ကမ္ဘာတစ်ဝှမ်းရှိ သုတေသန ဌာနများကို ဖယ်ရှားရန် ကြံစည်ခြင်း
Vol. 66 Ch. 986
ကျိုက်ယန်၏ ဒဏ်ရာက ပြင်းထန်နေပြီး သွေးများဖြင့်စိုရွှဲနေသည်။
ခေါက်ဆွဲဆိုင်ကို အရောက်လာပြီး ဝမ်မင်ကိုရှာရန်မှာ သူမ၏ နောက်ဆုံးဆန္ဒဟု ခံယူထားပုံရသည်။
ဝမ်မင် ဘေးကင်းကြောင်း တွေ့လိုက်ရချိန်တွင် သူမသည် စိတ်လျှော့လိုက်ဟန်ဖြင့် လဲပြိုကျသွားခဲ့သည်။
“အခြေအနေ မကောင်းတော့ဘူး.. သူသွေးတွေ အများကြီး ဆုံးရှုံးထားတယ်”
ကော်ဖျင်က စိုးရိမ်တကြီး ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် ကျိုက်ယန်၏ ဇောအဟုန်ကြောင့် အလွန်ပင် အံ့ဩတုန်လှုပ်သွားခဲ့သည်။
ကျိုက်ယန်က ဤမျှ ဒဏ်ရာပြင်းထန်နေသော အချိန်မှာပင် ဝမ်မင်ဆီ ရောက်အောင် လာခဲ့သည် မဟုတ်ပါလော။
ကျိုက်ယန်၏ အခြေအနေက အလွန်ဆိုးရွားနေ၍ ထွင်ထျန်းဟာသည် ဖားပြုပ် မျိုးနွယ်စု၏ ဝါးမျိုခြင်း မှော်စွမ်းရည်ဖြင့် ကူညီရန်အတွက် စားပွဲအောက်ကနေ ရုတ်တရက် ထွက်လာခဲ့သည်။
သူက ကျိုက်ယန်ကို မျိုချလိုက်ပြီးနောက်တွင် ယုံကြည်မှုရှိစွာဖြင့် ဝမ်လင်းကို ပြောလိုက်သည်။
“သခင်လေး.. မင်းဘာမှလုပ်စရာမလိုဘူး.. ငါသူမကို ကယ်တင်နိုင်တယ်”
“မင်း.. ဖြစ်ပါ့မလား”
ဝမ်မင်က အနည်းငယ် သံသယ ဖြစ်နေမိသည်။
အစောပိုင်းက အနက်ရောင်အရိပ် ဝတ်စုံဝတ်လူနှစ်ယောက် ရှိနေစဉ်တွင် ဤအမွေးစိမ်းခွေးသည် အခြားလူများထံ မြန်မြန်ပြေးကာ စားပွဲအောက်တွင် ဝင်ပုန်းနေခဲ့သည် မဟုတ်ပါလော။
“စောစောက ပုန်းနေပြီးတော့ မင်းက အခုမှဘာလို့ထွက်လာရတာလဲ”
ကော်ဖျင်က ပြုံး၍ပြောလိုက်သည်။
သူက ထွင်ထျန်းဟာ၏ ထိတ်လန့်နေသော အမူအရာကိုကြည့်ကာ ရယ်စရာကောင်းသည်ဟု ထင်ခဲ့သည်။
“အင်း.. ငါဘာလို့ ဒီလောက်တောင် အရှက်မဲ့သွားရတာလဲ မသိဘူး.. စာရေးဆရာက အဲဒီအခန်းကို ရေးတုန်းက လက်ဆော့ခဲ့တာ ဖြစ်နိုင်တယ်”
ထွင်ထျန်းဟာက သက်ပြင်းချ၍ ပြောလိုက်သည်။
“မင်းသူ့ကို တကယ်ရော ကုသပေးနိုင်လား”
ဝမ်မင်က သေချာအောင် မေးမြန်းလိုက်သည်။
“ဒီလောက်ဒဏ်ရာကတော့ ကိစ္စမရှိပါဘူး.. ငါတို့ ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စုရဲ့ ဖားပြုပ်သလိပ်က သဘာဝဆေးဘက်ဝင် ဆေးတစ်မျိုးပဲ.. အတွင်းဒဏ်ရာ ဒါမှမဟုတ် ပြင်ပဒဏ်ရာတွေကို တစ်ခဏအတွင်းမှာပဲ ပျောက်ကင်းစေနိုင်တယ်.. ငါ့ရဲ့ ခန္ဓာကိုယ်ဗီဇ ပြောင်းလဲသွားပြီးကတည်းက ဖားပြုပ်သလိပ်တွေကိုငါ သိမ်းထားခဲ့တယ်.. အဲဒါတွေက ဒါဇင်နဲ့ချီတဲ့ လူတွေကို ကုသဖို့ လုံလောက်တယ်”
