← Chapters

တာအိုသစ်သီး

Vol. 117 Ch. 1752

တာအိုသစ်သီး

Vol. 117 Ch. 1752

အဖြူရောင်ဝတ် အမျိုးသားသည် သနားညှာတာပေးဖို့အတွက် တောင်းပန်နေသော်လည်း တျဲယွဲ့က ဂရုမစိုက်ဘဲ သူ့ကို လျစ်လျူရှုထားလေသည်။

သူမသည် တိုက်ခိုက်၍ ရန်ငြိုးရန်စတစ်ခုကို စတင်ခဲ့ပြီးပြီဆိုမှတော့ သူ့ကို ထွက်ခွာခွင့်ပေးတော့မည် မဟုတ်ပေ။

တျဲယွဲ့သည် သူမ၏ လူသားသွင်ပြင်သို့ ပြောင်းလဲလိုက်ပြီး ပေါ့ပါးသော ခြေလှမ်းများနှင့်အတူ ကြောက်စရာကောင်းသော မုန်တိုင်းထဲသို့ ဝင်ရောက်သွား၏။

မုန်တိုင်းက အဖြူရောင်ဝတ် အမျိုးသား၏ အသားကို ရူးသွပ်စွာ ဆုတ်ဖြဲပစ်နေ၏။ အသက်ရှူချိန် အနည်းငယ်အတွင်းမှာ အဖြူရောင်ဝတ် အမျိုးသားသည် မုန်တိုင်းဒဏ်ကြောင့် အရိုးစုတစ်ခုအဖြစ် ပြောင်းလဲသွား၏။

သို့သော်လည်း အဖြူရောင်ဝတ် အမျိုးသား၏ ခန္ဓာကိုယ်အတွင်းမှာ စွမ်းအားကြီးမားသော အသက်ဓာတ်အားတစ်ခု ရှိနေဆဲဖြစ်ပြီး မုန်တိုင်းထဲမှာ သူက လှုပ်ရှားရုန်းကန်နေဆဲဖြစ်၏။

ဆူဇီမိုက အာရုံစိုက်၍ ကြည့်လိုက်၏။

မုန်တိုင်းအလွှာများကနေတစ်ဆင့် အဖြူရောင်ဝတ် အမျိုးသား၏ ဦးခေါင်းခွံအတွင်းမှာ ဘဲငန်းဥအရွယ် တလက်လက်တောက်ပနေသော အလင်းလုံးတစ်လုံးကို ဝိုးတဝါး တွေ့မြင်လိုက်ရ၏။

ကြောက်စရာကောင်းသော မုန်တိုင်းထဲမှာပင်လျှင် အလင်းလုံးက ငြိမ်းသေသွားခြင်း မရှိဘဲ အဖြူရောင်ဝတ် အမျိုးသား၏ အရိုးများထဲသို့ ဂမ္ဘီရအလင်းများကို ထိုးသွင်းပေးကာ အသက်ဓာတ်အားကို ထိန်းသိမ်းထား၏။

အဲဒါကြောင့်သာ မဟုတ်လျှင် အဖြူရောင်ဝတ် အမျိုးသားက မုန်တိုင်းဒဏ်ကြောင့် အပိုင်းပိုင်း ဆုတ်ဖြဲခံရပေလိမ့်မည်။

တျဲယွဲ့က မုန်တိုင်းထဲသို့ ဝင်ရောက်သွားပြီး အဖြူရောင်ဝတ် အမျိုးသား၏ ဦးခေါင်းဆီသို့ သူမ၏ လက်ကို လှမ်းလိုက်လေသည်။

သူမ၏ လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်ပြီး အဖြူရောင်ဝတ် အမျိုးသား၏ ဦးခေါင်းခွံကို သူမ၏ ကျောက်စိမ်းဖြူရောင် လက်ချောင်းများဖြင့် ထိုးဖောက်လိုက်၏။

ဖျောက်…

အက်ကွဲသံနှင့်အတူ တျဲယွဲ့သည် အဖြူရောင်ဝတ် အမျိုးသား၏ ဦးခေါင်းအပေါ်ပိုင်းကို ဖဲ့ထုတ်ပစ်လိုက်လေသည်။

“အား..”

