← Chapters

ကောင်းကင်ဘုံကို ဖာထေးခြင်း

Vol. 117 Ch. 1753

ကောင်းကင်ဘုံကို ဖာထေးခြင်း

Vol. 117 Ch. 1753

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ ရှေ့မှောက်မှာ တျဲယွဲ့သည် မိုးကောင်းကင်ထက်မှာ မတ်တတ်ရပ်နေ၏။ သူမ၏ လက်နှစ်ဖက်ကို ဝေ့ယမ်းပြီး ဂမ္ဘီရအလင်းစီးကြောင်းများက မိုးကောင်းကင်ထက်ရှိ အက်ကွဲကြောင်းထဲသို့ စီးဝင်သွားလေသည်။

မမြင်နိုင်သော အားတစ်ခု၏ ဆွဲယူခြင်းကို ခံလိုက်ရသည့်အလား အက်ကွဲကြောင်းက ထူးဆန်းအံ့ဩဖွယ်ရာ တဖြည်းဖြည်းပိတ်ဆို့လာခဲ့၏။

တျဲယွဲ့က ကောင်းကင်ထက်ရှိအက်ကွဲကြောင်းကို ဖာထေးပေးနေခြင်းဖြစ်၏။

ထိုမြင်ကွင်းက အလွန်တရာတုန်လှုပ်ဖွယ်ရာကောင်းလေသည်။

ပုံပြောသူ ၊ လုံရန်နှင့် လူသားမျိုးနွယ်မှ ဧကရာဇ်များသည် အထင်ကြီးလေးစားသော အမူအရာများကို ထုတ်ဖော်ပြသပြီး မိုးကောင်းကင်ထက်ရှိ သွေးနီရောင်ပုံရိပ်ကို ဦးညွှတ်လိုက်ကြ၏။

ဤအက်ကွဲကြောင်းက ဆက်ရှိနေမည်ဆိုလျှင် ထျန်ဟွမ်ကုန်းမြေတိုက်ရှိသက်ရှိများသည် အချိန်မရွေး ကံကြမ္မာဆိုးတစ်ခုခုနှင့် ကြုံတွေ့ရနိုင်သည်ကို လူတိုင်းက သိရှိထားကြ၏။

တျဲယွဲ့၏ အပြုအမူသည် ထျန်ဟွမ်ကုန်းမြေတိုက်တစ်ခုလုံးကို ကယ်တင်ပေးလိုက်ခြင်းနှင့် တူညီလေသည်။

ကောင်းကင်နှင့်မြေကြီးက အံဝင်ခွင်ကျဖြစ်သွားပြီး နိယာမဥပဒေသများက ပြီးပြည့်စုံသွားသည်နှင့် အထက်ဘုံမှ မည်သူမဆို ဤလောကသို့ ဆင်းသက်လာဖို့ ခက်ခဲသွားပေတော့မည်။

ပထမတစ်ချက်... အောက်ဘုံမှ တစ်စုံတစ်ယောက်သည် သူတို့ကို ဆင့်ခေါ်ဖို့ လျှို့ဝှက်အတတ်တချို့ ထုတ်ဖော်ဖို့ လိုအပ်လေသည်။

ယခု.. စုန်းမျိုးနွယ်က ဖျက်ဆီးခံလိုက်ရပြီဖြစ်ပြီး ပုံပြောသူကလွဲလျှင် အခြားမည်သူကမှ ထိုလျှို့ဝှက်အတတ်ကို မသိကြတော့ပေ။

ဒုတိယတစ်ချက်... တစ်စုံတစ်ယောက်က သူတို့ကို ဆင့်ခေါ်လိုက်မည်ဆိုလျှင်တောင် အထက်ဘုံမှ ထိုသူများသည် ဆင်းသက်လာဖို့အတွက် အလွန်တရာစွမ်းအားကြီးမားသော ကျင့်ကြံမှုအဆင့်တစ်ခုမှာ ရောက်ရှိနေဖို့ လိုအပ်လေသည်။

