မျက်လုံးတစ်ဖက်သတ္တဝါ
Vol. 117 Ch. 1750
တျဲယွဲ့သည် နောက်ထပ်တစ်ချက်ကြည့်ပြီး မွေးကင်းစကလေးငယ်တစ်ယောက်၏ လက်သီးဆုပ်အရွယ်ရှိသော ကျောက်တုံးခုနှစ်တုံးကို လက်ညိုးထိုးပြလိုက်၏။
“အဲ့ဒါတွေက အမြုတေစိတ်ဝိညာဥ် ကျောက်တုံးတွေပဲ... သူတို့ထဲမှာ ကြွယ်ဝတဲ့ ကောင်းကင်နဲ့မြေကြီး အမြုတေချီတွေပါတယ်... သူတို့ကလည်း အရေးကြီးတဲ့ ကျင့်ကြံရေးအရင်းအမြစ်တွေပဲ... အဲ့ဒါတွေက ဟိုအမြုတေစုဖွဲ့ဆေးလုံးတွေထက်တောင် ပိုပြီးတော့အဖိုးတန်တယ်”
“ကျုပ်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆို ကျုပ်က အဲ့ဒီထဲမှာပါနဲ့ ကောင်းကင်နဲ့မြေကြီး အမြုတေချီကိုလည်း စုပ်ယူလို့မရသေးဘူးမလား”
ဆူဇီမိုက မေးလိုက်၏။
တျဲယွဲ့က သူမ၏ ခေါင်းကို ညင်သာစွာ ခါယမ်းပြလိုက်၏။
“နင့်ရဲ့လက်ရှိကျင့်ကြံမှုအဆင့်ကိုမပြောနဲ့.... အထက်ဘုံကို တက်လှမ်းပြီး မဟူရာအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လာမယ်ဆိုရင်တောင်် အဲ့ထဲမှာပါတဲ့ ကောင်းကင်နဲ့မြေကြီး အမြုတေချီတွေကို စုပ်ယူနိုင်မှာ မဟုတ်သေးဘူး”
“ဒီအမြုတေစိတ်ဝိညာဥ်ကျောက်တုံးဆိုတာ... ကမ္ဘာမြေအမြုတေအဆင့် ကျင့်ကြံသူတွေပဲ စုပ်ယူနိုင်တဲ့ အရာပဲ... အထက်ဘုံမှာရှိတဲ့ တဗူးဂမ္ဘီရပညာရပ်တချို့ကို ကျင့်ကြံထားတဲ့ မဟူရာအမြုတေအဆင့် ကျင့်ကြံသူတွေဆိုရင်တော့ အဲ့ဒီထဲမှာပါတဲ့ ကောင်းကင်နဲ့မြေကြီးအမြုတေချီတွေကို စုပ်ယူနိုင်လိမ့်မယ်”
“တဗူးဂမ္ဘီရပညာရပ်လား”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။ သူသည် ထိုဝေါဟာရကို စောစောက တျဲယွဲ့ပြောခဲ့သည်ကို ကြားဖူးခဲ့ပြီး ယခု သူ၏ မျက်လုံးက စူးစမ်းလိုစိတ်ဖြင့် တဖျတ်ဖျတ်လက်လာ၏။
“တဗူးဂမ္ဘီရပညာရပ်တွေက အန္တိမနတ်ဘုရားစွမ်းအားတချို့နဲ့ တစ်တန်းတည်းရပ်တည်တယ်... အဲ့ဒါတွေက နင်နဲ့လက်လှမ်းမီဖို့ အဝေးကြီးလိုပါသေးတယ်... အခုနေ နင့်ကိုပြောပြမယ်ဆိုရင်တောင်မှ အလကားပဲ”
တျဲယွဲ့က ဆက်လက်၍ မပြောဆိုတော့ပေ။
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်ပြီး ထပ်မံ၍ မေးမြန်းခြင်းမရှိတော့ပေ။ သူသည် အမြုတေစုဖွဲ့ဆေးပုလင်းတချို့နှင့် အမြုတေစိတ်ဝိညာဥ်ကျောက်တုံး ၇ တုံးကို သိုလှောင်အိတ်တစ်အိတ်ထဲသို့ ဂရုတစိုက်ထည့်ကာ သိမ်းဆည်းလိုက်လေသည်။
တျဲယွဲ့က စကားဆက်ပြောမည်ပြုစဥ်မှာပင် သူမက မျက်မှောင်ကြုတ်၍ မော့ကြည့်လိုက်၏။
ဘုန်း... ဘုန်း...
