အကြောင်းမဲ့လူသတ်ပွဲ
Vol. 66 Ch. 984
ဝမ်လင်းက ရုတ်တရက် ထွက်ပေါ်လာသောကြောင့် ကြယ်စင်အရှင်သခင်၏ မျက်နှာသည် ဖြူဆွတ်သွားခဲ့သည်။
သူ၏ ပထမဆုံးတုံ့ပြန်မှုမှာ သူ၏ အမြီးကို ချက်ချင်းဖျက်ချ၍ ထွက်ပြေးရန် ဖြစ်သည်။
“အသက်ဆက်ဖို့အတွက် အမြီး ဖျက်ချလိုက်တာလား”
ကြယ်စင်အရှင်သခင်၏ မူလပုံစံက တောက်တဲ့ဖြစ်နေသောကြောင့် ဝမ်လင်း အမှန်တကယ် အံ့အားသင့်သွားမိသည်။
နတ်နဂါးများသည် ပို၍ အဆင့်မြင့်သော အိမ်မြှောင်များ ဖြစ်သည်ဟု သူအမြဲတွေးမိခဲ့သည်။
သို့ရာတွင် ကြယ်အရှင်သခင်သည် ဒဏ်ရာရရှိထားသောကြောင့် အမြီးကို ဆုပ်ကိုင်ရင်း ကုတင်ပေါ်၌ ပြန်လည်လဲကျသွားခဲ့သည်။
တံခါးအပြင်ဘက်မှ နန်းတော်စောင့်များသည် ဆူညံသံကိုကြားပြီးနောက် ချက်ချင်းပင် နန်းတော်ထဲသို့ ဝင်ရောက်လာသည်။
သူတို့က အရေးပေါ် အခြေအနေအတွက် ကြိုတင်လေ့ကျင့်ထားသည်မှာ ထင်ရှားနေ၏။
ထိုတံခါးစောင့်များသည် ယခင်က ဝမ်လင်း၏ ရိုက်နှက်မှုကို ခံခဲ့ရဖူးသူများ ဖြစ်သည်။
အထဲသို့ ဝင်ရောက်လာပြီးနောက် ဝမ်လင်း၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသေးသော နန်းတော်တံခါးစောင့်သည် မာန်မဲလိုက်သည်။
“အရိုင်းအစိုင်းကောင်.. ကြယ်စင်အရှင်သခင်ရဲ့ နန်းတော်ထဲကို ဘယ်လိုအတင့်ရဲပြီး ဝင်လာရဲတာလဲ.. မင်းကို ကြည့်ရတာ အသက်မရှင်ချင်တော့ဘူး ထင်တယ်”
သို့ရာတွင် ကြယ်စင်အရှင်သခင်၏ အိပ်ရာဘေးမှ လူမှာ ဝမ်လင်း ဖြစ်နေသည်ကို မြင်လိုက်ရလျှင် သူတို့၏ အော်သံက ရပ်တန့်သွားခဲ့သည်။
ထို့နောက်တွင် နတ်နဂါးအစောင့်အုပ်စုသည် ခြေတစ်လှမ်းဆုတ်ကာ တံခါးကို ပြန်ပိတ်လိုက်သည်။
“အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်”
ကြယ်စင်အရှင်သခင် “..........”
ဝမ်လင်း “..........”