အနည်းဆုံးတော့... သူတို့သည် ထာဝရလူသားဧကရာဇ်နှင့် ယှဥ်နိုင်ရမည်ဖြစ်၏။

ပို၍အရေးကြီးသည်မှာ ထာဝရလူသားဧကရာဇ် ဆင်းသက်လာစဥ်ကတောင် သူသည် ပြင်းထန်သော တန်ပြန်ရိုက်ခတ်မှုတစ်ခုကို ခံစားခဲ့ရပြီး သူ၏ ခန္ဓာကိုယ်က လဲပြိုကျဆင်းသွားခဲ့၏။ သူ၏ အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး သူ၏ ကျင့်ကြံမှုအဆင့်ကလည်း လျှောကျသွားခဲ့လေသည်။

ယခုအချိန်ထိကို လူသားဧကရာဇ်နန်းတော်နှင့် ပြန်လည်ဆက်သွယ်မလာနိုင်တော့ပေ။

ထျန်ဟွမ်ကုန်းမြေတိုက်ရှိ အများလူထုကိုကယ်တင်ဖို့အတွက် ထာဝရလူသားဧကရာဇ်ကဲ့သို့ ဘယ်သူကများ သူတို့ကိုယ်သူတို့ စွန့်လွှတ်စတေးလိုစိတ် ရှိနိုင်ပါ့မလဲ။

ထိုသို့ပြုလုပ်နိုင်သည်က ထာဝရလူသားဧကရာဇ်တစ်ယောက်သာရှိနိုင်လေသည်။

ဖာထေးခြင်း ဖြစ်စဥ်တစ်ခုလုံးက အချိန်များစွာကြာမြင့်ခဲ့ပြီး တျဲယွဲ့၏ စွမ်းအင်အမြောက်အမြားကို ကုန်ဆုံးစေခဲ့၏။

တျဲယွဲ့၏ ပုံရိပ်က မှေးမှိန်လာပြီး သူမသည် ထျန်ဟွမ်ကုန်းမြေတိုက်ကနေ အချိန်မရွေး ပျက်ပြယ်သွားနိုင်သည့်အလား သူမ၏ ပုံရိပ်က တဖြည်းဖြည်း ဝေဝါးလာခဲ့၏။

ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေပြီး သွေးနီရောင်ပုံရိပ်ကို မမှိတ်မသုန်စိုက်ကြည့်နေ၏။ သတိလက်လွတ်နှင့်ပင် သူသည် သူ၏ လက်သီးနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ထားမိလေသည်။

သူ့မှာ တျဲယွဲ့ကို ပြောပြချင်သော ကိစ္စများစွာရှိနေသေးလေသည်။

တျဲယွဲ့သည် သူ့ကိုနှုတ်မဆက်ဘဲ ထွက်ခွာသွားမှာကို သူက စိုးရိမ်ပူပန်နေ၏။

အချိန်အတန်ကြာပြီးနောက် မိုးကောင်းကင်ထက်ရှိအက်ကွဲကြောင်းက နောက်ဆုံးမှာ မည်သည့်အကြားအလပ်မှ မရှိဘဲ ပိတ်ဆို့သွား၏။ ကောင်းကင်နှင့်မြေကြီးက အံဝင်ခွင်ကျဖြစ်သွားပြီး နိယာမဥပဒေသများက ပြီးပြည့်စုံသွားခဲ့လေပြီ။

ထျန်ဟွမ်ကုန်းမြေတိုက်က ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့၏။

မျိုးနွယ်စုတစ်သောင်းမှသက်ရှိများက ကျေနပ်နှစ်ခြိုက်သော အမူအရာများနှင့် အော်ဟစ်အားပေးလိုက်ကြ၏။

