← Chapters

ဝမ်လင်း၏ စီမံခန့်ခွဲမှု အခြေအနေ

Vol. 66 Ch. 983

ဝမ်လင်း၏ စီမံခန့်ခွဲမှု အခြေအနေ

Vol. 66 Ch. 983

တစ်ဖက်ပိတ်လမ်းကြားရှိ အစီအရင်သည် အလင်းရောင်များနှင့်အတူ တောက်ပလာပြီး ဖန့်ရှင်းကို ပိုင်ယိုချွမ်နှင့်အတူ အခြားကမ္ဘာ တစ်ခုသို့ ပို့ဆောင်ပေးခဲ့သည်။

သို့သော် အံ့အားသင့်စရာမှာ အခြားကမ္ဘာ၏ အတွင်းပိုင်းသည် အခြေခံအားဖြင့် သူစိတ်ကူးထားသော ကမ္ဘာမျိုးမဟုတ်ဘဲ အသစ်ဖန်တီးထားသော ကမ္ဘာတစ်ခုလို ဖြစ်နေသည်။

ဤနေရာရှိ အရာအားလုံးသည် မှန်တစ်ချပ်လို ရောင်ပြန်ဟပ်နေသည်။

ပိုင်ယိုချွမ်က ဖန့်ရှင်းကိုကြည့်ကာ အံ့ဩစရာကောင်းသော အပြုံးတစ်ခုကို ပေးစွမ်းလိုက်သည်။

"ဖန့်ရှင်း.. ဒါက ငါတို့သခင်တည်ထောင်ထားတဲ့ မှန်နန်းတော်လေ”

ထို့နောက်တွင် ပိုင်ယိုချွမ်သည် ဖန့်ရှင်း စောစောက ပေးခဲ့သည့် အနက်ရောင်သံသေတ္တာထဲမှ ပြာအနည်းငယ်ကို ထုတ်ယူလိုက်ပြီး မြေပြင်ပေါ်တွင် အွန်လိုင်းတွင် နာမည်ကျော်ကြားသော(salt bae)ဆားဘဲကြီး ကဲ့သို့ ဖြန်းလိုက်သည်ကို တွေ့လိုက်ရသည်။

တစ်ခဏအတွင်းမှာပင် စိတ်ဝိညာဉ်အပင်၏ အညှောင့်လေးသည် မြေပြင်ပေါ်၌ ရုတ်တရက် ထွက်ပေါ်လာသည်။

ဤစိတ်ဝိညာဉ်အပင်၏ ဝတ်ဆံဖိုမှာ လူသားကလေးငယ် တစ်ဦးနှင့်ဆင်တူပြီး ကန်စွန်းဥအရွယ်မျှသာ ရှိသည်။

ပင်စည်က အလွန်ထူထဲပြီး မြေတွင်ခိုင်မြဲစွာ အမြစ်တွယ်ထားသည်။

၎င်းက သူ့ကိုယ်သူအာဟာရကျွေးရန် မြေကြီးအောက်ရှိဝိညာဉ်စွမ်းအားများကို စုပ်ယူနေသကဲ့သို့ပင်။

ယခုအခါတွင် စိတ်ဝိညာဉ်ချီသည် ကမ္ဘာပေါ်တွင် အလွန်လျင်မြန်သောနှုန်းဖြင့် ဆုတ်ယုတ်နေခဲ့သည်။

သုတေသီအားလုံးသည် ဤပြဿနာကို ဖြေရှင်းရန်အတွက် ၎င်းတို့၏ ဦးနှောက်များကို အပြင်းအထန် အလုပ်ပေးနေကြသည်။

သို့သော် ဤမှန်နန်းတော်အတွင်းရှိ စိတ်ဝိညာဉ်ချီကမူ မထင်မှတ်လောက်အောင် ပေါကြွယ်ဝနေ၏။

“လာပါ.. မင်းကိုသခင်ဆီ ခေါ်သွားပေးမယ်”

ပိုင်ယိုချွမ်က ဝင်ပေါက်တွင် ဤစိတ်ဝိညာဉ်အပင်ကို စိုက်ပျိုးပြီးနောက် ဖန့်ရှင်းအား ပြောလိုက်သည်။

“ဒီစိတ်ဝိညာဉ်အပင်ကို ဒီတိုင်းပဲ ပစ်ထားလိုက်မှာလား”

“ဒီတိုင်းပဲပစ်ထားလိုက်.. ၂၄နာရီကြာရင် မင်းအဖေကိုရိတ်သိမ်းပြီး ငါပြန်ခေါ်လာခဲ့မယ်”

“..........”

