← Chapters

ကြေးမုံနန်းတော်

Vol. 66 Ch. 989

ကြေးမုံနန်းတော်

Vol. 66 Ch. 989

ကံကြမ္မာတာအို အမှတ်အသားကိုလဲလှယ်ပြီး ကံကြမ္မာ၏ အစီအစဉ်ကို ချိုးဖျက်ရန်..

ဤသည်မှာ နတ်ပလ္လင်၏ နှုတ်မှ ထွက်ပေါ်လာသော ဖြေရှင်းချက် ဖြစ်သည်။

အနည်းဆုံးတော့ ကံကြမ္မာတာအို အမှတ်အသားကြောင့် သေဆုံးရမည်ကို စိုးရိမ်မှုမရှိသည့် သူများ၏ ယုံကြည်မှုများသည် ကျိုးပဲ့သွားရမည် ဖြစ်သည်။

အနက်ရောင်အရိပ် ဝတ်စုံဝတ်အဖွဲ့၏ ခေါင်းဆောင်က မျက်စိမျက်နှာ ပျက်သွားသည်။

သူက နတ်ပလ္လင်၏စကားကို လုံးဝ သံသယမရှိပေ။

ကံကြမ္မာတာအို အမှတ်အသားမှ တွန်းအားပေးမှုသည် တိုက်ပွဲများတွင် သူတို့၏ခွန်အားကို များစွာ တိုးမြင့်စေသည်။

ထိုအမှတ်အသားသာ မရှိလျှင် သူတို့၏ တိုက်ပွဲဝင်စွမ်းရည်က များစွာနိမ့်ကျသွားမည် ဖြစ်၏။

ဤနတ်ပလ္လင်က မည်သို့သောအရာ ဖြစ်ပါသနည်း။

“အဲဒီအချိန်က ငါတို့တွေ နှိပ်စက်ညှင်းပန်းခံရပြီး မြေကြီးထဲမှာ နှစ်ရာနဲ့ချီ မြှုပ်နှံခံရတယ်.. အခုလိုမျိုး အသက်ပြန်ရှင်လာဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပဲ.. ဒါကြောင့် ငါတို့သခင်ကို အစေခံပြီး ကောင်းကောင်းမွန်မွန် နေချင်ရုံလေးပါပဲ.. ကျေးဇူးပြုပြီး ငါတို့ရဲ့ တစ်ခုတည်းသောလမ်းကို မဖျက်ဆီးလိုက်ပါနဲ့”

အနက်ရောင်အရိပ် ဝတ်စုံဝတ်ခေါင်းဆောင်က တောင်းပန်လိုက်သည်။

ထိုစကားကိုကြားလျှင် နတ်ပလ္လင်က ရယ်မော၍ မေးခွန်းထုတ်လိုက်သည်။

“ဒါဆို ငါ့ကိုပြောစမ်း.. ဒီအစီအစဉ်ကို ကြိုးကိုင်နေတဲ့သူက ဘယ်သူလဲ”

“သူ့ရဲ့နာမည်က ပိုင်ယိုချွမ်ပါ.. သူက ငါတို့ရဲ့ တိုက်ရိုက်အထက်လူကြီးပဲ.. ငါတို့က ဒီထက် ပိုအဆင့်မြင့်တဲ့သူတွေနဲ့ တွေ့ဆုံဖို့ အရည်အချင်း မပြည့်မီသေးပါဘူး”

ခေါင်းဆောင်က ပြောလိုက်သည်။

“ပိုင်ယိုချွမ်လား”

