အထက်ဘုံသို့ တက်လှမ်းဖို့
Vol. 117 Ch. 1746
အဲ့ဒါက အခြားတစ်ယောက်ယောက်သာဆိုလျှင် ထိုစကားက အတော်လေးကို စီးပိုးလွန်းရာ ကျနေပေလိမ့်မည်။ သို့သော်လည်း တျဲယွဲ့က ထိုစကားကို ပြောလိုက်သောအခါ မည်သူကမှ မေးခွန်းမထုတ်ရဲကြပေ။ ဒါ့အပြင် အဲ့ဒါက ယုတ္တိတန်ပြီး မျှတသည်ဟု ထင်ရလေသည်။
တစ်ခဏချင်းမှာပင် တျဲယွဲ့သည် စုန်းမျိုးနွယ်၏ ဘိုးဘေးကုန်းမြေရှိရာသို့ ဆူဇီမိုကို ခေါ်ဆောင်သွားခဲ့ပြီဖြစ်၏။
ထိုအခိုက်အတန့်မှာ စုန်းတစ်သိန်းသည် စုန်းမျိုးနွယ်ဘိုးဘေးကုန်းမြေ၏ အထက် တောင်ကြားမှာ စုဝေးနေကြပြီး မိုးကောင်းကင်ထက်ရှိ တျဲယွဲ့နှင့် ဆူဇီမိုကို မော့ကြည့်လိုက်ကြ၏။
စုန်းအချို့သည် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြပြီဖြစ်ပြီး သူတို့က မြေပြင်ပေါ်မှာ ဒူးထောက်ချကာ အသနားခံတောင်းပန်လိုက်ကြ၏။
စုန်းအချို့က သူတို့၏ ခေါင်းများကိုမော့၍ အကြောက်အလန့်ကင်းမဲ့စွာဖြင့် အော်ဟစ်လိုက်ကြ၏။
“နတ်ဆိုးမ... သိပ်ပြီးတော့မောက်မာမနေနဲ့... အထက်ဘုံမှာရှိတဲ့ စုန်းမျိုးနွယ်ရဲ့ပညာရှင်တွေက အဲ့ဒီသတင်းကို ရရှိသွားပြီ... သိပ်မကြာခင် သူတို့က နင့်ကိုသတ်ဖို့အတွက်ရောက်လာလိမ့်မယ်”
“နတ်ဆိုးမ... ဒီနေရာကနေ မြန်မြန်ဆန်ဆန် ထွက်သွားဖို့ မင်းကို အကြံပေးလိုက်မယ်”
တျဲယွဲ့၏ အမူအရာက တည်ငြိမ်နေပြီး အောက်ဘက်မှ အော်ဟစ်သံများနှင့် ကျိန်ဆဲသံများကို ကြားရသောအခါ သူမ၏ မျက်လုံးထဲမှာ မည်သည့်စိတ်ခံစားချက်မှ ရှိမလာပေ။
ဆူဇီမိုက တစ်ချက်စွေကြည့်လိုက်၏။
တျဲယွဲ့က တကယ်ပင် ဂရုမစိုက်ဘူးဆိုတာကို သူပြောနိုင်လေသည်။
သူတို့၏ ခြေဖဝါးအောက်ရှိ ပုရွက်ဆိတ်များက မောက်မာစွာဖြင့် လက်သီးလက်မောင်းတန်း၍ အော်ဟစ်နေသည်ကို ဘယ်သူက ဂရုစိုက်ပါ့မလဲ။
တျဲယွဲ့က လုံးဝလှုပ်ရှားခြင်းမရှိပေ။ သူမသည် သူမ၏ လက်ဖဝါးကိုသာ အသာအယာဆန့်ထုတ်ပြီး ဖိချလိုက်၏။
အဲ့ဒါက နှေးကွေးသောလှုပ်ရှားမှုတစ်ခုဖြစ်၏။
သို့သော်လည်း ကျောက်စိမ်းဖြူရောင်လက်ဝါး ဆင်းသက်လာသောအခါ ကောင်းကင်က ရုတ်တရက်မှောင်မည်းသွား၏။