အဲ့ဒီမှာ ကျယ်လောင်သောမြည်သံထွက်ပေါ်လာ၏။
ရုတ်တရက်... ဧရာမခြေဖဝါးတစ်ဖက်သည် မိုးကောင်းကင်ထက်ရှိ အက်ကွဲကြောင်းထဲကနေ ဆင်းသက်လာခဲ့၏။ ၎င်းက ကောင်းကင်ထိုးဖောက်နတ်ဘုရားကျောက်တိုင်တစ်တိုင်ကဲ့သို့ အရမ်းကိုကြီးမားတုတ်ခိုင်သည့် ခြေတံတစ်ဖက်ဖြစ်လေသည်။
ဧရာမခြေဖဝါးသည် ကမ္ဘာဖျက်အော်ရာတစ်ခုကို သယ်ဆောင်ထားပြီး အလွန့်အလွန်ကြီးမားသော အရိပ်တစ်ခုကို ဖြစ်ပေါ်လာစေ၏။ ၎င်းသည် ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး အရှေ့ပင်လယ်ထဲကို ပြင်းထန်စွာ ဆောင့်နင်းချလိုက်၏။
ချက်ချင်းပင်... ကြီးမားသော ဆူနာမီလှိုင်းများက အရှေ့ပင်လယ်ထဲကနေ အဘက်ဘက်သို့ တလိပ်လိပ်ထိုးတက်လာ၏။
အရှေ့ပင်လယ်မှာရှိသည့် သက်ရှိပေါင်းများစွာသည် ချက်ချင်းပင် ထိုခြေနင်းချက်ဖြင့် သေသည့်တိုင်အောင် ခြေမွှဖျက်ဆီးခံလိုက်ရ၏။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက တုန်လှုပ်သွားကြ၏။
အကန့်အသတ်မရှိ နက်ရှိုင်းသော အရှေ့ပင်လယ်မှာ ကြီးမားသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်လာ၏။ သို့သော်လည်း ပေပေါင်းများစွာ မြင့်မားသည့် ကြီးမားသော ထိုလှိုင်းလုံးကြီးများက ထိုသက်ရှိ၏ ခြေချင်းဝတ်ထိပင် မရောက်နိုင်ပေ။
ထျန်ဟွမ်ကုန်းမြေတိုက်မှ ပညာရှင်များက ဖြူဖပ်ဖြူရော်အမူအရာနှင့်အတူ မော့ကြည့်လိုက်ကြ၏။
သူတို့၏ အမြင်အာရုံနှင့်ပင်လျှင် သူတို့သည် ထိုသတ္တဝါ၏ ပုံပန်းသွင်ပြင်အပြည့်အဝကို တွေ့မြင်နိုင်ခြင်းမရှိပေ။
အတိအကျဆိုရလျှင်... ထိုသတ္တဝါ၏ ခြေတံတစ်ဖက်တည်းကပင် ထျန်ဟွမ်ကုန်းမြေတိုက်တစ်ခုလုံးကို ထိုးဖောက်နိုင်ဖို့ လုံလောက်နေလေပြီ။
“အခုချိန်ထိကို မပြီးနိုင်ကြသေးဘူးလား”
တျဲယွဲ့၏ အမူအရာက တဖြည်းဖြည်း အေးစက်လာခဲ့၏။ သူမက သူမ၏ အင်္ကျီလက်စကို ဝေ့ယမ်းပြီး ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားသည့် ထိုခြေထောက်ဆီသို့ လွှဲယမ်းလိုက်လေသည်။
သူမ၏ သွေးနီရောင်အင်္ကျီလက်စက သွေးရောင်ဆေဘာတစ်လက်အဖြစ် အသွင်ပြောင်းလဲသွားသည်ဟုထင်ရပြီး ထိုခြေထောက်၏ ပေါင်တံကို ခုတ်ပိုင်းချလိုက်၏။
ဖောက်...