“အရှင်.. အရင်က ငါ့အမှားအတွက် တောင်းပန်ပြီးပြီလေ.. နောက်ထပ် ဘာလိုချင်သေးလို့လဲ”
ကြယ်စင်အရှင်သခင်က ငိုချင်နေသော်လည်း မျက်ရည်မကျခဲ့ပေ။
နောက်ဆုံးအကြိမ်က အဖြစ်အပျက်ပြီးသည့်နောက်တွင် သူသည် သူ၏အမှားကို သေချာနားလည်ထားခဲ့ပြီ ဖြစ်သည်။
ယခင်က သူသည် နတ်နယ်မြေ၏ နောက်ခံကို အားကိုး၍ အလိုရှိသမျှကို လုပ်ဆောင်ခဲ့သည်။
ဝမ်လင်းနှင့်တွေ့ပြီးမှသာ သူ့ထက် ပိုထက်မြက်သူ တစ်ယောက် ရှိနေမှန်း သူသိခဲ့ရသည်။
ထိုထက် အရေးကြီးဆုံးအချက်မှာ နတ်နယ်မြေသည် ပရမ်းပတာ ဖြစ်သွားခဲ့ရပြီး တောင်ပံတစ်ထောင် နတ်ဘုရားသည်ပင် ထိုလူငယ်၏ရှေ့၌ ကူကယ်ရာမဲ့ဖြစ်သွားခဲ့ရခြင်းပင်။
“အရှင်.. ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”
ကြယ်စင်အရှင်သခင်က ဤတစ်ကြိမ်တွင် မန်ဒရင်းဘာသာစကားဖြင့် ပြောလိုက်သည်။
တကယ်တမ်းတွင် သူသည် မန်ဒရင်းဘာသာစကားကို အမြဲပြောဆိုလေ့ရှိပြီး ဧည့်သည်တစ်ယောက် အနေဖြင့် သူ၏ လေယူလေသိမ်းသည် တကယ်ကိုမဆိုးလှပေ။
ဆိုရလျှင် သူသည် ကမ္ဘာမြေ၏ယဉ်ကျေးမှုကို အမှန်တကယ်စိတ်ဝင်စားသူဖြစ်သည်။
သူ၏ ဂုဏ်သတင်းကြောင့်သာ ထိုအကြောင်းကို ထုတ်ဖော်မပြခဲ့ခြင်း ဖြစ်၏။
ဤတစ်ကြိမ် ကမ္ဘာမြေနှင့် ချစ်ကြည်ရင်းနှီးမှု ထူထောင်ရန်အတွက် ကြယ်စင်အရှင်သခင်သည် ဒဏ်ရာအနည်းငယ် သက်သာလာချိန်တွင် နောက်ဆက်တွဲ သင်ခန်းစာများကို သင်ကြားခဲ့ရသည်။
သူက ကမ္ဘာမြေပေါ်တွင် အသက်ရှင်နေထိုင်ရန် အတွက် လိုအပ်သောအရာများကို သင်ယူခဲ့ရုံသာမက အဆင့်မြင့်ဘာသာရပ် အချို့ကိုပါ သင်ယူခဲ့ရသည်။
တောင်ပံတစ်ထောင် နတ်ဘုရားက သူ့ကို အဆင့်မြင့်သင်္ချာအမျိုးမျိုးအား အပတ်တကုတ် လေ့လာရန် ခိုင်းစေခဲ့သည်။
ထိုဘာသာရပ်များကို သင်ယူခဲ့ရသည်မှာ သူ့အတွက် အလွန် ခက်ခဲ၏။
ကမ္ဘာမြေပေါ်မှလူများသည် အဘယ်ကြောင့်ဤမျှခက်ခဲသောအရာများကို လေ့လာနေရပါသနည်း။
ဝမ်လင်းက ကြယ်စင်အရှင်သခင်၏ ဖြူဆွတ်နေသော မျက်နှာကို စိုက်ကြည့်လိုက်သည်။
ဆိုရလျှင် ကြယ်စင်အရှင်သခင်၏ အစိမ်းရောင်မျက်နှာသည် ထုံးရောင်သို့ပင် ပြောင်းသွားခဲ့သည်။
ဤသည်ကိုကြည့်၍ ကြယ်စင်အရှင်သခင် အပေါ်တွင် ဝမ်လင်း ကျူးလွန်ခဲ့သော ဒဏ်ရာမှာ မသေးငယ်ကြောင်း ထင်ရှားနေ၏။
ဝမ်လင်းက ဤတစ်ကြိမ်တွင် အလုပ်ကိစ္စဖြင့် လာခဲ့ခြင်းဖြစ်ပြီး ကြယ်စင်အရှင်သခင်ကို ဒုက္ခပေးရန် လာခဲ့ခြင်းမဟုတ်ပေ။