ဖန့်ရှင်း ပြန်ပေးဆွဲခံရကြောင်း အတည်ပြုပြီးနောက်တွင် ဝမ်လင်းနှင့်အခြားသူများသည် ကနဦးရှာဖွေမှုကို စတင်ခဲ့ကြသည်။

ဖန့်ရှင်း၏ အော်ရာသည် ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားသကဲ့သို့ လုံးဝ မတွေ့ရှိရတော့ပေ။

သို့သော် ပြဿနာမှာ မည်သည့်သဲလွန်စမှ မကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် တစ်စုံတစ်ယောက်သည် ပျောက်ကွယ်သွားသည်ဆိုလျှင်ပင် နောက်ဆုံးနေရာကို မြင်နေရဆဲ ဖြစ်သည်။

“ငါ့သူငယ်ချင်းကို ဆက်သွယ်ထားပြီးပြီ.. ဒီနေရာကိုအကဲဖြတ်ဖို့အတွက် နိုင်ငံတော်အဆင့် AIမျက်နှာ မှတ်မိမှုနည်းပညာကို အသုံးပြုသွားမယ်”

ကော်ဖျင်က ပြောလိုက်သည်။

“ဒီလောက်အထိ ဒုက္ခခံနေစရာမလိုပါဘူး”

ဝမ်မင်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။

“တစ်နိုင်ငံလုံးမှာ ထောက်လှမ်းရေးကင်မရာ ဘယ်နှလုံးလောက်ရှိလဲ”

“ပြုပြင်ထိန်းသိမ်းရေးလုပ်နေတဲ့ ကင်မရာတွေ အပါအဝင် သန်း ၃၀၀ ကျော်လောက်တော့ ရှိတယ်”

ကော်ဖျင်က ပြောလိုက်သည်။

ဤသည်မှာ ရာဇဝတ်မှုများကို တားဆီးရန်အတွက် ဟွာရှို့နိုင်ငံမှ ဖန်တီးခဲ့သည့် ကောင်းကင်မျက်လုံးပရောဂျက် ဖြစ်သည်။

အိမ်သာနှင့် သီးသန့်နေရာမှလွဲ၍ အများသူငှာ နေရာအားလုံးနီးပါးတွင် ကောင်းကင်မျက်လုံးပရောဂျက်၏ အထူးရှင်းလင်းပြတ်သားသော ကင်မရာများဖြင့် ဖုံးလွှမ်းထားခဲ့သည်။

ထိုကင်မရာကို ချဲ့၍ ကြည့်လိုက်လျှင် သင်၏ မျက်နှာပေါ်ရှိအမွှေးအမျှင်များကိုပင် ရှင်းလင်းစွာ မြင်နိုင်သည်။

“ပြုပြင်ထိန်းသိမ်းမှု လုပ်နေရတဲ့ ကင်မရာတွေရဲ့ တည်နေရာကို စစ်ဆေးသင့်တယ်လို့ ပြောချင်တာလား”

“ဟုတ်တယ်.. အဲဒီအတိုင်းသာဆိုရင် ရလဒ်က မြန်မြန်ဆန်ဆန်ထွက်လာလိမ့်မယ်.. ကောင်းကင်မျက်လုံး ပရောဂျက်ကို ကျယ်ပြန့်စွာ ဖြန့်ကျက်ထားပေမဲ့ ပြုပြင်ထိန်းသိမ်းမှု လုပ်နေတဲ့ ကင်မရာ အချို့အစားကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ၅%ထက်တောင်နည်းပါးတယ်.. ဒီပမာဏက စုန့်ဟိုင်မြို့မှာရှိတဲ့ ကင်မရာထက်တောင် နည်းပါးတယ်.. ငါတို့အတွက် ရှာဖွေရမယ့်ဧရိယာက ကျဉ်းသွားပြီ.. ချက်ချင်းပဲ စီစဉ်လိုက်တော့မယ်”

ထိုစကားကိုပြောပြီးနောက်တွင် ကော်ဖျင်က ဝမ်လင်းကို ကြည့်လိုက်သည်။

အစောပိုင်းကတည်းကပင် ဝမ်လင်းသည် ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေသည်ကို သူသတိပြုမိခဲ့သည်။

“လင်းကျန်းရန်က ဘာဖြစ်နေတာလဲ”

“သူက အချို့အရာတွေကို အတည်ပြုနေတယ်.. အခုအချိန်မှာ သူ့ရဲ့ဝိညာဉ်က သူ့ခန္ဓာကိုယ်ကနေ ထွက်သွားခဲ့ပြီ.. ဒီအခြေနေမျိုးမှာ မင်းသူ့ကို အနှောင့်အယှက်မပေးတာ ကောင်းတယ်”

ဝမ်မင် သတိပေးလိုက်သည်။

“ဒါဘယ်လိုမျိုးလဲ”

“ဒါက စီမံခန့်ခွဲခြင်းမုဒ်ပဲ.. သူ့ခန္ဓာကိုယ်မှာ ဝိညာဉ်မရှိရင်တောင် ကမ္ဘာတစ်ဝက်လောက်က သူ့ကိုအနိုင်ယူနိုင်မှာမဟုတ်ဘူး”

