ထွက်ရပ်လမ်း
Vol. 117 Ch. 1741
“မင်းရဲ့ အမြုတေစိတ်ဝိညာဥ်ကို ကိုယ်တိုင်ဖျက်ဆီးပစ်တယ်ဆိုရင်တောင် ငါက မင်းရဲ့ခန္ဓာကိုယ်ကို ပြာချပစ်မယ်”
အကြီးအကဲဖုန့်ရ မုန်းတီးစွာပြောလိုက်၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ကြွင်းကျန်ရစ်သော ခန္ဓာကိုယ်ကို ခြေမွှဖျက်ဆီးပြီးနောက် သူ၏ လက်ကို ဝေ့ယမ်းလိုက်၏။ လေထဲတွင် သွေးမြူများက ပျံ့နှံ့သွားလေသည်။ အသက်ဓာတ်အားက ဖျက်ဆီးခံလိုက်ရပြီး အရာရာတိုင်းက ဖုန်မှုန့်အဖြစ် ပြောင်းလဲသွား၏။
အဲ့ဒါက ဘာမှမကျန်အောင် ပြာအဖြစ် ပြောင်းလဲသွားခြင်းဖြစ်လေသည်။
တဗူးနဂါးဖီးနစ်၏ သွေးတစ်စက်ပင်လျှင် ဤလောကမှာ မကျန်ရှိတော့ပေ။
ခွန်လွင်အပျက်အစီးဒေသတွင်...။
ဆူဇီမိုသည် အရာရာတိုင်းကို တိတ်တဆိတ်ဖြင့် ငေးကြည့်နေ၏။
သူ၏ အစစ်အမှန်ခန္ဓာတစ်ခု ဖျက်ဆီးခံရခြင်းက သူ့အတွက် အရမ်းကိုကြီးမားလွန်းသည့် ဆုံးရှုံးမှုတစ်ရပ် မဟုတ်ပေ။
သူနောင်တရမိသည်မှာ အန္တိမသားရဲနတ်ဆိုးကျင့်စဥ်၏ နောက်ဆုံး နတ်ဘုရားစွမ်းအားကို မကျင့်ကြံနိုင်တော့ခြင်းပင်။
“သခင်လေး... ရှင်အဆင်ပြေရဲ့လား”
ဆူဇီမိုကို စိုးရိမ်ပူပန်နေပြီး နန်းကြည်က ညင်သာစွာမေးလိုက်၏။
“ငါအဆင်ပြေပါတယ် “
ဆူဇီမိုက ညင်သာစွာ ခေါင်းခါပြပြီး တီးတိုးရေရွတ်လိုက်၏။
“ကံဆိုးစွာနဲ့ပဲ ငါက နောက်ဆုံး သားရဲဘုရင်ကို မတွေ့မြင်ရတော့ဘူး”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ နောက်ဆုံးမြင်ကွင်းထဲမှာ အလင်းလုံးက ကြေမွပျက်စီးသွားပြီး မီးတောက်လုံးတစ်လုံးသာ ပေါ်ထွက်လာခဲ့၏။
သို့သော်လည်း မီးတောက်လုံးထဲမှာ ဘယ်သားရဲဘုရင်ရှိသည်ဆိုတာကို မတွေ့မြင်နိုင်ခင်မှာပင် သူ၏ အမြုတေစိတ်ဝိညာဥ်ကို ဖောက်ခွဲဖျက်ဆီးခဲ့ရ၏။
“ဟမ်...”
