နင် ဘယ်သူ့ကို တောကောင်လေးလို့ ခေါ်နေတာလဲ
Vol. 117 Ch. 1742
“အဲဒါက ထွက်ရပ်လမ်း နတ်ဘုရားစွမ်းအားပဲ”
အကြီးအကဲဖုန့်က သူ၏ မျက်လုံးကို မှေးကျဉ်းပြီး မီးတောက်များကနေ ဖြန့်ကြက်ထွက်ပေါ်လာသည့် စွမ်းအင် အတက်အကျကို အာရုံခံကြည့်လိုက်၏။
“ဒီနဂါးဖီးနစ်မှာ ဝှက်ဖဲတွေ အများကြီး ရှိနေတာပဲ”
အထက်ဘုံမှ နောက်ထပ် စုန်းတစ်ယောက်က အံ့အားသင့်စွာဖြင့် ပြောလိုက်၏။
အကြီးအကဲဖုန့်က ညင်သာစွာ ပြုံးလိုက်လေသည်။
“အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုဆိုတော့ ထွက်ရပ်လမ်း နတ်ဘုရားစွမ်းအားက တကယ့်ကို စွမ်းအားကြီးမားတာပေါ့.. လူတစ်ယောက်က မီးတောက်တွေထဲကနေ ပြန်လည်မွေးဖွားလာနိုင်တယ်ဆိုတာ သေခြင်း ရှင်ခြင်း နိယာမကို ချိုးဖျက်လိုက်တာနဲ့ အတူတူပဲ”
“ဒါပေမဲ့ ထွက်ရပ်လမ်း နတ်ဘုရားစွမ်းအားရဲ့ ကန့်သတ်မှုကလည်း အရမ်းကို ကြီးမားတယ်.. သူ့ရဲ့ အောင်မြင်နိုင်ခြေက သိပ်မရှိဘူး.. အထက်ဘုံက နတ်ဖီးနစ်မျိုးနွယ်တောင်မှ ထွက်ရပ်လမ်း နတ်ဘုရားစွမ်းအားကို အလွယ်တကူ အသုံးပြုရဲမှာ မဟုတ်ဘူး”
ဘေးမှာ ရှိသော စုန်းအမျိုးသမီးတစ်ယောက်က ပြောလိုက်၏။
“ထွက်ရပ်လမ်း ပြန်လည်မွေးဖွားခြင်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သွားပြီဆိုရင်.. အဲဒီလူရဲ့ တိုက်ခိုက်ရည်ခွန်အားက သိသိသာသာ တိုးလာမယ်လို့ ငါကြားဖူးတယ်”
“အဲ့လိုလား”
အကြီးအကဲဖုန့်က ပြုံးပြလိုက်၏။
“ဒီတောကောင်လေးက အန္တိမ နတ်ဘုရားစွမ်းအားတွေရဲ့ နောက်ထပ် ဆေးကြောသန့်စင်မှုကို ခံယူနိုင်ရုံပါပဲ.. သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားက ဘယ်လောက်ပဲ မြင့်လာ မြင့်လာ.. သူက ငါတို့ကြားက ကွာဟချက်ကို ဖာထေးနိုင်မှာ မဟုတ်ဘူး”
“အဲဒါ အမှန်ပဲ”
အထက်ဘုံ၏ နောက်ထပ် စုန်းတစ်ယောက်ကလည်း ရယ်မော၍ ပြောလိုက်၏။
“အခု နဂါးဖီးနစ်က ပြန်ရှင်လာပြီဆိုတော့ အကြီးအကဲဖုန့်က သူ့ကို ဝိညာဉ်ရှာဖွေလို့ ရပြီပေါ့”
“ဒီတစ်ခေါက်တော့ သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်ကို သူ့ဘာသာသူ ဖောက်ခွဲဖျက်ဆီးလို့ မရစေရတော့ဘူး”
အကြီးအကဲဖုန့်က ပြောလိုက်လေသည်။
