← Chapters

ဆန်းကြယ်သောစွမ်းအား

Vol. 66 Ch. 982

ဆန်းကြယ်သောစွမ်းအား

Vol. 66 Ch. 982

ဝမ်လင်း၏ မဟာကျိုးကြောင်းတွက်ဆခြင်း တာအိုသည် မည်သည့်အမှားအယွင်းမှ မရှိခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်မှားယွင်းသွားခဲ့သည်မှာ အနည်းငယ် ထူးဆန်းနေသည်။

ဖန့်ရှင်း၏ ကံကြမ္မာစည်းမျဉ်းက အပြောင်းအလဲ မရှိသည်မှာ ထင်ရှားသော်လည်း ဖန့်ရှင်းသည် ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသည်။

ဖန့်ရှင်း၏ သန်မာသောခွန်အားကြောင့် သာမန်ပြန်ပေးဆွဲသူသည် သူ့ကိုမည်သို့မှ လုပ်နိုင်မည်မဟုတ်ပေ။

ဝမ်လင်းက ဤထူးဆန်းသည့် ကိစ္စရပ်ကို အစမှအဆုံးတိုင် စဉ်းစာခန်း ဝင်နေခဲ့သည်။

“ဒီနေ့တစ်ခုခုတော့ မူမမှန်တော့ဘူး”

ဝမ်မင်သည်ပင် မျက်မှောင်ကြုတ်ပြီး နှလုံးသွေးများ ပြည့်လျှံနေသကဲ့သို့ တစ်ခါမှ မခံစားဖူးသော ခံစားချက်ကို ခံစားရပြီး အလွန်တရာ စိတ်မသက်မသာ ဖြစ်နေခဲ့သည်။

“ငါ့မှာ ငါတို့ ကိုယ်တိုင်တောင် လက်ခံနိုင်ဖွယ်မရှိတဲ့ အတွေးတစ်ခု ရှိနေတယ်”

ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

ထို့နောက်တွင် သူသည် တစ်စုံတစ်ရာ စစ်ဆေးရန် လိုအပ်သောကြောင့် နတ်တာအိုကြယ်သို့ သွားရန် ပြင်ဆင်လိုက်သည်။

သူ့အနေဖြင့် ကောင်းကင်တာအို၊ စည်းပြင်ပတာအိုနှင့် နတ်တာအိုတို့အပြင် အခြားသော စွမ်းအားအမျိုးအစားလည်း ရှိနေသေးကြောင်း သံသယ ဖြစ်နေခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ပိုင်ယိုချွမ်သည် ဖန့်ရှင်းကို မြို့တော်ရှိ တစ်ဖက်ပိတ် လမ်းကြားတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုလမ်းကြား၏ ဘေးတွင် ဖန့်ရှင်းတစ်ခါမှ မမြင်ဖူးသော ဘားတစ်ခုလည်း ရှိသည်။

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားနှစ်ဦးသည် တစ်ဖက်ပိတ်လမ်းကြား၏ တစ်ဖက်တစ်ချက်တွင် စောင့်ကြပ်နေကြသည်။

ဖန့်ရှင်းက ပိုင်ယိုချွမ်တို့၏ ပိုင်နက်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ထိုနှစ်ယောက်က ပိုင်ယိုချွမ်ကို မြင်လျှင် အရိုအသေ ပေးလိုက်ကြသည်။

ထိုနှစ်ဦးက အခြေတည် စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများဖြစ်သော်လည်း အဖွဲ့အစည်းတွင်မူ လက်အောက်ငယ်သား အဆင့်ထက် မပိုပေ။

ထိုနှစ်ယောက်ကို ဖြတ်ကျော်သွားသောအခါတွင် ဖန့်ရှင်းသည် လည်ပင်းမှတက်တူးများကို ချက်ချင်း သတိပြုမိလိုက်သည်။

