← Chapters

တတိယမြောက် လက်ဆောင်

Vol. 117 Ch. 1743

တတိယမြောက် လက်ဆောင်

Vol. 117 Ch. 1743

“ဘယ်သူ စကားပြောလိုက်တာလဲ”

“အဲဒါက တဗူး နဂါးဖီးနစ်ရဲ့ ဘေးက ထွက်လာတဲ့ပုံပဲ”

“ဟိုလိပ်​ပြာလား.. သူက လူသားဘာသာစကားနဲ့ ပြောလိုက်တာလား”

လူသားမျိုးနွယ်မှ ဧကရာဇ်များက တုန်လှုပ်စွာဖြင့် တိတ်တဆိတ် ဆွေးနွေးလိုက်ကြ၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် သူ့ရှေ့တွင် ရှိသော သွေးနီရောင် လိပ်ပြာကို ကြည့်ပြီး သူ၏ အသက်ရှူသံက သတိလက်လွတ်ဖြင့် သိပ်သည်းလေးလံလာခဲ့၏။ သူသည် မျက်တောင်မခတ်ဘဲ သူ၏ မျက်လုံးကို ဖွင့်ထားဖို့ အတတ်နိုင်ဆုံးသာ ကြိုးစားနေ၏။

အဲဒါက သူ၏ ထင်ယောင်ထင်မှား စိတ်ခံစားချက်တစ်ခု ဖြစ်နေမှာကို စိုးရိမ်နေလေသည်။

သူ မျက်တောင်ခတ်လိုက်သည့် ခဏမှာပင် ထိုလိပ်ပြာက ပျောက်ကွယ်သွားမှာကို သူက စိုးရိမ်နေ၏။

သည့်ယခင်က သွေးရောင်လိပ်ပြာသည် ကြိမ်ဖန်များစွာ စုဖွဲ့လာခဲ့ဖူး၏။

သို့သော်လည်း ဤတစ်ခေါက်မှာတော့ သွေးရောင်လိပ်ပြာက သိသိသာသာ ကွဲပြားခြားနားသွားလေသည်။

“အဲဒီ သွေးလိပ်ပြာက စကားပြောလိုက်တဲ့ပုံပဲ”

အထက်ဘုံမှ စုန်းတစ်ယောက်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

“မျိုးဆက်သွေးနယ်မြေတစ်ခုက တကယ်ပဲ အသက်ဝင်လာတာများလား”

မသိလိုက် မသိဘာသာနှင့်ပင် အကြီးအကဲဖုန့်သည် ပို၍ပင် ထိတ်ထိတ်ပျာပျာဖြစ်ကာ မအီမသာ ခံစားလာရ၏။

သူ၏ အမူအရာက ညိုမည်းလာပြီး​ အေးစက်စွာ ပြောလိုက်၏။

“အဲဒါက ဘာပဲဖြစ်ဖြစ်.. အဲဒါကို ငါ ဖျက်ဆီးပစ်မယ်”

အကြီးအကဲဖုန့်၏ မျက်လုံးထဲတွင် စိမ်းညို့ရောင် အလင်းတစ်ခုက တောက်ပလာပြီး အလွန်တရာ စွမ်းအားကြီးမားသော အင်အားတစ်ခုက သူ၏ လက်ဖဝါးထဲကနေ ပစ်လွင့်ထွက်ပေါ်ကာ သွေးနီရောင် လိပ်ပြာပေါ်သို့ အုပ်မိုးကျဆင်းလာ၏။

ဤတစ်ခေါက်မှာတော့ အကြီးအကဲဖုန့်သည် လုံးဝ ထိန်ချန်ခြင်း မရှိဘဲ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာအပေါ်ကိုပါ အုပ်မိုးလိုက်လေသည်။

သူသည် ဆူဇီမို​၏ ဝိညာဉ်ကို ဆက်လက်၍ ရှာဖွေလိုစိတ် မရှိတော့ပေ။ သူသည် သူ့ရင်ထဲရှိ မအီမသာ ခံစားချက်ကို တတ်နိုင်သမျှ မြန်မြန်ဖြတ်တောက်ချင်ရုံသာ ရှိတော့လေသည်။

သွေးနီရောင် လိပ်ပြာက မလှုပ်မယှက် ရှိနေသည်ဟု ထင်ရ၏။

သို့သော်လည်း သူမ၏ တောင်ပံများက အနည်းငယ် တုန်ခါသွားလေသည်။

ထိုတုန်ခါမှုက အလွန်တရာ ညင်သာပြီး သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ တကယ်တော့ ၎င်းသည် တုန်လှုပ်စရာကောင်းလောက်အောင် မြန်ဆန်ပြီး အခြားသူများ၏ မျက်လုံးထဲမှာ လှုပ်ရှားမှု မရှိသလောက်နီးပါး ဖြစ်နေခြင်းပင်။