ထွင်ထျန်းဟာက ပြောလိုက်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက်တွင် သူက ပါးစပ်ကိုဖွင့်ကာ ကျိုက်ယန်ကို ပြန်လည် ထွေးထုတ်လိုက်သည်။
ထွင်ထျန်းဟာ ပြောသည့်အတိုင်းပင် ကျိုက်ယန်သည် သူမ၏ ဒဏ်ရာမှ လုံးဝ ပျောက်ကင်းသွားပြီး အသားအရည်ပင် ပို၍ ကြည့်ကောင်းလာခဲ့သည်။
နတ်ဆိုးလောကတွင် ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စု၏ ဖားပြုပ်သလိပ်သည် ထိပ်တန်းအရည်အသွေးမြင့် ဆေးဝါးတစ်မျိုးဖြစ်ပြီး ကုန်သွယ်မှုတွင် တိုက်ရိုက် အသုံးပြုကြသည်။
ဆိုရလျှင် ကောင်းကင်ဝါးမျိုးဖားပြုပ်မျိုးနွယ်စု၏ စီးပွားရေးကွန်ရက်တစ်စိတ်တစ်ပိုင်းကို ဖားပြုပ်သလိပ် ရောင်းချခြင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်ဝါးမျိုးဖားပြုပ်မျိုးနွယ်စုသည် ဖားပြုပ်သလိပ် ရောင်းချခြင်းမှ ရရှိသည့်ငွေများကို အာဟာရဖြည့်စွက်စာအဖြစ် အသားစားယင်ကောင် အမြောက်အမြားကို ဝယ်ယူခဲ့ကြသည်။
အသားစားယင်ကောင်များသည် ဖားပြုပ်သလိပ်ထက် အဆပေါင်းရာနှင့်ချီ ဈေးသက်သာသည်။
ဖားပြုပ်များက အသားစား ယင်ကောင်များကို စားပြီးသည်နှင့် ခွန်အားဖြည့်တင်းနိုင်သောကြောင့် ဖားပြုပ်သလိပ်များကို ဆက်လက် ထုတ်ပေးနိုင်မည် ဖြစ်၏။
ဤစီးပွားရေးလုပ်ငန်းသည် နတ်ဆိုးကမ္ဘာရှိ ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စုအတွက် ထာဝရ ငွေရှာစက်နှင့် ဆင်တူသည်။
ဖားပြုပ်သလိပ်ထဲတွင် နှစ်မြုပ်ခံထားရသည့် ကျိုက်ယန်သည် မိခင်ဝမ်းတွင်းထဲမှ ကလေးတစ်ယောက်လို ဖြစ်သွားပြီး အတွင်းအပြင် ဒဏ်ရာများသည် အချိန်တိုအတွင်း ပျောက်ကင်းသွားခဲ့သည်။
ထွင်ထျန်းဟာက သူမကို ထွေးထုတ်ပြီးနောက်တွင် သူမသည် အလွန်လျင်မြန်စွာပင် သတိပြန်လည်လာပြီး မျက်လုံးများကို ဖြေးညင်းစွာ ဖွင့်လိုက်သည်။
“သူသတိရလာပြီ”
ဝမ်မင်က စိတ်လှုပ်ရှားသွားသည်။
ဝမ်လင်းပင်လျှင် မျက်နှာပေါ်၌ အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်သွားခဲ့သည်။
ဖားပြုပ်သလိပ်သည် သူထင်ထားသည်ထက် ပို၍ထိရောက်နေသည် မဟုတ်လော။
“ကျိုက်ယန်.. ဘယ်လိုဖြစ်တာလဲဆိုတာ ငါတို့ကို ရှင်းပြလို့ရမလား”
ကော်ဖျင်က စိုးရိမ်တကြီး မေးလိုက်သည်။
သူနှင့်ဝမ်မင်တို့်က စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားခဲ့ပြီးပြီ ဖြစ်သည်။