ဤသည်မှာ နိုင်ငံခြားမှ ကြေးစားများ၏ အမှတ်အသားဖြစ်သည်။

ထို့အပြင် နှစ်ဦးစလုံးသည် ခန္ဓာကိုယ်ပေါ်တွင် မီးလောင်ဒဏ်ရာများ ရရှိနေခဲ့ကြသည်။

ထိုမြင်ကွင်းကိုမြင်လျှင် ဖန့်ရှင်းသည် သူ့ကိုယ်ပိုင် ထင်မြင်ယူဆချက်ကို ချက်ချင်း ရရှိလိုက်သည်။

ထိုအချိန်တွင် ပိုင်ယိုချွမ်က သူ့အတွေးများကို သိနေသကဲ့သို့ ပြောလိုက်သည်။

“အတန်းဖော်ဖန့်ရှင်း မှန်းဆတာမှန်ပါတယ်.. ဒီလူတွေအားလုံးက သေပြီးသားလူတွေပါ.. သူတို့က ပြည်ပက ကြေးစားတွေဖြစ်ပြီး သူတို့ရဲ့ အဖွဲ့အစည်းဟောင်းအတွက် တိုက်ပွဲမှာကျဆုံးသွားတဲ့သူတွေပဲ.. သူတို့အားလုံးက ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်တွေပဲ”

“မင်းတို့က သူတို့ကို ရှင်ပြန်ထမြောက်စေခဲ့တာလား”

“ဟုတ်တယ်”

ပိုင်ယိုချွမ်က ဖြေလိုက်သည်။

“သူတို့က သူတို့ရဲ့အဖွဲ့အစည်းဟောင်း အတွက် အသက်အသေခံတဲ့အထိ သံယောဇဉ်ရှိတဲ့ ယောက်ျားတွေပဲ.. သူတို့ကို ရှင်ပြန်ထမြောက်စေပြီးတဲ့ နောက်မှာတော့ သူတို့က ငါတို့အတွက် စိတ်နှလုံးအကြွင်းမဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်.. သူတို့က သေခြင်းတရားကို မကြောက်ရွံ့တဲ့ စစ်သည်တော်တွေလိုပဲ.. ဒါ့အပြင် သေပြီးတဲ့အချိန်ကစပြီး သူတို့အဖွဲ့အစည်းဟောင်းတွေနဲ့ သူတို့က ချိတ်ဆက်မှုတွေလည်း မရှိတော့ဘူး”

ပိုင်ယိုချွမ်က ရယ်မောကာ ပြောလိုက်သည်။

“ဒါ့အပြင် ဒီလူတွေက လွန်ခဲ့တဲ့နှစ် ၃၀၀ ကျော်က သေဆုံးခဲ့တာဖြစ်တဲ့အတွက် အရိုးပြာတွေတောင် ဖြစ်နေကြပြီ.. သူတို့အသက်ပြန်ရှင်လာမယ်လို့ ဘယ်သူမှထင်ထားမှာ မဟုတ်ဘူး.. သူတို့က အဖွဲ့အစည်းအတွက် အသေခံတာပဲ ဖြစ်ဖြစ် အဖွဲ့အစည်းက သူတို့ကို အသေခံခိုင်းတာပဲဖြစ်ဖြစ် သူတို့သေလို့အလောင်းတွေ ကျန်ခဲ့ရင်တောင် ခြေရာခံလို့ရမှာ မဟုတ်ဘူး”