ဝမ်လင်းက သူသိချင်သမျှကို စိတ်ချင်းဆက်သွယ်၍ ချက်ချင်း မေးလိုက်သည်။
တကယ်တမ်းတွင် ဝမ်လင်းသည် နတ်နယ်မြေသို့သွား၍ မေးမြန်းမည်ဆိုလျှင် ပို၍သိနိုင်မည်ဟု ခံစားမိသည်။
သို့သော်လည်း အရပ် အလွန်မြင့်မားသည့် တောင်ပံနတ်ဘုရားများနှင့် မျက်နှာချင်းဆိုင်စကားပြောဆိုရမည်ကို သူမနှစ်သက်ပေ။
ထို့ပြင် နတ်တာအိုကြယ်သည် နတ်နယ်မြေနှင့် ဆက်နွှယ်နေသော ဂြိုဟ်တစ်လုံး ဖြစ်သည်။
အာကာသတလျှောက် နှစ်ပေါင်းများစွာ နယ်ပယ်ချဲ့ထွင်ခဲ့သော ကြယ်စင်အရှင်သခင်သည်လည်း များစွာ သိရှိထားနိုင်ပေသည်။
ကြယ်စင်အရှင်သခင် မသိမှသာ ဝမ်လင်းသည် နောက်ဆုံးနည်းလမ်းအနေဖြင့် တောင်ပံနတ်ဘုရားများကို မေးမြန်းမည်ဖြစ်သည်။
တောင်ပံနတ်ဘုရားများ အတောင်ပံဖြန့်နေသောမြင်ကွင်းသည် အလွန်ကြည့်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။
တောင်ပံနတ်ဘုရားများတွင် အများဆုံးအရေအတွက်သည်တောင်ပံတစ်ထောင် ဖြစ်သည်။
ဤအကြောင်းအရာကို ရေးသားသောအခါတွင် စာရေးသူသည် ကာတွန်းအဖွဲ့အတွက် လုံးဝ ထည့်သွင်းစဉ်းစားခြင်းမပြုခဲ့ဟု ဝမ်လင်းခံစားမိသည်။
တောင်ပံတစ်ထောင်ပါသည့် နတ်ဘုရားကို ဆွဲရသည်မှာ အလွန်ပင် ခက်ခဲမည်မှာ သေချာ၏။
ဤသည်က သရုပ်ဖော်သူကို သွားသေခိုင်းသည်နှင့် မခြားပေ။
ထို့ကြောင့် ဝမ်လင်းက ဤအပိုင်းကို ကာတွန်းရိုက်ကူးရန် အချိန်ရောက်လာသောအခါတွင် ကာတွန်းအဖွဲ့သည် KFCနှင့်ပူးပေါင်းကာ အမြတ်အစွန်း တွက်ခြေကိုက်ရန် လုပ်ဆောင်သင့်သည်ဟု တွေးမိသည်။
ထိုအစီအစဉ်သာ အထမြောက်သွားလျှင် တောင်ပံနတ်ဘုရားများ၏ အတောင်ပံပေါ်၌ ကြက်သားနှင့် သက်ဆိုင်သည့် ဘရန်းတံဆိပ်များကို ကြေငြာနိုင်မည်မဟုတ်ပါလော။
ဝမ်လင်း၏မေးခွန်းကြောင့် ကြယ်စင်အရှင်သခင်က အံ့ဩသွားခဲ့သည်။
“အရှင်.. ကောင်းတာအို စည်းပြင်ပတာအိုနဲ့ နတ်တာအိုတို့အပြင် အခြားစွမ်းအား တစ်မျိုး ရှိသေးတယ်လို့ ငါတစ်ခါမှမကြားမိဘူး”
ထိုစကားကို ပြောရင်း ကြယ်စင်အရှင်သခင်သည် သူ၏ချွေးများကို သုတ်လိုက်သည်။
ထိုအချိန်က ဝမ်လင်းသည် လှုပ်ရှားမှုအနည်းငယ်ဖြင့်ပင် သူ့ကို ရိုက်ခဲ့သည်။
ထို့ကြောင့် စကြာဝဠာတစ်ခုလုံး၌ ဝမ်လင်း၏ခွန်အားအပေါ် သူ့ထက် နားလည်မည့်သူ တစ်ယောက်မှ ရှိမည်မဟုတ်ပေ။
ထို့ကြောင့် ဝမ်လင်းက မေးခွန်းမေးသောအချိန်တွင် ကြယ်စင်အရှင်သခင်သည် အမှန်အတိုင်းပင် ဖြေဆိုခဲ့သည်။