အရမ်းကိုကြီးမားတုတ်ခိုင်သည့် ထိုခြေထောက်သည် တျဲယွဲ့၏ အင်္ကျီလက်စဖြင့် နှစ်ပိုင်းလှီးဖြတ်ခံလိုက်ရ၏။
လတ်ဆတ်သောသွေးများက ပန်းထွက်လာခဲ့ပြီး အရှေ့ပင်လယ်တစ်ခုလုံးက နီစွေးသွားလေသည်။
ပေါင်တံကနေ ပြတ်ကျသွားသော အောက်တစ်ပိုင်းက အရှေ့ပင်လယ်ထဲသို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး ကြီးမားသော သွေးလှိုင်းလုံးများကို ဖြစ်ပေါ်လာစေ၏။
“ဂါး...”
နာကျင်လိုက်ရသော ဒေါသတကြီးဟိန်းဟောက်သံက မိုးကောင်းကင်ထက်ကနေ ထွက်ပေါ်လာ၏။
ဘုန်း...
ထို့နောက် ချက်ချင်းပင် ဧရာမလက်ဝါးတစ်ဖက်က မိုးကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး ကောင်းကင်တစ်ခွင်အုပ်မိုးကာ တျဲယွဲ့ရှိရာသို့ ဖမ်းဆွဲလာခဲ့လေသည်။
ဧရာမလက်ဖဝါးသည် ထျန်ဟွမ်ကုန်းမြေတိုက်၏ အလယ်ပိုင်းတိုက်တစ်ခုလုံးကို အုပ်မိုးလာသည်ဟု ထင်ရ၏။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက တုန်လှုပ်သွားကြ၏။
သူတို့သည် ဤကဲ့သို့ကြီးမားသည့် သတ္တဝါတစ်ကောင်ကို အရင်က တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။
လက်ဖဝါးတစ်ဖက်က ကောင်းကင်တစ်ခွင်အုပ်မိုးလာခဲ့ပြီး အလယ်ပိုင်းတိုက်ကို လွှမ်းခြုံလာခဲ့၏။
ခြေတစ်ဖက်ကပင်လျှင် အရှေ့ပင်လယ်တစ်ခုလုံးကို ပြည့်နှက်သွားစေဖို့ လုံလောက်လေသည်။
ပို၍အရေးကြီးသည်မှာ ယခုအချိန်ထိကို မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် ထိုသတ္တဝါ၏ ပုံပန်းသွင်ပြင်အပြည့်အဝကို တွေ့မြင်နိုင်ခြင်း မရှိသေးပေ။
တျဲယွဲ့၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ သူမက သူမထံသို့ ချဥ်းကပ်လာသည့် ထိုလက်ဝါးကို ကြည့်ပြီး ပြန်လည်ထိုးနှက်လိုက်လေသည်။
ဧရာမလက်ဝါးနှင့်ယှဥ်လျှင် သူမ၏ လက်သီးက အစက်အပြောက်တစ်ခုကဲ့သို့ သေးငယ်နေ၏။
သို့သော်လည်း ထိုထိုးချက်က ဧရာမလက်ဝါးကို အပိုင်းပိုင်းကြေမွသွားစေ၏။
“ဂါး... ဂါး...”