ဝမ်မင်က ဤအမည်ကို အနည်းငယ် ရင်းနှီးသလို ခံစားလိုက်ရသည်။

သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ပိုင်ကျဲမှာ ပိုင်ယိုချွမ်လို့ခေါ်တဲ့ သားတစ်ယောက် ရှိခဲ့ဖူးတာကို ငါမှတ်မိတယ်.. အဲဒီကလေးက သူ့ရဲ့ တရားမဝင် ကလေးတစ်ဦးဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်လေးနဲ့ သေဆုံးသွားခဲ့တယ်.. ကလေးသေဆုံးရတဲ့ပုံကလည်း ဆန်းကြယ်တယ်.. ပိုင်ကျဲက သူ့သားကိုပွေ့ချီပြီး ကြွက်သားတွေ သန်စွမ်းဖို့အတွက် အလေးတုံးနဲ့ မကြာခဏ ကျင့်စေတယ်.. တစ်နေ့မှာတော့ မတော်တဆမှုတစ်ခု ဖြစ်ပြီး ကလေးရဲ့လက်မောင်းက ကျိုးသွားခဲ့တယ်.. ပိုင်ကျဲက သူ့ရဲ့ယင်စွမ်းအင်နဲ့ ကလေးရဲ့လက်မောင်းကို ပြန်ဆက်ပေးလိုက်ပေမဲ့ ယင်စွမ်းအင်တွေက ကလေးရဲ့ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး တစ်ကိုယ်လုံးကို အေးခဲတောင့်တင်းသွားစေခဲ့တယ်”

“..........”

လူတိုင်းက အံ့အားသင့်သွားကြသည်။

ဤကဲ့သို့သော ကိစ္စရပ် ဖြစ်ပျက်လာနိုင်သည်ဟု ဘယ်တုန်းကမှမတွေးခဲ့ကြပေ။

ပိုင်ယိုချွမ် အဘယ်ကြောင့် ရှင်ပြန်ထမြောက်နိုင်သလဲ ဆိုသည်ကို ကံကြမ္မာတာအို၏ဂုဏ်သတ္တိအား နားလည်ပြီးနောက်တွင် လူတိုင်းက သံသယများ မရှိကြတော့ပေ။

ကံကြမ္မာတာအိုသည် ပိုင်ယိုချွမ် မပြောနှင့်၊ နှစ်ပေါင်းရာနှင့်ချီသေဆုံးသွားသူများကိုပင် ရှင်ပြန်ထမြောက်အောင် လုပ်ဆောင်နိုင်သည်။

ဝမ်မင်၏ ထူးဆန်းသော အိပ်မက်ကိုပါ ပေါင်းစပ်၍ ထည့်တွေးလိုက်လျှင် အိပ်မက်ထဲ၌ ဥက္ကဌပိုင်နှင့် မိစ္ဆာအူမှိုတက်သခင်တို့ ရှင်ပြန်ထမြောက်ခဲ့သည်မှာ အမှန်တကယ် ဖြစ်နိုင်ချေရှိသည်ကို ယခုအခါတွင် အတည်ပြုနိုင်ပြီ ဖြစ်သည်။

“ဒါဆိုနောက်ကွယ်ကလူက ဘယ်သူများဖြစ်နေမလဲ.. ဝမ်လင်းနဲ့ဆင်တူတဲ့ ဆံပင်ဖြူလူငယ်လေးပဲလား”

အိပ်မက်ထဲတွင် မြင်တွေ့ခဲ့ရသော မြင်ကွင်းများကြောင့် ဝမ်မင်၏နှလုံးသားက မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။

ဤကမ္ဘာပေါ်တွင် ဝမ်လင်း၏ မျက်နှာကို မည်သူက ကော်ပီယူလိုက်ပါသနည်း။

“မင်းနာမည်ဘယ်သူလဲ.. မင်းအသက်ပြန်ရှင် မလာခင်တုန်းက ဘာတွေလုပ်ခဲ့လဲ”

နတ်ပလ္လင်က မေးခွန်းများကို ဆက်လက်မေးမြန်းခဲ့သည်။

“ငါ့နာမည်က ယွီကျုံး.. ရှင်ပြန်မထမြောက်ခင်မှာ ငါက နိုင်ငံရပ်ခြားမှာ ကြီးပြင်းလာတဲ့ တရုတ်လူမျိုးဖြစ်ပြီး ပြည်ပကကြေးစားအဖွဲ့အစည်း တစ်ခုနဲ့ ပူးပေါင်းခဲ့တယ်.. အဲဒီနောက်မှာတော့ ကြေးစားတိုက်ပွဲတွေ ကြားမှာပဲ ကျဆုံးခဲ့ရတယ်”