ယင်းအပြင် ကြယ်အရှင်သခင်သည် သူ၏ကိုယ်ပိုင်ထင်မြင်ယူဆချက်ကိုပါ ဝေမျှခဲ့သည်။
“စကြာဝဠာကြီးမှာ လက်ရှိတည်ရှိနေတဲ့ ကောင်းကင်တာအို စည်းပြင်ပတာအိုနဲ့ နတ်တာအိုတို့က လွဲပြီး တခြားစွမ်းအားတွေ မရှိလောက်ဘူး.. အကယ်၍ ရှိခဲ့ရင်တောင် အဲဒီစွမ်းအားက အမြင့်ဆုံးစွမ်းအားတွေထဲက တစ်ခုအဖြစ် သတ်မှတ်လို့မရဘူး.. စွမ်းအားအများစုက အခြေခံအားဖြင့် တူညီကြတယ်.. ကောင်းကင်တာအို စည်းပြင်ပတာအိုနဲ့ နတ်တာအိုတို့ကို အမြင့်ဆုံးစွမ်းအဖြစ် သတ်မှတ်ထားတဲ့ အကြောင်းရင်းက ဒီစွမ်းအားသုံးခုကြားမှာ တူညီတဲ့ဆက်စပ်မှုတွေ ရှိနေလို့ပဲ”
ကြယ်စင်အရှင်သခင်၏စကားကိုနားထောင်ရင်း ဝမ်လင်းသည် ကြယ်စင်အရှင်သခင်၏ ဘေးတွင် တစ်စုံတရာကို တွေ့ရှိခဲ့သည်။
ထိုအရာမှာ ကြယ်အရှင်သခင်ထံတွင် တောင်ပံ တစ်ထောင်နတ်ဘုရားထားခဲ့သော အိမ်စာဖြစ်သည်။
ထို့နောက်တွင်ဝမ်လင်းက အိမ်စာကို စစ်ဆေးကြည့်လိုက်သည်။
“အမှားတွေ အများကြီး လုပ်ထားတာပဲ.. ပိုပြီးကြိုးစားဖို့ တောင်ပံတစ်ထောင် နတ်ဘုရားကို ပြောလိုက်ပါ”
ခဏအကြာတွင် ဝမ်လင်းသည် ကြယ်စင်အရှင်သခင်၏ အိပ်ရာခေါင်းရင်းတွင် အိမ်စာကို ပြန်ထားလိုက်သည်။
ကြယ်သင်အရှင်သခင် “..........”
အခြားတစ်ဖက်တွင်လည်း ခေါက်ဆွဲဆိုင်ထဲရှိ ဝမ်မင်နှင့်ကော်ဖျင်တို့သည် ဝမ်လင်းထံမှသတင်းကို စောင့်မျှော်နေကြသည်။
ဝမ်လင်းသည် ယခုအခါတွင် စီမံခန့်ခွဲခြင်းမုဒ်၌ ရှိနေဆဲဖြစ်၏။
သူ၏မျက်လုံးများက အသက်ကင်းမဲ့နေပြီး မှေးမှိန်နေသည်။
ရုတ်တရက် ကြည့်လိုက်လျှင် ဝမ်လင်းသည် အနိုင်ကျင့်ရန် အလွန် လွယ်ကူပုံရနေသည်။
သို့ရာတွင် ကော်ဖျင်နှင့်ဝမ်မင်တို့သည် ဝမ်လင်းကို မစော်ကားရဲကြပေ။
“ဒါနဲ့ ဆရာကော်.. စုံစမ်းရေးအခြေအနေ ဘယ်လိုရှိလဲဆိုတာ မေးကြည့်လိုက်ပါဦး”
ဝမ်မင်က ပြောလိုက်သည်။
“ငါမေးကြည့်လိုက်ဦးမယ်”
ကော်ဖျင်က ဖုန်းခေါ်ဆိုလိုက်ချိန်တွင် တစ်ဖက်မှ နာကျင်သောအော်သံများကို ဆက်တိုက်ဆိုသလို ကြားလိုက်ရပြီး ဝမ်နည်းလွန်းသဖြင့် ကော်ဖျင်၏ လက်သည် တုန်ယင်ကာ ဖုန်းလွတ်ကျလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။
“ဟယ်လို.. ငါက ကော်ဖျင်ပါ.. ဘာတွေဖြစ်နေတာလဲ”
သူက အလျင်စလိုပင် မေးမြန်းလိုက်သည်။
သုတေသနဌာနမှ နာနာကျင်ကျင် အော်ဟစ်သံများသည် ကော်ဖျင်ကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