အဖြူရောင်ဝတ် အမျိုးသားက နောက်ထပ် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

တျဲယွဲ့က သူ၏ အော်သံကို ဂရုမစိုက်ပေ။ တည်ငြိမ်သော အမူအရာနှင့်ပင် သူမသည် အဖြူရောင်ဝတ် အမျိုးသား၏ ဦးခေါင်းထဲမှာ တလက်လက် တောက်ပနေသော အလင်းလုံးကို နှိုက်ထုတ်လိုက်လေသည်။

“မင်း.. မင်းက ငါ့ရဲ့ ကျင့်ကြံမှုကို ဖျက်ဆီး…”

အဖြူရောင်ဝတ် အမျိုးသားက သူ၏ စကားကို ဆုံးအောင် မပြောလိုက်နိုင်ပေ။

တျဲယွဲ့က တလက်လက် တောက်ပနေသော အလင်းလုံးကို ဆွဲထုတ်လိုက်သည့် ခဏမှာပင် အဖြူရောင်ဝတ် အမျိုးသား၏ စွမ်းအား အရင်းအမြစ်က ဖြတ်တောက်ခြင်း ခံလိုက်ရလေပြီ။

တစ်ခဏချင်းမှာပင်.. သူ၏ ခန္ဓာကိုယ်နှင့် အရိုးများက မုန်တိုင်းဒဏ်ဖြင့် ဖျက်ဆီးခံလိုက်ရပြီး ကြေမွသွား၏။

တျဲယွဲ့သည် သူမ၏ အင်္ကျီလက်စကို ညင်သာစွာ ဝှေ့ယမ်းလိုက်သောအခါ မုန်တိုင်းက ပျက်ပြယ်သွား၏။

စောစောက ဖြစ်ပျက်ခဲ့သော အရာရာတိုင်းသည် ပုံရိပ်ယောင်တစ်ခု ဖြစ်သည့်အလား လောကက ပုံမှန်အတိုင်း နောက်တစ်ဖန် ပြန်ဖြစ်သွားလေသည်။

တျဲယွဲ့သည် အဖြူရောင်ဝတ် အမျိုးသား၏ သိုလှောင်အိတ်ကို ဖြုတ်ယူပြီး ၎င်းကို ခြေမွှဖျက်ဆီးလိုက်၏။

သိုလှောင်အိတ်ထဲကနေ များပြားလှစွာသော ပစ္စည်းများက ပြန့်ကျဲထွက်ပေါ်လာ၏။ အဲဒီမှာ ဆေးလုံးများ၊ ကျင့်ကြံရေး နည်းစနစ်များ၊ လက်နက်များနှင့် အခြားအရာများ ပါဝင်လေသည်။

အဲဒါတွေက စောစောက မဟူရာနှင့် မြေကမ္ဘာစုန်းများ၏ ပစ္စည်းများထက် အဆများစွာ ပိုမိုများပြားလေသည်။

ဆူဇီမိုသည် ထိုပစ္စည်းများထဲ မည်သည့်တစ်ခုကိုမှ မမှတ်မိ မသိရှိသော်လည်း အဖြူရောင်ဝတ် အမျိုးသား၏ သိုလှောင်အိတ်သည် သိသိသာသာ ပိုကောင်းသည်ကို သူက ပြောနိုင်လေသည်။

ပို၍ အရေးကြီးသည်မှာ အဲဒီမှာ စောစောက တျဲယွဲ့ပြောခဲ့သော အမြုတေစိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းရှိလေသည်။

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် အထက်ဘုံလောက၌ အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများက ဘယ်လောက် အဖိုးတန်သလဲ မသိရှိပေ။

အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများသည် အထက်ဘုံမှ ကျင့်ကြံရေး အရင်းအမြစ်များ ဖြစ်ရုံသာမက သူတို့သည် အထက်ဘုံ၏ လည်ပတ်နေသော ငွေကြေးစနစ်တစ်ခုလည်း ဖြစ်လေသည်။

အထက်ဘုံမှာ မဟူရာ အင်မော်တယ်များသည် အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများ၏ အမြုတေချီကို စုပ်ယူနိုင်ခြင်း မရှိသလို သူတို့အများစုကလည်း အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများကို မပိုင်ဆိုင်ကြပေ။

ကမ္ဘာမြေ အင်မော်တယ်များကြားမှာပင်.. အမြုတေစိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းက အတော်လေးကို များပြားသည့် ပမာဏဟု ဆိုရပေမည်။

ဤတစ်ခေါက်မှာ တျဲယွဲ့၏ ညွှန်ကြားမှုကို စောင့်မနေတော့ဘဲ ဆူဇီမိုက အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများ အားလုံးကို သိုလှောင်အိတ်တစ်အိတ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်၏။

