားသင့်တယ်”

ပိုင်ယိုချွမ်က ခြေချိတ်၍ထိုင်ရင်း ပြောလိုက်သည်။

သူက ကားမောင်းရန် မလိုအပ်ပေ။

ဤစိတ်ဝိညာဉ်ကားသည် အလိုအလျောက်မုဒ်ရှိပြီး သူ့ဘာသာသူ မောင်းနှင်နိုင်သည်။

သို့ရာတွင် ပိုင်ယိုချွမ်သည် သူ့ကို ဖန့်ရှင်းပေးခဲ့သည့် လိပ်စာက အတုမှန်း ကောင်းစွာသိသည်။

ထို့ကြောင့် အစကတည်းကပင် ကားသည်ဘယ်မှမသွားဘဲ မြို့ကိုသာ လှည့်ပတ်မောင်းနှင်နေခဲ့သည်။

“မင်းငါ့ကို ဘယ်လိုလုပ်စေချင်လဲ”

ဖန့်ရှင်းက သက်ပြင်းချ၍ မေးလိုက်သည်။

“မင်းရဲ့ရိုးသားမှုကိုပြဖို့အတွက် အင်မော်တယ်ရှဲဖီရဲ့ ဂူသင်္ချိုင်းနေရာကို အရင်ဆုံး လွှဲပြောင်းပေးသင့်တယ်.. ပြီးရင်ငါတို့တွေ သဘောတူညီချက်ကို ဆက်လက် ဆွေးနွေးကြမယ်.. စိတ်ချပါအတန်းဖော်ဖန့်ရှင်း.. ငါတို့က မင်းအဖေရဲ့ ဂူသင်္ချိုင်းကို စိတ်မဝင်စားပါဘူး.. ငါတို့အတွက် ပြာတွေပဲ လိုအပ်တယ်”

ပိုင်ယိုချွမ်က ပြောလိုက်သည်။

“မင်းတို့က အရိုးပြာနဲ့နို့ချက်မလို့လား”

“ဒီမေးခွန်းကိုမေးတာ မင်းအတွက် ဘာအဓိပ္ပာယ်မှမရှိဘူး.. မင်းအဖေအကြောင်း အမှန်တကယ်သိချင်ရင် ငါတို့က ရှင်ပြန်ထမြောက်အောင် လုပ်ပေးလို့ရတယ်.. အဲဒီအခါကျရင် မင်းကိုယ်တိုင် မေးမြန်းလို့ရပြီပေါ့.. မင်းကသူသားဆိုတော့ မင်းကိုဘာမှ ဖုံးကွယ်ထားမှာ မဟုတ်လောက်ဘူး.. ဒီနှစ်တွေတလျှောက်လုံး မင်းရှာနေတဲ့ အဖြေတွေကို နောက်ဆုံးမှာမင်းရရှိလိမ့်မယ်”

“ဒါဆိုလည်း ခဏလောက်စောင့်ပါ”

ဖန့်ရှင်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။

နောက်ထပ် အခိုက်အတန့်မှာပင် သူ၏ဗိုက်သည် ချက်ချင်းဆိုသလို ဖောင်းကားလာခဲ့သည်။

ပိုင်ယိုချွမ်က ဖန့်ရှင်းဘာလုပ်မလဲ ဆိုသည်ကို သိနေခဲ့ပြီး မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။

“လခွမ်း.. မင်းက မင်းအဖေရဲ့ အရိုးအိုးကို မျိုချထားတာလား”

ဖန့်ရှင်းက ဘာမှပြန်မပြောခဲ့ပေ။

ခဏအကြာတွင် သူက အနက်ရောင် သံသေတ္တာတစ်ခုကို ထွေးထုတ်လိုက်သည်။

ထိုအထဲတွင် အင်မော်တယ်ရှဲဖီ၏ အရိုးပြာများပါဝင်နေသည်။

အရိုးပြာအားလုံးကို အနက်ရောင်သေတ္တာ ထဲတွင် ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

ပိုင်ယိုချွမ်က သေတ္တာကို လက်လွှဲယူပြီးနောက် သေတ္တာတွင်ကပ်ငြိနေသည့် သလိပ်များကို သုပ်ကာ ဆယ်ဖီရိုက်လိုက်သည်။

ဖန့်ရှင်း “???”

ပိုင်ယိုချွမ် “ငါ့ကိုအထင်မလွဲပါနဲ့.. အွန်လိုင်းပေါ်မှာ မီးသင်္ဂြိုလ်တဲ့အကြောင်းနဲ့ ပတ်သက်တာတွေကို ငါမဖော်ပြပါဘူး.. အထိန်းအမှတ် ဆယ်ဖီလေး တင်ချင်လို့ပါ.. တကယ်တော့ ငါက အင်မော်တယ်ရှဲဖီရဲ့ အမာခံပရိသတ် တစ်ယောက်ပါ.. ငါတို့လို အင်မော်တယ်ရှဲဖီရဲ့ ပရိသတ်တွေကို အိုင်ရှဲလို့ ခေါ်ကြတယ်.. ငါတို့ပရိသတ် အရေအတွက်က အိုင်ဒေါလ်အဖွဲ့တစ်ခုဖြစ်တဲ့ အိုင်ခွန်ထက် လုံးဝမနည်းဘူး”

ဖန့်ရှင်း “..........”

သို့သော် ပိုင်ယိုချွမ်၏ စကားအဆုံးမှာပင် စိတ်ဝိညာဉ်ကား၏ နံဘေးတွင် ရုတ်တရက် ဥဩဆွဲသံများ ထွက်ပေါ်လာသည်။

“ရဲတွေများလား”

ပိုင်ယိုချွမ်က ပြတင်းပေါက်ကိုဖွင့်လိုက်ရာ အပြင်ဘက်တွင် လူတစ်ဦးကို တွေ့လိုက်ရသည်။

ထိုလူက လူငယ်တစ်ဦးဖြစ်ပြီး ရဲယူနီဖောင်းကို မဝတ်ထားပေ။

ထိုအစား အားကစားဝတ်စုံနှင့် ဦးထုပ်တစ်လုံးကို ဆောင်းထားသည့်အပြင် အသံချဲ့စက် တစ်ခုလည်း ထိုလူငယ်ထဲတွင်ရှိနေသည်။

“မင်္ဂလာပါ.. သင်အခုရိုက်လိုက်တဲ့ ဆယ်လ်ဖီပုံက ငါတို့ရဲ့ ပုံ မူပိုင်ခွင့်ကို ချိုးဖောက်နေခဲ့တယ်.. ဒါကြောင့် မူပိုင်ခွင့် အတွက် အခကြေးငွေကို ပေးဆောင်ပါသူငယ်ချင်း”

အပိုင်း(၉၈၀) ပြီး၏

All Chapters