ကျိုက်ယန်၏ဒဏ်ရာ ဤမျှပြင်းထန်သည်ကိုကြည့်လျှင် သုတေသနဌာနက ဝရုန်းသုန်းကား ဖြစ်နေသည်မှာ သံသယဖြစ်စရာမရှိပေ။
အင်မော်တယ်စံအိမ်သခင် ချန်ယွီကို ဖမ်းဆီးပြီးနောက်တွင် နံပါတ်တစ် အမှောင်အင်အားစုက ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။
ထို့နောက်တွင် ကျင့်ကြံခြင်းရဲများသည် အမှောင်နက်ဝေါ့ခ်၏ ရာဇဝတ်လှုပ်ရှားမှု အားလုံးကို မျက်စိဒေါင့်ထောင့်၍ စောင့်ကြည့်နေခဲ့ကြသည်။
သို့သော် ထိုအဖွဲ့ထက်ပို၍ အစွမ်းထက်သော အခြားအဖွဲအစည်း တစ်ခု ရှိနေလိမ့်မည်ဟု ဝမ်မင်နှင့် ကော်ဖျင်တို့ပင် အမှန်တကယ် မထင်ထားခဲ့ပေ။
ထိုအဖွဲ့က အစောင့်အကြပ် ထူပြောသည့် သုတေသနဌာနကိုပင် ရုတ်တရက် ဝင်ရောက်စီးနင်းနိုင်ခဲ့သည် မဟုတ်လော။
ကမ္ဘာမြေက ဂြိုဟ်သားများနှင့် သံတမန်ဆက်ဆံရေးထူထောင်တော့မည် ဖြစ်၍ သုတေသနအဖွဲ့အား အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှုသည် ဒေါသကြီးကြီးမားမား ထွက်စရာပင် ဖြစ်သည်။
“သုတေသနဌာနက လူတိုင်းနီးပါး အသတ်ခံခဲ့ရတယ်.. ဥက္ကဌချီက ဘယ်မှာလဲ ဆိုတာလည်း မသိရသေးဘူး.. သူတို့ကသုတေသနဌာနထဲကို ရောက်တာနဲ့ လူတိုင်းကို စတင် သတ်ဖြတ်ခဲ့တယ်.. ဝမ်မင်ပေးထားတဲ့ အသားကပ်ဝတ်စုံတွေက ငါ့ကိုသေစေလောက်တဲ့ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာကို ကာကွယ်ဖို့မကူညီပေးနိုင်ခဲ့ရင် ငါလည်းလွတ်မြောက်လာနိုင်မှာမဟုတ်ဘူး”
ထိုစကားကိုပြောပြီးနောက် ကျိုက်ယန်သည် သူမ၏ သိုလှောင်ခန်းထဲကနေ အသားကပ်ဝတ်စုံများကို ထုတ်ယူလိုက်သည်။
ထိုအသားကပ် ဝတ်စုံများသည် ဝမ်လင်း ကိုယ်တိုင်ကောင်းချီးပေးခဲ့သော ဝတ်စုံများဖြစ်သည်။
ယင်းက နတ်ဘုရားပစ္စည်းဟုပင် ညွှန်းဆိုနိုင်သော်လည်း ပထမဆုံးအကြိမ် အဖြစ် တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိခဲ့ဘဲ အပေါက်များစွာ ပေါက်ပြဲကာ လုံးဝ ပျက်စီးနေခဲ့သည်။
အသားကပ်ဝတ်စုံ၏ အခြေအနေကိုမြင်လျှင် ဝမ်လင်းပင်အံ့ဩသွားခဲ့သည်။
ကမ္ဘာပေါ်တွင် ဤကဲ့သို့ စွမ်းအားမျိုး ရှိနေလိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးခဲ့မိပေ။
စောစောကသာ တွေးမိခဲ့လျှင် သူသည် အသားကပ်ဝတ်စုံများကို အဆင့်မြှင့်တင်ပေးမည် ဖြစ်သည်။
“ကမ္ဘာမြေပေါ်မှာ ဘယ်သူကများ ဒီလိုတိုက်ခိုက်မှုကို လုပ်ဆောင်ရတာလဲ”
