နတ်သူငယ်ကိုးပါး ကျိန်စာ
Vol. 117 Ch. 1748
အစိမ်းရောင်မြစ်သည် မိုးကောင်းကင်ကို ဖြတ်ကျော်လာပြီး ထိုမြစ်ထဲမှာ ပုံရိပ်လေးခုကို ခပ်ရေးရေး မြင်နိုင်၏။ အဲဒီကနေ စွမ်းအားကြီးမားသော အော်ရာတစ်ခုက ဖြာထွက်နေလေသည်။
ဆူဇီမိုသည် သူ၏ ခေါင်းကို မော့ပြီး ကြည့်လိုက်၏။
သူ၏ ကျင့်ကြံမှုအဆင့်အရ ထိုပုဂ္ဂိုလ်များ၏ ကျင့်ကြံမှုအဆင့်ကို သူက ထောက်လှမ်းသိမြင်နိုင်ခြင်း မရှိပေ။
သို့သော်လည်း သူတို့သည် ယခင်က ဆင်းသက်လာခဲ့သော စုန်း ၇ဦးထက် များစွာပို၍ သန်မာသည်ကို သူက ခံစားမိနိုင်လေသည်။
“ဒီအောက်ဘုံငယ်မှာ ငါတို့ စုန်းလောကရဲ့ သူတွေကို ဘယ်သူက သတ်ဖြတ်ရဲတာလဲ ငါကြည့်ရသေးတာပေါ့”
အစိမ်းရောင်မြစ်ထဲကနေ သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုနှင့်အတူ ကျယ်လောင်သော အသံတစ်သံက မကောင်းဆိုးဝါးဆန်ဆန် ထွက်ပေါ်လာ၏။
စုန်းလောက၏ ပညာရှင် လေးဦးကို အစိမ်းရောင်မြစ်ထဲမှာ ခပ်ရေးရေး မြင်နိုင်လေသည်။ သူတို့က သူတို့ကိုယ်သူတို့ ရုပ်လုံးထွက်ပြခြင်း မရှိသေးသော်လည်း သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များက ထျန်ဟွမ်ကုန်းမြေတိုက်ကို ပြောင်ပြောင်တင်းတင်း စစ်ဆေးကြည့်ရှုနေ၏။
“သေစမ်း.. ဒီမှာရှိတဲ့ စုန်းမျိုးနွယ်က ချေမှုန်းဖျက်ဆီးခံလိုက်ရပြီပဲ”
သိပ်မကြာခင် စုန်းမျိုးနွယ်မှ ပညာရှင် လေးဦးသည် စုန်းမျိုးနွယ်၏ ဘိုးဘေးကုန်းမြေမှာ ဧရာမ သွေးနီရောင် လက်ဝါးရာကို ရှာဖွေတွေ့ရှိသွား၏။
တစ္ဆေသရဲဆန်ဆန် အစိမ်းရောင် မျက်လုံးများသည် ကောင်းကင်ထက်ရှိ အစိမ်းရောင်မြစ်ထဲမှာ ပေါ်ထွက်လာပြီး သွေးနီရောင် လက်ဝါးရာအထက်မှာ မတ်တတ်ရပ်နေသော တျဲယွဲ့နှင့် ဆူဇီမိုကို ကြည့်လိုက်၏၊
မျက်လုံးများထံမှ အလင်းရောင်က ချက်ချင်းဆိုသလိုပင် ရောက်ရှိလာသည်ဟု ထင်ရ၏။
တျဲယွဲ့က ပေါ့ပါးစွာ လျှောက်လှမ်းပြီး ဆူဇီမိုကို သူမ၏ နောက်မှာ ကာပေးထားလိုက်၏။ သူမက မှင်သေသေဖြင့် မလှုပ်မယှက်ရှိနေ၏။
အစိမ်းရောင် အလင်းတန်းများက တျဲယွဲ့ပေါ်သို့ ဆင်းသက်မလာခင်မှာပင် သူတို့က ဘာမှမကျန်အောင် ပျက်ပြယ်သွားခဲ့ပြီဖြစ်၏။
“အို..”