တျဲယွဲ့က တလက်လက် တောက်ပနေသော အလင်းလုံးကို သူမ၏ လက်ဖဝါးဖြင့် ဆုပ်ကိုင်လိုက်၏။

သူမ၏ လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်လိုက်သောအခါ အလင်းလုံးက သိပ်မကြာခင် မှေးမှိန်သွား၏။

တစ်ခဏချင်းမှာပင် သူမ၏ လက်ဖဝါးထဲမှာ ဘဲငန်းဥအရွယ် ကျောက်စိမ်းလုံးတစ်လုံးကသာလျှင် ကျန်ရစ်ခဲ့၏။ အဲဒါက အလွန်တရာ သာမန်ဆန်လေသည်။

ကျောက်စိမ်းလုံးပေါ်မှာ ခပ်ဖျော့ဖျော့ အင်းကွက်တချို့ပင် ရှိနေ၏။

တျဲယွဲ့သည် ဆူဇီမို၏ ရှေ့သို့ ရောက်ရှိလာပြီး ဘဲငန်းဥအရွယ် ကျောက်စိမ်းလုံးကို လက်ကမ်းပေးလိုက်လေသည်။ သူမက ဂရုမထားဟန်ဖြင့် ပြောလိုက်၏။

“အဲဒါက အဲဒီလူရဲ့ တာအိုသစ်သီးပဲ.. အဲဒီထဲမှာ သူ့ရဲ့ တာအိုနည်းစနစ်တွေ ပါဝင်တယ်”

ဆူဇီမိုက ထိုပစ္စည်းကို လက်ခံတော့မည် ရှိစဉ်မှာပင် ထိုစကားကို ကြားလိုက်ရသောအခါ ရင်တစ်ချက်ထိတ်သွား၏။

သူသည် ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာကို တွေးမိသွား၏။

သိုင်းတာအိုပင်မခန္ဓာသည်လည်း သိုင်းတာအိုသစ်သီးကနေ ဖြစ်ပေါ်လာခြင်း ဖြစ်၏။

သို့သော်လည်း သိုင်းတာအိုသစ်သီး ဖြစ်ပေါ်လာခြင်း ဖြစ်စဉ်က အလွန်တရာ ထူးခြားလေသည်။

အကြောင်းမှာ သူသည် သိုင်းတာအိုကို ဖန်တီးခဲ့ပြီး မဟာအဓိဋ္ဌာန်တစ်ခု၏ အောင်မြင်စုဆောင်းမှုကို ရရှိခဲ့လေသည်။ သူသည် သိုင်းတာအို၏ လေးနက်သိမ်မွေ့မှုနှင့် စိတ်စွမ်းအားကို စုစည်းပြီး ၎င်းကို သက်ရှိများ အားလုံး၏ ယုံကြည်သက်ဝင်မှုနှင့် ပေါင်းစည်းကာ သိုင်းတာအိုသစ်သီးကို ဖြစ်ပေါ်လာစေခဲ့၏။

တျဲယွဲ့၏ လက်ဖဝါးထဲရှိ တာအိုသစ်သီးသည် သူ၏ သိုင်းတာအိုသစ်သီးနှင့် ကွဲပြားသည်မှာ သိသာလေသည်။

ဆူဇီမို စိုးရိမ်ပူပန်နေပုံရသည်ကို တွေ့မြင်သောအခါ တျဲယွဲ့က ပြောလိုက်၏။

“ငါက ဒီတာအိုသစ်သီးရဲ့ စွမ်းအားကို ချိတ်ပိတ်ပေးပြီးသွားပြီ.. အဲဒါက နင့်ကို အန္တရာယ်ပေးနိုင်မှာ မဟုတ်ဘူး”

“နောက်ပြီး နင့်ရဲ့ ကျင့်ကြံမှုအဆင့်အရ.. အဲဒီအဆင့်ကို ရောက်ဖို့က အဝေးကြီးလိုသေးတယ်.. နင်က လောလောဆယ်မှာ အဲဒါကို သိမ်းထားဦး.. နင်က ကျင့်ကြံမှုအဆင့်တစ်ခုကို ရောက်လာရင် ဒီတာအိုသစ်သီးက နင့်အတွက် အသုံးဝင်လာနိုင်ကောင်းတယ်”

တျဲယွဲ့သည် အဲဒါကို သာမန်ကာလျှံကာ ပြောလိုက်သော်လည်း တာအိုသစ်သီး၏ တန်ဖိုးက မည်သည့် အမြုတေစိတ်ဝိညာဉ်ကျောက်တုံးထက်မဆို များစွာပိုမို ကြီးမားကြောင်း သူပြောနိုင်လေသည်။