တောင်ကြားထဲမှာ ကျိန်ဆဲနေကြသော စုန်းအချို့သည် ရုတ်တရက် သူတို့၏ ပါးစပ်များကိုပိတ်ပြီး မျက်လုံးများပြူးကျယ်သွားကြ၏။ ကြီးမားသောအရိပ်တစ်ခုက သူတို့ပေါ်သို့ အုပ်မိုးလာခဲ့လေသည်။
စုန်းများ၏ မျက်လုံးထဲမှာ အဆုံးမဲ့သော စိတ်ပျက်အားငယ်မှုက ပြည့်နှက်လာ၏။
စုန်းအချို့သည် တောင်ကြားထဲကနေ ထွက်ပြေးဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားလိုက်ကြ၏။
သို့သော်လည်း သူတို့က မည်သို့ပင်ထွက်ပြေးသည်ဖြစ်စေ သူတို့သည် ဧရာမအရိပ်ထံမှ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိပေ။
ကောင်းကင်က သူတို့ပေါ်သို့ ပြိုကျလာသည့်အလားပင်။
အဲ့ဒီမှာ ပုန်းကွယ်ဖို့အတွက် နေရာမရှိတော့ပေ။ မည်သည့်သက်ရှိကမှ ထိုအရိပ်အောက်ကနေ ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။
စောစောက ကျိန်ဆဲနေသော စုန်းများသည် စိတ်ဓာတ်များပြိုလဲသွားပြီဖြစ်ပြီး မြေပြင်ပေါ်မှာ ဒူးထောက်ချကာ သနားညှာတာပေးဖို့အတွက် ငိုယိုအော်ဟစ်တောင်းပန်လိုက်ကြ၏။
စုန်းမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်အချို့သည် သူတို့၏ ဓမ္မရတနာများကို ဆင့်ခေါ်ထုတ်ပြီး ကောင်းကင်ထက်ရှိ အရိပ်ရှိရာသို့ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်ကြ၏။ သို့သော်လည်း ထိုဓမ္မရတနာများနှင့် နတ်ဘုရားစွမ်းအားများသည် အရိပ်ထဲသို့ ဝင်ရောက်သောအခါ မည်သည့်ဝဲဂယက်ကိုမှ ဖြာထွက်မလာစေပေ။
ဓမ္မရတနာများနှင့် နတ်ဘုရားစွမ်းအားများသည် တျဲယွဲ့၏ လက်ဖဝါးထံမှ ထိချက်တစ်ချက်ဖြင့် ကြေမွပျက်စီးသွား၏။
တျဲယွဲ့၏ လက်ဝါးက ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။
သူတို့ခြေထောက်အောက်ရှိတောင်ကြားနှင့် သူတို့ကြားမှာ ကြီးမားသောလေဟာနယ်တစ်ခုက ရှင်းလင်းစွာရှိနေ၏။ သို့သော်လည်း တောင်ကြားထဲသို့ ကမ္ဘာဖျက်ကပ်ဘေးတစ်ခု ဆင်းသက်လာသည့်အလား အော်ဟစ်သံ ၊ ငိုယိုသံ ၊ ဟိန်းဟောက်သံ ၊ အသနားခံတောင်းပန်သံနှင့် စူးစူးဝါးဝါးအော်သံများက ရောထွေးသွားလေသည်။
တျဲယွဲ့၏ လက်ဖဝါးက ဖိခြေကျဆင်းလာခဲ့၏။
ဘုန်း...
ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါစေသည့် ကျယ်လောင်သောမြည်သံတစ်သံက ထွက်ပေါ်လာ၏။
ထျန်ဟွမ်ကုန်းမြေတိုက်တစ်ခုလုံးက တုန်ခါသွားသည်ဟု ထင်ရ၏။
စောစောက ထွက်ပေါ်လာသောအသံများအားလုံးက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။
ကျယ်လောင်သော ထိုအသံအပြီး၌ ထျန်ဟွမ်ကုန်းမြေတိုက်က အတန်ကြာသည့်အထိ တိတ်ဆိတ်ငြိမ်သက်သွား၏။
အရာရာတိုင်းက တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
လူသားမျိုးနွယ်မှ ဧကရာဇ်များနှင့် လောကမှ ပညာရှင်များသည် မိုးကောင်းကင်ထက်သို့ ပျံတက်ပြီး အလယ်ပိုင်းတိုက်၏ တောင်ကြားကိုငုံ့ကြည့်လိုက်ကြ၏။
အတိအကျဆိုရလျှင် တောင်ကြားက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
၎င်း၏ နေရာမှာ ကြီးမားသော လက်ဝါးရာကြီးတစ်ခုက အလွန်တရာချောက်ချားစရာကောင်းသောပုံစံဖြင့် နက်ရှိုင်းစွာချိုင့်ဝင်နေ၏။
လက်ဝါးရာထဲမှာ သွေးများက ပြည့်နှက်နေပြီး အသက်ဓာတ်များအားလုံးက ပျောက်ဆုံးသွားလေသည်။
စုန်းမျိုးနွယ် တစ်သိန်းကျော်က ခြွင်းချက်မရှိ သေဆုံးသွားရ၏။
ဆူဇီမိုက ထိုမြင်ကွင်းမှာ အံအားသင့်သွားခြင်း မရှိပေ။
အရင်တုန်းက သူသည် ပျော်ရွှင်ဖွယ်ကလန်မှ ကျင့်ကြံသူများ၏ သတ်ဖြတ်ခြင်းခံရလုနီးပါးဖြစ်ခဲ့၏။ တျဲယွဲ့ပေါ်ထွက်လာပြီး သူမသည် ပျော်ရွှင်ဖွယ်ကလန်တစ်ခုလုံးကို သတ်ဖြတ်ပစ်ခဲ့၏။
အဲ့ဒါသည် တျဲယွဲ့၏ ပုံစံဟန်ပန် ဖြစ်လေသည်။
စုန်းမျိုးနွယ်သည် အထက်ဘုံမှ ပညာရှင်များကို ဆင့်ခေါ်ခဲ့စဥ်က သူတို့မှာကောင်းမွန်သော မည်သည့်ရည်ရွယ်ချက်မှ မရှိခဲ့ပေ။
တျဲယွဲ့က ဆင်းသက်မလာခဲ့ဘူးဆိုလျှင် အထက်ဘုံမှလာသော စုန်းပညာရှင်များသည် ထင်တိုင်းကျဲသတ်ဖြတ်ကြမည်ဖြစ်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ရှိ မျိုးနွယ်အများစုက ဆိတ်သုဥ်းပျောက်ကွယ်သွားရပေလိမ့်မည်။
ထိုစုန်းများသည် ဤကဲ့သို့သောအခြေအနေနှင့် အဆုံးသတ်ရဖို့ ထိုက်တန်လေသည်။
ဆူဇီမိုသာ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားသော်လည်း အခြားလူတိုင်းက လိပ်ပြာလွင့်မတတ် ကြောက်လန့်ကုန်ကြ၏။
လူသားမျိုးနွယ်မှ ဧကရာဇ်များ ၊ လုံရန်နှင့် အခြားသူများပင်လျှင် သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်သွားကြ၏။
“သူမက အရမ်းကိုစီးပိုးခြယ်လှယ်လွန်းမနေဘူးလား”
လုံရန်က တွံတွေးကိုမျိုချပြီး တီးတိုးပြောဆိုလိုက်၏။
“သူက ဆူဇီမိုအတွက် လက်စားချေပေးချင်ရုံနဲ့ စုန်းမျိုးနွယ်တစ်ခုလုံးကို ဒီတိုင်းပဲ ဖျက်ဆီးချေမှုန်းပစ်လိုက်တယ်... အဲ့ဒီပညာရှင်သာ အမှန်တကယ် ဒေါသထွက်လာမယ်ဆိုရင် ဘာတွေဖြစ်ကုန်မလဲ”
လုံရန်သည် တျဲယွဲ့ကို အရင်ကမြင်ဖူးခဲ့သော်လည်း ထိုပုဂ္ဂိုလ်သည် ဤမျှလောက်ကြောက်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူပင်ထင်မှတ်မထားခဲ့ပေ။
ဘေးမှာရှိသော ခွန်မျိုးနွယ်မှ ဧကရာဇ်တစ်ပါးက အသက်တစ်ချက်ရှိုက်ပြီး သူ့ကိုယ်သူ ဣန္ဒြေဆည်ကာပြောလိုက်၏။
“တော်သေးတာပေါ့... ငါတို့က သူနဲ့ရန်ဖက်တွေ မဖြစ်ခဲ့ကြလို့”
ပုံပြောအဖိုးအို၏ မျက်လုံးက စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေဆဲ ဖြစ်ပြီး သူက ညင်သာစွာပြောလိုက်၏။
“အကြီးအကဲဖုန့်ပြောသလို... အထက်ဘုံက ပညာရှင်တွေဆင်းသက်လာဦးမယ်ဆိုရင် အဲ့ဒီစီနီယာက တစ်ယောက်တည်းနဲ့ ကိုင်တွယ်ဖို့ လွယ်မှာမဟုတ်လောက်ဘူး”
“ဘာပဲပြောပြော... လက်သီးနှစ်ဖက်က လက်လေးဖက်ကို ယှဥ်နိုင်မှာ မဟုတ်ဘူး... နောက်ပြီး အထက်ဘုံက အရမ်းကိုကျယ်ပြောတဲ့နေရာတစ်ခုပဲ... အဲ့ဒီမှာ ပိုတော်တဲ့တစ်ယောက်ယောက်က အမြဲတမ်းရှိနေနိုင်တယ်”
ထိုစကားကိုကြားရချိန်မှာ အခြားသောဧကရာဇ်များကလည်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြ၏။
အတိအကျဆိုရလျှင် ထျန်ဟွမ်ကုန်းမြေတိုက်၏ အကျပ်အတည်းက ပြီးဆုံးမသွားသေးပေ။
မိုးကောင်းကင်ထက်တွင်...