အစိမ်းရောင်မြစ်ထဲမှ အံ့အားသင့်သွားသော အသံတစ်သံ ထွက်ပေါ်လာ၏။
“အမျိုးသမီး.. နင်က စွမ်းတော့စွမ်းသားပဲ”
အေးစက်နေသော နောက်ထပ်အသံတစ်သံကလည်း ထွက်ပေါ်လာ၏။
“မင်း ဘယ်သူလဲ.. မင်းက အထက်ဘုံရဲ့ ဘယ်အပိုင်းက လာတာလဲ”
တျဲယွဲ့က သူမ၏ ခေါင်းကို အနည်းငယ်မော့ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။
“နင်တို့က ကမ္ဘာမြေစုန်းတချို့ပဲ.. နင်တို့က ငါ့ရဲ့နောက်ခံကို သိရဖို့ အဆင့်မမီဘူး”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
တျဲယွဲ့ ပြောပုံအရ ကမ္ဘာမြေစုန်းများသည် ကမ္ဘာမြေ အမြုတေအဆင့်၏ ပညာရှင်များ ဖြစ်ရပေမည်။ အထက်ဘုံမှ စောစောက ရောက်လာခဲ့သော စုန်း ၇ဦးနှင့် ယှဉ်လျှင် သူတို့သည် တကယ်ပင် ကျင့်ကြံမှုအဆင့်ကြီးတစ်ဆင့် ပိုမိုမြင့်မားလေသည်။
“မင်း ဘယ်လိုတောင် ရဲတင်းနေတာလဲ”
ကမ္ဘာမြေစုန်းတစ်ယောက်က အော်ငေါက်လိုက်၏။
“ဘာမှလာပြီး ဟန်ဆောင်မနေနဲ့.. မင်းက ဘယ်လောက်ပဲ သန်မာသန်မာ.. အခုချိန်မှာ မင်းက အောက်ဘုံလောကမှာ ရှိတဲ့ နယ်မြေဖြစ်စဉ်တစ်ခုပဲ”
ကမ္ဘာမြေစုန်းသည် တကယ်ပင် အမြင်အာရုံ စူးရှပြီး တျဲယွဲ့၏ ပုံပန်းသွင်ပြင်ကို ချက်ချင်းပင် သိမြင်နိုင်လေသည်။
တျဲယွဲ့က ပြောလိုက်၏။
“နယ်မြေဖြစ်စဉ်တစ်ခု ဆိုရင်တောင်မှ အဲဒါက နင်တို့တွေကို ကိုင်တွယ်ဖို့ လုံလောက်တယ်”
ထိုသို့ သူမ ပြောလိုက်သည့် ခဏမှာပင် တျဲယွဲ့က တိုက်ရိုက်တိုက်ခိုက်လိုက်ပြီဖြစ်၏။
သူမ၏ နုနယ်သော လက်ဖဝါးက အဆုံးမဲ့ လေဟာနယ်ကို ဖြတ်ကျော်သွားသည်ဟု ထင်ရပြီး မိုးကောင်းကင်၏ တစ်ဖက်မှာရှိသော အစိမ်းရောင်မြစ်ထံ ရောက်ရှိသွားကာ ညင်သာစွာ ပုတ်လိုက်လေသည်။
“နင်ကတော့ သေချင်နေပြီပဲ”
ကမ္ဘာမြေစုန်း လေးဦးက ထိုသည်ကို တွေ့မြင်သောအခါ သူတို့သည် သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို လှည့်ပတ်ပြီး တျဲယွဲ့၏ လက်ဖဝါးကို ဝါးမျိုပစ်မည့် ဒေါသူပုန်ထနေသော ဒီရေလှိုင်းများကို ဖန်တီးလိုက်၏။
အစိမ်းရောင်မြစ်က သူတို့၏ ခန္ဓာကိုယ်ထဲရှိ အမြုတေစွမ်းအင်များကနေ စုဖွဲ့ထားခြင်းဖြစ်ပြီး အဲဒီမှာ ဆိုးယုတ်ကျိန်စာများနှင့် ရောထွေးနေသည့် အလွန်တရာ သန်မာအားကောင်းသော တိုက်စားစွမ်းအားတစ်ခု ပါဝင်၏။
အသွေးအသား ခန္ဓာကိုယ်တစ်ခုကို မပြောနှင့်.. အထက်ဘုံမှ နတ်ဘုရားလက်နက်များပင်လျှင် အစိမ်းရောင်မြစ်၏ စွမ်းအားကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
“ဘယ်လိုတောင် လေလုံးထွားနေတာလဲ.. ဆင်းလာခဲ့စမ်း”
တျဲယွဲ့က ညင်သာစွာ အော်ငေါက်လိုက်၏။