သို့သော်လည်း ညင်သာသော ထိုလှုပ်ခတ်မှုအပြီး၌ ကြောက်စရာကောင်းသော စွမ်းအင် အတက်အကျတစ်ခုက လေဟာနယ်ထဲကနေ ပေါက်ကွဲထွက်ပေါ်လာ၏။

ဘေးပတ်လည်ရှိ လေဟာနယ်က ချက်ချင်းပင် ပြိုကျသွားလေသည်။

ဖောက်…

ထို့နောက် ချက်ချင်းပင်.. ကောင်းကင်ထက်မှာ သွေးရောင်က ဖြာလက်သွား၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ ရှေ့မှောက်မှာ အကြီးအကဲဖုန့်၏ ဆန့်တန်းထားသော လက်ဖဝါးက သွေးမြူတစ်ခုအဖြစ် ကြေမွသွားလေသည်။

ထိုမျှသာမကပေ။

ကြောက်စရာကောင်းသော ထိုစွမ်းအားသည် အကြီးအကဲဖုန့်၏ လက်ဖဝါးကနေ သူ၏ လက်တံတစ်လျှောက် လျင်မြန်စွာ ဖြန့်ကြက်လာခဲ့၏။

တစ်ခဏချင်းမှာပင်.. အကြီးအကဲဖုန့်၏ လက်တစ်ပိုင်းက သွေးမှုန်လေးများအဖြစ် ကြေမွကာ ပြန့်ကျဲသွားလေသည်။

“အား..”

အကြီးအကဲဖုန့်က စူးစူးဝါးဝါး အော်ပြီး သူ၏ လက်ကို အလိုလိုရုတ်လိုက်၏။

သူ၏ တုံ့ပြန်မှုက မြန်ဆန်ပြီး အခြားသော လက်တစ်ဖက်ဖြင့် သိုလှောင်အိတ်ကို ပုတ်ကာ အဖြူရောင် အရိုးဆေဘာတစ်လက်ကို ဆင့်ခေါ်ထုတ်လိုက်၏။ သူက အံကို တင်းတင်းကြိတ်ပြီး သူ၏ လက်ကို သူကိုယ်တိုင် ဖြတ်တောက်ပစ်လိုက်လေသည်။

အကြီးအကဲဖုန့်သည် ထိုစွမ်းအား သူ၏ ခန္ဓာကိုယ်ပေါ်သို့ ဖြန့်ကြက်မလာခင်မှာပင် သူ၏ လက်ကို ဖြတ်တောက်ပစ်ခဲ့လေသည်။ သွေးများက ရေပန်းတစ်ခုကဲ့သို့ ပန်းထွက်လာခဲ့၏။

ထိုကဲ့သို့သော ဒဏ်ရာတစ်ခုက အကြီးအကဲဖုန့်အတွက် ပြောပလောက်စရာ မဟုတ်ပေ။

သို့သော်လည်း နာကျင်မှုက အရိုးထိတိုင် စိမ့်နေသည်။

အကြီးအကဲဖုန့်သည် နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ကာ ပြတ်တောက်သွားသော သူ့လက်ကို ပြန်လည်ပေါက်စေချင်လေသည်။ သို့သော်လည်း သူ၏ အမူအရာက အလွန်တရာ ပျက်ယွင်းသွား၏။

အစကတော့ ဤအောက်ဘုံမှာ သူ့ကို ထိခိုက်အောင် လုပ်နိုင်သည့် မည်သည့်သူ သို့မဟုတ် မည်သည့်စွမ်းအားမှ မရှိဟု သူက တွေးထင်ထား၏။

ယခု သူသည် ဤကဲ့သို့သော ထိုးနှက်ချက်တစ်ခုနှင့် တွေ့ကြုံလိုက်ရလေသည်။

အထက်ဘုံမှ စုန်း ၆ယောက်သည်လည်း ယခုအခါမှသာ တုံ့ပြန်လာနိုင်ကြ၏။

အကြီးအကဲဖုန့်က ဒဏ်ရာရရှိသွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

ထျန်ဟွမ်ကုန်းမြေတိုက်တစ်ဝှမ်းမှာ အုန်းအုန်းကျက်ကျက် အသံများ ထွက်ပေါ်လာ၏။

“ဘာတွေဖြစ်ကုန်တာလဲ”