စုန်းမျိုးနွယ်ကို သတ်ဖြတ်ပြီးနောက် တျဲယွဲ့သည် တည်ငြိမ်သောအမူအရာနှင့်အတူ သူမ၏ လက်ဖဝါးကို ရုပ်သိမ်းလိုက်၏။
သူမသည် ထမင်းစားရေသောက် သာမန်လုပ်ရိုးလုပ်စဥ်တစ်ခုကို ပြုလုပ်လိုက်သည့်အလားပင်။
သူမက ဘေးသို့တစ်ချက်စွေကြည့်လိုက်၏။ ဆူဇီမိုက တစ်ခုခုပြောချင်သော်လည်း ရပ်တန့်လိုက်သည်ကို တွေ့မြင်သောအခါ သူမက ပြောလိုက်လေသည်။
“နင့်စိတ်ထဲမှာ တစ်ခုခုရှိရင် ပြောလေ”
“မိန်းမပျိုတျဲ... ကျုပ်က အထက်ဘုံကိုတက်လှမ်းပြီးရင် ခင်ဗျားနဲ့ ပြန်တွေ့နိုင်မှာလား”
“ကံသေကံမတော့ မပြောနိုင်ဘူး”
တျဲယွဲ့က ပြောလိုက်၏။
“အထက်ဘုံက လောကသုံးထောင်မှာ လောကတစ်ခုချင်းစီက ထျန်းဟွမ်ကုန်းမြေတိုက်ထက် အဆပေါင်းများစွာကြီးမားတယ်... မဟာအရိုင်းကမ္ဘာမှာတောင် ငါ့ရဲ့ကျင့်ကြံမှုအဆင့်နဲ့ မသွားနိုင်သေးတဲ့ အမျိုးအမည်မသိနေရာတချို့ ရှိနေသေးတယ်”
“ပုံမှန်အခြေအနေမှာဆိုရင် နင့်ရဲ့နဂါးဖီးနစ်ခန္ဓာက တက်လှမ်းနိုင်ခြေရှိတဲ့နေရာ အများကြီး သိပ်မရှိဘူး... ဖြစ်နိုင်ခြေအရှိဆုံးကတော့ နဂါးလောက... နေကာသစ်ပင်လောကနဲ့ မဟာအရိုင်းကမ္ဘာတို့ပဲ”
“တကယ်တော့... တခြားလောကတစ်ခုကို တက်လှမ်းသွားနိုင်တဲ့ ဖြစ်နိုင်ခြေကလည်း ခပ်ပါးပါးရှိနေသေးတယ်”
“နင်က မဟာအရိုင်းကမ္ဘာကို တက်လှမ်းလာနိုင်ခဲ့မယ်ဆိုရင် နင်က ငါနဲ့တွေ့ဆုံရဖို့အခွင့်များတယ်”
ဆူဇီမိုက နားလည်သဘောပေါက်လာဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် နဂါးမျိုးနွယ်၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထား၏။ အဲ့ဒါကြောင့် သူသည် နဂါးလောကသို့ တက်လှမ်းသွားနိုင်ဖို့ အခွင့်များလေသည်။
တျဲယွဲ့ပြောသော နေကာသစ်ပင်လောကသည် နတ်ဖီးနစ်များနေထိုင်ရာလောကဖြစ်ပေလိမ့်မည်။
ရှေးဟောင်းကျမ်းအုပ်များထဲမှာ နတ်ဖီးနစ်များသည် နေကာသစ်ပင်များမှာ မှီတင်းနေထိုင်ကြသည်ဟူသော ဒဏ္ဍာရီတချို့ရှိလေသည်။
နဂါးဖီးနစ်သည် နတ်ဖီးနစ်၏ မျိုးဆက်သွေးကိုလည်း ပိုင်ဆိုင်ထားပြီး သူက နေကာသစ်ပင်လောကသို့ တက်လှမ်းသွားနိုင်ခြေလည်း ရှိလေသည်။