ရုတ်တရက် ရင်တစ်ချက်ထိတ်သွားပြီး သူ၏ အမူအရာက ပြောင်းလဲသွား၏။
“ဘာများဖြစ်လို့လဲ”
နန်းကြည်က မေးလိုက်၏။
ဆူဇီမိုက ထူးဆန်းသော အမူအရာတစ်ခုနှင့်အတူ မျက်မှောင်ကြုတ်လိုက်၏။
ဆူဇီမိုက သူ၏ ခေါင်းကိုသာ ခါပြပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ သေဆုံးသွားသောနေရာသို့ ငေးကြည့်နေ၏။ ပုံမှန်အခြေအနေမှာဆိုလျှင် တဗူးနဂါးဖီးနစ်၏ အမြုတေစိတ်ဝိညာဥ်က သူ့ကိုယ်သူ ဖောက်ခွဲဖျက်ဆီးခဲ့ရပြီး သူ၏ ခန္ဓာကိုယ်ကလည်း ဖျက်ဆီးခံခဲ့ရသည့်အတွက် သူက သေချာပေါက်သေဆုံးသွားရပေမည်။
သူ့အနေဖြင့် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် ဆက်သွယ်မှုတစ်စုံတစ်ရာရရှိဖို့ မဖြစ်နိုင်တော့ပေ။
သို့သော်လည်း ထူးဆန်းသည့်အရာမှာ ဆူဇီမို၏ စိတ်က တည်ငြိမ်လာသောအခါ သူသည် အဝေးမှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အငွေ့အသက်တစ်ခုကို ခံစားမိလာနိုင်ခြင်းဖြစ်၏။
သို့သော်လည်း အဲ့ဒါက အလွန်တရာဖျော့တော့ပြီး သိသာထင်ရှားမှု မရှိပေ။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက အသက်ရှင်နေသေးတာများလား။
ဆူဇီမိုသည် ထိုဖြစ်နိုင်ခြေကို တွေးမိပြီး တုန်လှုပ်သွား၏။
နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်သည် သူ့ကိုယ်သူဖောက်ခွဲဖျက်ဆီးခဲ့ပြီး သူ၏ ဝိညာဥ်က ကြေမွပျက်ပြယ်သွားသည်ကို မျိုးနွယ်စုတစ်သောင်းမှသက်ရှိများအားလုံးက ကိုယ်တိုင်မြင်တွေ့ထားကြလေသည်။ သူ၏ ခန္ဓာကိုယ်က အကြီးအကဲဖုန့်၏ လက်ချက်ဖြင့် ကြေမွပျက်စီးသွားခဲ့လေသည်။ သူက ဘယ်လိုလုပ်အသက်ရှက်နိုင်ဦးမှာလဲ။
ဆူဇီမို၏ အတွေးများ ရူးသွပ်စွာခုန်ပေါက်နေစဥ် သူနှင့် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကြားရှိ ဆက်သွယ်ချက်က ပို၍သိသာထင်ရှားလာ၏။
ဆူဇီမိုသည် ထိုဘက်အရပ်သို့ ငေးမျှော်ကြည့်ရင်း ရင်ထိတ်သွားလေသည်။
မိုးကောင်းကင်ထက်တွင်...။
အကြီးအကဲဖုန့်၏ အမူအရာက ညိုမည်းနေ၏။
သူသည် တဗူးနဂါးဖီးနစ်၏ အရိုးများကို ခြေမွှ၍ ၎င်းကို ပြာအဖြစ်ပြောင်းလဲစေခဲ့သော်လည်း သူ့ရင်ထဲရှိ မကျေမချမ်းမှုများက ပြေပျောက်မသွားသေးပေ။
“အဲ့ဒီမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာရဲ့ တည်နေရာကို ရနိုင်မဲ့ တခြားနည်းလမ်းမရှိတော့ဘူးလား”
အကြီးအကဲဖုန့်သည် ထျန်ဟွမ်ကုန်းမြေတိုက်မှ ဧကရာဇ်လေးပါးကိုကြည့်ပြီး အေးစက်စွာမေးလိုက်၏။
စုန်းမျိုးနွယ်၏ ဧကရာဇ်တစ်ပါးက အလောတကြီးရှေ့တက်ကာပြောလိုက်၏။
“စီနီယာ မဟူရာစုန်း... အထီးကျန်သိုင်းသခင်မှာ မိတ်ဆွေကောင်းတွေအများကြီးရှိတယ်... ကျုပ်တို့က သူတို့ကို ဖမ်းဆီးတာနဲ့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာရဲ့ တည်နေရာကို ရှာဖွေဖော်ထုတ်နိုင်လိမ့်မယ်”
စုန်းမျိုးနွယ်၏ ဧကရာဇ်တစ်ပါးက သူ၏ အသံကို ဖုံးကွယ်ထားခြင်းမရှိသည့်အတွက် ပုံပြောသူ ၊ လုံရန်နှင့် အခြားသောသူများက အဲ့ဒါကိုရှင်းလင်းစွာ ကြားလိုက်ရ၏။