ဒေါသူပုန်ထနေသော မီးတောက်များက လေဟာနယ်ထဲမှာ တလိပ်လိပ် ထိုးတက်လာ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် မီးတောက်များကနေ မွေးဖွားလာပြီး သူ၏ အသိစိတ်ကို တဖြည်းဖြည်း ပြန်လည်ရရှိလာ၏။ သူ ကြုံတွေ့နေရသည့်အရာကို သူက နားလည်သဘောပေါက်သွားလေသည်။ ထွက်ရပ်လမ်း နတ်ဘုရားစွမ်းအား၏ စွမ်းအားသည် သူ၏ အသားနှင့် သူ၏ အမြုတေစိတ်ဝိညာဉ်ကို အဆက်မပြတ် ဆေးကြောသန့်စင်ပေးနေ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် သူ၏ စွမ်းအား လျင်မြန်စွာ မြင့်တက်လာနေသည်ကို ရှင်းလင်းစွာ ခံစားမိနိုင်၏။
သူ၏ ခန္ဓာကိုယ်သည် မီးတောက်များဖြင့် လွှမ်းခြုံပြီး ပို၍ပင် မာကြောလာခဲ့၏။
သူ၏ မျိုးဆက်သွေးသည် ထွက်ရပ်လမ်း မီးတောက်များဖြင့် ပို၍ပင် ကြည်လင်သန့်စင်လာ၏။
မီးတောက်များသည် မီးနဂါးများကဲ့သို့ ရစ်ပတ်ရင်း သူ၏ အမြုတေစိတ်ဝိညာဉ်က ပို၍ပင် သိပ်သည်းကျစ်လစ်လာခဲ့၏။
လေထဲမှာ ရပ်နေရင်း သူသည် အတွင်း အပြင် လောင်ကျွမ်းခံနေရသည်နှင့် တူကာ နီရဲနေသော အရောင်အဝါတစ်ခုက ဖြာထွက်လာ၏။
အရင်တုန်းက သူသည် ငရဲစုန်းဧကရာဇ်ကဲ့သို့ ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ် သုံးပါး၏ ဝန်းရံတိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။
ယခုအချိန်တွင် ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ် ငါးပါး ရောက်ရှိလာမည်ဆိုလျှင်တောင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက သူတို့အားလုံးကို သတ်ဖြတ်နိုင်လေသည်။
သို့သော်လည်း နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် အထက်ဘုံမှ စုန်း ၇ဦးကို မီးတောက်များကြားကနေ ကြည့်ရင်း သူ၏ အမူအရာက သုန်မှုန်လာခဲ့၏။
အကြောင်းမှာ သူသည် ထွက်ရပ်လမ်း နတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက တိုးလာခဲ့သည်ဆိုလျှင်တောင် ဤပြောင်းလဲမှုသည် အထက်ဘုံမှ စုန်းမျိုးနွယ်၏ ပညာရှင်များကို ကိုင်တွယ်ဖို့ မလုံလောက်သေးပေ။
ဆူဇီမိုက ကြိတ်၍ သက်ပြင်းချလိုက်၏။
တကယ်တော့ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ပြန်လည်မွေးဖွားလာပြီး သူ၏ အသိစိတ်ကို ရရှိလာသည့် ခဏမှာပင် တျဲယွဲ့၏ စေတနာကို သူက နားလည်လိုက်၏။
တျဲယွဲ့သည် ထွက်ခွာသွားခဲ့သော်လည်း သူမသည် သူ့ကို စိုးရိမ်ပူပန်ပေးခဲ့ဆဲဖြစ်၏။
တကယ်ဆို သူမသည် သူ့အတွက် လက်ဆောင်သုံးခု ချန်ထားပေးခဲ့ပြီး နောက်ဆုံး တတိယမြောက် လက်ဆောင်က ဘာဖြစ်သည်ဆိုတာကို ယခုအချိန်ထိ သူ မသိရှိရသေးပေ။
သို့သော်လည်း ပထမ လက်ဆောင်နှစ်ခုဖြစ်သော အာသောကပန်းနှင့် နတ်ဖီးနစ်အရိုးသည် သူ၏ ကျင့်ကြံမှု လမ်းကြောင်းအတွက် များစွာ အထောက်အကူ ဖြစ်ခဲ့လေသည်။
