နင့်အတွက် ငါလက်စားချေပေးမယ်
Vol. 117 Ch. 1745
တျဲယွဲ့သည် အထက်ဘုံမှ စုန်းမျိုးနွယ် ပညာရှင်၇ဦးကို ဆက်တိုက်သတ်ဖြတ်ပစ်ခဲ့၏။ သူမ၏ ဘေးတွင် မတ်တတ်ရပ်နေသော စုန်းမျိုးနွယ်မှ ဧကရာဇ်လေးပါးသည် လိပ်ပြာလွင့်မတတ်ကြောက်လန့်သွားပြီး သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်လာကာ တဆတ်ဆတ်တုန်ယင်နေကြ၏။
“စီ..စီနီယာ... ကျုပ်..ကျုပ်တို့က..”
စုန်းမျိုးနွယ်မှ ဧကရာဇ်တစ်ပါးသည် အမူအရာလွန်စွာပျက်ယွင်းသွားပြီး သူက တစ်ခုခုကို ရှင်းပြချင်သည့်အလား သူ၏ အသံက တုန်ယင်စွာထွက်ပေါ်လာ၏။
တျဲယွဲ့သည် သူတို့ကို လှည့်ပင်မကြည့်ပေ။ သူမသည် သူတို့လေးယောက်ကို ကျောခိုင်းထားပြီး သူမ၏ အင်္ကျီလက်စကို ညင်သာစွာ ဝေ့ယမ်းလိုက်၏။
လေဟာနယ်က ပြိုကျသွားပြီး လောကက တုန်ခါသွားလေသည်။
ဘုန်း...
အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုက စုန်းမျိုးနွယ်မှ ဧကရာဇ်လေးပါးကို ထိခတ်သွားပြီး သူတို့၏ ခန္ဓာကိုယ်များက နေရာမှာပင်ပေါက်ကွဲထွက်ကာ သွေးမြူများအဖြစ် ပြောင်းလဲသွား၏။
သူတို့၏ အမြုတေစိတ်ဝိညာဥ်များကလည်း နေရာမှာပင် ဖျက်ဆီးခံလိုက်ရ၏။
သူတို့နောက်ဆုံးတွေ့ဆုံခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သော်လည်း တျဲယွဲ့သည် ယခင်အတိုင်း ပြတ်သား၍ မောက်မာဝံ့ကြွားနေဆဲ ဖြစ်၏။
စုန်းမျိုးနွယ်မှ ဧကရာဇ်လေးဦးသည် သနားညှာတာပေးဖို့အတွက် မတောင်းပန်နိုင်ခင်မှာပင် သတ်ဖြတ်ခြင်းခံလိုက်ရ၏။
ဧကရာဇ်တစ်ပါးက အသနားခံတောင်းပန်မည်ဆိုလျှင်ပင် မရပေ။
တျဲယွဲ့သည် သူတို့ပြောသည့် စကားများကို အရေးလုပ်ပြီး နားထောင်မနေနိုင်ပေ။
သူမ၏ အင်္ကျီလက်စကို တစ်ချက်ဝေ့ယမ်းပြီး သူမသည် ဖုန်မှုန့်များကို သုတ်ဖယ်လိုက်သည့်အလား သူမသည် စုန်းမျိုးနွယ်မှ ဧကရာဇ်လေးပါးကို သတ်ဖြတ်ပစ်လိုက်လေသည်။
တျဲယွဲ့သည် သူမ၏ ခေါင်းကို အနည်းငယ်မော့ပြီး မိုးကောင်းကင်ထက်ရှိ အက်ကွဲကြောင်းကို ကြည့်လိုက်လေသည်။ သူမက တီးတိုးရေရွတ်လိုက်၏။
“အဲ့ဒီမဟူရာစုန်းတွေက ဒီနေရာကို ဘေးကင်းလုံခြုံစွာရောက်လာနိုင်တာ အံ့ဩစရာမရှိတော့ဘူး”
ဆူဇီမိုက ရှင်းပြလိုက်၏။
“လွန်ခဲ့တဲ့နှစ်တစ်ထောင်က လူသားမျိုးနွယ်က မဟာကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့နေတဲ့အချိန်မှာ လူသားတစ်ယောက်က ထျန်ဟွမ်ကုန်းမြေတိုက်ကနေ အထက်ဘုံကိုတက်လှမ်းသွားတဲ့ စီနီယာလူသားဧကရာဇ်ကို လျှို့ဝှက်အတတ်တစ်ခုသုံးပြီး ပြန်လည်ဆင့်ခေါ်ခဲ့တယ်”
“စီနီယာလူသားဧကရာဇ်က အဲ့ဒီသတင်းကိုလက်ခံရရှိတဲ့အချိန်မှာ သူက ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့လောကကို ချိုးဖျက်ပြီး အတင်းအကျပ်ဆင်းသက်လာခဲ့တယ်... လူသားမျိုးနွယ်ကို အဲ့ဒီကပ်ဘေးကနေ ကျော်လွှားနိုင်အောင် ကူညီပေးဖို့အတွက် သူကပါ ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့တယ်”
“စီနီယာလူသားဧကရာဇ် မထွက်ခွာခင်က ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့လောကမှာ ချို့ယွင်းချက်ရှိလာပြီး သူ့ရဲ့ နိယာမဥပဒေသတွေက ပြီးပြည့်စုံမှုမရှိတော့တဲ့အတွက် နောင်အနာဂတ်မှာ တခြားသောပြောင်းလဲမှုတွေ ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ စီနီယာလူသားဧကရာဇ်က ကျုပ်ကိုပြောခဲ့ဖူးတယ်”
“အို...”