“လခွမ်းပဲ”
လင်းရွှမ်ကျီက ရင်ထဲမှာနင့်သွားပြီး ကျိန်ဆဲလိုက်၏။
“သူတို့က ဘယ်မှာလဲ”
အကြီးအကဲဖုန့်က မေးလိုက်၏။
စုန်းမျိုးနွယ်ဧကရာဇ်သည် နဂါးအရိုးတောင်ကြား ရှိရာဘက်သို့ အလျင်အမြန်လက်ညိုးထိုးပြပြီး ပြောလိုက်လေသည်။
“အဲ့ဒီမှာရှိတဲ့ လူသားမျိုးနွယ်... နဂါး... ခွန်နဲ့ လူရိုင်းမျိုးနွယ်က ဧကရာဇ်တွေ… သူတို့အားလုံးက အထီးကျန်သိုင်းသခင်ရဲ့ မိတ်ဆွေတွေပဲ”
“ကျုပ်တို့က သူတို့ကို ကိုင်တွယ်လို့ မလုံလောက်သေးဘူးဆိုရင် အဲ့ဒီမှာ အထီးကျန်သိုင်းသခင်နဲ့ ပိုပြီးတော့ရင်းနှီးတဲ့ တချို့လူတွေရှိသေးတယ်”
စုန်းမျိုးနွယ်၏ နောက်ထပ်ဧကရာဇ်တစ်ယောက်က မြောက်ပိုင်းဒေသနယ်စပ်ကို လက်ညိုးထိုးပြလိုက်၏။
“မပူပါနဲ့... စီနီယာ မဟူရာစုန်း... အဲ့ဒီလူတွေထဲ ဘယ်သူကမှ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
“ကောင်းပြီလေ”
အကြီးအကဲဖုန့်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။
“အောက်ဘုံက အဲ့ဒီပုရွက်ဆိတ်တွေကို အရင်ဆုံး မေးကြည့်ရတာပေါ့... ငါက ဖန်တီးခြင်းကြာပဒုမ္မာကို ဘာလို့မရှာနိုင်ရမှာလဲ”
စုန်းမျိုးနွယ်မှ ဧကရာဇ်လေးဦးသည် သူတို့၏ ကျောများကိုဆန့်ပြီး နဂါးအရိုးတောင်ကြားအထက်ရှိ ပုံပြောသူနှင့် အခြားသောဧကရာဇ်များကို ကြည့်လိုက်၏။
ဂုဏ်ယူဝံကြွားသော အမူအရာနှင့်အတူ သူတို့က လှမ်းအော်ပြောလိုက်လေသည်။
“ဂမ္ဘီရဧကရာဇ်... အဲ့ဒါက ကံကြွေးပဲ... လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက မင်းက ထာဝရလူသားဧကရာဇ်ကို ဆင့်ခေါ်ခဲ့တုန်းက ဒီလိုနေ့မျိုးရောက်လာဖို့ကို စဥ်းစားမိရဲ့လား”
ပုံပြောသူက ငြိမ်သက်နေ၏။
လွန်ခဲ့သည့် နှစ်တစ်ထောင်က အခြေအနေသည် သူ့ကိုရွေးချယ်ခွင့် မပေးခဲ့ပေ။
လူသားဧကရာဇ် ဆင်းသက်ရောက်ရှိလာခြင်းကြောင့်သာမဟုတ်ရင် ထိုစဥ်ကတည်းက လူသားမျိုးနွယ်က ရှုံးနိမ့်ခဲ့ရမည်ဖြစ်ပြီး သူတို့သည် ဤနေ့ထိပင် အသက်ရှင်နိုင်ချင်မှ ရှင်နိုင်ပေလိမ့်မည်။
သို့သော်လည်း ထာဝရလူသားဧကရာဇ် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ဆင်းသက်လာခြင်းသည် ကောင်းကင်နှင့်မြေကြီး နိယာမများကို ချို့ယွင်းချက်များ ဖြစ်လာစေပြီး အဲ့ဒါကြောင့်ပင် ယနေ့ အထက်ဘုံမှ စုန်းမျိုးနွယ်၏ ပညာရှင်များက ဆင်းသက်လာနိုင်ခြင်းဖြစ်၏။
ဒါ့အပြင် အထက်ဘုံမှစုန်းမျိုးနွယ်ပညာရှင်များ၏ အဆင့်သည် လျော့ကျသွားခြင်းမရှိပေ။ သူတို့သည် အထက်ဘုံ၏ စွမ်းအားများကိုပင် ပိုင်ဆိုင်ထားကြလေသည်။
“အဲ့ဒီပုရွက်ဆိတ်တွေကို ဖမ်းလာခဲ့... သူတို့ကိုတစ်ယောက်ချင်း စစ်မေးကြည့်ရမယ်”
အကြီးအကဲဖုန့်က မှင်သေသေဖြင့် ပြောလိုက်၏။
“ကောင်းပါပြီ”
အထက်ဘုံ၏ အခြားစုန်းခြောက်ယောက်က နာခံစွာနှင့် တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ကြ၏။
ရုတ်တရက်ဆိုသလို...
ဘေးဘက်ရှိလေဟာနယ်ထဲမှ ထူးဆန်းသော စွမ်းအင်အတက်အကျတစ်ခုပေါ်ထွက်လာ၏။
“ဟမ်...”