“သုတေသနဌာနကို ဝင်တိုက်တဲ့ လူတွေဝတ်ထားတဲ့ ဝတ်စုံက ဒီဝတ်စုံတွေနဲ့ အတူတူပဲလား”
ဝမ်မင်က မြေပြင်ပေါ်ရှိ လူငါးဦးကို ညွှန်ပြရင်း ကျိုက်ယန်ကိုမေးလိုက်သည်။
“ဟုတ်တယ်.. သူတို့အားလုံးက ဆင်တူဝတ်စုံကို ဝတ်ဆင်ထားကြတယ်.. ဒီဝတ်စုံကပဲ သုတေသနဌာနက လူတွေကို သတိလက်လွတ် ဖြစ်စေပြီး အပြင်းအထန် ဒုက္ခရောက်စေခဲ့တာပဲ”
ကျိုက်ယန်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ဒါ့ပြင် ငါတို့ အဖွဲ့အစည်းတစ်ခုပဲ တိုက်ခိုက်ခံရတာ မဟုတ်ဘူး.. ကမ္ဘာတဝှမ်းမှာရှိတဲ့ အဖွဲ့အစည်းတွေ အားလုံး တိုက်ခိုက်ခံရတယ်”
“ဒါက ဘယ်လိုဖြစ်ရတာလဲ”
ကော်ဖျင်၏မျက်နှာက ဖြူဖျော့သွားခဲ့သည်။
“တစ်ဖက်လူရဲ့ ပန်းတိုင်က အရမ်းရှင်းနေပြီ.. သူတို့ကကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ သုတေသနအဖွဲ့အစည်းတွေအားလုံးကို ဖယ်ရှားပစ်ဖို့ ကြံစည်ထားပုံပဲ.. သိပ္ပံပညာရှင်တွေအားလုံး သေဆုံးသွားမှာကို ငါစိုးရိမ်မိတယ်”
ဝမ်မင်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
အကယ်၍သူတို့သာ ဝမ်လင်းနှင့် အတူရှိမနေခဲ့လျှင် သူတို့သည်လည်း တမလွန်ဘဝသို့ ရောက်ရှိလောက်ပြီ ဖြစ်၏။
“မင်းတို့ကဘယ်သူတွေလဲ”
ထွင်ထျန်းဟာက အနက်ရောင်ဝတ်စုံဝတ်လူများကို မေးလိုက်သည်။
“ငါတို့ကိုသတ်သာ သတ်ပစ်လိုက်.. ငါတို့ရဲ့ အဖွဲ့အစည်းကိုတော့ လုံးဝသစ္စာဖောက်မှာ မဟုတ်ဘူး”
အနက်ရောင်ဝတ်စုံဝတ်လူ ငါးဦးက ပြတ်ပြတ်သားသား ပြောလိုက်သည်။
၎င်းတို့က အလွန်ခေါင်းမာပြီး အဖွဲ့အစည်းနှင့်ပတ်သက်၍ လုံးဝ ထုတ်ပြောမည့်ပုံမရပေ။
ဝမ်လင်းကသာ ၎င်းတို့လောက် မလျင်မြန်လျှင် ၎င်းတို့သည် သူတို့ကိုယ်သူတို့ သတ်သေသွားလောက်ပြီ ဖြစ်သည်။
အနက်ရောင်ဝတ်စုံဝတ်လူငါးဦးသည် သေခြင်းတရားကို လုံးဝမကြောက်ရွံ့ကြောင်း ဝမ်လင်းမြင်နိုင်ခဲ့သည်။
ထိုငါးဦးက သေခြင်းတရားကို နည်းနည်းမှ ကြောက်ရွံ့ပုံမရပေ။
“သူတို့ကိုမေးလည်း ဘာမှအသုံးဝင်မှာ မဟုတ်လောက်ဘူး”
ကော်ဖျင်က အခြေအနေကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။