ထိုစကားကိုကြားလျှင် ဖန့်ရှင်းက အံ့အားသင့်သွားသည်။

လူသေတွေရှိသည်က တကယ့်ကို မဟာဗျူဟာတစ်ခုပင်။

ဤအကြံမျိုး အခြားသူများ မစဉ်းစားမိသည်က ဖြစ်နိုင်သည်။

ရှင်ပြန်ထမြောက်ခြင်းမှော်အတတ်သည် ကမ္ဘာပေါ်တွင် တည်ရှိသော်လည်း ၎င်း၏ရှုပ်ထွေးမှု ညီမျှသောဖလှယ်ခြင်းဆိုင်ရာဥပဒေနှင့် ဝိညာဉ်စွမ်းအား ထိန်းသိမ်းခြင်းဥပဒေတို့ကြောင့် လူတစ်ဦးကို ရှင်ပြန်ထမြောက်စေခြင်းသည် များစွာသော ယစ်ပူဇော်ရန် လိုအပ်သည်။

ဥပမာအားဖြင့် ကိုယ်လက်အင်္ဂါပြတ်တောက်နေခြင်းကို အကောင်းအတိုင်း ပြန်လည်ကုသလိုလျှင် သင့်အသက်အား ၁နှစ် သို့မဟုတ် ၂နှစ် ယစ်ပူဇော်ရမည်ဖြစ်သည်။

ထိုမှော်အတတ်က တန်ဖိုးရှိရုံသာမက တားမြစ်ထားသော မှော်အတတ်ထဲလည်း ပါဝင်နေသည်။

သို့သော်လည်း ပိုင်ယိုချွမ်တို့၏ အဖွဲ့အစည်းသည် တားမြစ်ချက်ကို လျစ်လျူရှုကာ သာမန်ကိစ္စတစ်ခု ကဲ့သို့ ရှင်ပြန်ထမြောက်ခြင်း မှော်အတတ်ကို အသုံးပြုရန် အခွင့်အာဏာရှိပုံရသည်။

အစုလိုက်အပြုံလိုက် ရှင်ပြန်ထမြောက်ခြင်း…

ပိုင်ယိုချွမ်တို့အဖွဲ့ အသုံးပြုသည့် ထူးခြားသည့် နည်းလမ်းများသည် ဖန့်ရှင်းကို အချိန်အတော်ကြာ စကားမပြောဘဲဆွံအစေခဲ့သည်။

ပိုင်ယိုချွမ်က ဖန့်ရှင်းကို တစ်ဖက်ပိတ်လမ်းကြား၏ အဆုံးသို့ ပို့ဆောင်ပေးခဲ့သည်။

ထို့နောက်တွင် ပိုင်ယိုချွမ်က လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ရာ နံရံပေါ်တွင် ထူးဆန်သော မှော်အစီအရင်တစ်ခု တောက်ပလာသည်။

ထိုမှော်အစီအရင်ကို ဖန့်ရှင်း မဖတ်တတ်သော အက္ခရာများဖြင့် ထူထပ်စွာ ဖုံးအုပ်ထားသည်။

ဖန့်ရှင်းက နတ်တာအိုဂြိုဟ်တွင် နတ်မျိုးနွယ်၏ ဘာသာစကားကို မြင်ဖူးထားသောကြောင့် ဤသည်မှာ နတ်ဘာသာစကား မဟုတ်သည်ကတော့ သေချာသည်။

မှော်အစီအရင်တွင် အသုံးပြုထားသည့် အစီအရင်အက္ခရာများသည် ဖန့်ရှင်း သိထားသည့် မည်သည့်ဘာသာစကားနှင့် မဆို ကွဲပြားနေ၏။

အက္ခရာများသည် ပုရွက်ဆိတ်များ၏ ဘာသာစကားနှင့် ပိုတူနေသည်။

ပထမတစ်ချက် ပြောရလျှင် အက္ခရာများသည် တစ်ခုနှင့်တစ်ခု ကွဲပြားပုံမပေါ်ဘဲ အစက်များကဲ့သို့ ထင်ရသည်။

ဤလျှို့ဝှက်ဆန်းကြယ်သော အက္ခရာကို မြင်ရသောအခါတွင် ဖန့်ရှင်း၏ အမူအရာက လေးနက်သွားခဲ့သည်။

