ကျောက်ပတ်တီး
Vol. 66 Ch. 987
ဤတစ်ကြိမ်တွင် ကော်ဖျင်နှင့် ဝမ်မင်တို့သည် တိုက်ခိုက်မှုကို အောင်မြင်စွာ ရှောင်ရှားနိုင်ခဲ့သော်လည်း ဤအနက်ရောင်ဝတ်စုံဝတ်လူများသည် လွယ်လင့်တကူ လွှတ်ထားလိမ့်မည်မဟုတ်ဟု ဝမ်လင်း ခန့်မှန်းမိသည်။
ကမ္ဘာမြေပေါ်တွင် သူတို့နှစ်ဦး သက်ရှိထင်ရှား ရှိနေသရွေ့ ခြိမ်းခြောက်မှုဒဏ်ကို ခံရမည်ဖြစ်သည်။
ထို့ကြောင့် အနည်းငယ် ဆွေးနွေးပြီးနောက်တွင် ဝမ်လင်းသည် ဝမ်မင်၊ ကော်ဖျင်နှင့် သူဖမ်းဆီးထားသော အနက်ရောင်အရိပ် ဝတ်စုံဝတ် ငါးဦးကို နတ်တာအိုကြယ် ထံသို့ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့သည်။
ဝမ်လင်း ရုတ်တရက် ရောက်ရှိလာသည်ကိုမြင်လျှင် ကြယ်စင်အရှင်သခင်က ထိတ်လန့်ပြီး ကုတင်ပေါ်မှ ပြုတ်ကျသွားခဲ့သည်။
သူ၏ဒဏ်ရာက ဒုတိယအကြိမ် စုတ်ပြဲသွားခဲ့ပြန်သည်။
ထိုဒဏ်ရာက လွယ်လွယ်နှင့် အပြည့်အဝ ပြန်ကောင်းလာမည့်ပုံ မရပေ။
“စိတ်ချပါ လင်းကျန်းရန်.. ငါသူတို့ကို သေချာ စစ်ဆေးမေးမြန်းလိုက်ပါမယ်”
ကြယ်စင်အရှင်သခင်က ကတိပေးစကားကို ပြောကြားလိုက်သည်။
ထိုနေ့ညတွင် နတ်တာအိုကြယ်၌ နတ်နဂါးများသည် အနက်ရောင်အရိပ်ဝတ်စုံဝတ် ငါးဦး၏ ဝတ်စုံများကို ချွတ်ချကာ စတင် စစ်ဆေးမေးမြန်းခဲ့သည်။
နတ်နဂါးများတွင် ကိုယ်ပိုင်နည်းလမ်းများ ရှိသောကြောင့် စစ်ဆေးမေးမြန်းခြင်းသည် မရှုပ်ထွေးလှပေ။
၎င်းတို့၏ စစ်ဆေးမေးမြန်းသည့် နည်းလမ်းနှစ်ခုမှာ တစ်ထောင်ဒီဂရီဓားနှင့် ဟိုက်ဒရောလစ်ဖိအား ဖြစ်သည်။
တစ်ထောင်ဒီဂရီဓားဟု ခေါ်တွင်သည့်ဓားသည် နတ်စွမ်းအင်မော်လီကျုးများမှ ပြုလုပ်ထားသောဓား ဖြစ်ပြီး အရေပြားများကို ဖြတ်ရန်တွင် အသုံးပြုသည်။
ထိုဓားကြောင့် ရရှိသောဒဏ်ရာက ကြီးကြီးမားမား မဟုတ်လျှင်ပင် သာမန်ဓားကြောင့် ရရှိသောဒဏ်ရာထက် အဆတစ်ထောင် ပို၍ နာကျင်သည်။
သွေးကြောပေါ်တွင် အနည်းငယ်မျှ ခြစ်မိရုံဖြင့်ပင် မချိမဆန့် ခံစားရစေလိမ့်မည် ဖြစ်၏။
ဒုတိယနည်းလမ်းမှာ ဟိုက်ဒရောလစ်ဖိအား ဖြစ်သည်။
၎င်းကို နတ်စွမ်းအင်ဖြင့် လည်ပတ်၏။
ညှင်းပန်းနှိပ်စက်စဉ်အတွင်း နတ်နဂါးများသည် စစ်ဆေးမေးမြန်းခံရသူ၏ ကိုယ်အင်္ဂါအစိတ်အပိုင်း၊ များသောအားဖြင့် လက်မောင်းကို ဟိုက်ဒရောလစ်ဖြင့် ချိတ်ဆက်ထားရသည်။
ဟိုက်ဒရောလစ်ဖိအားကို အသက်သွင်းလိုက်သောအခါတွင် ၎င်း၏ လမ်းကြောင်းတွင်ရှိသည့် မည်သည့် ဖိအားကိုမဆို ဖုန်မှုန့်များအဖြစ် ကြေမွသွားစေမည် ဖြစ်၏။