လုံရန်က သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

“အဲဒါက ငါတို့အတွက် ထွက်ပေါက်တစ်ခုများ ဖြစ်မလား”

“ဖြစ်နိုင်လောက်တယ်”

ပုံပြောသူက အလေးအနက် စဉ်းစားတွေးတောပြီး ပြောလိုက်၏။

“သိုင်းဧကရာဇ်ဆိုတာ အစတုန်းက စိတ်ဝိညာဉ်ရင်းမြစ်တောင် မရှိတဲ့ မော်တယ်တစ်ယောက်ပဲ.. ဒါပေမဲ့ သူ့ရဲ့ ကံကြမ္မာကို ပညာရှင်တစ်ဦးက ပြောင်းလဲပေးခဲ့ပြီး သူက ကျင့်ကြံရေးလောကကို ဝင်ရောက်လာနိုင်ခဲ့တယ်”

“အဲဒီပညာရှင်ရဲ့ နည်းလမ်းတွေကို ငါဘယ်လိုမှ မယှဉ်နိုင်ဘူး”

လုံရန်က အံ့အားသင့်စွာဖြင့် မေးလိုက်၏။

“ခင်ဗျားက သွေးနီရောင် လိပ်ပြာကို ပြောနေတာလား.. အဲဒီ လိပ်ပြာက အထက်ဘုံက စုန်း ၇ယောက်ကို တကယ်ပဲ ခုခံနိုင်မှာလား”

“အာ.. အဲဒါတော့ ငါလည်း မပြောတတ်ဘူး”

ပုံပြောသူက ခေါင်းခါပြလိုက်၏။

မိုးကောင်းကင်ထက်တွင်..

အထက်ဘုံမှ စုန်း ၇ဦးသည် သူတို့၏ လက်နက်များကို တစ်ခုပြီးတစ်ခု ဆင့်ခေါ်ထုတ်လိုက်ကြ၏။ သူတို့ထဲမှ အချို့သည် အဖြူရောင် အရိုးတောင်ဝှေးများ ဖြစ်ပြီး သူတို့ထဲမှ အချို့သည် အရိုးဆေဘာများနှင့် လှံများ ဖြစ်လေသည်။ သူတို့က မတူညီသော ပုံစံများ ရှိသော်လည်း လက်နက်တစ်ခုချင်းစီသည် စွမ်းအားကြီးသော အော်ရာတစ်ခုစီကို ပိုင်ဆိုင်ထားကြ၏။

ထိုလက်နက်များကို ဆင့်ခေါ်ထုတ်လိုက်သည့် ခဏမှာပင် ဘေးပတ်ဝန်းကျင် လေဟာနယ်က ဖိအားဒဏ်ကို မခံနိုင်ဘဲ စတင်ပြိုကျလာ၏။

အထက်ဘုံမှ စုန်း ၇ဦးသည် မလှမ်းမကမ်းရှိ သွေးနီရောင် လိပ်ပြာကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ရင်း သူတို့၏ အမူအရာများက တင်းမာခက်ထန်နေကြ၏။

“မင်း ဘယ်သူလဲ”

အကြီးအကဲဖုန့်က သူ၏ မျက်လုံးကို မှေးကျဉ်းပြီး အေးစက်စွာ မေးလိုက်၏။

သွေးလိပ်ပြာက ပြန်ဖြေခြင်း မရှိဘဲ ဘေးပတ်လည်ရှိ လေဟာနယ်က လွင့်မျောသွားလေသည်။

ထို့နောက် ချက်ချင်း လူတိုင်း၏ ရှေ့မှောက်မှာ သွေးလိပ်ပြာသည် အမျိုးသမီးတစ်ယောက်အဖြစ် အသွင်ပြောင်းလဲသွား၏။ သူမက သွေးနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ အနက်ရောင် ဆံပင်များကို ရေတံခွန်တစ်ခုကဲ့သို့ ဖြန့်ချထား၏။ သူမသည် ဘာကိုမှ ဂရုမစိုက်တတ်သော အမူအရာတစ်ခု ရှိပြီး အလွန်တရာ ကြော့ရှင်းတင့်တယ်နေ၏။

ရင်းနှီးနေကျ ထိုပုံရိပ်ကို ကြည့်ပြီး ဆူဇီမိုသည် စိတ်ခံစားချက်များစွာဖြင့် သူ၏ မျက်လုံးများက နီရဲလာ၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှ သက်ရှိများ အားလုံးသည်လည်း သူတို့၏ ခေါင်းများကို မော့ကာ သွေးနီရောင်ဝတ် အမျိုးသမီးကို ကြည့်လိုက်ကြ၏။