သူမြင်တွေ့နေရသည့် အရာအားလုံးက ထူးဆန်းလွန်းနေပြီး သူဆုပ်ကိုင်ထားနိုင်သည်ထက်ပင် ကျော်လွန်နေသည်။

သူက ရုန်းမထွက်နိုင်သည့် တွင်းနက်ကြီးထဲတွင် နစ်မြုပ်နေသကဲ့သို့ သူ့ကိုယ်သူ ခံစားခဲ့ရသည်။

“မင်းအတွက် အံ့ဩဖို့ စောလွန်းနေပါသေးတယ်.. ဒီထက်ထူးဆန်းတဲ့အရာတွေ ရှိပါသေးတယ်”

ပိုင်ယိုချွမ်က သူ့လက်ဖဝါးကို မှော်အစီအရင်တွင်ဖိကပ်လိုက်ရာ မှော်အစီအရင်၏ တောက်ပသောအလင်းက မှိန်ဖျော့သွားပြီး ရှုပ်ထွေးသောပုံသဏ္ဍာန် အဖြစ် ပြောင်းလဲသွားသည်ကို ဖန့်ရှင်း တွေ့လိုက်ရည်။

အဆုံးသတ်တွင် မှော်အစီအရင်၏ဗဟို၌ ပါးစပ်တစ်ခု ထွက်ပေါ်လာသည်။

ထိုပါးစပ်က ရှေးခေတ်က ပြန်လည်ရှင်သန်လာခဲ့သည့် ကမ္ဘာဦး သတ္တဝါတစ်ကောင်၏ ဦးခေါင်းနှင့် ဆင်တူသည်။

ထို့နောက်တွင် ထိုပါးစပ်က‌နေ တုန်လှုပ်ခြောက်ခြားဖွယ်အသံတစ်ခု ထွက်ပေါ်လာသည်။

“ကျေးဇူးပြုပြီး မင်းရဲ့အထောက်အထားကို အတည်ပြုပေးပါ”

ထိုအသံက ဖန့်ရှင်းကိုတုန်လှုပ်စေပြီး သူ့ကိုယ်ထဲမှ ဝိညာဉ်ကို ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ဤအချိန်တွင် ဖန့်ရှင်းသည် ဤလေးနက်သော စွမ်းအားကို ရုတ်တရက် သိချင်လာသည်။

သူသင်ယူဖူးသမျှ အရာတိုင်းသည် ထိုကဲ့သို့ စွမ်းအားရှေ့တွင် ဘာမှမဟုတ်ဟု ခံစားလိုက်ရသည်။

သူက စိတ်နှလုံးတုန်လှုပ်ကာ အလွန်တရာ ခြောက်ခြားသွားခဲ့သည်။

သို့သော် အလွန်လျင်မြန်စွာပင် ဖန့်ရှင်းသည် သတိပြန်ဝင်လာခဲ့၏။

အကြောင်းအရင်းမှာ အကျွမ်းတဝင်ရှိသော အော်ရာတစ်ခုသည် သူ့ကို လက်တွေ့ဘဝသို့ ပြန်ရောက်စေခဲ့သောကြောင့်ဖြစ်သည်။

သူ၏ အိတ်ကပ်ထဲတွင် ဝမ်လင်း၏ခဲဖျက်တစ်ခု ရှိသည်။

သူက စာမေးပွဲကာလအတွင်း ဝမ်လင်းထံမှ ထိုခဲဖျက်ကိုငှားယူခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်ပေးရန် မေ့နေခဲ့သည်။

ဝမ်လင်းကလည်း ထိုခဲဖျက်ကို ပြန်မတောင်းခဲ့ပေ။

ဖန့်ရှင်းက ဝမ်လင်းကို ပြန်ပေးရန် သတိရသောအခါတွင်မူ နွေရာသီကျောင်းပိတ်ရက်သို့ ရောက်ရှိသွားပြီဖြစ်၍ ပြန်ပေးရန် အဆင်မပြေတော့ပေ။

