ဝမ်ကူးကုန်းမြေ၏ ပထမဆုံးရှေးဘုရင်
Vol. 91 Ch. 1395
လက်ရှိဝမ်ကူးကုန်းမြေတွင် လူအနည်းစုသာလျှင် နတ်ဘုရားသုတ်သင်စူးအကြောင်းကို သိထားကြသည်။
ယင်းကို ရှေးဟောင်းစာအုပ်အများစုထဲမှာပင် ဖော်ပြမထားပေ။
မပြည်စုံသော မှတ်တမ်းများကိုသာ ယခုအချိန်ထိ လက်ဆင့်ကမ်းပေးခဲ့ကြသည်။ သို့မဟုတ် ရှေးဟောင်းမိသားစုကြီးများသာ နတ်ဘုရားသုတ်သင်ဆူးအကြောင်းကို အနည်းငယ် သိထားကြလိမ့်မည်။
ယင်းက အတိတ်တွင် ရွှမ်ကမ္ဘာမြေနှင့် ဝမ်ကူးကုန်းမြေ၏ မူလပိုင်ရှင်ဖြစ်သော ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ကြားမှ စစ်ပွဲတွင် နတ်ဘုရားများကို ရင်ဆိုင်ရန်အတွက် နွေဦးအင်မော်တယ်များက အထူးဖန်တီးခဲ့ကြသော လက်နက်တစ်ခု ဖြစ်သည်။
ကျင့်ကြံသူများအတွက်တော့ ယင်းက ထူးခြားသော မည်သည့်အစွမ်းမှ မရှိပေ။ သို့သော်လည်း နတ်ဘုရားများကို ဆန့်ကျင်သည့်အခါ ယင်းက ၎င်းတို့၏ နတ်ဘုရားအရင်းအမြစ်များကို ဖျက်ဆီးပစ်နိုင်သည်။
သို့သော်လည်း အရင်းအမြစ်ရှားပါးမှုနှင့် ထူးဆန်းသော ဖန်တီးမှုနည်းလမ်းကြောင့် အတိတ်တွင် နတ်ဘုရားသုတ်သင်ဆူး(၄၂)ချောင်းကိုသာ ဖန်တီးနိုင်ခဲ့ကြသည်။
ဆူးတစ်ချောင်းစီသည် ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်၏ သွေးဖြင့် စွန်းထင်ခဲ့ကြသည်။ အတိတ်တွင် ထိုနာမည်ကို ကြားရုံဖြင့် နတ်ဘုရားများသည် ကြောက်ဒူးတုန်သွားကြလိမ့်မည်။
အဆုံးမှာတော့ ဟွမ်ကောင်းကင်ဘုံနတ်ဧကရာဇ် ဆင်းသက်လာသည့်အခါ နတ်ဘုရားသုတ်သင်ဆူး(၄၂)ချောင်းထဲမှ အများစုသည် ဖျက်ဆီးခံလိုက်ရကြပြီး ကျန်ဆူးများသည်တော့ ဟွမ်ကောင်းကင်ဘုံနတ်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲမှာ စိုက်ဝင်သွားကြသည်။
ထို့နောက် ယင်းတို့က ချိပ်တံဆိပ်တစ်ခုဖြစ်လာပြီး ဝမ်ကူးကုန်းမြေ၏ အသူရာချောက်နက်ထဲမှာ ထာဝရနစ်မြှုပ်ခံလိုက်ရသည်။
တချို့လူများသည် ထိုနေရာကို နတ်ဘုရားချောက်နက်ဟု ခေါ်ဆိုကြသည်။
ထို့နောက် နတ်ဘုရားသုတ်သင်ဆူးများသည် ဤလောကထဲမှ ပျောက်ကွယ်သွားကြသည်။ နွေဦးအင်မော်တယ်များ၏ ထွက်ခွာသွားမှုကြောင့် နတ်ဘုရားသုတ်သင်ဆူးကို သန့်စင်သည့် နည်းလမ်းသည်လည်း ပျောက်ဆုံးသွားခဲ့သည်။