ဘာကြောင့်ရယ်မသိ.. ဤအမျိုးသမီးက အလွန်တရာ ချောမောလှပသော်လည်း သူမသည် သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ပြီးနောက် မေ့ဖျောက်၍ မရနိုင်မည့် တစ်မူထူးခြားသော အော်ရာတစ်ခု ရှိလာခဲ့၏။

ပို၍ အရေးကြီးသည်မှာ သွေးနီရောင်ဝတ် အမျိုးသမီး၏ မျက်နှာပေါ်ရှိ မှင်သေသေနှင့် မာနတစ်ခွဲသား အမူအရာဖြစ်ပြီး သူမသည် ဤလောကရှိ မည်သူ့ကိုမှ အဖက်မလုပ်သည့်အလားပင်။

သွေးနီရောင်ဝတ် အမျိုးသမီး ပေါ်ထွက်လာသည့် ခဏမှာပင် လူသားမျိုးနွယ်မှ ဧကရာဇ်များနှင့် လောကရှိ ပညာရှင်များသည် အလိုလို နိမ့်ကျသိမ်ငယ်သွားသည်ဟု ခံစားလိုက်ရ၏။

“အဲဒါ သူပဲ”

မြောက်ပိုင်းဒေသ၏ နယ်စပ်တွင်.. မျောက်က ရုတ်တရက် ပြောလိုက်၏။

“အစ်ကိုမျောက်.. ခင်ဗျား သူ့ကို သိလို့လား”

စိတ်ဝိညာဉ်ကျား၊ ချင်ချင်နှင့် အခြားသော ညီအစ်ကို မောင်နှမများက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလာကြ၏။

“ငါတို့ တစ်ခါတွေ့ခဲ့ဖူးတယ်”

မျောက်က ပြန်ပြောပြလိုက်၏။

“ဒါပေမဲ့ အဲဒါက နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီ.. ကမ်းလန်ရိုးမမှာတုန်းက သူက ငါ့ဆီကို ရုတ်တရက် ရောက်လာပြီး ငါ့ကို ကျင့်ကြံရေး နည်းစနစ်တစ်ခု သင်ကြားပေးခဲ့ဖူးတယ်”

ခဏမျှ ရပ်တန့်ပြီးနောက်.. မျောက်က သူ၏ ခေါင်းကို ကုတ်ကာ တွေဝေရှုပ်ထွေးစွာဖြင့် ပြောလိုက်၏။

“အခုချိန်ထိကို အဲဒါက ဘာလို့လဲဆိုတာ ငါနားမလည်ဘူး”

“အဲဒီအမျိုးသမီးက သခင်လေး မမေ့ဖျောက်နိုင်တဲ့ ဟိုတစ်ယောက်ပဲ ဖြစ်ရမယ်.. ဟုတ်တယ်မလား”

မြေခွေးလေးက သူမ၏ ခေါင်းကို အနည်းငယ် စောင်းငဲ့ပြီး သူမ၏ ပန်းရောင်နှုတ်ခမ်းကို စူကာ ခပ်တိုးတိုး ပြောဆိုလိုက်၏။

လုံရန်က ရင်တစ်ချက်ထိတ်ပြီး အံ့အားတသင့် ရေရွတ်လိုက်၏။

“လက်စသတ်တော့ အဲဒါ သူပဲ”

အရင်တုန်းက တျဲယွဲ့သည် နဂါးသင်္ချိုင်းတောင်ကြားသို့ ဆင်းသက်လာခဲ့ပြီး အသောကပန်းကို လုယူသွားခဲ့လေသည်။

သွေးနီရောင် လိပ်ပြာက သွေးနီရောင် အမျိုးသမီးအဖြစ် အသွင်ပြောင်းလဲလိုက်သော အခါမှသာ လုံရန်က အဲဒါကို နားလည်သိရှိသွား၏။

“အဲဒါက ဟိုစီနီယာပဲ”

နတ်ဖီးနစ်ကျွန်းမှ မိုယင်သည် သွေးနီရောင်ဝတ် အမျိုးသမီးကို တွေ့မြင်သောအခါ စိတ်လှုပ်ရှား တက်ကြွသွားလေသည်။

အရင်တုန်းက ဤသွေးနီရောင်ဝတ် အမျိုးသမီးသည် နတ်ဖီးနစ်ကျွန်းသို့ ဆင်းသက်လာခဲ့ပြီး အကုန်လုံးအပေါ် စီးပိုးခြယ်လှယ်ကာ နတ်ဖီးနစ်အရိုးကို ယူဆောင်သွားခဲ့လေသည်။

ထို့နေ့မှ စ၍ မိုယင်သည် သွေးနီရောင်ဝတ် အမျိုးသမီးကို သူမ၏ စံပြပုဂ္ဂိုလ်အဖြစ် နှစ်နှစ်ကာကာ အသိအမှတ်ပြုခဲ့လေသည်။

မဟာကျိုးမြို့တော်တွင်…

အဝါဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် တွေဝေရှုပ်ထွေးသော.. ခါးသီးသော… စိတ်ပျက်အားငယ်သော အမူအရာနှင့်အတူ ကောင်းကင်ထက်ကို မော့ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။

“ဒါဆို အဲဒါက သူပေါ့လေ..”