မိုးကောင်းကင်ထက်မှ ဒေါသတကြီးဟိန်းဟောက်သံများက သိပ်သည်းပြင်းထန်စွာထွက်ပေါ်လာ၏။
ဒဏ်ရာအပြင်းအထန် ဆက်တိုက်ရရှိသွားခြင်းသည် ထိုသတ္တဝါကို ဒေါသူပုန်ထပေါက်ကွဲသည့် စိတ်အခြေအနေတစ်ခုသို့ ဝင်ရောက်သွားစေ၏။
ရုတ်တရက်ဆိုသလို...
ကောင်းကင်က မှောင်မည်းသွားလေသည်။
ဧရာမပုံရိပ်တစ်ခုက ဆင်းသက်လာပြီး ၎င်း၏ အလယ်မှာ ဧရာမမျက်လုံးတစ်လုံးက ပေါ်ထွက်လာ၏။
၎င်းသည် အလွန်တရာကြမ်းကြုတ်ခက်ထန်နေပြီး အဆုံးမဲ့ အမျက်ဒေါသနှင့် သတ်ဖြတ်လိုစိတ်တို့ကို သယ်ဆောင်ထားလေသည်။
မျိုးနွယ်စုတစ်သောင်းမှသက်ရှိများက ဤမျှအထိကြီးမားသည့် မျက်လုံးတစ်လုံးကို မတွေ့မြင်ဖူးခဲ့ပေ။
ထိုမျက်လုံးသည် မိုးကောင်းကင်ထက်ရှိကြယ်များနှင့် ယှဥ်နိုင်ပြီး အင်အားကြီးမားသော စွမ်းပကားတစ်ခုနှင့် ပြည့်နှက်နေ၏။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ စိတ်များထဲသို့ ပုံရိပ်တစ်ခုက ဖျတ်ခနဲဝင်ရောက်လာ၏။
ဧရာမနတ်ဘုရားတစ်ပါးနှင့်ဆင်တူသော သတ္တဝါတစ်ကောင်သည် ထျန်ဟွမ်ကုန်းမြေတိုက်ထဲသို့ လှမ်းဝင်လာပြီး သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ ဒဏ်ရာအပြင်းအထန် ရရှိပြီးနောက် ၎င်းသည် အခြေအနေကို စစ်ဆေးဖော်ထုတ်ဖို့အတွက် ဆင်းသက်လာခဲ့လေသည်။
ထိုအရိပ်က ထိုသတ္တဝါ၏ မျက်နှာ ဖြစ်လေသည်။
ထိုသတ္တဝါမှာ နှာခေါင်း ၊ နားနှင့် ပါးစပ်ပေါက်တို့မပါရှိဘဲ ဧရာမမျက်လုံးတစ်လုံးသာလျှင်ပါရှိလေသည်။
“ဟမ့်...”
တျဲယွဲ့က နှာတစ်ချက်မှုတ်လိုက်ပြီး သူမ၏ လက်ကိုမြှောက်ကာ မိုးကောင်းကင်ထက်ရှိ တစ်ဖက်တည်းသောမျက်လုံးကို ထိုးညွှန်လိုက်၏။
ကျောက်စိမ်းကဲ့သို့ လက်ညိုးက ထက်ရှသော ဓားတစ်လက်ကဲ့သို့ လေထုကိုဆုတ်ဖြဲ၍ ထိုမျက်လုံးထဲသို့ ဝင်ရောက်သွား၏။
ဖောင်း...
ထိုမျက်လုံးက တျဲယွဲ့၏ လက်ညိုးဖြင့် ထိုးဖောက်ခြင်းခံလိုက်ရ၏။
“အား...”
ထိုသတ္တဝါက ချောက်ချားဖွယ်ရာအော်ဟစ်လိုက်ပြီး ၎င်း၏ အသံက ပို၍ပို၍ ဝေးကွာသွားလေသည်။
၎င်းသည် ထျန်ဟွမ်ကုန်းမြေတိုက်ကနေ ထွက်ပြေးသွားသည်မှာ သိသာလေသည်။
ရုတ်တရက်ဆိုသလို...