သူသည် အာသောကပန်းကြောင့် စိတ်ဝိညာဉ်ရင်းမြစ်၏ လုပ်ဆောင်ချက်ကို အစားထိုးပြီး ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်၏။
အာသောကပန်းကြောင့်ပင် သူသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ ရွှေအမြုတေတစ်ယောက်အဖြစ် ပြန်လည်မွေးဖွားပေါ်ထွက်လာနိုင်ခဲ့ခြင်း ဖြစ်၏။
တကယ်ဆို တျဲယွဲ့သည် သူက စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်များကို ခံနိုင်ရည် မရှိမည်ကို စိုးရိမ်၍ နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေရှိ ဘုရားကျောင်းအိုကြီးထဲမှာ စကားလုံးတချို့ကိုပင် ချန်ထားရစ်ခဲ့လေသည်။
နတ်ဖီးနစ်အရိုးကတော့ ၎င်းသည် သူ၏ အသက်ကို ကြိမ်ဖန်များစွာ ကယ်တင်ပေးခဲ့လေသည်။
နောက်ဆုံးမှာတော့ သူသည် နတ်ဖီးနစ်အရိုး၏ မျိုးဆက်သွေးကို နဂါးမျိုးနွယ်၏ မျိုးဆက်သွေးနှင့် ပေါင်းစည်းနိုင်ခဲ့ပြီး အဲဒါကို မျိုးနွယ်စုတစ်သောင်း၏ တဗူး.. နဂါးဖီးနစ်အဖြစ် အသွင်ပြောင်းလဲနိုင်ခဲ့၏။
နောက်ဆုံးမှာတော့ တျဲယွဲ့သည် သူ့အတွက် ထွက်ရပ်လမ်း နတ်ဘုရားစွမ်းအားကို အမွေဆက်ခံဖို့အတွက်ပင် ချန်ထားရစ်ခဲ့လေသည်။
အဲဒါသည် သူ့အတွက် နောက်ထပ် အသက်အပိုတစ်ခု ပေးခဲ့ခြင်းနှင့်ပင် တူလေသည်။
လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲပေးခြင်းဆိုတာ ဘာလဲ..။
အဲဒါအတွက် သူက ဥပမာကောင်းတစ်ခု ဖြစ်၏။
ထွက်ရပ်လမ်း နတ်ဘုရားစွမ်းအား၏ အကူအညီနှင့်အတူ ဆူဇီမိုသည် မီးတောက်များကြားကနေ ပြန်လည်မွေးဖွားလာနိုင်ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားကလည်း ကြီးမားစွာ တိုးလာပေလိမ့်မည်။ သူသည် သူ၏ ရန်သူများကို သတ်ဖြတ်နိုင်ဖို့ အခွင့်အရေးပင် ရှိလာပေလိမ့်မည်။
ပုံမှန်အခြေအနေမှာဆိုလျှင် တကယ်ပင် ထိုသို့ဖြစ်သင့်လေသည်။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ကမ္ဘာဦးမျိုးနွယ်မှ ထိပ်သီးဧကရာဇ်များနှင့် တိုက်ခိုက်ခဲ့စဉ် တဒင်္ဂ အခိုက်အတန့်ကို နားလည်ဆင်ခြင်နိုင်ခဲ့ခြင်း မရှိဘဲ နေရာမှာပင် သတ်ဖြတ်ခံရမည် ဆိုလျှင်တောင် သူသည် ထွက်ရပ်လမ်း ပြန်လည်မွေးဖွားခြင်းကို ကြိုးစားကြည့်ဖို့ အခွင့်အရေးတစ်ခု ရှိလေသည်။
ထိုအချိန်ကျလျှင် သူက ငရဲစုန်းဧကရာဇ်နှင့် အခြားသူများကို သတ်ဖြတ်နိုင်ပေဦးမည်။
ဆူဇီမိုက ခါးသက်စွာ ပြုံးလိုက်၏။
တျဲယွဲ့သည် အရာရာတိုင်းနီးပါးကို ခန့်မှန်းတွက်ချက်ပေးခဲ့၏။
သို့သော်လည်း သူမက အလုံးစုံ သိမြင်သော အနန္တ တန်ခိုးရှင်တစ်ယောက် မဟုတ်ပေ။