တျဲယွဲ့က အနည်းငယ် အံ့အားသင့်သွားပုံရ၏။ သို့သော်လည်း သူမ၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်၏။
“လူသားဧကရာဇ်က ဒီလောကကို ချိုးဖျက်ဝင်ရောက်ပြီး အောက်ဘုံရဲ့ ဥပဒေသတွေကို မသေဘဲ တောင့်ခံနိုင်ခဲ့တယ်ဆိုတော့... သူ့မှာ အစွမ်းအစတချို့ရှိတယ်လို့ ပြောရမှာပဲ”
ဆူဇီမိုက တိတ်တဆိတ်ပြောစရာစကားမဲ့သွားရ၏။
စီနီယာလူသားဧကရာဇ်သည် မျိုးနွယ်စုတစ်သောင်းအပေါ် လွှမ်းမိုးခြယ်လှယ်ပြီး ဖိနှိမ်နိုင်ခဲ့၏။ သူက အောက်ဘုံမှာ ပြိုင်ဘက်ကင်းခဲ့ပြီး အထက်ဘုံသို့တက်လှမ်းသွားခဲ့သည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာခဲ့လေပြီ။
သို့သော်လည်း သူက အစွမ်းအစတချို့ရှိသည်ဟုသာ တျဲယွဲ့က ပြောလိုက်လေသည်။
ဆူဇီမိုက ပြုံးပြလိုက်၏။
“အဲ့ဒီအချိန်တုန်းက ကျုပ်က စီနီယာလူသားဧကရာဇ်ကို ခင်ဗျားနဲ့ မဟာအရိုင်းကမ္ဘာအကြောင်းတောင် မေးခဲ့သေးတယ်”
“အဲ့ဒီကနေ နင်ဘာသိလိုက်လဲ”
တျဲယွဲ့၏ မျက်လုံးက ရွေ့လျားသွားပြီး ရေပြင်ကဲ့သို့ လှိုင်းဂယက်များပေါ်ထွက်လာကာ ပြုံးစစဖြင့်မေးလိုက်၏။
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
“သိပ်များများစားစားမရှိဘူး... အဲ့ဒီမှာ လောကသုံးထောင်ရှိတယ်ဆိုတာရယ်... မဟာအရိုင်းကမ္ဘာက အဲ့ဒီထဲက အစိတ်အပိုင်းတစ်ခုဆိုတာရယ်ပဲ သိလိုက်ရတယ်... ဘာပဲပြောပြော စီနီယာလူသားဧကရာဇ်က မဟာအရိုင်းကမ္ဘာကလူ မဟုတ်တဲ့အတွက် သူက အဲ့ဒါနဲ့ ပတ်သက်တဲ့ တချို့အရာတွေကိုပဲ ပြောပြပေးနိုင်တယ်... ဒါပေမဲ့သူက ခင်ဗျားကို မကြားဖူးဘူးတဲ့”
“သူ့ရဲ့ကျင့်ကြံမှုနဲ့ နည်းလမ်းတွေအရ သူက မဟာအရိုင်းကမ္ဘာကိုတော့ ကြားဖူးပြီး ငါ့ကိုမကြားဖူးဘူးတဲ့လား”
တျဲယွဲ့က မျက်ခုံးအနည်းငယ်ပင့်လိုက်၏။
“အဲ့ဒီအချိန်တုန်းက နင်သူ့ကိုဘယ်လိုမေးခဲ့တာလဲ”
ဆူဇီမိုက အနည်းငယ်မှင်တက်သွား၏။
“ကျုပ်က စီနီယာလူသားဧကရာဇ်ကို တျဲယွဲ့ဆိုတဲ့နာမည်ကို ကြားဖူးလားလို့ပဲ မေးခဲ့တာ... ဘာလို့လဲ တစ်ခုခုမှားနေလို့လား”
“တျဲယွဲ့... တျဲယွဲ့...”