“ကြေးစားတိုက်ပွဲ.. ဟုတ်လား”

“ဟုတ်တယ်.. နိုင်ငံရပ်ခြားက ကြေးစားကျင့်ကြံသူတွေမှာ တိုက်ပွဲတွေ အရမ်းများတယ်.. အများစုက လေလွင့်ကျင့်ကြံသူတွေ ဖြစ်ကြပြီး အသက်မွေးဝမ်းကြောင်း အတွက် အဖွဲ့အစည်းတစ်ခုခုမှာ ဆန္ဒအလျောက် ပါဝင်လုပ်ကိုင်ကြတယ်.. အဖွဲ့အစည်း တော်တော်များများကတော့ လိမ်လည်ပြီး လူ စုဆောင်းကြလေ့ရှိတယ်.. ကြေးစား အဖွဲ့အစည်းတွေက ဝင်ဖို့သာလွယ်ကူပေမဲ့ ထွက်ဖို့ အရမ်းခက်ခဲတယ် ဆိုတာ နောက်မှသိလိုက်ရတယ်.. ဒီအလုပ်က ပိုက်ဆံ မြိုးမြိုးမြက်မြက် ရပေမဲ့ ငါတို့က အခြေအနေတချို့ကြောင့် အဲဒီပိုက်ဆံတွေကို မသုံးရဲကြဘူး”

အနက်ရောင်အရိပ် ဝတ်စုံဝတ်ခေါင်းဆောင် ယွီကျုံးက ပြောလိုက်သည်။

ဝမ်လင်းတို့ လူစုက ထိုစကားကိုကြားလျှင် ခေါင်းညိမ့်လိုက်ကြသည်။

ကြေးစားကျင့်ကြံသူများ၏သမိုင်းက အမှန်တကယ်ကို ရှုပ်ထွေးလှသည်။

ရှေးဟောင်းစာအုပ်ကြီးသည် သမိုင်းအတန်းချိန်တွင် ထိုအကြောင်းအား ပြောဆိုခဲ့ဖူးသည်ကို ဝမ်လင်းမှတ်မိသည်။

ကြေးစားအဖွဲ့အစည်းများက လျှို့ဝှက်စွာတည်ထောင်ထားလေ့ရှိပြီး မည်သည့်နိုင်ငံကိုမျှ အမှုမထမ်းဘဲ ၎င်းတို့အတွက်သာ လုပ်ဆောင်ခဲ့ကြသည်။

မည်သည့်နိုင်ငံမဆို ၎င်းတို့အား လျှို့ဝှက် ငှားရမ်းနိုင်ပြီး လုပ်ငန်းတာဝန်များကို ခိုင်းစေနိုင်မည် ဖြစ်သည်။

လုပ်ငန်းဆိုင်ရာ တာဝန်များတွင် ပဋိပက္ခဖြစ်လျှင် ကြေးစားအဖွဲ့အစည်းများသည် ဘက်မလိုက်သော ရပ်တည်ချက်ဖြင့် အမြင့်ဆုံး လေလံပေးသူအတွက်သာ အလုပ်လုပ်ကြမည်ဖြစ်သည်။

ထိုကဲ့သို့ ကြေးစားအဖွဲ့အစည်းများမှာ ကျင့်ကြံသူအများစုသည် မှတ်ပုံတင်မထားသည့် နိုင်ငံသားများ ဖြစ်ကြသည်။

၎င်းတို့၏ သတင်းအချက်အလက်များကို ၎င်းတို့၏ အသိုင်းအဝိုင်းပြင်ပတွင် ရှာတွေ့နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သေဆုံးသွားပြီးနောက်တွင် ၎င်းတို့၏ အထောက်အထားများကို ခြေရာခံရန် နည်းလမ်းမရှိခြင်းဖြစ်သည်။