“အခုချိန်မှာ ငါတို့ဖြေရှင်းရမယ့် တခြားကိစ္စတွေရှိတယ်.. ပထမတစ်ချက်.. ဒီအနက်ရောင်ဝတ်စုံဝတ်လူတွေက ဘယ်နေရာကလာကြတာလဲ.. ဘယ်သူ့ပယောဂကြောင့်လဲ.. ဒုတိယအချက်.. သူတို့အသုံးပြုနေတဲ့ စွမ်းအားက ဘာစွမ်းအားအမျိုးအစားလဲ.. တတိယအချက်.. ကမ္ဘာတဝှမ်းလုံးမှာ ရှိတဲ့ သိပ္ပံပညာရှင်တွေကို တိုက်ခိုက် သတ်ဖြတ်ခြင်းရဲ့ နောက်ကွယ်ကရည်ရွယ်ချက်က ဘာလဲ.. စတုတ္ထအချက်.. သူတို့ကသိပ္ပံပညာရှင်တွေကို ပစ်မှတ်ထားနေတာဆိုရင် ဘာလို့ကျောင်းသားဖန့်ရှင်းကို ဖမ်းခဲ့ကြတာလဲ.. ပထမသုံးချက်အတွက် ငါတို့မှာ အဖြေမရှိသေးပေမဲ့ စတုတ္ထအချက်အတွက် ဖြစ်နိုင်ချေကိုတော့ ငါစဉ်းစာမိတယ်”
ဝမ်မင်က ပြောလိုက်သည်။
“ဒါဆိုသူတို့က ကျောင်းသားဖန့်ရှင်းကို ဘာလို့ ပစ်မှတ်ထားရတာလဲ”
ကော်ဖျင်က မေးလိုက်သည်။
ဝမ်မင် “ဆရာကော်.. ဖန့်ရှင်းရဲ့ ပင်ကိုစရိုက်နဲ့ နောက်ခံကိုမေ့သွားပြီလို့တော့ မပြောနဲ့နော်”
ထိုစကားကိုကြားလျှင် ကော်ဖျင်၏မျက်နှာက မည်းမှောင်သွားခဲ့သည်။
“မင်းပြောချင်တာက..”
ဝမ်မင် “ကျောင်းသားဖန့်ရှင်းက သူတို့အတွက် တန်ဖိုးမရှိလောက်ဘူး.. ဒါပေမဲ့ သူ့အဖေကတော့ မိစ္ဆာအင်ပါယာကွာဖီလက်ထက်မှာ တီထွင်နိုင်စွမ်းရှိတဲ့ ပညာရှင်တစ်ဦး ဖြစ်တယ်.. အင်မော်တယ်ရှဲဖီ ရှင်ပြန်ထမြောက်ဖို့ လိုအပ်တဲ့ မျိုးရိုးဗီဇအတွက် ကျောင်းသားဖန့်ရှင်းကို ဖမ်းထားလိုက်ပုံရတယ်”
“ဟုတ်ပါတယ်.. ဒါက ငါ့ရဲ့ ထင်မြင်ချက်ပဲရှိပါသေးတယ်.. သိပ္ပံပညာရှင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရခြင်းရဲ့ အကြောင်းအရင်းတွေကိုတော့ ခုချိန်ထိ အဖြေရှာလို့မရသေးပါဘူး.. သုတေသနဌာနရဲ့ သတင်းကို လောလောဆယ်တားမြစ်ထားပေမဲ့ မီးကို စက္ကူနဲ့တော့ အချိန်အကြာကြီး ထုပ်လို့မရပါဘူး”
ယခုအချိန်တွင် ကျိုက်ယန်သည် အွန်လိုင်းပေါ်မှ သတင်းများကို စစ်ဆေးနေပြီ ဖြစ်သည်။
တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် သိပ္ပံပညာရှင်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းသည် ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။
သို့သော်လည်း ဤသတင်းကိုသာ ထုတ်ပြန်လိုက်လျှင် ကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံး အထိတ်တလန့် ဖြစ်သွားနိုင်ပေသည်။
ထို့ကြောင့် ထိုသတင်းအားလုံးကို ယခုအချိန်ထိ ဖိနှိပ်ထားခဲ့သည်။
သို့သော် ဝမ်လင်းနှင့်ဝမ်မင် နှစ်ယောက်လုံးကမူ ကောင်းစွာသိသည်။
ယခုလိုကိစ္စမျိုးဖြစ်လျှင် အချိန်တိုအတွင်း ဖြေရှင်းရန်နည်းလမ်းကို ရှာဖွေရမည် ဖြစ်၏။
သို့မဟုတ်လျှင် အဆုံးသတ်၌ ပြင်ဆင်ရန်အလွန်ခက်ခဲသွားမည် မဟုတ်ပါလော။
အပိုင်း(၉၈၆) ပြီး၏