“ပရော်ဖက်ဆာကော်ဖျင်လား”
ဖုန်း၏တစ်ဖက်ကနေ အသံတစ်သံ ထွက်ပေါ်လာသည်။
သူ၏အသံကို သုတေသန ဝန်ထမ်းအားလုံးက သိရှိထား၍ ဤလူက အပြင်လူတစ်ယောက်မှန်း ကော်ဖျင် ချက်ချင်းသိလိုက်သည်။
သူက မျက်မှောင်ကြုတ်လိုက်သည်။
“မင်းဘယ်သူလဲ”
“ပရော်ဖက်ဆာကော်.. မင်းရဲ့အစီအစဉ်က တကယ်ကို ကောင်းပါတယ်.. ဒါပေမဲ့ ကျောင်းသားဖန့်ကို ငါတို့ဖမ်းခေါ်သွားခဲ့ပြီ.. မင်းအနေနဲ့ သူ့ရဲ့တည်နေရာကို မစုံစမ်းနိုင်တော့မှာငါစိုးရိမ်မိတယ်”
ဖုန်း၏တစ်ဖက်မှ သူစိမ်း၏ စကားဆုံးသည်နှင့် ခေါက်ဆွဲဆိုင်ထဲသို့ အနက်ရောင် လူရိပ်များက အတင်း ဝင်ရောက်လာသည်။
“သေတာပဲ.. ငါတို့တော့ တိုက်ခိုက်ခံနေရပြီ”
ကော်ဖျင်က အထိတ်တလန့် ရေရွတ်လိုက်သည်။
အနက်ရောင်အရိပ်ဝတ်စုံကို ဝတ်ဆင်ထားသော အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ၅ဦးသည် ခေါက်ဆွဲဆိုင်ထဲသို့ ဝင်ရောက်လာခဲ့သည်။
အနက်ရောင်ဝတ်စုံ ဝတ်ဆင်လိုက်သည့်အခါတွင် အရိပ်အဖြစ် ပြောင်းလဲနိုင်သည့် ထူးခြားသော စစ်ဘက်သုံး တာအိုဝတ်စုံဖြစ်သည်။
ဝမ်မင်သည်ပင် ထိုဝတ်စုံကို စိတ်ကြိုက် မထုတ်လုပ်နိုင်ပေ။
အကြောင်းအရင်းမှာ ထိုဝတ်စုံကို ပြုလုပ်ရန် အလွန်ဈေးကြီးသောကြောင့် ဖြစ်သည်။
သာမန် အဖွဲ့အစည်းတစ်ခုသည် ထိုသို့သော အနက်ရောင်အရိပ်ဝတ်စုံဝတ် လုပ်ကြံသူတပ်ဖွဲ့ကို စေလွှတ်နိုင်မည် မဟုတ်ပေ။
ထိုထက် အရေးကြီးသည်မှာ အနက်ရောင် အရိပ်ဝတ်စုံသည် လျှို့ဝှက်စစ်ဆင်ရေး ကိစ္စများတွင်သာ အသုံးပြုရန် ကျင့်ကြံခြင်း လျှို့ဝှက်အေးဂျင့်များကိုသာ ပေးအပ်ထားသည့် နိုင်ငံတော်လျှို့ဝှက်ချက် ဖြစ်သည်။
ယခုအခါတွင်မူ ထိုလူအားလုံးသည် ထိုဝတ်စုံကို တူညီဝတ်စုံများအဖြစ် ဝတ်ဆင်ထားကြသည်။
အခြေတည် စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ၅ဦး ခေါက်ဆွဲဆိုင်ထဲသို့ ဝင်လာသည့် ရည်ရွယ်ချက်မှာ အလွန်ပင် ရှင်းလင်းသည်။
အနက်ရောင်အရိပ်အဖွဲ့၏ ခေါင်းဆောင်က ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
“သွားကြ.. ဒီမှာ ရှိတဲ့လူအားလုံးကို သတ်.. သူတို့ ခေါင်းကိုယူပြီး ပြန်အစီအရင်ခံရမယ်”
သူ၏ စကားဆုံးသည်နှင့် အနက်ရောင်အရိပ် ဝတ်စုံဝတ်လူတစ်ဦးသည် စီမံခန့်ခွဲခြင်းမုဒ် ရောက်နေသော ဝမ်လင်းကို ဓားဖြင့် ထိုးချလိုက်သည်။
အပိုင်း(၉၈၄) ပြီး၏။