သူမ၏ လက်ဖဝါးက ဂမ္ဘီရဆန်ဆန် အလင်းဖြင့် တောက်ပလာပြီး အစိမ်းရောင်မြစ်ကို ပစ်ရိုက်ချလိုက်၏။
အစိမ်းရောင်မြစ်၏ ညစ်ညမ်းမှုနှင့် စေးကပ်မှုတို့က တျဲယွဲ့၏ လက်ဖဝါးကို လုံးဝ စွန်းထင်းစေခြင်း မရှိပေ။
ဘုန်း…
အဲဒီမှာ ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။
မိုးကောင်းကင်ကို ဖြတ်ကျော်လာသော အစိမ်းရောင်မြစ်တစ်ခုလုံးသည် ချက်ချင်းပင် အေးခဲသွားသည်ဟု ထင်ရပြီး မလှုပ်မယှက် ရပ်တန့်သွားလေသည်။
ထို့နောက်.. အဲဒီကနေ ကျယ်လောင်သော မြည်ဟည်းသံတစ်သံ ထွက်ပေါ်လာပြီး ၎င်းက တျဲယွဲ့၏ လက်ဝါးရိုက်ချက်ဖြင့် ကြေမွပျက်စီးသွား၏။
အစိမ်းရောင်မြစ်သည် အစိမ်းရင့်ရောင် မိုးပေါက်များအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက်ကနေ ကျဆင်းလာကာ ထျန်ဟွမ်ကုန်းမြေတိုက်တစ်ခုလုံးနီးပါးကို အုပ်မိုးသွားလေသည်။
ဖန်းလိုင်ကျွန်း၏ ကောင်းကင်ထက်မှာ ရွှေကျီးကန်းမျိုးနွယ် ဧကရာဇ်တစ်ပါးသည် အစက သူ၏ အစစ်အမှန်ပုံစံဖြင့် တိမ်စိုင်များပေါ်မှာ မတ်တတ်ရပ်နေ၏။ အစိမ်းရင့်ရောင် မိုးပေါက်က ကောင်းကင်ထက်ကနေ ဆင်းသက်လာခဲ့လေသည်။
မိုးစက်တစ်စက်က သူ့အပေါ်သို့ ကျဆင်းသွား၏။
အဲဒါက တစ်စက်တည်းသာ ဖြစ်၏။
ဖောင်း…
ထိုမိုးစက်က သူ၏ ခန္ဓာကိုယ်ပေါ်မှာ သွေးသံရဲရဲ အပေါက်တစ်ပေါက်အဖြစ် တိုက်စားပစ်လိုက်၏။
ထို့နောက် ချက်ချင်းပင် မိုးရေမှာ ပါဝင်သော ကြောက်စရာကောင်းသည့် စွမ်းအားက သူ၏ ရွှေကျီးကန်း ခန္ဓာကိုယ်ကို တစ်ခဏချင်း ဝါးမျိုပစ်လိုက်၏။
ရွှေကျီးကန်းဧကရာဇ်၏ အမြုတေစိတ်ဝိညာဉ်က ထွက်ပြေးလိုက်ခါစမှာပင် ၎င်းသည် နောက်ထပ် မိုးစက်တစ်စက်နှင့် ထိတွေ့သွားပြီး နေရာမှာပင် သေဆုံးသွား၏။
လူသားမျိုးနွယ်မှ ဧကရာဇ်များ၊ လုံရန်နှင့် အခြားသူများ၏ အမူအရာများက ထိုသည်ကို တွေ့မြင်သောအခါ ရုတ်ချည်းပြောင်းလဲသွားကြ၏။
အစိမ်းရောင်မိုးစက်များမှာ ပါဝင်သော စွမ်းအားအများစုသည် တျဲယွဲ့၏ လက်ဝါးရိုက်ချက်ဖြင့် ပျက်ပြယ်သွားခဲ့ပြီဖြစ်၏။ သို့သော်လည်း ကြွင်းကျန်ရစ်သော စွမ်းအားများသည် အလွန်တရာ ကြောက်စရာကောင်းနေဆဲဖြစ်၏။
မည်သည့် ဧကရာဇ်ကမှ အဲဒါကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ထျန်ဟွမ်ကုန်းမြေတိုက်ရှိ ဘယ်သက်ရှိကများ ထိုမိုးရွာသွန်းမှုမှာ ရှင်သန်နိုင်ပါ့မလဲ။
တျဲယွဲ့၏ အမူအရာက တည်ငြိမ်နေ၏။ သူမသည် သူမ၏ ကျောက်စိမ်းကဲ့သို့ လက်ချောင်းများကို ညင်သာစွာ ပွတ်လိုက်ပြီး သူမ၏ လက်ဖျားမှ မီးတောက်ငယ်တစ်ခုကို ပေါ်ထွက်လာစေ၏။