ဤအနက်ရောင်အရိပ် ဝတ်စုံဝတ်ငါးဦးသည် သေခြင်းတရားကို မကြောက်ရွံ့ကြဘဲ ဖော်ကောင်လုပ်ရန် ငြင်းဆိုခဲ့ကြသည်။
ထို့ကြောင့် ကြယ်စင်အရှင်သခင်၏ ပထမဆုံး တုံ့ပြန်မှုသည် ၎င်းတို့ရရှိထားသည့် နာကျင်မှုကို နှစ်ဆတိုးစေရန် ဖြစ်၏။
ကြယ်သခင်က သေရမှာ မကြောက်သောသူများ၏ ပါးစပ်ကိုဖွင့်ရန် ဤနည်းလမ်းကိုသာ သုံးနိုင်ခဲ့သည်။
ဤနည်းလမ်းက အလွန် နာကျင်စေသော်လည်း ဒဏ်ရာကြီးကြီးမားမားကို မဖန်တီးနိုင်ခဲ့ပေ။
သူတို့၏ လက်မောင်းကို နတ်စွမ်းအင်သုံး ဟိုက်ဒရောလစ်ဖိအားကို အသုံးပြု၍ သေစေမည်မဟုတ်ပေ။
ဟိုက်ဒရောလစ်ဖိအားကို အသုံးပြုလိုက်သော အခိုက်တွင် အလွန်သိပ်သည်းသော နတ်စွမ်းအင် မော်လီကျုးများသည် ဒဏ်ရာကို သွေးခဲစေပြီး သွေးထွက်ခြင်းကို ချက်ချင်းရပ်တန့်စေသည်။
သို့ရာတွင် ဤသည်က လက်မောင်းပြတ်သွားသည်ထက်ပင် အဆပေါင်း ရာထောင်ချီ ပို၍နာကျင်၏။
ယခင်က ကြယ်စင်အရှင်သခင်သည် အခြားဂြိုဟ်များကို နတ်တာအိုကြယ်နှင့် မညီမျှသောစာချုပ်များ ချုပ်ဆိုရန် အတင်းအကျပ် တွန်းအားပေးရာတွင် ဤနည်းလမ်းကို အသုံးပြုခဲ့သည်။
နတ်တာအိုကြယ်၏ မြင့်မြတ်သော အကျဉ်းထောင်တွင် ဝမ်လင်း၊ ဝမ်မင်နှင့် ကော်ဖျင်တို့သည် ကြယ်စင်အရှင်သခင် ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ် စစ်ဆေးမေးမြန်းခြင်းကို လာရောက် ကြည့်ရှုခဲ့ကြသည်။
နတ်နဂါးများသည် ယခင်က ဤကဲ့သို့ အဖြစ်အပျက်မျိုးအား တစ်ခါမှမမြင်ဖူးပေ။
သို့သော် ဝမ်လင်း၏ ခံစားချက်မဲ့ငါးမသာမျက်လုံးကို မြင်လျှင် မည်သူ ဖြစ်သည်ကို အသိအမှတ်ပြုခဲ့ကြသည်။
နတ်နဂါးများ အားလုံးက အံ့ဩတုန်လှုပ်သွားကြသည်။
သူတို့ လုံးဝမမှားနိုင်ပေ။
ထို့အချိန်က ကျင့်ခယ်နှင့် ပိုင်ချောင်းတို့သည် ကျင့်ပိုင်ကိုဖန်တီးရန် ပေါင်းစည်းခဲ့ကြသည်။
ထို့နောက်တွင် ကျင့်ပိုင်၏ ခံစားချက်မဲ့ ငါးမသာမျက်လုံးသည် ၎င်းတို့အပေါ်တွင် လေးနက်သော အထင်ကြီးမှုကို ချန်ရစ်ထားခဲ့၏။
နတ်နဂါးများက ကျင့်ပိုင်၏ အစစ်အမှန်လက္ခဏာမှာ ဓားဝိညာဉ် ဖြစ်သည်ကို သိရှိခဲ့ကြပြီး ဆယ်ကျော်သက် တစ်ဦးမှ ထိုဓားဝိညာဉ်ကို ဆင့်ခေါ်ခဲ့ကြောင်း သိရှိခဲ့သည်။
ဝမ်လင်းကို ယခင်က မည်သူမှ မမြင်ဖူးသော်လည်း ထိုကဲ့သို့ခံစားချက်မဲ့ ငါးမသာမျက်လုံးတစ်စုံ ရှိသည်ကို သူတို့သိထားကြသည်။
ဆိုရိုးစကားအရ ဓားဝိညာဉ််သည် ၎င်း၏သခင်နှင့် တူသည်ဟု ဆိုကြ၏။