ဤအချိန်တွင် ဖန့်ရှင်းကို လက်တွေ့ဘဝထဲသို့ ပြန်ခေါ်ခဲ့သူမှာ ခဲဖျက်ပင် ဖြစ်သည်။

ဖန့်ရှင်း၏ဝိညာဉ်ကို လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားဖြင့် စုပ်ယူခြင်းမှ တားဆီးပေးခဲ့သူမှာ ခဲဖျက်၏ စွမ်းအားပင်ဖြစ်၏။

ပုံမှန်အားဖြင့် ဤစွမ်းအားက မူးယစ်ဆေးဝါးနှင့်တူပြီး ရုန်းထွက်ဖို့ မလွယ်မှန်း ဖန့်ရှင်း သဘောပေါက်လိုက်သည်။

“ကျေးဇူးပြုပြီး သင့်ရဲ့ အထောက်အထားကို အတည်ပြုပေးပါ”

ထိုအချိန်တွင် မှော်အစီအရင်ဗဟိုချက်မှ သားရဲပါးစပ်ကနေ ထပ်၍ပြောလာခဲ့သည်။

ပါးစပ်က နှစ်ကြိမ် ပြောခဲ့သော်လည်း ပိုင်ယိုချွမ်သည် သူ၏ အထောက်အထားကို ချက်ချင်း အတည်မပြုခဲ့ပေ။

ထိုအစား လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက ဖန့်ရှင်းကို ဝါးမျိုမည်အချိန်အား စောင့်ဆိုင်းနေပုံရသည်။

သို့ရာတွင် ဖန့်ရှင်းသည် ထူးထူးခြားခြားပင် မထိခိုက်ခဲ့ပေ။

သားရဲထံမှ ဒုတိယမြောက်အကြိမ် ကြားရသောအခါတွင် ဖန့်ရှင်းသည် နဂိုထက်ပင် စိတ်ကြည်လင်နေသလို ခံစားရသည်။

ထိုအချိန်တွင် သူ့ဘေးမှ ပိုင်ယိုချွမ်၏ အံ့ဩတုန်လှုပ်နေသောအမူအရာကို သူတွေ့လိုက်ရသည်။

ပိုင်ယိုချွမ် “အထောက်အထား စီစစ်ရေးက နည်းနည်းတော့ရှုပ်ထွေးတယ်.. သားရဲပါးစပ်ထဲကို လက်တစ်ခုလုံး ထိုးထည့်ပြီး အထောက်အထား စီစစ်ခိုင်းမှပဲရတော့မယ်”

ပိုင်ယိုချွမ်၏ စကားဆုံးသည်နှင့် အစီအရင်၏ ပါးစပ်ကနေ နားမလည်နိုင်သော ဘာသာစကားဖြင့် ပိုင်ယိုချွမ်းကို ပြောဆိုလိုက်သည်။

ဖန့်ရှင်း “သူဘာပြောနေတာလဲ”

“စကားဝှက်ကိုပါ ရွတ်ဖို့ပြောနေတာ.. စကားဝှက်ကို မရွတ်ဘဲ ပါးစပ်ထဲကို လက်ထည့်တာက အသုံးမဝင်ဘူးလေ”

ဖန့်ရှင်း “..........”

ထို့နောက်တွင် ပိုင်ယိုချွမ်သည် အစီအရင်၏ပါးစပ်ကို လေးလေးနက်နက် ကြည့်ကာ ပြောလိုက်သည်။

“ငါက ပိုင်ယိုချွမ်ပါ.. ကခုန်ရတာ၊ ရက်ပ်ရွတ်တာနဲ့ ဘက်စကတ်ဘောကစားတာကို ကြိုက်တယ်”

ဖန့်ရှင်း “..........”

အပိုင်း(၉၈၂) ပြီး၏

All Chapters