မီးတောက်က တျဲယွဲ့၏ လက်ဖျားပေါ်မှာ လေတိုက်လျှင် ငြိမ်းသေသွားနိုင်သည့်အလား တဖျပ်ဖျပ်ဖြစ်နေ၏။ သို့သော်လည်း မီးတောက်က ပေါ်ထွက်လာပြီးနောက် အစိမ်းရင့်ရောင် မိုးစက်များသည် ထျန်ဟွမ်ကုန်းမြေတိုက်ပေါ်သို့ ဆင်းသက်မလာခင်မှာပင် လောင်ကျွမ်းခံလိုက်ရပြီး ကြွယ်ဝသော စိတ်ဝိညာဉ်ချီများအဖြစ် ပြောင်းလဲကာ ထျန်ဟွမ်ကုန်းမြေတိုက်နှင့် ပေါင်းစည်းသွား၏။
ကမ္ဘာမြေစုန်း ငါးယောက်ကတော့ သူတို့သည် တျဲယွဲ့၏ လက်ဝါးရိုက်ချက်ဖြင့် ပေါ်ထွက်လာကြပြီဖြစ်ပြီး ဆိုးဆိုးဝါးဝါးပုံပေါက်နေ၏။
“သတ်”
သူတို့ လေးဦးက တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်၍ တိုက်ခိုက်လိုက်ကြ၏။
ကမ္ဘာမြေစုန်းတစ်ယောက်က သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး တောင်တစ်လုံးကဲ့သို့ ကြီးမားသည့် အစိမ်းရင့်ရောင် အရိုးဦးခေါင်းခွံတစ်ခုကို ဆင့်ခေါ်ထုတ်လိုက်၏။
ဦးခေါင်းခွံက လောကတစ်ခုလုံးကို ဝါးမျိုပစ်ချင်သည့်အလား ၎င်း၏ ပါးစပ်ကို ဖွင့်ဟလိုက်၏။
ထူထဲသိပ်သည်းသော အစိမ်းရင့်ရောင် အမြုတေချီက ဦးခေါင်းခွံ၏ မျက်တွင်းပေါက်နှင့် ပါးစပ်ပေါက်တို့ကနေ လျှံထွက်လာပြီး သိပ်သည်းပြင်းထန်သော မီးတောက်များအဖြစ် ပြောင်းလဲကာ ကောင်းကင်ထက်ကနေ အုပ်မိုးကျဆင်းလာ၏။
“နတ်သူငယ်ကိုးပါး ကျိန်စာ”
နောက်ထပ် ကမ္ဘာမြေစုန်းတစ်ယောက်က သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။
ထျန်ဟွမ်ကုန်းမြေတိုက်၏ သက်ရှိများပင်လျှင် နတ်သူငယ်ကိုးပါး ကျိန်စာကို ယခင်က မတွေ့မြင်ဖူးကြပေ။
နတ်သူငယ်ကိုးပါး ကျိန်စာက အလွန်တရာ ရက်စက်ကြမ်းကြုတ်လေသည်။
ထိုအဆင့်မြင့် နတ်ဘုရားစွမ်းအားကို ကျင့်ကြံဖို့အတွက် ထိုသူသည် လျှို့ဝှက်အတတ်တစ်ခုကို အသုံးပြုရပြီး အရှင်လတ်လတ် မွေးကင်းစ ကလေးငယ်တစ်ယောက်ကို ယဇ်ပူဇော်ရလေသည်။
၄၉ရက်တိတိကြာအောင် သူသည် ထိုကလေးငယ်ကို လျှို့ဝှက်အတတ်များစွာဖြင့် အဆက်မပြတ် မွမ်းမံသန့်စင်ပြီး ကလေးငယ်၏ အသက်ဓာတ်အားကို သေဆုံးမသွားရအောင် ထိန်းသိမ်းပေးရလေသည်။
နောက်ဆုံးမှာတော့ ကလေးငယ်က အလွန်တရာ နာကျင်စွာဖြင့် သေဆုံးသွားရပေလိမ့်မည်။
မွေးကင်းစ ကလေးငယ်၏ ဝိညာဉ်သည် အဆုံးမဲ့ မကျေမချမ်းမှုများဖြင့် ပြည့်နှက်သွားမည်ဖြစ်ပြီး သူ့ကို စုန်းမျိုးနွယ်များက ဖမ်းဆီးကာ ထိုအဆင့်မြင့် နတ်ဘုရားစွမ်းအားအဖြစ် ကျင့်ကြံကြမည်ဖြစ်၏။
ထိုအဆင့်မြင့် နတ်ဘုရားစွမ်းအား ဖြစ်ပေါ်လာသည့် ခဏမှာပင် နာကျည်းမှုများဖြင့် ပြည့်နှက်နေသည့် မွေးကင်းစ ကလေးငယ် ကိုးဦးက ချောက်ချားစရာ အမူအရာများနှင့်အတူ ငိုကြွေး၍ လေထဲမှာ ပေါ်ထွက်လာ၏။