“မိန်းမပျိုတျဲ.. ကျေးဇူးပြုပြီး ဒီတာအိုသစ်သီးကို ပြန်ယူထားလိုက်ပါ”

ဆူဇီမိုက ပြောလိုက်လေသည်။

“ငါက အဲဒါကို ဘာလုပ်ရမှာလဲ”

တျဲယွဲ့၏ နှုတ်ခမ်းက ကွေးညွှတ်သွားပြီး သူမ၏ ခေါင်းကို ခါယမ်းလိုက်လေသည်။

“ဒီပစ္စည်းက အဖိုးတန်တယ်ဆိုပေမဲ့ ငါ့ရဲ့ စိတ်အာရုံကို ရရှိဖို့ မထိုက်တန်ဘူး.. အဲဒါက ဒီတိုင်း ငါလွှတ်ပစ်လိုက်မယ့် အရာတစ်ခုပဲ”

ထိုသို့ပြောရင်း တျဲယွဲ့က အဲဒါကို ပစ်ထုတ်လိုက်လေသည်။

ဆူဇီမိုက အဲဒါကို ကပျာကယာဖမ်းယူ​ပြီး ၎င်းကို သီးခြား သိုလှောင်အိတ်တစ်အိတ်ထဲကို ထည့်လိုက်လေသည်။

“အထက်ဘုံက အဲဒီလူရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်မှာလဲ”

သူက မေးမြန်းလိုက်လေသည်။

“သူ့ရဲ့ အစစ်အမှန်ခန္ဓာက နင်ပြောတဲ့ လူသားဧကရာဇ်နဲ့ မတိမ်းမယိမ်းအဆင့်မှာ ရှိလိမ့်မယ်”

တျဲယွဲ့က ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်၏။

ခဏမျှ ရပ်တန့်ပြီးနောက် သူမက ဆက်ပြောလိုက်၏။

“သူက ကောင်းကင်ဘုံကမ္ဘာက လူတစ်ယောက်ပဲ.. သူ့ရဲ့ ကျင့်ကြံမှုအဆင့်အရဆို သူက ကောင်းကင်ဘုံကမ္ဘာမှာ သေချာပေါက် မြင့်မားတဲ့ အဆင့်အတန်းတစ်ခု ရှိပြီး နေရာတစ်ခုကို အုပ်စိုးနိုင်လိမ့်မယ်”

“သူ့အနေနဲ့ သူ့ရဲ့ ကိုယ်ပွားကို ဒီအဆင့်ထိ ရောက်အောင် ကျင့်ကြံပြီး တာအိုသစ်သီးတစ်လုံး ဖြစ်ပေါ်လာဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး.. အခု ငါက သူ့ရဲ့ ကိုယ်ပွားကို ဖျက်ဆီးလိုက်တယ်ဆိုတော့ သူနဲ့ငါကြားမှာ ကြီးမားတဲ့ ရန်ငြိုးရန်စတစ်ခု ရှိသွားပြီ.. ဒါပေမဲ့ သူက ငါ့ကို လက်စားချေဖို့ ကြိုးစားရဲမှာ မဟုတ်ဘူး.. ဒါပေမဲ့ နင်က ကောင်းကင်ဘုံကမ္ဘာကို တက်လှမ်းမယ်ဆိုရင် သူ့ကို ကောင်းကောင်းသတိထားရလိမ့်မယ်”

“တကယ်တော့ နင်က မဟာအရိုင်းကမ္ဘာကို တက်လှမ်းလာခဲ့မယ်ဆိုရင်.. သူ့ကို ထည့်တွက်စရာ မလိုတော့ဘူး.. ငါ နင့်ကို လုံခြုံအောင် ကာကွယ်ပေးနိုင်တယ်”

ရုတ်တရက် ဆူဇီမိုက တစ်စုံတစ်ရာကို အမှတ်ရသွား၏။

တျဲယွဲ့သည် ထိုလူနှင့် တွေ့ဆုံစဉ်က သူမသည် ချက်ချင်း မတိုက်ခိုက်ခဲ့ပေ။ ထိုအစား သူ့ကို ထွက်သွားဖို့သာ ပြောခဲ့၏။

ကံဆိုးစွာနှင့်ပင်.. အဖြူရောင်ဝတ် အမျိုးသားက တျဲယွဲ့၏ နောက်ခံကို မမှတ်မိ မသိရှိဘဲ သူမကို သတ်ဖြတ်ချင်ခဲ့၏။ နောက်ဆုံးမှာတော့ သူသည် ဤကဲ့သို့သော အခြေအနေနှင့် အဆုံးသတ်သွားရလေသည်။