ယခုအခါတွင် ဝမ်လင်းသည် ကြယ်သခင်၏ နောက်ကွယ်ကနေ အခြေအနေကို ကွပ်ကဲနေခဲ့သည်။
ကြယ်သခင်၏ အမူအရာအရ ဝမ်လင်း၏ ကိုယ်ရေးကိုယ်တာအစစ်အမှန်ကို ခန့်မှန်းရန်မှာ သူတို့အတွက် ခက်ခဲသည်မဟုတ်ပေ။
ဝမ်လင်း ရောက်ရှိလာချိန်တွင် ကြယ်စင်အရှင်သခင်သည် အနက်ရောင်အရိပ် ဝတ်စုံဝတ်ငါးဦး၏ အဝတ်အစားများကို ချွတ်ပစ်ရန်အမိန့်ပေးထားပြီးပြီး ဖြစ်သည်။
သူက ထိုငါးဦးကို သီးခြားစီ စစ်ဆေး မေးမြန်းခဲ့သည်။
စစ်ကြောရေးစခန်းကို အထူးပစ္စည်းများဖြင့် ပြုလုပ်ထားပြီး စိတ်ချင်းဆက်သွယ်၍ ပြောဆိုခြင်းကို တားဆီးနိုင်မည့် အစီအရင်များကို ရေးဆွဲထားသည်။
အနက်ရောင်အရိပ် ဝတ်စုံများကို ချွတ်ပြီးနောက်တွင် ကြယ်စင်အရှင်သခင်က လက်ဝှေ့ယမ်းလိုက်ပြီး စတင် စစ်ဆေးလိုက်သည်။
“စလို့ရပြီ”
ထိုအချိန်မှာပင် တစ်ထောင်ဒီဂရီဓားဖြင့် ညှင်းပန်းနှိပ်စက်မည့်သူများထဲမှ နတ်နဂါးတစ်ဦးသည် ထူးဆန်းသောအရာ တစ်ခုကို သတိပြုမိခဲ့သည်။
“အရှင်.. ထူးဆန်းတာတစ်ခု တွေ့တယ်”
“ဘာထူးဆန်းတာလဲ”
“ဒီလိုပါ.. သူတို့တွေရဲ့ တင်ပါးမှာ အရင်က တစ်ခါမှမမြင်ဖူးတဲ့ အမှတ်အသားတွေ ရှိနေတယ်”
“အမှတ်အသားလား”
ကြယ်သခင်က မျက်ခုံးပင့်လိုက်သည်။
သူက အရှေ့ကိုလှမ်းလိုက်၍ တစ်စုံတစ်ရာကို တွေးမိလိုက်ပြီး ဝမ်လင်းနှင့် အခြားသူများကို လမ်းဖယ်ပေးလိုက်သည်။
“ဒီလူငယ်က သင်ပေးလို့ရတယ်”
ဝမ်မင်နှင့်ကော်ဖျင်တို့က ကြယ်သခင်၏ ပုခုံးကို တစ်ယောက်ပြီးတစ်ယောက် ပုတ်လိုက်ကြသည်။
ထိုအပြုအမူကြောင့် ကြယ်သခင်သည် လက်အောက်ငယ်သားများစွာ ရှေ့တွင် မျက်နှာပျက်သွားခဲ့သည်။
သို့သော်လည်း ဤကဲ့သို့ ပြုမူနေထိုင်ရခြင်းသည် သူ၏ဆန္ဒသာ မဟုတ်ပါလော။
“ဒါက ဘာအမှတ်အသားများလဲ”
ဝမ်မင်က ထိုအမှတ်အသားကိုကြည့်ရင်း တွေးနေခဲ့သည်။
“နှစ်ပေါင်းများစွာ သုတေသနပြုလာခဲ့ပေမဲ့ ဒီအမှတ်အသားကိုတော့ ငါတစ်ခါမှ မတွေ့ဖူးဘူး”
ကော်ဖျင်က ခေါင်းခါယမ်း၍ ပြောလိုက်သည်။
ထိုအချိန်တွင် ကြယ်သခင်သည် အမှတ်အသားကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
သူက အမှတ်အသားကို စေ့စပ်စွာ အကဲခက်ရန်အတွက် ရှေ့သို့ လှမ်းတက်လိုက်သည်။
ထိုအချိန်မှာပင် ရင်းနှီးသောအသံတစ်ခုက ထွက်ပေါ်လာသည်။
“ဒီအမှတ်အသားကို ငါမှတ်မိတယ်”
အသံလာရာဆီသို့ အားလုံးကကြည့်လိုက်ရာ ကြယ်စင်အရှင်သခင် ပတ်ထားသည့် ကျောက်ပတ်တီး ထံကနေ ထွက်လာသည်ကို တွေ့လိုက်ရသည်။
ဝမ်လင်း “???”