တျဲယွဲ့သည် တစ်စုံတစ်ရာကို မှတ်မိသွားပုံရလေသည်။ သူမသည် အနည်းငယ်ဝမ်းနည်းသွားပုံပေါ်ပြီး ညင်သာစွာပြောလိုက်၏။
“အထက်ဘုံလောကမှာ တျဲယွဲ့ဆိုတဲ့နာမည်ကိုသိတဲ့သူက လူငါးယောက်ထက်ပိုမရှိဘူး”
“အာ...”
ဆူဇီမို၏ မျက်လုံးထဲတွင် နားလည်သဘောပေါက်သွားသည့် ပုံရိပ်တစ်ခုထင်ဟပ်လာ၏။
တျဲယွဲ့သည့် အထက်ဘုံနှင့် မဟာအရိုင်းကမ္ဘာမှာ တာအိုဘွဲ့ကဲ့သို့ ဘွဲ့တစ်ခုခုရှိရပေမည်။ သို့သော်လည်း သူသည် လူသားဧကရာဇ်ကို တျဲယွဲ့အကြောင်း တိုက်ရိုက်မေးမြန်းခဲ့လေသည်။ အဲ့ဒါကြောင့် သူက သူမ၏ နာမည်ကို မကြားဖူးသည်မှာ ယုတ္တိရှိလေသည်။
အဲ့ဒါက ထျန်ဟွမ်ကုန်းမြေတိုက်မှာလည်း ထို့အတူပင်။ လူတိုင်းသည် အထီးကျန်သိုင်းသခင်ကို သိရှိကြသော်လည်း သူ၏ နာမည်က ဆူဇီမိုဖြစ်သည်ဆိုတာကို သိရှိသည့်လူက များစွာမရှိပေ။
သူနှင့် အရင်းနှီးဆုံးသူများသာလျှင် သူ၏ နာမည်အရင်းကို သိကြလေသည်။
တျဲယွဲ့၏ နာမည်ကို သိရှိထားသည့်လူက လူငါးယောက်ထက် ပိုမရှိပေ။
သူက ထိုသူများထဲမှ တစ်ယောက်ဖြစ်၏။
ထိုသို့အတွေးဖြင့် ဆူဇီမိုသည် ရုတ်တရက် နွေးထွေးမှုနှင့် ဝံ့ကြွားမှုတစ်ခုကို ခံစားလိုက်ရ၏။
တျဲယွဲ့က ပြောလိုက်၏။
“နင်သူနဲ့ ထပ်တွေ့ဦးမယ်ဆို သူ့ကို မဟာအရိုင်းကမ္ဘာက သွေးလိပ်ပြာအကြောင်းမေးကြည့်လိုက်”
ဆူဇီမိုက ပြုံးပြလိုက်၏။
“အဲ့ဒါဆိုရင်တော့ အထက်ဘုံကို ကျုပ်တက်လှမ်းလာမဲ့အချိန်ကို ခင်ဗျားစောင့်နေရလိမ့်မယ်”
“နင့်ရဲ့ကျင့်ကြံမှုအဆင့်က အထက်ဘုံကိုတက်လှမ်းချင်တယ်ဆိုရင် လုံလောက်နေပြီပဲ”
တျဲယွဲ့က ဆူဇိမိုကိုကြည့်ပြီး ချီးကျူးလိုသည့် အရိပ်အမြွက်တစ်ခုနှင့်အတူ မသိမသာခေါင်းညိတ်ပြလိုက်၏။
“နင်က... ဒီအဆင့်ထိ ကျင့်ကြံနိုင်ခဲ့တာ... ငါတွေးထင်ထားတာထက် ကျော်လွန်နေခဲ့ပြီပဲ”
“အဲ့ဒါက အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ရယ်... အသောကပန်းရယ်... နတ်ဖီးနစ်အရိုးရယ်ကို ကျေးဇူးတင်ရမှာပဲ”
ဆူဇီမိုက ပြောလိုက်၏။
“ခင်ဗျားက ကျုပ်အတွက် အဲ့ဒါတွေကို မစီစဥ်ပေးခဲ့ဘူးဆိုရင် ကျုပ်က သေဆုံးသွားခဲ့တာ ကြာနေလောက်ပြီ”
တျဲယွဲ့က ပြောလိုက်၏။
“ငါက နင့်အတွက် အဲ့ဒီလက်ဆောင်သုံးခုကို ချန်ထားပေးခဲ့တယ်ဆိုပေမဲ့ နင်ဘယ်လောက်ဝေးဝေး လျှောက်လှမ်းနိုင်တယ်ဆိုတာကတော့ နင့်ရဲ့ကိုယ်ပိုင်အားထုတ်မှုနဲ့ ကံကြမ္မာပေါ်မူတည်တယ်”
“ပြောရမယ်ဆိုရင်... နင်က နောက်ဆုံးဒီနေ့မှာ သားရဲဘုရင် ၁၂ပါးကို မစုဖွဲ့နိုင်ခဲ့ဘူးဆိုရင် နင်က ငါ့ကိုမြင်ရမှာ မဟုတ်သလို ငါကလည်း နင့်ကို အရေးလုပ်နေမှာ မဟုတ်ဘူး”