အလွန်ကြီးမားသော ရှေးဟောင်းခေါင်းလောင်းတစ်လုံးက မိုးကောင်းကင်ထက်ရှိ အက်ကွဲကြောင်းထဲကနေ ဆင်းသက်လာခဲ့၏။
ရှေးဟောင်းခေါင်းလောင်း၏ မျက်နှာပြင်က အလွန်တရာရှေးကျ၍ လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်း စာလုံးများဖြင့်ပြည့်နှက်နေပြီး ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ အင်အားကြီးမားသော အော်ရာတစ်ခုကို ထုတ်ဖော်ပေးနေ၏။
စောစောက မျက်လုံးတစ်ဖက်သတ္တဝါသည်ပင် ရှေးဟောင်းခေါင်းလောင်းကနေ ထုတ်ဖော်ထားသည့်အော်ရာကို မယှဥ်နိုင်ပေ။
တျဲယွဲ့က သူမ၏ အင်္ကျီလက်စကို ဝေ့ယမ်းပြီး ရှေးဟောင်းခေါင်းလောင်းကို ပြင်းထန်စွာ လွှဲရိုက်လိုက်၏။
ဒေါင်...
သူမ၏ အင်္ကျီလက်စက ရှေးဟောင်းခေါင်းလောင်းကို ပစ်ရိုက်လိုက်သောအခါ ကျယ်လောင်သောမြည်ဟည်းသံ ထွက်ပေါ်လာ၏။
ခေါင်းလောင်းသံကြောင့် ထျန်ဟွမ်ကုန်းမြေတိုက်၏ မိုးကောင်းကင်ထက်မှာ အက်ကွဲကြောင်းများ များပြားစွာ ပေါ်ထွက်လာလေသည်။
ရှေးဟောင်းခေါင်းလောင်းသည် နောက်ဆုတ်သွားရမည့်အစား ၎င်းသည် တျဲယွဲ့နှင့် တိုက်ခိုက်ချင်နေသည့်အလား သူမဆီသို့ အုပ်မိုးကျဆင်းလာ၏။
တျဲယွဲ့၏ မျက်လုံးက ဝင်းလက်တောက်ပလာခဲ့၏။ သူမက သူမ၏ လက်ကို ဆန့်ထုတ်ပြီး ရှေးဟောင်းခေါင်းလောင်းကို ပစ်ရိုက်ချလိုက်၏။
ဒေါင်...
ရှေးဟောင်းခေါင်းလောင်းက တဆတ်ဆတ်တုန်ယင်သွားပြီး ကျယ်လောင်သောမြည်ဟိန်းသံတစ်သံကို ထွက်ပေါ်လာစေ၏။
ထို့နောက်ချက်ချင်းပင် ခေါင်းလောင်းပေါ်ရှိ ရှေးဟောင်းစာလုံးများက ပစ်လွင့်ထွက်ပေါ်လာပြီး ပြိုးပြိုးပြက်ပြက် နတ်ဘုရားအလင်းတစ်ခုဖြင့်တောက်ပကာ တျဲယွဲ့၏ လက်ဖဝါးကို လွှမ်းခြုံလာခဲ့၏။
ကြည့်ရသည်မှာ ရှေးဟောင်းခေါင်းလောင်းသည် တျဲယွဲ့နှင့် ဓမ္မပညာရပ်ချင်း တိုက်ခိုက်ချင်နေသည့်ပုံပင်။
ဖောင်း... ဖောင်း.... ဖောင်း....
တျဲယွဲ့၏ လက်ဖဝါးနှင့် ထိတွေ့ရိုက်ခတ်ပြီး ရှေးဟောင်းစာလုံးများက တစ်ခုပြီးတစ်ခုကြေမွသွားလေသည်။ သူတို့က သူမ၏ စွမ်းအားကို လုံးဝခုခံနိုင်ခြင်း မရှိပေ။
ဘုန်း...