ယနေ့ ဆူဇီမို ကြုံနေရသည့် ပြိုင်ဘက်သည် ထျန်ဟွမ်ကုန်းမြေတိုက်မှ မဟုတ်ဘဲ အထက်ဘုံမှ လာခြင်းဖြစ်သည်ကို တျဲယွဲ့ပင်လျှင် ထင်မှတ်ထားခဲ့မိလိမ့်မည် မဟုတ်ပေ။
အဲဒါက ဆူဇီမို လုံးဝ မယှဉ်နိုင်မည့် သန်မာသော ရန်သူများ ဖြစ်လေသည်။
မိုးကောင်းကင်ထက်တွင်..
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ရုတ်တရက် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။
သူ့ဘေးပတ်လည်ရှိ အလျှံညီးညီး မီးတောက်များက မီးတောက်စီးကြောင်းများအသွင် ပြောင်းလဲပြီး သူ၏ နှာခေါင်းပေါက်နှင့် ပါးစပ်ပေါက်များထဲသို့ တလိပ်လိပ် တိုးဝင်ကာ သူ၏ ခန္ဓာကိုယ်၊ သူ၏ မျိုးဆက်သွေးနှင့် ပေါင်းစည်းသွားလေသည်။
တဗူး နဂါးဖီးနစ်က ပြန်လည်မွေးဖွားပေါ်ထွက်လာ၏။
အဲဒါသည် အလွန်တရာ စိတ်လှုပ်ရှားစရာကောင်းသော အတွေ့အကြုံတစ်ခု ဖြစ်သင့်လေသည်။ သို့သော်လည်း လူသားမျိုးနွယ်မှ ဧကရာဇ်များဖြစ်စေ… မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများဖြစ်စေ.. သူတို့အားလုံး၏ မျက်မှာများက သုန်မှုန်နေကြ၏။
ထျန်ဟွမ်ကုန်းမြေတိုက်၏ နေရာတိုင်းကို ပူဆွေးဝမ်းနည်းခြင်း အလွှာတစ်ခုက လွှမ်းခြုံသွားပြီး လေထုက တင်းကျပ်လေးလံလာခဲ့၏။
မျက်လုံးပါသော မည်သူမဆို နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ပြန်လည်မွေးဖွားပေါ်ထွက်လာသည်ကို တွေ့မြင်နိုင်လေသည်။ သို့သော်လည်း မည်သည့်အရာကမှ ပြောင်းလဲသွားတော့မည် မဟုတ်ပေ။ သူက အညှာအတာမဲ့စွာဖြင့် နောက်တစ်ဖန် သတ်ဖြတ်ခံရရုံသာ ရှိပေလိမ့်မည်။
“မင်းက ပြန်ရှင်သန်လာပြီပေါ့.. မဆိုးပါဘူး”
အကြီးအကဲဖုန့်က ပြုံးစစဖြင့် ခေါင်းညိတ်လိုက်ပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာနှင့် ဆက်လက်၍ အချိန်ဖြုန်းမနေတော့ပေ။ သူက သူ၏ ကြောက်စရာကောင်းသော စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ပြီး ထိုသူ၏ အသိစိတ်ကို လုံးဝ ချုပ်နှောင်လိုက်၏။
ဤတစ်ခေါက်မှာ နဂါးဖီးနစ် အမြုတေစိတ်ဝိညာဉ်သည် သူ့ကိုယ်သူ ဖောက်ခွဲဖျက်ဆီးဖို့ အခွင့်အရေးကိုပင် မရရှိတော့ပေ။
အကြီးအကဲဖုန့်က ချဉ်းကပ်လာရင်း နဂါးဖီးနစ် အစစ်အမှန်ခန္ဓာထံသို့ သူ၏ လက်ကို ဆန့်တန်းကာ ဖမ်းဆွဲလိုက်၏။
ထိုလက်ဝါးက ဆင်းသက်မလာခင်မှာပင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ဘေးပတ်လည်ရှိ လေဟာနယ်က ပြိုကျသွားခဲ့ပြီဖြစ်၏။
ရုတ်တရက်ဆိုသလို..