ယခု ကျင်းကန်းဂိုဏ်းဘိုးဘေးသည် နတ်ဘုရားသုတ်သင်ဆူး၏ အစွမ်းကို အမှန်တကယ် ထုတ်လွှတ်လိုက်သည်။
ယင်းက ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ အမူအရာကို မည်းမှောင်သွားစေသည့် အကြောင်းအရင်းတစ်ခု ဖြစ်သည်။
“ ကံမကောင်းစွာပဲ… မင်းက နတ်ဘုရားသုတ်သင်ဆူးရဲ့ အစွမ်းတစ်စိတ်တစ်ပိုင်းကိုပဲ ပိုင်ဆိုင်ထားတယ် ”
ကျစ်လွီဆဲ့အိ်မရှေ့စံမင်းသားသည် တည်ငြိမ်စွာ ပြောပြီးနောက် နန်းဟွမ်ကုန်းမြေ၏ ဦးတည်ရာကို ကြည့်လိုက်သည်။
“ ဘယ်လောက် တော်လိုက်တဲ့ သတ္တမသခင်ကြီးလဲ ”
“ ညီလေးက ငါတို့ကြားက ကမ္မကို ဖြတ်တောက်ဖို့ သူ့ရဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်တယ်… မင်းကတော့ အချိန်ကို လှိုင်းထစေပြီး ကမ္မကို ဖြတ်တောက်ဖို့ ကိုယ့်ကိုယ်ကိုယ် အုပ်ချုပ်သူအဖြစ် အသုံးချပြီး အတိတ်ဘဝက ငါ့ရဲ့ နောက်ဆုံးထွက်သက်ကို ဆင့်ခေါ်လိုက်တယ် ”
“ ဒါပေမဲ့… ငါတို့ညီအကိုကြားက ကမ္မကို ဒီလိုလွယ်လွယ်နဲ့ ဖြတ်တောက်နိုင်မှာလား ”
ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားသည် စကားဆုံးသည်နှင့် ရွှီချင်း၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုမှ ဖြစ်ပေါ်လာသော အနက်ရောင်မြူခိုးထုကို ဖိနှိပ်လိုက်သည်။
သူ၏ တွန်းထုတ်မှုကြောင့် မြူခိုးထုသည် တုန်ယင်သွားသည်။ အချိန်စွမ်းအားသည် မြူခိုးပေါ်မှာ အမှန်တကယ် ထွက်ပေါ်လာသည်။ ဤသည်မှာ သူက မြူခိုးကို အချိန်နှင့်လေဟာနယ်ထဲသို့ ဆွဲသွင်းချင်နေသည့်အလားပင်။
တစ်ချိန်တည်းမှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲတွင် ရွှီချင်း၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်များ၏ စိတ်အာရုံကို ဆွဲဆောင်သွားမည့် ကြီးမားသော အဖြစ်အပျက်တစ်ခုကို ဖြစ်ပေါ်လာစေသည်။
ထိုအဖြစ်အပျက်၏ ဇစ်မြစ်သည် မီးလျှံလမျိုးနွယ်ဝင်များနှင့် တာအိုဆွေးနွေးနေသော ရွှမ်မီးလျှံဖြစ်သည်။
ချက်ချင်းဆိုသလို သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ မရေမတွက်နိုင်သော အသွေးအသားများနှင့် သွေးစက်များက ပြန့်ကျဲသွားကြသည်။ ရွှမ်မီးလျှံသည် သူ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ မပြိုကွဲသွားခင်မှာ မည်သည့်စကားမှ မပြောနိုင်ခဲ့ပေ။
သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ပျက်စီးသွားသည်။
ယင်းက အသက်အစားထိုးခြင်း ဖြစ်သည်။
ဤအသက်အစားထိုးခြင်းကပ်ဘေးထဲတွင် ဘုရားကျောင်းထဲသို့ ကြိုတင်ပို့လွှတ်ထားသော သူ၏ ဝိညာဉ်အကြွင်းအကျန်တစ်စိတ်တစ်ပိုင်းသာ ကျန်ရှိခဲ့သည်။
ယင်းက အနာဂတ်တွင် သူ့အား အသက်ပြန်ရှင်နိုင်သော အခွင့်အရေးတစ်ခုကို ပေးလိမ့်မည်။
တူညီသော အဖြစ်အပျက်သည် နန်းဟွမ်ကုန်းမြေပေါ်မှာ ဖြစ်ပေါ်လာသည်။
ပြိုင်ဘက်ကင်းမြို့တော်၏ အပျက်အစီးမြေပေါ်တွင် ချီယွဲ့ထုံဂိုဏ်းမှ ကျင့်ကြံသူရာပေါင်းများစွာသည် စည်းချအစီအရင်တစ်ခုကို ဖွဲ့စည်းနေကြသည်။
အစီအရင်အတွင်းမှ ငွေရောင်ဘီလူးသည် အပြင်းအထန် တုန်ယင်လာသည်။
လျှို့ဝှက်ဆန်းကြယ်သော ကံကြမ္မာဆက်နွယ်မှုနှင့် သေခြင်းရှင်ခြင်းစက်ဝန်းကြောင့် ရွှီချင်း၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုက ရွှမ်မီးလျှံအပေါ်ကိုသာ သက်ရောက်မှုရှိခြင်း မဟုတ်ပေ။ ယင်းအစား အချိန်၏ နှောင့်ယှက်မှုအောက်မှာ ငွေရောင်ဘီလူးအပေါ်ကိုလည်း သက်ရောက်လာသည်။
အက်ကွဲကြောင်းများသည် ငွေရောင်ဘီလူး၏ ခန္ဓာကိုယ်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာကြသည်။ ထို့ပြင် စက္ကန့်ပိုင်းအတွင်းမှာ အက်ကွဲကြောင်းများက ပိုပြီးများပြားလာပြီး ပိုပြီးနက်ရှိုင်းလာကြသည်။
ထို့နောက် အက်ကွဲကြောင်းများက ငွေရောင်ဘီလူး၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ပြိုကွဲပျက်စီးတော့မည့် လက္ခဏာများ ဖော်ပြလာသည်။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ ဘေးပတ်ဝန်းကျင်မှ ချီယွဲ့ထုံဂိုဏ်းသားရာပေါင်းများစွာ၏ တာအိုအသံများသည် ပြောင်းလဲသွားကြသည်။
“ အထွတ်အမြတ်ကောင်းကင်ဘုံအရှင်သခင် ဒီအသွင်သဏ္ဍာန်ကို နှစ်သိမ့်တော်မူပါ… တပည့်ရဲ့ ဝိညာဉ်နဲ့ ခန္ဓာကိုယ်၊ ကိုယ်တွင်းအင်္ဂါငါးမျိုးက လျှို့ဝှက်နက်နဲပြီး ဆန်းကြယ်ပါတယ်… မိုးပြာနဂါးနဲ့ အဖြူရောင်ကျားက အစီအရင်ဖြစ်လာပြီး ဇာမနီငှက်နဲ့ အနက်ရောင်လိပ်က အစီအရင်ရဲ့ အနှစ်သာရကို ကာကွယ်စောင့်ရှောက်ပေးပါ ”