ထိုစကားသည် တျဲယွဲ့၏ သွင်ပြင်ဟန်ပန်နှင့် လုံးဝကိုက်ညီမှုရှိလေသည်။ ထိုစကားက အေးစက်၍ နှလုံးသားကင်းမဲ့သည့်ပုံပေါ်လေသည်။
တျဲယွဲ့က ဆက်ပြောလိုက်၏။
“နင်က မမျှော်လင့်ထားတဲ့ တစ်စုံတစ်ရာနဲ့ ကြုံတွေ့လိုက်ရတာပဲ... ငါက နင့်အတွက် နတ်ဖီးနစ်အရိုးကို ချန်ထားပေးခဲ့တယ်... ဒါပေမဲ့ နင်ကအဲ့ဒါကို နဂါးမျိုးဆက်သွေးနဲ့ ပေါင်းစည်းပြီး နဂါးဖီးနစ်တစ်ကောင်ဖြစ်လာခဲ့တယ်”
သူသည် တျဲယွဲ့၏ စကားကို ကြားသောအခါ ဆူဇီမိုသည် ပင်ယန်းမြို့ရှိ ထိုစံအိမ်မှာ ကျင့်ကြံဖို့အတွက် သူ့ကို တျဲယွဲ့ခေါ်ဆောင်ခဲ့သည့် အတိတ်ကာလကို ပြန်လည်ရောက်ရှိသွားသည်ဟုထင်ရ၏။
သူသည် ဝံ့ကြွားမှုတစ်ခုကို ခံစားမိလိုက်ပြီး သူက ရယ်မောလိုက်လေသည်။
“မိန်းမပျိုတျဲ... ကျုပ်ရဲ့အောင်မြင်ထွန်းပေါက်မှုက အဲ့ဒါတင်မကဘူး”
“ဟိုအစိမ်းရောင်ကြာပန်းကိုယ်ပွားကို ပြောတာမလား... ငါအဲ့ဒါကို မြင်ပြီးပါပြီ”
တျဲယွဲ့သည် တည်ငြိမ်သောအမူအရာနှင့်အတူ ခွန်လွင်အပျက်အစီးဒေသရှိရာဘက်သို့ ကြည့်လိုက်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဲ့ဒီမှာ မည်သည့်မျိုးဆက်သွေးအော်ရာကိုမှ ထုတ်ဖော်ထားခြင်းမရှိသော်လည်း သူသည် တျဲယွဲ့၏ အာရုံခံအသိစိတ်ကနေ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
“အဲ့ဒါတင် မကသေးဘူး”
ဆူဇီမို၏ မျက်လုံးက ကြည်လင်တောက်ပနေ၏။
“အို... ဟုတ်လား”
တျဲယွဲ့က ခဏမျှစဥ်းစားတွေတောပြီး ခေါင်းခါပြလိုက်၏။
“အဲ့ဒါအပြင်တော့ ငါဘာမှ မသိတော့ဘူး... နင်ပြောလာမှာကိုပဲ ငါစောင့်ရတော့မယ်”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
သူမ၏ ခွန်အားနှင့်ပင်လျှင် တျဲယွဲ့သည် သိုင်းတာအိုပင်မခန္ဓာ၏ တည်ရှိမှုကို အာရုံမခံနိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာက တကယ့်ကို ထူးခြားမှုတစ်ခုဖြစ်၏။
ဆူဇီမိုက သူ၏ ပါးစပ်ကိုဟပြီး သိုင်းတာအိုပင်မခန္ဓာအကြောင်းကို ပြောချင်လေသည်။
သို့သော်လည်း နောက်တစ်ဖန်ပြန်တွေးပြီးနောက် သူကအဲ့ဒါကို မပြောတော့ပေ။
အကြောင်းမှာ သူသည် တျဲယွဲ့ထံမှ တစ်စုံတစ်ရာကို ဖုံးကွယ်ထားချင်သောကြောင့် မဟုတ်ပေ။
အကြောင်းမှာ ယခုအချိန်ထိကို သူသည် သိုင်းတာအိုပင်မခန္ဓာ၏ အငွေ့အသက်ကို ရှာမတွေ့နိုင်သောကြောင့်ဖြစ်၏။