စောစောက အထက်ဘုံမှ ပညာရှင်များ ဆင်းသက်လာသည့်မြင်ကွင်းသည် သူတို့အတွက် ကြီးမားသည့်ရိုက်ချက်တစ်ခု ဖြစ်ခဲ့လေသည်။ အဲ့ဒါသည် ယခုအချိန်ထိကို သူတို့ ပြန်လည်မစဥ်းစားရဲသည့် အိပ်မက်ဆိုးတစ်ခုကဲ့သို့ ဖြစ်နေ၏။

ထျန်ဟွမ်ကုန်းမြေတိုက်က ထိုကဲ့သို့သော နောက်ထပ်ကပ်ဘေးများနှင့် ရင်ဆိုင်ရမည်ကို မည်သူကမှ မလိုချင်ကြပေ။

ဆူဇီမိုက မရယ်နိုင်ပေ။

တျဲယွဲ့က ရှိနေသေးသော်လည်း သူမ၏ ပုံရိပ်က အလွန်တရာဝေဝါးလာခဲ့ပြီး အချိန်မရွေး ပျက်ပြယ်သွားနိုင်၏။

သူမသည် ဆူဇီမိုရှိရာသို့ လျှောက်လှမ်းလာ၏။

သို့သော်လည်း သူမသည် ခြေလှမ်းအနည်းငယ် လျှောက်လှမ်းလိုက်စဥ်မှာပင် သူမ၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး ပျက်ပြယ်လုနီးပါးဖြစ်သွားလေသည်။

တျဲယွဲ့က သူမ၏ ခြေလှမ်းကို ရပ်တန့်လိုက်၏။

တျဲယွဲ့သည် မျိုးဆက်သွေးနယ်မြေတစ်ခုမျှသာဖြစ်သည်ကို ဆူဇီမိုက သိရှိထားသော်လည်း သူသည် နှမြောတမ်းတမှုကို ခံစားရဆဲဖြစ်ပြီး သူမထံသို့ ပြေးလွှားသွားလေသည်။

တျဲယွဲ့က ခေါင်းခါပြလိုက်၏။

“ဒီကိုလာစရာမလိုတော့ဘူး... ငါတို့က စကားပြောဖို့ အချိန်နည်းနည်းပဲရတော့မယ်”

“တကယ်တော့ နင့်ရဲ့ လက်ရှိကျင့်ကြံမှုက လုံလောက်နေပြီ... အောက်ဘုံမှာ သိပ်ကြာကြာမနေနဲ့... နင်က တတ်နိုင်သမျှမြန်မြန် တက်လှမ်းလာရင် အကောင်းဆုံးပဲ”

တျဲယွဲ့က ပြောလိုက်၏။

“အထက်ဘုံမှာ ဘယ်ကမ္ဘာကိုပဲရောက်ရောက် နင်က ဆင်းရဲဒုက္ခအတော်များများကို တွေ့ကြုံခံစားရလိမ့်မယ်”

အောက်ဘုံမှာ... ဆူဇီမိုသည် မျိးနွယ်စုတစ်သောင်းက ရိုသေလေးစားရသော သိုင်းဧကရာဇ်ဖြစ်လာခဲ့လေပြီ။ သူက နေရာတိုင်းမှာ ပြောရေးဆိုခွင့်ရှိလေသည်။ သို့သော်လည်း အထက်ဘုံမှာ သူသည် အောက်ခြေကနေ ပြန်လည်စတင်ရမည်ဖြစ်၏။

အဲ့ဒါသည် လူတိုင်းနီးပါးအတွက် လက်ခံဖို့ခက်ခဲသော ကြီးမားသည့်အပြောင်းအလဲတစ်ရပ်ဖြစ်လေသည်။

တျဲယွဲ့က ပြောလိုက်၏။

“အရင်တုန်းက... ငါနင့်ကို ကျင့်ကြံဖို့ ခေါ်လာခဲ့တုန်းက ငါက ငါတို့ကြားမှာရှိတဲ့ကံကြွေးကို ဖြတ်တောက်ချင်ခဲ့ရုံပဲ.. ဒါပေမဲ့ နင်က ဒီအဆင့်ထိကျင့်ကြံလာနိုင်လိမ့်မယ်လို့... ငါထင်မှတ်မထားခဲ့ဘူး”

