← Chapters

ဝမ်လင်း၏ SP

Vol. 66 Ch. 985

ဝမ်လင်း၏ SP

Vol. 66 Ch. 985

အနက်ရောင် အရိပ်ဝတ်စုံအား တစ်ပြိုင်နက် ဝတ်ဆင်ထားသည်ကို ဝမ်မင်တို့ ယခင်ကမမြင်ဖူးခဲ့ပေ။

တစ်ဖက်လူက အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားခဲ့သည်မှာ အလွန်ပင် ရှင်းလင်းနေသည်။

ကော်ဖျင်က သုတေသနဌာနကို အစောပိုင်းက ဖုန်းခေါ်ရာတွင် နာကျင်စွာ အော်ဟစ်သံများကို ကြားခဲ့ရသည်။

ကြည့်ရသည်မှာ သုတေသနဌာနသည်လည်း အနက်ရောင်အရိပ်ဝတ်စုံဝတ်လူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပုံရသည်။

သို့သော် ကော်ဖျင်က အံ့ဩနေခဲ့သည်။

အကြောင်းအရင်းမှာ အနက်ရောင် အရိပ်ဝတ်စုံသည် နိုင်ငံတော်၏ လျှို့ဝှက်စစ်ရေး ပရောဂျက်တစ်ခု ဖြစ်သောကြောင့် ဖြစ်၏။

ထို့ကြောင့် တစ်ဖက်သား၏ နောက်ခံသည် သာမန်မဟုတ်ကြောင်း သေချာနေသည်။

“သူတို့တွေက အမှောင်နက်ဝေါ့ခ်ကလား.. ဒါမှမဟုတ် အမှောင်အင်အားစု တစ်ခုခုလား”

ဝမ်မင်၏ ခေါင်းထဲသို့ စက္ကန့်ပိုင်းလေး အတွင်းမှာပင် အတွေးတစ်ခုခု ပျံ့လွင့်သွားသည်။

ဤလူများသည် လက်နက်အပြည့်အစုံဖြင့် စနစ်တကျ ဖွဲ့စည်းထားပုံရသည်။

တစ်ချိန်တည်းမှာပင် ၎င်းတို့သည် အံ့အားသင့်ဖွယ် တိုက်ခိုက်မှုများကိုလည်း ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်သည်။

ဤသည်က အမှောင်နက်ဝေါ့ခ် သို့မဟုတ် သာမန်အမှောင်အင်အားစုတစ်ခုခုမှ လုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။

ထို့အပြင် လက်ရှိအခြေအနေတွင် အမှောင်နက်ဝေါ့ခ်နှင့် အမှောင်အင်အားစု အားလုံးနီးပါးသည် ကျင့်ကြံခြင်းရဲများ၏ လျှို့ဝှက် စောင့်ကြည့်ခြင်းကို ခံနေရသည်။

ဤလျှို့ဝှက်ပရောဂျက် အစီအစဉ်ကို “လွန်ခဲ့သည့် သုံးနှစ်ခန့်က အိမ်ခေါင်မိုးပေါ်သို့ ရောက်ပြီး နောက်ထပ် သုံးနှစ်အကြာတွင် ဂျင်ကလေးသည် ပတ်ဝန်းကျင်တွင် သာမန်လူတစ်ယောက်မျှမရှိ၍ ခါးသီးသလိုခံစားခဲ့ရသည်” ဟုလည်း လူသိများသည်။

အစီအစဉ်၏အမည်က အလွန်ပင်ရှည်လျားသော်လည်း ဤသည်မှာ လျှို့ဝှက်အေးဂျင့်များမှလွဲ၍ ဤနာမည်ကို တစ်ကြိမ်ကြားပြီးနောက်တွင် အခြားမည်သူမှ ထပ်၍ မပြောနိုင်သော အမည် ဖြစ်သည်။

ထို့ကြောင့် ထိုအမည်ကို လုံးလုံးလျားလျား မရွတ်ဆိုနိုင်သူမှာ လျှို့ဝှက်အေးဂျင့်အတုသာ ဖြစ်သည်မဟုတ်ပါလော။