ဒါ့အပြင် သူ့နှလုံးသား၏ အနက်ပိုင်းထဲမှာ သူသည် သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့ ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံနိုင်မည့်နေ့ကို တိတ်တဆိတ်မျှော်လင့်တမ်းတနေ၏။
အတိအကျဆိုရလျှင် သိုင်းတာအိုပင်မခန္ဓာက ဆူဇီမိုဖြစ်၏။
လက်ရှိ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အစစ်အမှန်သူ မဟုတ်ပေ။ လက်ရှိတျဲယွဲ့ကလည်း အစစ်အမှန်တျဲယွဲ့ မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့တွေ့ဆုံမည့်နေ့သည် သူတို့နှစ်ယောက်ကြား အစစ်အမှန်ဆုံစည်းမှုဖြစ်လာပေလိမ့်မည်။
ဆူဇီမိုက စကားပြောချင်သော်လည်း ရပ်တန့်လိုက်သည်ကို သူမတွေမြင်သောအခါ သူမက ထပ်မံ၍ မေးမြန်းခြင်း မရှိတော့ပေ။ သူမက ပြုံးရုံသာပြုံး၍ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ အကြည့်များကို လျစ်လျူရှုလိုက်၏။
သူမက ဆူဇီမို၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်လေသည်။
“သွားကြရအောင်”
လူတိုင်း၏ ရှေ့မှောက်မှာ တျဲယွဲ့သည် သူ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သောအခါ ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။ သူ၏ မျက်နှာက နီမြန်းသွားပြီး အလိုလိုမေးလိုက်၏။
“ဘယ်ကိုသွားမှာလဲ”
တျဲယွဲ့၏ အကြည့်က စုန်းမျိုးနွယ်၏ ဘိုးဘေးကုန်းမြေပေါ်သို့ ဆင်းသက်သွားလေသည်။ အေးစက်နေသောအမူအရာနှင့်အတူ သူမက ပြောလိုက်၏။
“အဲ့ဒီစုန်းတွေက နင့်ကိုအနိုင်ကျင့်ဖို့အတွက် အထက်ဘုံက သူတို့ရဲ့မျိုးနွယ်ဝင်တွေကို ဆင့်ခေါ်ခဲ့တယ်မလား... ငါသာရောက်မလာဘူးဆိုရင် နင်က သေသွားရလိမ့်မယ်”
“ငါ အဲ့ဒီကိစ္စကို ဒီတိုင်းထားမပေးနိုင်ဘူး... ငါ နင့်ကိုလက်စားချေရအောင် ကူညီပေးမယ်”
ဆူဇီမို၏ စိတ်အာရုံအများစုက တျဲယွဲ့၏ လက်ဖဝါးပေါ်သို့ ရောက်ရှိနေ၏။
ထိုလက်ဖဝါးက ဖော်မပြတတ်အောင် နူးညံ့ပြီး သိမ်မွေ့နေသည်ကို သူက ခံစားရ၏။
တကယ်ဆို... သူကပင် အရင်စ၍ တျဲယွဲ့၏ လက်ကို ဆုပ်ကိုင်ဖို့ သူ၏ ရင်ထဲမှာ လှုံ့ဆော်မှုတစ်ခုရှိနေ၏။
ဆူဇီမိုက ပြုံးပြလိုက်၏။
“တကယ်တော့... ပြောရမယ်ဆိုရင်... အထက်ဘုံကနေ ဆင်းသက်လာပြီး အရင်ဆုံး အနိုင်ကျင့်ခဲ့တဲ့လူက ကျုပ်တို့လူသားမျိုးနွယ်က ဧကရာဇ်တစ်ပါး…”
“ဟွန်း”
တျဲယွဲ့၏ အမူအရာက ပုံမှန်အတိုင်းသာရှိပြီး သူမက မှင်သေသေဖြင့် ပြောလိုက်၏။
“နင်က တခြားသူတွေကို အနိုင်ကျင့်လို့ရတယ်.. ဒါပေမဲ့ နင့်ကိုတော့ ဘယ်သူမှ အနိုင်ကျင့်လို့ မရဘူး”