“ငါယုံပါတယ်”

ကော်ဖျင်က ခေါင်းညိမ့်လိုက်သည်။

အစောပိုင်းတွင် သူသည် ဝမ်လင်း၏ အသားအရည်က အလွန်ကောင်းမွန်သည်ကို သတိပြုမိခဲ့သည်။

အားကစားယာဉ်တွင် အသုံးပြုသည့် လောင်စာစွမ်းအင်ကြိုးသည် ဝမ်လင်း၏ဆံပင်ဖြစ်ကြောင်း သိရှိပြီးနောက်တွင် ကော်ဖျင်၏ ဝမ်လင်းအပေါ် စိတ်ဝင်စားမှုသည် ချက်ချင်းပင်မြင့်တက်လာခဲ့သည်။

ယခုအချိန်ထိ သူသည် လင်းကျန်းရန်နှင့် နီးနီးစပ်စပ် မရင်းနှီးသေးပေ။

တကယ်တမ်းတွင် သူသည် လင်းကျန်းရန်၏ မျက်နှာကို ဖျစ်ညှစ်ချင်ခဲ့သည်။

ဟုတ်ပါသည်၊ ချစ်ဖို့ကောင်းသည့် ကောင်လေးများသည် လူအများကို ရာဇဝတ်မှုကျူးလွန်ရန် တကယ်ကို လွယ်ကူစေသည် မဟုတ်ပါလော။

“ဆရာကော်.. မင်းက ငါ့ညီလေးကို တစ်ခုခု ပေါက်ကရလုပ်ဖို့ စဉ်းစားနေတာလား”

ဝမ်မင်က ကော်ဖျင် မည်ကဲ့သို့ တွေးနေသည်ကို မှန်းဆမိလိုက်သည်။

ကော်ဖျင်က ခပ်တိုးတိုးပြောလိုက်သည်။

“လင်းကျန်းရန်က အခုဒီမှာရှိမနေဘူး.. သူ့ရဲ့ ခန္ဓာကိုယ်ကို အနီးကပ် လေ့လာလို့ရမလား”

“ခန္ဓာကိုယ်ကို လေ့လာဖို့လား”

ထိုစကားကိုကြားလျှင် ဝမ်မင်သည် အေးစက်သောလေထုကိုရှူရှိုက်လိုက်သည်။

ကော်ဖျင်က လိမ္မာပါးနပ်ပြီး သဘာဝကျသော ဆင်ခြေမျိုးပေးနိုင်လိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ကော်ဖျင်၏ဆင်ခြေသည် အလွန်ပင် ကျိုးကြောင်းဆီလျော်သော ဆင်ခြေ ဖြစ်သည်။

သူတို့နှစ်ဦးစလုံးသည် သိပ္ပံပညာရှင်များ ဖြစ်၍ လူ့ခန္ဓာကိုယ်ကိုအနီးကပ်လေ့လာရန်မှာ အရေးကြီးသည် မဟုတ်ပါလော။

သို့ရာတွင် ဝမ်မင်သည် စိတ်တည်ငြိမ်အောင် ထားရမည်ဟု ခံစားလိုက်ရသည်။

အခြားသုတေသနပညာရှင် တစ်ယောက်၏ လက်ကို သူ့ညီလေး၏ ကိုယ်ပေါ်တွင် အဘယ်ကြောင့် အထိခံနိုင်ပါမည်နည်း။

“ဆရာကော်.. ကျေးဇူးပြုပြီး ငါ့ညီလေးနဲ့ ပတ်သက်ပြီး ပေါက်ကရတွေးနေရင် ဒီမှာပဲ ရပ်လိုက်ပါ”

ထို့နောက်တွင်ဝ မ်မင်သည် မတ်တပ်ထရပ်လိုက်ပြီး စားပွဲပေါ်မှလက်ဖက်ရည်ခွက်ကို တံတောင်ဆစ်ဖြင့် တိုက်လိုက်သည်။

ထိုအခါတွင် လက်ဖက်ရည်ခွက်က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

သို့ရာတွင် သတ္တုပစ္စည်းများနှင့် ပြုလုပ်ထားသောကြောင့် လက်ဖက်ရည်ခွက်က မကွဲခဲ့ပေ။

လက်ဖက်ရည်ခွက်က ဝမ်လင်း၏ ခြေရင်းသို့ လိမ့်သွားခဲ့သည်။

ထို့နောက် လက်ဖက်ရည်ခွက်သည် ဝမ်လင်း၏ ဖိနပ်ကို ထိလိုက်သောအခါတွင် အံ့ဩစရာမြင်ကွင်း တစ်ခု ဖြစ်ပေါ်လာသည်။

“ဝုန်း”