“ဒါပေမဲ့... နင်က ဒီလောက်ဝေးဝေးထိ လျှောက်လှမ်းလာခဲ့ပြီးပြီဆိုမှတော့... အထက်ဘုံမှာ နေသားကျအောင်ကြိုးစားပြီး ရှင်သန်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်”

ဆူဇီမိုသည် တျဲယွဲ့၏ လေသံမှ စိုးရိမ်ပူပန်မှုကို ခံစားမိလေသည်။

တျဲယွဲ့က ပြောလိုက်၏။

“အထက်ဘုံဆိုတာ... ကြီးမားတဲ့တောအုပ်ပြီးတစ်ခုလိုပဲ.. အဲ့ဒီမှာ ပိုပြီးတော့ ရက်စက်ကြမ်းတမ်းတယ်... ပိုပြီးတော့ သွေးဆာရက်စက်ကြတယ်... အရင်တုန်းက ငါတောင် သေလုနီးပါး ဖြစ်ခဲ့ရတာကို နင်သိထားရမယ်”

အရင်တုန်းက တျဲယွဲ့သည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ဆီသို့ ရောက်ရှိလာခဲ့၏။ အဲ့ဒီအချိန်မှာ သူမက ဆူဇီမိုနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်၏။

တျဲယွဲ့သည် အရမ်းကိုသန်မာနေပြီဖြစ်သော်လည်း သူမကို ဒဏ်ရာအပြင်းအထန် ရရှိအောင်လုပ်နိုင်သည့်သူက ဘယ်လောက်ထိသန်မာနေမလဲ..

​ဆူဇီမိုက မည်သည့်အရာကိုမှ မပြောဆိုတော့ပေ။

ယခုအချိန်မှာ သူက ကူညီပေးချင်သည်ဆိုလျှင်တောင်မှ သူက ကူကယ်ရာမဲ့နေ၏။

သို့သော်လည်း သူသည် အထက်ဘုံသို့တက်လှမ်းပြီးနောက် တတ်နိုင်သမျှမြန်မြန်ကျင့်ကြံကာ တျဲယွဲ့ကို အမီလိုက်မည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။

သူတို့ တစ်ဖန်တွေ့ဆုံသောအခါ ဆူဇီမိုသည် တျဲယွဲ့ကို ပို၍အံ့အားသင့်ရအောင် လုပ်နိုင်မည်ဟု ယုံကြည်လေသည်။

“ငါသွားဖို့အချိန်ကျပြီပဲ”

တျဲယွဲ့က ညင်သာစွာ သက်ပြင်းချလိုက်၏။ သူမသည် ဆူဇီမိုထံက​နေ အဝေးကိုကြည့်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်တစ်ခုလုံးကို စစ်ဆေးအကဲခတ်လိုက်၏။

သူမသည် ဤကမ္ဘာမြေငယ်အပေါ် တမ်းတလွမ်းဆွတ်မှုတစ်ခုကို ခံစားရလေသည်။

တျဲယွဲ့၏ အကြည့်က ပင်ယန်းမြို့ပေါ်မှာ ခဏမျှရပ်တန့်သွားပြီး အဲ့ဒီနောက် ကန်းလန်ရိုးမ ၊ အဲ့ဒီနောက် မကြာခင် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေသို့ ရောက်ရှိသွားလေသည်။

“အာ...”

ရုတ်တရက် သူမက အံ့အားတသင့်ရေရွတ်လိုက်ပြီး သူမ၏မျက်လုံးက ဝင်းလက်သွား၏။

နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေရှိ ဘုရားကျောင်းအိုကြီး၏ နံရံပေါ်မှာ စာကြောင်းလေးကြောင်းရှိနေသည်ကို သူမကတွေ့မြင်လိုက်ရ၏။

ပထမဆုံးစာနှစ်ကြောင်းသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက သူမချန်ထားရစ်ခဲ့ခြင်းဖြစ်၏။

“ကြီးကျယ်မြင့်မြတ်တဲ့လူတစ်ယောက်ဖြစ်လာဖို့ဆိုရင် အရင်ဆုံးအောက်ခြေခိုင်အောင်လုပ်ပါ..