ကြယ်စင်အရှင်သခင်ကလည်း ထိတ်လန့်သွားခဲ့သည်။
“မင်းက ဘယ်သူလဲ”
“ငါ့အသံကိုတောင် မမှတ်မိတော့ဘူးလား”
ကျောက်ပတ်တီးက ရယ်မော၍ ပြောလိုက်သည်။
ကြယ်သခင်က မတုံ့ပြန်သေးသော်လည်း ဝမ်လင်းက အသံကိုမှတ်မိလိုက်သည်။
ဤအသံပိုင်ရှင်သည် ကျင့်ခယ် ယခင်က ထက်ဝက်ဖြတ်တောက်ခဲ့သော နတ်ပလ္လင်၏အသံ ဖြစ်သည်။
“မင်းက နတ်ပလ္လင်မဟုတ်လား”
ဝမ်လင်းက ကြယ်သခင်၏ ခြေထောက်ပေါ်တွင် ပတ်ထားသည့်ကျောက်ပတ်တီးကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“လင်းကျန်းရန်က ထင်ထားတဲ့အတိုင်း အမြင်စူးရှတာပဲ.. ဟုတ်ပါတယ်.. ငါက နတ်ပလ္လင်ပဲ.. ငါမသေခဲ့ဘူး”
လူတိုင်း “..........”
“မင်းက ဘယ်လိုဖြစ်ပြီး ကျောက်ပတ်တီး ဖြစ်သွားတာလဲ”
ကော်ဖျင်က စပ်စုလိုက်သည်။
“ငါ့ကိုအထင်မသေးနဲ့.. ဒီကျောက်ပတ်တီးက အရမ်းဈေးကြီးတဲ့ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ ကျောက်ပတ်တီးပဲ.. ငါသာမရှိရင် ဒီကြယ်သခင်ရဲ့ ခြေထောက်ဒဏ်ရာက ပျောက်ကင်းဖို့အတော်လေး ခက်ခဲသွားလိမ့်မယ်.. ဒါကြောင့် တောင်ပံတစ်ထောင် နတ်ဘုရားက ငါ့ကို အင်္ဂတေနဲ့ ရောနှောကြိတ်ချေပြီး ကြယ်စင်အရှင်သခင်ရဲ့ ပေါင်ကို ကပ်ခိုင်းခဲ့တယ်”
“..........”
“ဒါ့အပြင် ဒါက လင်းကျန်းရန်ကို ရန်ပြုတဲ့အတွက် တောင်ပံတစ်ထောင်နတ်ဘုရား ငါ့ကိုပေးတဲ့ပြစ်ဒဏ်ပဲ.. ဆိုးရွားတာတစ်ခုက ကြယ်သခင်ရဲ့ ခြေထောက်မှာ အမွေးတွေ အရမ်းထူတာပဲ.. ဒါက တကယ့်ကို သည်းမခံနိုင်လောက်အောင်ပဲ”
“..........”
အားလုံး ငြိမ်သက်သွားပြီးနောက်တွင် ဝမ်လင်းက ဆက်ပြောလိုက်သည်။
“မင်းဒီအမှတ်အသားကို တကယ်ပဲ မှတ်မိလား”
“ငါမှတ်မိတယ်.. ငါ့ကို ဘုရားသခင်က ဖန်ဆင်းခဲ့တာလေ.. ငါက စကြာဝဠာထဲက အရာအားလုံးကို သိတဲ့အပြင် တင်ပါးအားလုံးကိုလည်း မြင်ဖူးတယ်.. ငါအသက်ရှင်နေတာကြာပြီ.. ငါမတွေ့ဖူးတဲ့ တင်ပါး ဆိုတာ မရှိသလောက်ပဲ”
လူတိုင်း “..........”
နတ်ပလ္လင် “ဒီအမှတ်အသားကို ကံကြမ္မာ အမှတ်အသားလို့ ခေါ်တယ်.. သူ့ကို အသက်သွင်းတဲ့ နည်းလမ်းက အရမ်းထူးခြားတယ်.. ဒီအမှတ်အသားကို အသက်သွင်းဖို့အတွက် ကံကြမ္မာတာအိုလို့ ခေါ်တဲ့ အထူးတာအိုတစ်မျိုးကို ကျင့်ကြံရတယ်.. ပြောရရင် စကြာဝဠာထဲမှာ ကောင်းကင်တာအို စည်းပြင်ပတာအိုနဲ့ နတ်တာအိုတို့ အပြင် တခြား စွမ်းအားတွေလည်း ရှိပါသေးတယ်”
အပိုင်း(၉၈၇) ပြီး၏