အကြီးအကဲဖုန့်နှင့် အခြားသူများက လှည့်ကြည့်လိုက်ကြ၏။
မလှမ်းမကမ်းလေဟာနယ်ထဲမှာ လက်တစ်ဆစ်အရွယ်လောက်ရှိသော မီးတောက်မျှင်တစ်ခုက လွင့်မျောလာ၏။ ၎င်းသည် နီရဲ၍ လေတစ်ချက်တိုက်သည်နှင့် ငြိမ်းသေသွားနိုင်သည့်အလား မတည်မငြိမ်ဖြစ်နေ၏။
လေဟာနယ်ထဲမှာ ပျက်ပြယ်ခြင်းမရှိဘဲ စုဖွဲ့လာနိုင်သော မီးတောက်တစ်ခုက သေချာပေါက် တစ်မူထူးခြားမှုရှိလေသည်။
“အဲ့ဒီမီးတောက်ရဲ့အော်ရာက ရင်းနှီးနေသလိုပဲ”
အကြီးအကဲဖုန့်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
“အဲ့ဒါ... ဟိုအလင်းလုံးပဲ”
ရုတ်တရက် အကြီးအကဲဖုန့်က တစ်စုံတစ်ရာကို အမှတ်ရသွား၏။
သူသည် စောစောက တဗူးနဂါးဖီးနစ်၏ ခန္ဓာကိုယ်ကို ခြေမွှဖျက်ဆီးခဲ့သောအခါ သူသည် အလင်းလုံးတစ်လုံးကိုလည်း ခြေမွှခဲ့လေသည်။
ထိုအလင်းလုံးထဲမှာ မီးတောက်လုံးတစ်လုံး လွင့်မျောနေပြီး ၎င်း၏ အော်ရာက ယခုသူရှေ့မှာ မြင်နေရသောအရာနှင့် ထပ်တူထပ်မျှတူညီလေသည်။
“စိတ်ဝင်စားစရာပဲ “
ရုတ်တရက် အကြီးအကဲဖုန့်က ရယ်မောလိုက်၏။
“တဗူးနဂါးဖီးနစ်ရဲ့ ခန္ဓာကိုယ်က ငါ့ရဲ့လက်ဝါးရိုက်ချက်နဲ့ပြာကျသွားတာတောင် အဲ့ဒီမီးတောင်က ငြိမ်းသေမသွားဘူးတဲ့လား”
အချိန်တိုအတွင်းမှာပင် မီးတောက်လုံးက ပို၍ကြီးမားလာ၏။
အစကတော့ ၎င်းသည် လက်တစ်ဆစ်အရွယ်လောက်သာဖြစ်လေသည်။ သိပ်မကြာခင် ၎င်းသည် လက်သီးဆုပ်အရွယ်အဖြစ်ပြောင်းလဲလာပြီး ဒေါသတကြီးလောင်ကျွမ်းကာ အလျှံညီးညီး ဧရာမမီးလုံးတစ်လုံးအဖြစ် ပြောင်းလဲလာခဲ့၏။
မျိုးနွယ်စုတစ်သောင်းမှသက်ရှိများက တွေဝေရှုပ်ထွေးစွာဖြင့် မျက်လုံးပြူးနေကြ၏။
“နတ်ဘုရားစွမ်းအားလား”
အထက်ဘုံမှစုန်းတစ်ယောက်က ရုတ်တရက် ညင်သာစွာ ရေရွတ်လိုက်၏။
ဧရာမမီးလုံးအတွင်းမှာ စွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအားတစ်ခုရှိနေ၏။
“အဲ့ဒါက အန္တိမနတ်ဘုရားစွမ်းအားတစ်ခုပဲ”
အကြီးအကဲဖုန့်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
ထိုအချိန်မှာပင် မီးလုံးထဲကနေ သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး သွေးချီက တရုန်းရုန်းထကြွကာ လျှံထွက်လုနီးပါးဖြစ်လာ၏။
“ဂါး...”