တျဲယွဲ့၏ လက်ဖဝါးက ရှေးဟောင်းစာလုံးများစွာကို ချက်ချင်းပင်ခြေမွှဖျက်ဆီးပြီး ရှေးဟောင်းခေါင်းလောင်းပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွား၏။
ရှေးဟောင်းခေါင်းလောင်းပေါ်တွင် တျဲယွဲ့၏ နက်ရှိုင်းသော လက်ဝါးရာနှင့်အတူ ကြီးမားသောချိုင့်ခွက်တစ်ခုဖြစ်သွားသည်ကို ဆူဇီမိုက ရှင်းလင်းစွာ တွေ့မြင်လိုက်ရ၏။
ဇီ... ဇီ...
၎င်းသည် အသိစိတ်ရှိသည့်အလား ရှေးဟောင်းခေါင်းလောင်းသည် ဝမ်းနည်းပူဆွေးဖွယ်ရာ ငိုကြွေးသံများကို ထုတ်ဖော်လိုက်၏။
ရုတ်တရက်ဆိုသလို...
အလွန်တရာကြီးမားသော စွမ်းအားတစ်ခုက ရှေးဟောင်းခေါင်းလောင်းထဲကနေ ပစ်လွင့်ထွက်ပေါ်လာ၏။ ၎င်းက တောက်ပလင်းထိန်နေပြီး အလင်းရောင်ခြည်များကို ဖြာထုတ်ပေးလာ၏
ရှေးဟောင်းခေါင်းလောင်း၏ မျက်နှာပြင်က ဝင်းလက်တောက်ပလာခဲ့၏။
ခေါင်းလောင်းပေါ်မှာ နစ်ဝင်နေသောလက်ဝါးရာကလည်း တဖြည်းဖြည်းပြန်လည်ပြည့်တင်းလာခဲ့၏။
“နင်က နင့်ရဲ့ အစစ်အမှန်ခန္ဓာနဲ့ ရုပ်လုံးထွက်ပြဖို့ သတ္တိမရှိဘဲ အသိစိတ်ရှိတဲ့ အင်မော်တယ်လက်နက်တစ်ခုနဲ့ အကဲစမ်းချင်နေတယ်ပေါ့... ကြည့်ရတာ နင်က အဲ့ဒီအင်မော်တယ်လက်နက်ကို ထပ်ပြီးမလိုချင်တော့ဘူးနဲ့တူတယ်”
တျဲယွဲ့၏ အမူအရာက အေးစက်လာခဲ့၏။ သူမက ဆူဇီမို၏ ဘေးကနေ ထွက်ခွာကာ အပေါ်သို့ခုန်တက်၍ ရှေးဟောင်းခေါင်းလောင်းဆီသို့ ပြေးဝင်လိုက်လေသည်။
တိုက်ပွဲ၏ ဤနေရာအထိ တျဲယွဲ့သည် ဆူဇီမို၏ ဘေးကနေ ထွက်ခွာသည်မှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။ သူမသည် ရှေးဟောင်းခေါင်းလောင်းကို ဖိနှိမ်ဖို့အတွက် သူမ၏ ခွန်အားအပြည့်အဝကို အသုံးပြုဖို့ ပြင်ဆင်လိုက်သည်မှာ သိသာလေသည်။
၎င်းသည် အန္တရာယ်ကို အာရုံခံမိသွားသည့်အလား ရှေးဟောင်းခေါင်းလောင်းက ဆက်လက်ကြန့်ကြာရဲခြင်း မရှိတော့ဘဲ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ မိုးကောင်ကင်ထက်ရှိ အက်ကွဲကြောင်းဆီသို့ ထွက်ပြေးသွားလေသည်။
တျဲယွဲ့က လိုက်လံဖမ်းဆီးတော့မည်ရှိစဥ်မှာပင် သူမ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။