ထိုအချိန်တုန်းက ဤလူသည် စွမ်းအားကြီးမားသော နောက်ခံတစ်ခု ရှိသောကြောင့် တျဲယွဲ့ပင်လျှင် ဤလူကို စိုးရိမ်ပူပန်ရသည်ဟု တွေးထင်ခဲ့၏။

တကယ်တော့ တျဲယွဲ့က သူ့အတွက် စိုးရိမ်ပေးနေခြင်းဖြစ်ကြောင်း သူက နောက်ဆုံးမှာ နားလည်သဘောပေါက်လာခဲ့၏။

တစ်ချိန်တည်းမှာပင် ဆူဇီမိုက စိတ်ခံစားချက်တချို့ ဖြစ်ပေါ်လာ၏။

အစကတော့ သူ၏ အစိမ်းရောင်ကြာပန်းနှင့် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် အံ့မခန်း ပြန်ဝင်စား မွန်းစတားများ ဖြစ်နေပြီဟု တွေးထင်ထား၏။

ယခု အဖြူရောင်ဝတ်လူမှာလည်း ကိုယ်ပွားတစ်ခု ရှိနေပြီး အဲဒါက သူ၏ အစစ်အမှန်ခန္ဓာနှစ်ခုနှင့် မတိမ်းမယိမ်းမှာ ရှိလေသည်။

တကယ်ဆို အဖြူရောင်ဝတ်လူ၏ ကိုယ်ပွားက ပို၍ပင် များစွာသန်မာပြီး ပို၍ပင် ကြောက်စရာကောင်းလေသည်။

ကံကောင်းထောက်မစွာဖြင့် သူ့မှာ သိုင်းတာအိုပင်မခန္ဓာ ရှိနေဆဲဖြစ်၏။

တျဲယွဲ့ပင်လျှင် သိုင်းတာအိုပင်မခန္ဓာကို သတိမထားမိပေ။

ဆူဇီမိုသည် သူမကို မေးမြန်းချင်သော မေးခွန်းပေါင်းများစွာ သူ၏ ရင်ထဲမှာ ရှိနေဆဲဖြစ်၏။

သို့သော်လည်း တျဲယွဲ့က သူမ၏ ခေါင်းကို ခါပြလိုက်၏။

“ခဏလောက် စောင့်ဦး”

သူမက မိုးကောင်းကင်ထက်ရှိ အက်ကွဲကြောင်းကို ကြည့်ကာ ပြောလိုက်၏။

“အဲဒီ အက်ကွဲကြောင်းကို မပြုပြင်ဘူးဆိုရင် အထက်ဘုံက နောက်ထပ် သက်ရှိတွေက ဆင်းသက်လာနိုင်တယ်”

“ငါ့ရဲ့ နယ်မြေဖြစ်စဉ်က ပျက်ပြယ်တော့မှာဆိုတော့ ငါက အဲဒီ အက်ကွဲကြောင်းကို အရင်ပြုပြင်ပေးလိုက်တာ ပိုကောင်းလိမ့်မယ်”

ထိုသို့ပြောရင်း တျဲယွဲ့က လေထဲသို့ ခုန်တက်ပြီး မိုးကောင်းကင်ထက်သို့ ပျံသန်းသွားလေသည်။

ထိုအခါမှသာလျှင် စောစောက တိုက်ပွဲအပြီး၌ တျဲယွဲ့၏ ခန္ဓာကိုယ်က ပို၍ ပုံရိပ်ယောင်ဆန်လာသည်ကို ဆူဇီမိုက သတိထားမိသွား၏။ သူမသည် ယခင်ကလောက် အစစ်အမှန် မဆန်တော့ပေ။

ယခုအချိန်မှာ သူ့ရှေ့ရှိ တျဲယွဲ့သည် သူ၏ မျိုးဆက်သွေးနယ်မြေကနေ ဖြစ်ပေါ်လာခြင်းမျှသာ ဖြစ်ပြီး အဲဒါကို ကိုယ်ပွားတစ်ခုဟုပင် မဆိုနိုင်ပေ။

အဆက်မပြတ် တိုက်ခိုက်ရခြင်းက မျိုးဆက်သွေးနယ်မြေ၏ စွမ်းအင်အထောက်အပံ့ကို ကုန်ခမ်းလာစေခဲ့၏။

All Chapters