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ သွေးချီက သိပ်သည်းပြင်းထန်သော နှိုးဆွမှုတစ်ခုကို အာရုံခံမိသွားပုံရပြီး သူ့ဘာသာသူ လည်ပတ်လာ၏။ ၎င်းသည် ဆူနာမီအသံနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ သွေးချီက အလျင်အမြန် မြင့်တက်ကာ ၎င်း၏ အကန့်အသတ်ထိ ရောက်ရှိလာနေ၏။
ကြွယ်ဝသော သွေးချီက ဖြန့်ကြက်သွားပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ဘေးပတ်လည်တွင် ကြီးမားသော ခန္ဓာကိုယ်များနှင့်အတူ ကြောက်စရာကောင်းသော သားရဲတောကောင်များက အလျင်အမြန် ဖြစ်ပေါ်လာ၏။
နွားရိုင်းသားရဲဘုရင်..
ကျောက်တုံးဝက်ဝံ သားရဲဘုရင်..
အနာကွန်ဒါ သားရဲဘုရင်..
မျှော်လင့်ချက် မျောက်ဝံ သားရဲဘုရင်..
နတ်မြင်း သားရဲဘုရင်..
ငရဲကျား သားရဲဘုရင်..
တိမ်လွှာကျားသစ် သားရဲဘုရင်..
အထီးကျန်သမုဒ္ဒရာ နဂါးဘုရင်..
ပင်လယ်တည်ငြိမ်လိပ်…
ဧရာမ ရွှေငှက်..
အစွယ်ခြောက်ချောင်း နတ်ဆင်..
အင်မော်တယ် နတ်ဖီးနစ်…
မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ပါးက အသက်ရှိနေသည့်အလား ပေါ်ထွက်လာ၏။ သူတို့၏ အကြည့်များက ကြောက်စရာကောင်းပြီး အလွန်တရာ ကြောက်စရာကောင်းသော အော်ရာတစ်ခုစီကို ဖြာထုတ်ပေးနေကြ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးနယ်မြေ…
သားရဲဘုရင် ၁၂ပါးက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို အလယ်မှာ ထားပြီး ကာကွယ်ပေးနေသည့် မြင်ကွင်းက အလွန်တရာ တုန်လှုပ်စရာကောင်းလေသည်။
သို့သော်လည်း လူသားမျိုးနွယ်မှ ဧကရာဇ်များက အဲဒါကို မကြည့်ရက်နိုင်ဘဲ သက်ပြင်းချလိုက်ကြ၏။
လူတိုင်းအတွက်တော့ အဲဒါသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ နောက်ဆုံးအကြိမ် လှုပ်ရှားရုန်းကန်မှုမျှသာ ဖြစ်လေသည်။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် သူ့ဘေးပတ်လည်တွင် ပေါ်ထွက်လာသည့် သားရဲဘုရင် ၁၂ပါးကို ငေးငိုင်ပျောက်ဆုံးနေသော အမူအရာဖြင့် ကြည့်နေ၏။