မကျေမချမ်းဖြစ်နေသော မွေးကင်းစ ကလေးငယ် ကိုးဦးသည် မတူညီသော ဦးတည်ဘက်များကနေ တျဲယွဲ့ထံသို့ ပြေးဝင်လာကြ၏။
တတိယမြောက် ကမ္ဘာမြေစုန်းသည် သူ၏ အရိုးတောင်ဝှေးကို ဝှေ့ယမ်းပြီး သူ့ရှေ့မှာ စက်ဝိုင်းခြမ်းသဏ္ဌာန် ရေးဆွဲလိုက်၏။
ထိုစက်ဝိုင်းခြမ်းထဲမှာ ယုတ်ညံ့သော မန္တန်များစွာ ပေါ်ထွက်လာပြီး အစိမ်းရင့်ရောင် စိတ်ဝိညာဉ်မိုးများကဲ့သို့ တျဲယွဲ့ဆီကို ပြေးဝင်လာကြ၏။
စတုတ္ထမြောက် ကမ္ဘာမြေစုန်း၏ အရိုးတောင်ဝှေးက မြေကြီးပေါ်မှာ ရပ်တန့်သွား၏။
ထို့နောက် ချက်ချင်းပင် တျဲယွဲ့၏ ခြေဖဝါးအောက်မှာ အစိမ်းရင့်ရောင် ပန်းများက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။ ဆိုးယုတ်စိတ်ဝိညာဉ်များ၏ လက်ဖဝါးများကဲ့သို့ သူတို့သည် တျဲယွဲ့၏ ခြေကျင်းဝတ်ကို ဖမ်းဆွဲရန် ဝင်ရောက်လာကြ၏။
ကမ္ဘာမြေစုန်း လေးဦးက ထိန်ချန်ခြင်း မရှိဘဲ တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ကြ၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှ ပညာရှင်များက ထိုတိုက်ပွဲမှာ မပါဝင်ပေ။
သို့သော်လည်း သူတို့သည် ကမ္ဘာမြေစုန်း ပညာရှင်များ ထုတ်ဖော်လိုက်သည့် ကြောက်စရာကောင်းသော စွမ်းအားများကို ခံစားမိနိုင်ကြဆဲဖြစ်၏။
အရိုးဦးခေါင်းခွံဖြစ်စေ.. နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များဖြစ်စေ.. သူတို့ တစ်ခုချင်းစီသည် ထျန်ဟွမ်ကုန်းမြေတိုက်ကို ဖယ်ရှားရှင်းလင်းပြီး သက်ရှိများ အားလုံးကို သတ်ဖြတ်ပစ်ဖို့ လုံလောက်လေသည်။
တျဲယွဲ့၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ သူမ၏ မျက်လုံးများက တည်ငြိမ်နေ၏။
ရုတ်တရက်.. သူမက သူမ၏ ခြေဖဝါးကို မြှောက်ပြီး ညင်သာစွာ ဆောင့်နင်းချလိုက်၏။
ဘုန်း…
သူမ၏ ခြေဖဝါးအောက်ရှိ လေဟာနယ်က ဧရာမ ရှေးဟောင်းကြေးမုံတစ်ချပ်ကဲ့သို့ ကြေမွသွားပြီး သိပ်သည်းများပြားသော အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။
ယခုတင် ကြီးထွားလာသည့် အစိမ်းရင့်ရောင် ပန်းများသည် တျဲယွဲ့၏ ခြေနင်းချက်ဖြင့် ကြေမွပျက်စီးသွား၏။
“ဒီလောက် အစွမ်းအစနဲ့များ နင်တို့က အောက်ဘုံကို ဘယ်လိုတောင် ဆင်းသက်လာရဲတာလဲ”
တျဲယွဲ့၏ စကား မဆုံးသေးခင်မှာပင်.. စောစောက အစိမ်းရင့်ရောင်ပန်းများကို ဆင့်ခေါ်လိုက်သည့် ကမ္ဘာမြေစုန်း၏ ခြေဖဝါးအောက်ရှိ မြေပြင်က ရုတ်တရက် ကွဲထွက်သွားပြီး ဧရာမ ဆူးချွန်တစ်ခု ပစ်လွင့်လာခဲ့၏။
ဖောက်..
ဆူးချွန်က ကမ္ဘာမြေစုန်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားလေသည်။
ထိုကမ္ဘာမြေစုန်းက နေရာမှာပင် သေဆုံးသွား၏။