“အခြေအနေက အရမ်းရှင်းသွားပြီ”

ကော်ဖျင်က ပြောလိုက်သည်။

“ဒီတိုင်းဆိုရင် သုတေသနဌာနတွေကို ဝင်စီးသွားတဲ့ လူတွေထဲက အများစုဟာ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ကြေးစားစစ်သည်တွေ ဖြစ်ကောင်းဖြစ်နိုင်တယ်.. သူတို့ရဲ့အထောက်အထားတွေကို ခြေရာခံလို့ မရတဲ့အတွက် နာမည်တွေကို အတိအကျသိရင်တောင် စုံစမ်းလို့ရမှာ မဟုတ်လောက်ဘူး”

“ဒါတော့ အတိအကျပဲ”

ဝမ်မင်က ခေါင်းငြိမ့်လိုက်ပြီး သူ့ရှေ့မှ အနက်ရောင်အရိပ် ဝတ်စုံဝတ်ခေါင်းဆောင်ကို စိုက်ကြည့်ကာ အီလက်ထရောနစ်မြေပုံကို ထိုးပြလိုက်သည်။

“မင်းတို့ရဲ့အခြေစိုက်စခန်း တည်နေရာကို ညွှန်ပြပေးပါ”

“အခြေစိုက်စခန်းက ကြေးမုံနန်းတော်ထဲမှာပါ.. မင်းရဲ့မြေပုံမှာတော့ ငါညွှန်ပြဖို့နည်းလမ်း မရှိဘူး.. ဒါပေမဲ့ ဝင်ပေါက်က ဘယ်မှာလဲဆိုတာတော့ မင်းကို ငါပြပေးနိုင်တယ်”

ထိုစကားကို ပြောပြီးနောက် ယွီကျုံးက မြေပုံမှ တစ်နေရာကို ညွှန်ပြလိုက်သည်။

“ဒါပေမဲ့ ကျေးဇူးပြုပြီး ငါ့ရဲ့တင်ပါးကို မလဲလှယ်လိုက်ပါနဲ့”

“ဒါကိုတော့ မင်းစိတ်ပူစရာ မလိုပါဘူး”

ဝမ်မင်က ပြောလိုက်သည်။

မကြာခင်မှာပင် စစ်ဆေးမေးမြန်းမှုက ပြီးသွားခဲ့သည်။

နတ်တာအိုကြယ်မှမပြန်ခင် ဝမ်မင်က နတ်ပလ္လင်ကို မေးမြန်းလိုက်သည်။

“သူတို့ရဲ့ တင်ပါးတွေကို လဲလှယ်လိုက်ရင် ကံကြမ္မာတာအိုအမှတ်အသားကို အမှန်တကယ် ဖျက်ဆီးနိုင်မှာလား”

“အဲဒါတော့ငါလည်း မသိဘူး.. သူတို့နှုတ်ကနေ အမှန်အတိုင်းဖွင့်ပြောလာအောင် ဖြဲခြောက်လိုက်တဲ့ သဘောပါပဲ”

နတ်ပလ္လင်က ပြန်လည်ဖြေကြားခဲ့သည်။

လူတိုင်း “..........”

ဆယ်မိနစ်ခန့်အကြာတွင် ဝမ်လင်းတို့အဖွဲ့သည် ကြေးမုံနန်းတော်ဆီသို့ ဦးတည်သည့် လျှို့ဝှက်လမ်းကြားထဲတွင် ပေါ်လာခဲ့သည်။

ဝမ်မင်က ကြီးကြီးမားမားပြင်ဆင်မှုများကို ပြုလုပ်ခဲ့ပြီး ဝမ်လင်း2 နှင့် ဝမ်လင်း1တို့ကို သူနှင့်အတူယူဆောင်လာခဲ့သည်။