ဆင်းရဲဒုက္ခတွေကို လက်ခံနိုင်စွမ်းရှိပါစေ... အခြားသူတွေကိုလည်း ကူညီစောင်မပါ”

ထိုစာကြောင်းနှစ်ကြောင်း၏ နောက်ဘက်တွင် တူညီသောထက်ရှမှုနှင့် လောကကိုဂရုမစိုက်သော နောက်ထပ်စာကြောင်းအသစ်နှစ်ကြောင်းရှိနေ၏။

“မြူများစဲသွားသည်နှင့် ဖြာထွက်လာသောရောင်ခြည်ဖြင့်..

တစ်ကမ္ဘာလုံးကို ထိန်လင်းစေမည်”

“ကောင်းတယ်... ကောင်းတယ်”

တျဲယွဲ့၏ မျက်လုံးက ဝင်းလက်တောက်ပသွားပြီး ထပ်တလဲလဲခေါင်းညိတ်လိုက်၏။ သူမသည် ရယ်မော၍ ချီးကျူးလိုက်လေသည်။

“ဘယ်လောက်တောင်ရဲဝံ့လိုက်သလဲ... နင်က ငါ့ကိုတောင် ယှဥ်နိုင်နေပြီပဲ”

တျဲယွဲ့သည် ဆူဇီမိုကို တစ်ဖန်ကြည့်လိုက်၏။

“အထက်ဘုံကနေ ငါနင့်ကို စောင့်နေမယ်... နင်က အထက်ဘုံရဲ့ တောင်တန်းတွေ မြစ်တွေကိုဖြတ်ပြီး ငါ့ကိုလာတွေ့နိုင်မယ်လို့ ငါမျှော်လင့်တယ်”

ထိုသို့ပြောပြီးသည်နှင့် တျဲယွဲ့၏ ပုံရိပ်က ဤလောကကနေ အပြီးတိုင်ပျောက်ကွယ်သွားလေသည်။

ဆူဇီမိုနှင့် တျဲယွဲ့အနေဖြင့် တွေ့ဆုံရဖို့က မလွယ်ကူပေ။ သို့သော်လည်း သူတို့သည် စကားများစွာ မပြောဆိုခဲ့ရပေ။ သူတို့အတူရှိခဲ့သည့် အချိန်က နေ့တစ်ဝက်ပင် မကြာခဲ့ပေ။

အဲ့ဒီမှာ တျဲယွဲ့ကို သူပြောချင်သော ကိစ္စများစွာရှိလေသည်။

ဆူဇီမိုသည် ထိုဘက်အရပ်သို့ကြည့်ပြီး စိတ်ပျက်လ​က်ပျက်ဖြင့် ညင်သာစွာ သက်ပြင်းချလိုက်၏။

“သခင်လေး... စိတ်ပျက်မနေပါနဲ့... ရှင်က အခုချိန်မှာ အထက်ဘုံကိုတက်လှမ်းနိုင်ပြီး သူမနဲ့ပြန်တွေ့နိုင်တယ်လို့... အဲ့ဒီစီနီယာက ပြောခဲ့သားပဲ”

နန်းကြည်က နူးညံ့သိမ်မွေ့သော အမူအရာနှင့်အတူ ဘေးကနေ နှစ်သိမ့်ပေးလိုက်လေသည်။

“ငါအဆင်ပြေပါတယ်”