မိုးကောင်းကင် အထက်တွင်…

ဆူဇီမိုသည် သွေးနီရောင်ဝတ် အမျိုးသမီး၏ နောက်ကျောကို စိတ်ခံစားချက်များ ရောထွေးနေသော အမူအရာဖြင့် ကြည့်လိုက်၏။ နောက်ဆုံးမှာတော့ သူက ညင်သာစွာ ခေါ်လိုက်လေသည်။

“မိန်း.. မိန်းမပျိုတျဲ.. အဲဒါ ခင်ဗျားမလား”

“ဒါပေါ့.. ငါပဲလေ”

သွေးနီရောင်ဝတ် အမျိုးသမီးက မလှမ်းမကမ်းတွင် ရှိသော ဆူဇီမိုကို လှည့်ကာ ပြုံးပြလိုက်၏။

ဆူဇီမိုက မှင်တက်သွားလေသည်။

ထိုအသံသည် သူ၏ နားထဲမှာ ကြိမ်ဖန်များစွာ ကြားခဲ့ဖူးလေသည်။

ထိုမျက်နှာက သူ့စိတ်ထဲမှာ နှစ်ပေါင်းများစွာ စွဲထင်နေခဲ့သည်။

ဤကဲ့သို့သော အခြေအနေအောက်မှာ သူသည် တျဲယွဲ့နှင့် ပြန်လည်ဆုံဆည်းရလိမ့်မည်ဟု ဆူဇီမိုက ထင်မှတ်မထားပေ။

ဆူဇီမို၏ ရင်ထဲမှာ တျဲယွဲ့ကို ပြောပြချင်သော အကြောင်းအရာပေါင်း သောင်းခြောက်ထောင် ရှိလေသည်။

သူသည် ယခုအချိန်ထိ သူတွေ့ကြုံခဲ့သမျှ အရာရာတိုင်းကို တျဲယွဲ့အား ပြောပြချင်လေသည်။

သို့သော်လည်း သူပြောချင်သည့် စကားလုံးပေါင်း သောင်းခြောက်ထောင်က တစ်ဆို့၍ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေ၏။

“မိန်းမပျိုတျဲ.. ကျုပ်.. ကျုပ် တစ်ခါမှ မတွေးခဲ့ဖူးဘူး.. ခင်ဗျား ဘာလို့..”

ဆူဇီမို၏ အမူအရာက သက်သောင့်သက်သာ မရှိပေ။ ထိုအခိုက်အတန့်မှာ သူသည် သိုင်းဧကရာဇ်ဘွဲ့နှင့် လျော်ညီသော လွှမ်းမိုးခြယ်လှယ်မှုနှင့် ဂုဏ်ကျက်သရေတို့ ဆက်လက်၍ မရှိတော့ဘဲ ရှက်ကိုးရှက်ကန်း ဖြစ်နေသော လူငယ်လေးတစ်ယောက်နှင့်​ တူနေ၏။

တျဲယွဲ့က တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိဘဲ ဆူဇီမိုကို ပြုံး၍သာ ကြည့်နေ၏။

“မိန်းမပျိုတျဲ.. ခင်ဗျား ကျုပ်ကို ပေးခဲ့တဲ့ လက်ဆောင်တွေအတွက် ကျေးဇူးတင်ပါတယ်.. ပထမ လက်ဆောင်နှစ်ခုက ကျုပ်ကို အများကြီး အကူအညီပေးနိုင်ခဲ့တယ်.. ဒါပေမဲ့ တတိယမြောက် လက်ဆောင်က ဘာလဲဆိုတာ…”

ဆူဇီမိုက စိတ်က ရှုပ်ထွေးနောက်ကျိပြီး သူက ဘယ်ကနေ စပြောရမည် မသိပေ။

ထိုစဉ်မှာပင် တျဲယွဲ့က ဆူဇီမို၏ စကားကို ဖြတ်ပြောလိုက်၏။

“တတိယမြောက် လက်ဆောင်က ငါပဲလေ”

All Chapters