မီးလုံးထဲကနေ နဂါးဖီးနစ်အော်သံကဲ့သို့ ဟိန်းသံတစ်သံက ထွက်ပေါ်လာပြီး လောကတစ်ခွင်ပဲ့တင်ထပ်ကာ မျိုးနွယ်စုတစ်သောင်းကို တုန်လှုပ်သွားစေ၏။
အဲ့ဒါသည် တဗူးနဂါးဖီးနစ်၏ ဟိန်းဟောက်သံဖြစ်၏။
“ဘုရားရေ... တဗူးနဂါးဖီးနစ်က မသေဘူးလား”
“အဲ့ဒါဘယ်လိုဖြစ်နိုင်မှာလဲ... သူ့ရဲ့အမြုတေစိတ်ဝိညာဥ်က သူ့ရဲ့ခန္ဓာကိုယ်နဲ့အတူ ဖျက်ဆီးခံလိုက်ရပြီကို... သူက ဘာလို့မသေရသေးတာလဲ”
ထျန်ဟွမ်ကုန်းမြေတိုက်တစ်ဝန်းမှာ အာမေဋိတ်သံများ ဆက်တိုက်ထွက်ပေါ်လာ၏။
မျိုးနွယ်စုတစ်သောင်းက အုန်းအုန်းကျက်ကျက်ဖြစ်လာကြလေသည်။
“ငါသိပြီ”
ခွန်လွင်အပျက်အစီးနယ်မြေမှာ ဆူဇီမိုက နားလည်သဘောပေါက်သွားဟန်ဖြင့် တီးတိုးရေရွတ်လိုက်၏။
“ဘာဖြစ်သွားခဲ့တာလဲ”
နန်းကြည်က အံ့အားသင့်စွာ ဝမ်းသာစွာဖြင့် မေးလိုက်လေသည်။
ဆူဇီမိုကပြောလိုက်၏။
“စတုတ္ထမြောက်အလင်းလုံးကြေမွပြီးတဲ့နောက် နောက်ဆုံးထွက်ပေါ်လာတဲ့ နတ်ဘုရားစွမ်းအားက ထွက်ရပ်လမ်း နတ်ဘုရားစွမ်းအားပဲ”
ဒဏ္ဍာရီအရဆို မသေနိုင်သော နတ်ဖီးနစ်သည် အင်အားကြီးမားသော စွမ်းအင်တစ်ခု ထွက်ရပ်လမ်းပြန်လည်မွေးဖွားခြင်းကို ပိုင်ဆိုင်ထားလေသည်။
သို့သော်လည်း တကယ်တမ်းမှာတော့ ထွက်ရပ်လမ်း ပြန်လည်မွေးဖွားခြင်းကို ထုတ်ဖော်သည့် တစ်ကြိမ်စီတိုင်းသည် နတ်ဖီးနစ်အတွက် အလွန်တရာအန္တရာယ်များလေသည်။
အကြောင်းမှာ အဲ့ဒါသည် ကျရှုံးနိုင်ခြေ ကိုးဆယ်ရာခိုင်နှုန်းရှိပြီး အောင်မြင်နိုင်ခြေက တစ်ဆယ်ရာခိုင်နှုန်းသာရှိသောကြောင့်ပင်။
အဲ့ဒါကြောင့်... နတ်ဖီးနစ်ပင်လျှင် လုံးလုံးလျားလျား မလိုအပ်သရွေ့ ၎င်း၏ ထွက်ရပ်လမ်းနည်းစနစ်ကို အသုံးပြုလိမ့်မည် မဟုတ်ပေ။
တကယ်တော့... ၎င်းသည် ထွက်ရပ်လမ်းပြန်လည်မွေးဖွားခြင်းမှာ အောင်မြင်သွားမည်ဆိုလျှင် မသေနိုင်သောနတ်ဖီးနစ်၏ တိုက်ခိုက်ရည်ခွန်အားက သိပ်သည်းပြင်းထန်စွာ တိုးပွားလာပေလိမ့်မည်။
နောက်ဆုံး အလင်းလုံးထဲမှာ မီးတောက်များကြားကနေ မွေးဖွားပေါ်ထွက်လာသော နောက်ဆုံးသားရဲဘုရင်က မသေနိုင်သော နတ်ဖီးနစ်ဖြစ်လေသည်။
သို့သော်လည်း ဆူဇီမို၏ မျက်လုံးထဲမှာ ဝမ်းသာပျော်ရွှင်မှုက ရှိမလာပေ။
သူသည် သူ၏ ထွက်ရပ်လမ်းပြန်လည်မွေးဖွားခြင်းမှာ အောင်မြင်ခဲ့ပြီး မီးတောက်များကနေ မွေးဖွားပေါ်ထွက်လာမည်ဆိုလျှင်တောင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ နားလည်ဆင်ခြင်လိုက်သော တတိယမြောက် အန္တိမနတ်ဘုရားစွမ်းအားသည် အကြီးအကဲဖုန့်နှင့် ရင်ဆိုင်ရာမှာ အားနည်းနေဆဲ ဖြစ်၏။
သူက နောက်တစ်ခေါက် သေရရုံသာရှိပေလိမ့်မည်။ ထို့ထက် မပိုနိုင်ပေ။