နဂါးဖီးနစ်ကို သားရဲတစ်မျိုးဟုလည်း သတ်မှတ်နိုင်လေသည်။ အဲ့ဒါကြောင့် သူသည် မဟာအရိုင်းကမ္ဘာသို့ တက်လှမ်းသွားဖို့လည်း ဖြစ်နိုင်ခြေရှိလေသည်။
တျဲယွဲ့၏ အကြည့်က ခွန်လွင်အပျက်အစီးဒေသမှာရှိသော အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဆီသို့ ရွေ့လျားသွားလေသည်။
“နင့်ရဲ့အစိမ်းရောင်ကြာပန်းခန္ဓာကတော့ ကောင်းကင်ဘုံလောကကို တတ်လှမ်းသွားနိုင်ဖို့ အခွင့်များတယ်”
“ကောင်းကင်ဘုံလောကလား”
ဆူဇီမိုကရင်တစ်ချက်ထိတ်သွား၏။
တျဲယွဲ့က ခေါင်းညိတ်ပြလိုက်၏။
“နင်ထင်တာမှန်တယ်... ကမ္ဘာငယ်တစ်ဘီလီယံမှာရှိတဲ့ လူသားတွေက ကောင်းကင်ဘုံလောကကို တက်လှမ်းရဖို့ အခွင့်များတယ်”
“စောစောက နင်ပြောခဲ့တဲ့ လူသားဧကရာဇ်က ကောင်းကင်ဘုံလောကက ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လိမ့်မယ်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
တျဲယွဲ့က ပြောလိုက်လေသည်။
“တကယ်တော့... ဖန်တီးခြင်းကြာပဒုမ္မာက စကြာဝဠာတစ်ခုလုံးမှာ တစ်ခုပဲရှိတယ်... နင့်အနေနဲ့ တခြားလောကတစ်ခုခုကို တက်လှမ်းသွားဖို့ကလည်း မဖြစ်နိုင်တာ မဟုတ်ဘူး”
တျဲယွဲ့ရှင်းပြပြီးနောက် ဆူဇီမိုသည် အထက်ဘုံလောကနှင့် ပတ်သက်၍ ပို၍နားလည်သဘောပေါက်လာ၏။
အထက်ဘုံမှာ သီးခြားလောကသုံးထောင်ပါဝင်လေသည်။ ကောင်းကင်ဘုံလောက ၊ မဟာအရိုင်းကမ္ဘာ ၊ နဂါးလောက ၊ နေကာသစ်ပင်လောက ၊ စုန်းလောကနှင့် နတ်ဘုရားလောကတို့သည် သီးခြားလောကသုံးထောင်၏ အစိတ်အပိုင်းများဖြစ်လေသည်။
တျဲယွဲ့၏ အမူအရာက တစ်မူထူးခြားစွာ တည်ကြည်လေးနက်လာခဲ့၏။
“အထက်ဘုံဆိုတာ...အောက်ဘုံကလူတွေ တွေးထင်ထားသလို သာယာလှပတဲ့လောကတစ်ခု မဟုတ်ဘူးဆိုတာ နင်သိထားရမယ်... ဆန့်ကျင်ဘက်အနေနဲ့ အထက်ဘုံမှာရှိတဲ့ ရက်စက်ကြမ်းကြုတ်မှုက အောက်ဘုံတွေထက် အဆတစ်ရာ... အဆတစ်ထောင် ပိုပြီးတော့ မြင့်မားတယ်”
“ငါ့ရဲ့ကျင့်ကြံမှုအဆင့်နဲ့တောင် အထက်ဘုံမှာ ငါလွှမ်းမိုးခြယ်လှယ်နိုင်တဲ့နေရာက တစ်ဝက်ထက် ပိုမရှိဘူး”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားလေသည်။