သူက အသစ်တီထွင်ထားသည့် ဝမ်လင်း2ကို ဝတ်ဆင်ထားပြီးကော်ဖျင်ကို ဝမ်လင်း1အား ဝတ်ဆင်ရန်ပေးလိုက်သည်။

ယခုအခါတွင်မူ သူတို့နှစ်ယောက်လုံးသည် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

ရန်သူကို သတိပေးခြင်းမှ ရှောင်ကျဉ်ရန်အတွက် ဝမ်လင်းကဘုရင်မျက်လုံးကို အသုံးပြုကာ သူတို့အားလုံး၏ ပုံရိပ်နှင့် အော်ရာများကို ဖျောက်ကွယ်ထားလိုက်သည်။

ဤစွမ်းရည်သည် မမြင်နိုင်သောမှော်စွမ်းရည်ထက်ပင် များစွာပို၍အသုံးဝင်၏။

အနက်ရောင်အရိပ် အဖွဲ့ခေါင်းဆောင်က မလိမ်ညာခဲ့ပေ။

ဝမ်လင်းတို့လူစုက လမ်းကြားထဲသို့ ဝင်လာသောအခါတွင် နံရံပေါ်ရှိ ပါးစပ်ကို သတိပြုမိခဲ့ကြသည်။

“ငါတို့ ဘယ်လိုဝင်ရမှာလဲ”

ကော်ဖျင်က မေးလိုက်သည်။

ဝမ်မင်က ဖြစ်နိုင်ချေများစွာကို တွေးတောပြီးနောက် ကော်ဖျင်ကို ပြန်ဖြေလိုက်သည်။

“ပါးစပ်ထဲကို လက်ထည့်ပြီး စကားဝှက်ကို ပြောမှပဲ ဖြစ်နိုင်လိမ့်မယ်.. အကယ်၍ စကားဝှက်မှားရင်တော့ လက်မောင်းက ချက်ချင်း အကိုက်ခံရလိမ့်မယ်.. ပြဿနာကတော့ စကားဝှက်က ဘာလဲဆိုတာ မသိသေးတာပဲ”

“ဒီအတွက်စိတ်မပူပါနဲ့”

ထိုအချိန်တွင် ဝမ်လင်းက ရှေ့သို့တိုးလာခဲ့သည်။

ထို့နောက်တွင် ကျောက်နံရံပေါ်ရှိ ပါးစပ်ကြီးထဲသို့ သူ့လက်ကိုတိုက်ရိုက် ထိုးသွင်းလိုက်ပြီး အနီရောင်လျှာကြီးကို ဆွဲထုတ်လိုက်သည်။

ဝမ်လင်း၏ လုပ်ရပ်ကြောင့် သားရဲပါးစပ်က အလွန်ပင်နာကျင်သွားပြီး လည်ချောင်းများ ရောင်ရမ်းလာသလို ခံစားလိုက်ရသည်။

“ဝူးဝူး”

သားရဲပါးစပ်က အော်ဟစ်လိုက်သည်။

မျက်စိမရှိသောကြောင့် မျက်စိအစား ပါးစပ်ကနေ မျက်ရည်များစီးကျလာသည်။

ဝမ်လင်းက သားရဲပါးစပ်ကို တည်ငြိမ်စွာပင် စိုက်ကြည့်နေခဲ့သည်။

“ငါတို့အထဲဝင်ရအောင်”

သားရဲပါးစပ် “ဝူးဝူး.. ငါမဖွင့်ဘူး.. ငါလုံးဝဖွင့်မပေးနိုင်ဘူး”

ဝမ်လင်းက သူ၏ ခံစားချက်မဲ့ငါးမသာ မျက်လုံးဖြင့် သားရဲပါးစပ်ကို ကြည့်လိုက်သည်။

“မဖွင့်ပေးရင် မင်းကိုငါသေအောင် ရိုက်ပစ်မယ်”

သားရဲပါးစပ် “ငါဖွင့်ပေးပါ့မယ်သခင်ကြီး”

အပိုင်း(၉၈၉) ပြီး၏

All Chapters