“ဝမ်မင်.. ဒီအဖွဲ့က အရမ်းကို သန်မာလွန်းတယ်.. ငါတို့က သူတို့ရဲ့ပြိုင်ဘက် မဟုတ်ဘူး.. ဒါ့အပြင် သူတို့က ဝိညာဉ်စွမ်းအင်ကို အသုံးမပြုကြဘူး”

ကော်ဖျင်က ဝမ်မင်နှင့်မတူဘဲ အခြေတည် စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ ဖြစ်သည်။

သို့ရာတွင် အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ငါးဦးဖြစ်သည့် အနက်ရောင်အရိပ် ဝတ်စုံဝတ်လူများနှင့် ရင်ဆိုင်ရသောအခါတွင် တုန်လှုပ်နေခဲ့သည်။

အကြောင်းအရင်းမှာ ဤလူများသည် မှော်အတတ်များကိုအားဖြည့်ရာတွင် ဝိညာဉ်စွမ်းအင်ကို အသုံးမပြုဘဲ အမည်မသိစွမ်းအင်ကို အသုံးပြုနေ၍ပင်။

ထို့ကြောင့် ထိုလူငါးယောက် ဝင်လာသည်နှင့် တစ်ပြိုင်နက် ဝမ်မင်နှင့် ကော်ဖျင်တို့သည် ဝမ်လင်း၏ နောက်တွင် အလိုအလျောက် ဝင်ပုန်းမိသွားကြသည်။

ဓားတစ်လက်ကို ကိုင်ဆောင်ထားသော အနက်ရောင်အရိပ်ဝတ်စုံဝတ် ဂိုဏ်းခေါင်းဆောင်က ဝမ်လင်း၏ အခြေအနေကို သတိမထားမိဘဲ လှောင်ပြောင်လိုက်သည်။

“ဆယ်ကျော်သက် တစ်ယောက်ရဲ့ နောက်ကွယ်မှာ ပုန်းအောင်းနေတဲ့ သိပ္ပံပညာရှင် နှစ်ယောက်.. မင်းတို့ရဲ့ လုပ်ရပ်က ဘယ်လောက်တောင် မိုက်မဲလိုက်လဲ.. ဒါပေမဲ့ ကိစ္စမရှိပါဘူး.. မင်းတို့အားလုံး ဒီမှာပဲ သေရတော့မယ်လေ”

စကားဆုံးသည်နှင့်သူက ဝမ်လင်း၏ခေါင်းကို ဓားဖြင့် ခုတ်ချလိုက်သည်။

ထိုဓားက လေထဲသို့ လျင်မြန်စွာ ဖြတ်သန်းသွားသောကြောင့် လေထုပွတ်တိုက်မှု ဖြစ်ကာ လေထဲတွင် အငွေ့များ ထွက်ပေါ်လာသည်။

ဓားဖြင့် ခုတ်မိမည်နှင့် ခေါင်းက ပြတ်သွားလိမ့်မည် ဖြစ်သည်။

သို့သော် ဤသည်မှာ အနက်ရောင် အရိပ်ဝတ်စုံဝတ် ခေါင်းဆောင်၏ စိတ်ကူးယဉ်မှုသာ ဖြစ်သည်။

တကယ်တမ်းတွင် ဓားက ဝမ်လင်း၏ခေါင်းနှင့် နီးကပ်လာသောအခါ၌ ဝမ်လင်းသည် ခေါင်းပင်မလှုပ်ခဲ့ပေ။

ထိုအစား သူ၏ဘုရင်မျက်လုံးက ထိုဓားကို ပစ်ခတ်လိုက်ရာ အမှုန့်အဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲသွားသည်။