ဤတစ်ခေါက်မှာ မျိုးဆက်သွေးနယ်မြေကို သူက ထုတ်ဖော်လိုက်ခြင်း မဟုတ်ပေ။ ထိုအစား ၎င်းသည် သူ့ဘာသာသူ လှည့်ပတ်၍ ပေါ်ထွက်လာခြင်းဖြစ်၏။
“ဟမ်”
အကြီးအကဲဖုန့်က ညင်သာစွာ အော်ငေါက်လိုက်၏။
“ချောင်ပိတ်ရိုက်ခံရတဲ့ တောကောင်တစ်ကောင်ရဲ့ ရုန်းကန်မှုပဲ.. ကြေမွစမ်း”
သူသည် သူ၏ လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်ပြီး သားရဲဘုရင် ၁၂ပါးကို ဖိချေကာ သွေးနီရောင် သားရဲချီအဖြစ် တစ်ဖန်ပြောင်းလဲသွားစေ၏။
အကြီးအကဲဖုန့်၏ လက်ဖဝါးက ဆက်လက်ကျဆင်းလာ၏။
သွေးနီရောင် သားရဲချီက တလိပ်လိပ် ထိုးတက်၍ ပျက်ပြယ်ခြင်း မရှိဘဲ အသွင်ပြောင်းလဲလာနေဆဲ ဖြစ်၏။
တစ်ခဏချင်းမှာပင်.. သားရဲချီများ အားလုံးက ဆူဇီမို၏ ရှေ့မှာ လိပ်ပြာတစ်ကောင်အဖြစ် စုဖွဲ့သွား၏။
လိပ်ပြာက ဆယ်ပေဝန်းကျင်လောက်သာ ရှိပြီး ဖြန့်ကြက်ထားသော ၎င်း၏ တောင်ပံများပေါ်မှာ လပြည်ဝန်းနှစ်ခုကို ခတ်နှိပ်ထား၏။ ၎င်းသည် အေးစက်စက် မျက်လုံးတစ်စုံကဲ့သို့ ဖြစ်ပြီး အကြီးအကဲဖုန့်ကို စိုက်ကြည့်နေ၏။
ရုတ်တရက် အကြီးအကဲဖုန့်သည် မအီမသာ ခံစားလာရကာ ရှင်းမပြတတ်စွာဖြင့် ထိတ်ထိတ်ပျာပျာ ဖြစ်လာခဲ့၏။
ထိုခံစားချက်က သူ့ကို မနှစ်မမျို့ ဖြစ်စေ၏။
“တောကောင်လေး.. မင်း လက်မလျှော့သေးဘူးလား”
အကြီးအကဲဖုန့်၏ အကြည့်က ရက်စက်ကြမ်းတမ်းလာပြီး သူက လှောင်ရယ်လိုက်၏။
“မင်းရဲ့ နယ်မြေဖြစ်စဉ်ကို ငါဖျက်ဆီးပြမယ်.. ကြည့်နေလိုက်”
“နင် ဘယ်သူ့ကို တောကောင်လေးလို့ ခေါ်နေတာလဲ”
ရုတ်တရက်ဆိုသလို..
အေးစက်စက် အသံတစ်သံက လေထဲကနေ ထွက်ပေါ်လာ၏။
အဲဒါက မတိုးလွန်း မကျယ်လွန်းသော အမျိုးသမီးတစ်ယောက်၏ အသံဖြစ်၏။
ထိုအသံ ထွက်ပေါ်လာသောအခါ အခြားသူများက စဉ်းစားမရ ဖြစ်ကုန်ကြလေသည်။
သို့သော်လည်း ဆူဇီမိုသည် ထိုအသံကို ကြားသောအခါ တုန်လှုပ်သွား၏။ သူသည် သွေးနီရောင် လိပ်ပြာကို မယုံကြည်နိုင်စွာ ကြည့်ပြီး သူ၏ ခန္ဓာကိုယ်က ထိန်းချုပ်၍ မရနိုင်အောင် တုန်ယင်လာ၏။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သူသည် ထိုအသံနှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်မှု ရှိလေသည်။