ဆူဇီမိုက နန်းကြည်ကို ခေါင်းညိတ်၍ ပြုံးပြလိုက်၏။

နန်းကြည်ပြောသည့်အတိုင်းပင် ထျန်ဟွမ်ကုန်းမြေတိုက်ရှိ အရာရာတိုင်းက အခြေခံအားဖြင့် အဆုံးသတ်လာခဲ့လေပြီ။ အချိန်တန်သောအခါ ဤကမ္ဘာမြေကနေ ထွက်ခွာပြီး သူသည်အထက်ဘုံသို့ တက်လှမ်းနိုင်မည်ဖြစ်၏။

သူက ကံကောင်းမည်ဆိုလျှင် မဟာအရိုင်းကမ္ဘာသို့ပင် တက်လှမ်းသွားနိုင်လေသည်။

ကမ္ဘာဦးမျိုးနွယ် ၅စု စတင်ခဲ့သော စစ်ပွဲက အဆုံးသတ်သွားခဲ့လေပြီ။

စုန်းမျိုးနွယ်က ဖျက်ဆီးခံခဲ့ရပြီး နတ်ဘုရားမျိုးနွယ်ကို နန်းကြည်က အကျဥ်းချကာ နတ်ဘုရားကုန်းမြေတိုက်သို့ ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်၏။

ကမ္ဘာဦးမျိုးနွယ် ၉စုထဲမှာ ၇စုသာလျှင် ကျန်ရစ်ခဲ့လေသည်။

မျိုးနွယ်စု ၇စုကြားမှာ နဂါး ၊ ခွန်နှင့် လူရိုင်းမျိုးနွယ်တို့က ပကတိအနိုင်ရရှိသူများဖြစ်ကြ၏။ ကျန်ရှိနေသော မျိုးနွယ်လေးစုက သေကြေပျက်စီးဆုံးရှုံးမှုများစွာနှင့် ကြုံတွေ့ခဲ့ရပြီး သူတို့သည် အနည်းဆုံး နှစ်တစ်သောင်းအတွင်း ပြန်လည်နာလန်ထူလာနိုင်လိမ့်မည် မဟုတ်ပေ။

တျဲယွဲ့ထွက်ခွာသွားပြီးနောက် အစက ငြိမ်သက်နေသော နှစ်တစ်ထောင်သွေးပင်လယ်ထဲမှာ လေပူဖောင်းတချို့က ပေါ်ထွက်လာ၏။

အလယ်ပိုင်းတိုက်ရှိ သုသာန်တစ်ခု၏ အနက်ပိုင်းထဲမှာ ထက်ရှသော တစ်စုံတစ်ရာက ခေါင်းတလားနံရံများကို ကုတ်ခြစ်နေသည့်အလား ရှေးကျသော ခေါင်းတလားတစ်ခုထဲမှာ ဂျစ်ဂျစ်ဂျက်ဂျက်အသံများ ထွက်ပေါ်လာ၏။

အရှေ့ပင်လယ်မှာ သွေးလှိုင်းလုံးများက တလိပ်လိပ်ထိုးတက်နေ၏။

သွေးလှိုင်းလုံးများကြားမှာ သေးငယ်သောလှေတစ်စင်းက ထူးဆန်းစွာ ပေါ်ထွက်လာ၏။ ၎င်းပေါ်မှာ အစိမ်းရောင်မြက်ခမောက်ကို ဆောင်းထားသည့် တံငါသည်တစ်ယောက်က မတ်တတ်ရပ်နေပြီး သူ၏ ဘေးမှာ ငါးဖမ်းပိုက်ကွန်တစ်ခုကို ချထားလေသည်။

“ပိုက်ကွန်ကို ပြန်ရုတ်ရတော့မဲ့အချိန်ပဲ”

တံငါသည်က သူ၏ ခေါင်းကို အနည်းငယ် မော့ပြီး အဝေးကနေ ထျန်ဟွမ်ကုန်းမြေတိုက်ကို ကြည့်လိုက်၏။ သူက တီးတိုးရေရွတ်လိုက်ပြီး သူ၏ မျက်လုံးထဲမှာ ထူးဆန်းသောသွေးရောင်အလင်းက တဖျတ်ဖျတ်လက်လာခဲ့၏။

All Chapters