အနက်ရောင်အရိပ် အဖွဲ့ခေါင်းဆောင်က အလွန်လျင်မြန်စွာပင် တုံ့ပြန်လိုက်သည်။

ဝမ်လင်းမျက်လုံးမှ လေဆာရောင်ခြည်ကြောင့် သူ၏ဓား အမှုန့်ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် သူက နောက်သို့ ကမန်းကတန်း ပြန်ဆုတ်လိုက်၏။

တစ်ချိန်တည်းမှာပင် သူ၏နှလုံးသားထဲ၌ ပြင်းထန်သောသတိပေးချက်ကို ရရှိလိုက်သည်။

“ဒီလူက လုံးဝပုံမှန်မဟုတ်ဘူး”

အနက်ရောင်အရိပ် အဖွဲ့ခေါင်းဆောင်က အေးစက်သောချွေးများ ထွက်ပေါ်လာသည်။

သူသာ တုံ့ဆိုင်းနေမိလျှင် ဝမ်လင်း၏ လေဆာရောင်ခြည်က ဓားနှင့်အတူ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကိုပါ ပျောက်ကွယ်စေမည်အား သူလုံးဝ သံသယမရှိပေ။

“နောက်ဆုတ်ကြ”

သူက ချက်ချင်းပင် သူ့အဖွဲ့သားများကို အမိန့်ပေးလိုက်သည်။

သူတို့၏ ကနဦးအစီအစဉ်မှာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် သိပ္ပံပညာရှင် အားလုံးကို သုတ်သင်ရှင်းလင်းရန် ဖြစ်သည်။

အကယ်၍ တိုက်ခိုက်မှု မအောင်မြင်လျှင် သူတို့သည် အရင်ဦးဆုံး ဆုတ်ခွာပြီး အထက်အရာရှိထံ ဦးစွာ သတင်းပို့ရမည် ဖြစ်သည်။

ထို့နောက်တွင် သူတို့၏ အဖွဲ့အစည်းသည် သူတို့ မသတ်ရသေးသော သိပ္ပံပညာရှင်များကို ကိုင်တွယ်ရန်အတွက် အထူးအစီအစဉ်တစ်ခု ချမှတ်သွားမည် ဖြစ်၏။

ခေါက်ဆွဲဆိုင်ကို ကျူးကျော်လာသူ ငါးဦးသည် အစပိုင်းတွင် အလွန်ယုံကြည်မှု ရှိနေခဲ့သည်။

ပိုင်ယိုချွမ်ကဲ့သို့ပင် သူတို့အားလုံးသည် စွမ်းအားအမျိုးအစားသစ်ကို အသုံးပြုနိုင်ကြသည်။

ထို့ကြောင့် သူတို့၏ခွန်အားသည် အခြေတည်စိတ်ဝိညာဉ်အဆင့်တွင်သာ ရှိသော်လည်း ပုံမှန်အခြေတည် စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူထက် အဆများစွာ ခွန်အားကြီးမားသည်။

ဤသည်က ခေါက်ဆွဲဆိုင် ကျူးကျော်ခံရသောအခါတွင် ၎င်းတို့နှင့်အဆင့်တူ ဖြစ်သည့် ကော်ဖျင်တစ်ယောက် တုန်လှုပ်သွားရသည့် အကြောင်းရင်း ဖြစ်၏။

သူတို့က အစောပိုင်းကပင် ကော်ဖျင်နှင့် ဝမ်မင်တို့၏ တည်နေရာကို တံဆိပ်ခတ်ထားသော်လည်း ဝမ်လင်းကိုမူ လျစ်လျူရှုထားမိသည်။

အဆုံးသတ်တွင် ဝမ်လင်းက သန်မာလွန်သဖြင့် သူတို့ငါးဦးသည် လုပ်ကြံသတ်ဖြတ်ခြင်း အစီအစဉ်ကို ချောမွေ့စွာမဆောင်ရွက်နိုင်ခဲ့ပေ။

ထို့အတွက်ကြောင့် ချက်ချင်းဆုတ်ခွာရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။