တုန်လှုပ်ခြောက်ခြားဖွယ် အော်ရာတစ်ခု ထွက်ပေါ်လာသည်။

ထိုင်ခုံတွင် ငြိမ်သက်စွာထိုင်နေသည့် ဝမ်လင်း၏ မျက်လုံးကနေ လေဆာရောင်ခြည်များ ထွက်ပေါ်လာပြီး လက်ဖက်ရည်ခွက်ကို ထိမှန်သွားခဲ့သည်။

လေတစ်ချက်အဝှေ့တွင် လက်ဖက်ရည်ခွက်သည် ပြာများပင် မကျန်ရစ်ခဲ့ပေ။

“ဆရာကော် စမ်းကြည့်ချင်သေးလား”

ဝမ်မင်က ထပ်မံ မေးခွန်းထုတ်လိုက်သည်။

“တော်ပြီ.. ဒီသုတေသနကို ရွှေ့ထားလိုက်ရအောင်.. ငါတို့နောက်မှပဲ ထပ်ကြိုးစားကြတာပေါ့”

ကော်ဖျင်က ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြောလိုက်ပြီး သူ့လည်ပင်းကို ပြန်စမ်းကြည့်လိုက်သည်။

အကယ်၍သာ ဝမ်မင်က သတိမပေးခဲ့လျှင် သူ့အနေဖြင့် သေလူဖြစ်နေလောက်ပြီ မဟုတ်လော။

အခြားတစ်ဖက်တွင်လည်း ဝမ်လင်း၏ ဝိညာဉ်သည် နတ်တာအိုကြယ်တွင် ပေါ်လာခဲ့သည်။

နတ်တာအိုကြယ်သည် ကမ္ဘာမြေနှင့် အလွန် အလှမ်းဝေးသောနေရာတွင် တည်ရှိသည်။

သို့သော်လည်းဝမ်လင်းက ဤနေရာကို တစ်ကြိမ်ရောက်ဖူး၍ သူ၏အော်ရာကို ဤနေရာတွင် ထားရစ်ခဲ့သောကြောင့် အချိန်မရွေး ပြန်လာနိုင်၏။

နတ်တာအိုကြယ်၏ အရှင်သခင်သည် ရိုက်နှက်ခံရသည်မှာ ၁၅ရက်ခန့်ရှိပြီ ဖြစ်သော်လည်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးပေ။

ယခုအခါတွင် ကြယ်စင်အရှင်သခင်သည် ပတ်တီးများကိုစည်းနှောင်ထားပြီး ခြေထောက်တစ်ဖက်ကို မြှောက်ထားကာ အိပ်ရာပေါ်တွင် လဲလျောင်းနေရသည်။

ကျင့်ခယ်နှင့် ပိုင်ချောင်းတို့ ပေါင်းစပ်ထားသော ကျင့်ပိုင်သည် နတ်နယ်မြေ၏ တမန်တော်ဖြစ်သည့် ရာဇပလ္လင်ကို အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်အောင် ရိုက်နှက်ခဲ့သည်။

ဒဏ်ရာ၏ အခြေအနေကို ကြေကွဲဖွယ် ဟူသောစကားလုံးနှင့်ပင် ဖော်ပြရန် မလုံလောက်ပေ။

မည်သို့ပင်ဆိုစေကာမူ အရာအားလုံး ပြီးဆုံးပြီးနောက်တွင် ကျန်ရှိသော အကျိုးသက်ရောက်မှုများသည် ကြယ်စင်အရှင်သခင်၏ ခန္ဓာကိုယ်ထဲသို့ လုံးလုံးလျားလျား ရိုက်ခက်သွားခဲ့သည်။

ယခုအခါတွင် သူက ငါးကန်ထဲ၌ ရွှေငါးပင် မထည့်တော့ပေ။

ထိုငါးမျက်လုံးကိုမြင်လျှင် ဝမ်လင်းက သူ့ကို ကြည့်နေသကဲ့သို့ ခံစားရပြီး နေ့စဉ်အိပ်မက်ဆိုးများ မက်ကာ ထိတ်လန့်နေရသောကြောင့် ဖြစ်သည်။

ဤတစ်ကြိမ်တွင် ဝမ်လင်းသည် သတိပေးခြင်းမရှိဘဲ ပေါ်လာခဲ့သည်။

သူက လေထဲ၌ရပ်တန့်နေပြီး ကြယ်စင်အရှင်သခင်ကို စိုက်ကြည့်လိုက်သည်။

ကြယ်စင်အရှင်သခင်က အလွန်ပင် ကြောက်လန့်သွားပြီး သေးပေါက်ချလိုက်မိသည်။

“လခွမ်း.. ငါတော့ထပ်အရိုက်ခံရဦးမှာပဲ”

အပိုင်း(၉၈၃) ပြီး၏

All Chapters