သူတို့က အနက်ရောင်အရိပ် ဝတ်စုံများပေါ်ရှိ လွတ်မြောက်ခြင်း ခလုတ်များကို အသက်သွင်းခဲ့ကြသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ထိုလူငါးဦးသည် လေထဲမှ လမ်းကြောင်းတစ်ခု ထဲသို့ ရောက်ရှိသွားခဲ့သည်။

သို့ရာတွင် အလွန်နောက်ကျသွားပြီ ဖြစ်သည်။

စီမံခန့်ခွဲမှုမုဒ်သို့ ရောက်နေသော ဝမ်လင်း၏မျက်လုံးများသည် အဆုံးသတ်တွင် အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။

ဆိုရလျှင် ဝမ်လင်းသည် ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်၏။

သူက နတ်တာအိုကြယ်တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း အသုံးဝင်သော အချက်အလက်များကို မရရှိခဲ့ပေ။

သူ၏စိတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိသည်နှင့် စီမံခန့်ခွဲခြင်းမုဒ်သို့ ရောက်နေသော အခြေအနေမှ မှတ်ဉာဏ်အားလုံးသည် သူ့စိတ်ထဲတွင် ပြည့်လျှံသွားခဲ့သည်။

“နေခဲ့စမ်း”

ဝမ်လင်းက အနက်ရောင်အရိပ်ငါးယောက်ကို စူးစိုက်ကြည့်၍ ကြုံးဝါးလိုက်သည်။

၎င်းတို့ထွက်ပြေးရသည့် အကြောင်းအရင်းမှာ ၎င်းတို့အဖွဲ့အစည်းကို ပြန်လည်သတင်းပို့ရန် ဖြစ်သောကြောင့် သူ့အနေဖြင့် ထွက်ပြေးခွင့် မပေးလိုချေ။

ထို့ကြောင့် ဝမ်လင်းက လက်ငါးချောင်းကိုဖြန့်ကာ ထွက်ပြေးသွားသော လူတစ်စုကို လေထဲမှာပင် ဖမ်းလိုက်သည်။

လေထဲရှိ လမ်းကြောင်းကနေ ဆွဲထုတ်ခံလိုက်ရသဖြင့် သူတို့ငါးယောက်က လန့်ဖြန့်သွားကြသည်။

ထို့နောက်တွင် သူတို့ငါးဦးသည် မြေပြင်ပေါ်သို့ ကျဆင်းလာပြီး အထပ်လိုက်ပုံစံဖြင့် ရှိနေခဲ့သည်။

ယင်းအချိန်မှာပင် ဝမ်လင်းသည် ဤလူငါးဦးက ပုံမှန်ကျင့်ကြံသူများနှင့် မတူကြောင်း ခံစားသိရှိခဲ့သည်။

သူက ခါတိုင်းကဲ့သို့ပင် တူညီသော ခွန်အားပမာဏကို အသုံးပြုခဲ့သည်။

ဤခွန်အားက အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများကို ကောင်းစွာဖိနှိပ်နိုင်သော ခွန်အားဖြစ်သည်။

သို့ရာတွင် သူသည် မကြုံစဖူးခုခံမှုကို ခံစားခဲ့ရသည်။

အကြောင်းအရင်းမှာ ထိုလူငါးဦးသည် မှော်အတတ်များကို လှုံ့ဆော်ရာတွင် ဝိညာဉ်စွမ်းအားကို အသုံးပြုသည့် သာမန်ကျင့်ကြံသူများကဲ့သို့ မဟုတ်သောကြောင့်ပင်။

၎င်းတို့ အသုံးပြုသည့်စွမ်းအင်မှာ ကမ္ဘာဦးချီထက်ပင် များစွာပို၍သိပ်သည်းသည့် အမည်မသိ စွမ်းအင်တစ်မျိုး ဖြစ်သည်။

ဝမ်လင်းက ထိုအရာကို အလွန်ပင် စိတ်ဝင်စားခဲ့သည်။

သူ၏ ရှေးဦးချီက အလွန်ပင် အစွမ်းထက်လှသောကြောင့် ဝမ်လင်းသည် ရှေးဦးချီကို ဖိနှိပ်ရန်စွမ်းအားကို အဆက်မပြတ် ရှာဖွေနေခဲ့သည်။

ဝမ်မင်မှ ဖန်တီးပေးသော တာအို အဆောင်လက်ဖွဲ့ကိုသာ အားကိုးနေခြင်းသည် ရေရှည်တွင် အသုံးဝင်မည်မဟုတ်ပေ။

အနှေးနှင့်အမြန်ဆိုသလိုပင် သူ၏စွမ်းအားကို သူကိုယ်တိုင် ထိန်းချုပ်နိုင်ရန် အတွက် နည်းလမ်းရှာရပေမည်။

ယခုအခါတွင်မူ ကမ္ဘာဦးချီထက် အဆပေါင်းများစွာ ပို၍ သိပ်သည်းသည့် စွမ်းအင်တစ်မျိုးသည် အမှန်တကယ် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

“ဒီလူအုပ်စုက ဒီစွမ်းအင်ကို ဘယ်လိုမျိုး ထိန်းချုပ်ထားတာများလဲ”

ဝမ်လင်း၏ စိတ်ထဲတွင် စက္ကန့်ပိုင်းအတွင်း အတွေးပေါင်းများစွာက ပျံ့လွင့်သွားခဲ့သည်။

ထိုလူငါးဦးကို မှော်ကွင်းများဖြင့် ချည်နှောင်ပြီးနောက်တွင် ဝမ်လင်းသည် ကောင်းကင်တာအို စွမ်းအားဖြင့် စည်းခတ်ထားလိုက်သည်။

ထို့ပြင် ၎င်းတို့၏ခွန်အားက လျှော့တွက်၍ မရသောကြောင့် ဝမ်လင်းက ဤတစ်ကြိမ်တွင် နောက်ထပ် ခွန်အားအနည်းငယ်ကို တမင်တကာ အသုံးပြုခဲ့သည်။

ထိုလူငါးဦးကို နေရာမှာပင်ထိန်းသိမ်းခဲ့ပြီးနောက် ဝမ်လင်းသည် တစ်စုံတစ်ယောက်ကို ဖမ်းရသည်မှာ အလွန်ခက်သည်ဟု ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

သူ၏ SPကို ဖြည့်တင်းရန်အတွက် ယနေ့တွင် ခေါက်ဆွဲခြောက်ထုပ်အနည်းငယ်ကို ပိုမို၍စားသုံးရတော့မည်ဖြစ်၏။

(SP=စကေးလ်အမှတ်)

SPဘားက အမှတ်၁၀၀ အပြည့်ဆိုလျှင် သူက ယခုတွင် ၃မှတ်မျှ သုံးလိုက်ပြီဟု ဆိုနိုင်သည်။

ဤပမာဏမှာ မည်မျှပင် ကြောက်စရာ ကောင်းလိုက်သနည်း။

မိစ္ဆာဓားနတ်ဘုရားကို ကိုင်တွယ်စဉ်ကပင် သူသည် SP 1 မျှသာ အသုံးပြုခဲ့ရသည်။

သူ့အနေဖြင့် ဤအခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူငါးဦးကို ကိုင်တွယ်ရန်ပင် အလွန်ခက်ခဲနေပြီ ဖြစ်သည်။

အနာဂတ်တွင် မည်သို့သော ရန်သူမျိုးနှင့် ကြုံတွေ့ရမည်မှန်း မည်သူသိနိုင်မည်နည်း။

ထိုအချိန်မှာပင် သွေးများဖုံးလွှမ်းနေသော ပုံရိပ်တစ်ရိပ်သည် ခေါက်ဆွဲဆိုင် အတွင်းသို့ ဝင်လာခဲ့သည်။

“ကျိုက်ယန်လား”

ဝမ်မင်က ထိုပုံရိပ် မည်သူဖြစ်သည်ကိုမြင်လျှင် စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

အပိုင်း(၉၈၅) ပြီး၏

All Chapters