တာအိုအသံက ပျံ့လွင့်သွားသည့်အခါ ကောင်းကင်၏ အရောင်က ပြောင်းလဲသွားသည်။ လေတဟူးဟူး တိုက်ခတ်လာပြီး တိမ်တိုက်များက ပရမ်းပတာ လှုပ်ခတ်သွားကြသည်။ ကောင်းကင်ပေါ်မှ မီးတောက်ဖီးနစ်သည် အရပ်ရှစ်မျက်နှာဆီသို့ ပျံ့လွင့်သွားမည့် စူးရှသော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။
မိုးရေစက်များသည် ကောင်းကင်ပေါ်မှ ကျဆင်းလာကြပြီး လောကကို အာဟာရဖြစ်ထွန်းစေသည်။
သတ္တမသခင်ကြီးသည်လည်း တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်သည်။ ငွေရောင်ဘီလူး၏ နဖူးကို ဖိထားသော သူ၏ ညာလက်က အောက်သို့ နောက်တစ်ကြိမ် ဖိချလိုက်သည်။ တစ်ချိန်တည်းမှာ သူက လျှာကိုက်လိုက်ပြီး သွေးတစ်ပွက်ကို ထွေးထုတ်လိုက်သည်။
သူ၏ သွေးက ငွေရောင်ဘီလူးပေါ်သို့ ကျရောက်သွားသည့်အခါ ၎င်းက ပြင်ပသက်ရောက်မှုများမှ ကင်းလွတ်သွားသည်။
နောက်ဆုံးမှာတော့ တဖြည်းဖြည်း များပြားလာနေသော ငွေရောင်ဘီလူး၏ ခန္ဓာကိုယ်ပေါ်မှ အက်ကွဲကြောင်းများက ရပ်တန့်သွားကြသည်။ ၎င်းက ဇကာပေါက်သဖွယ် အပေါက်များဖြင့် ပြည့်နှက်နေပြီး ပြန်မကောင်းနိုင်သော်လည်း အဆုံးမှာတော့ အမှန်တကယ် မပြိုကွဲသွားခဲ့ပေ။
ထိုစဉ် သတ္တမသခင်ကြီးက ဖြည်းညင်းစွာ ခေါင်းမော့လိုက်ပြီး အက်ရှရှအသံဖြင့် ပြောသည်။
“ အတိတ်မှာ ငါက နွေဦးအင်မော်တယ်နန်းတော်နဲ့ သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့တယ် ”
“ အဲ့ဒီအချိန်ကစလို့ ငါဟာ အချိန်တွေကို ဖြတ်သန်းသွားခဲ့ပြီး သေခြင်းရှင်ခြင်းတွေကို တွေ့ကြုံခဲ့တယ်… အရာအားလုံးကို ကံတရားအတိုင်း ဆက်သွားစေခဲ့တယ် ”
“ ဒါကြောင့် ဆဌမသခင်ကြီးသေဆုံးသွားတာက ငါ့ကို နှလုံးနာကျင်စေတာတောင် ငါသက်ပြင်းပဲ ချခဲ့တယ် ”
“ လူသားမျိုးနွယ်ရဲ့ အနိမ့်အမြင့်အတတ်အကျက ငါနဲ့မသက်ဆိုင်ဘူး ”
“ ဧကရီက နတ်ဘုရားဖြစ်လာပြီး ဓားကိုင်ဧကရာဇ်က ကျဆုံးသွားတာတောင် အတူတူပဲ ”
“ ဘာလို့လဲဆိုတော့ သူတို့နဲ့ ငါ့ကြားမှာ ဘာကမ္မဆက်သွယ်မှုမှ မရှိဘူး ”
“ ကျစ်လွီဆဲ့အိမ်ရှေ့စံ… မင်းက တိုင်းပြည်ကို ပြန်ဆင့်ခေါ်ချင်တာပဲဖြစ်ဖြစ် ဧကရီရဲ့ ရိုးရာဓလေ့ကို အသုံးချပြီး ကပ်ဘေးကို ရှောင်လွှဲချင်တာပဲဖြစ်ဖြစ် ကောင်းကင်ဝါးမျိုဒေသကြီးက သက်ရှိတွေကို နတ်ဘုရားမျက်နှာပျက်ကြီးဆီ ယဇ်ပူဇော်တာပဲဖြစ်ဖြစ် ငါသောက်ဂရုမစိုက်ဘူး… ဘာလို့ဆို အဲ့ဒါတွေက ငါနဲ့ ဘာမှမဆိုင်ဘူး ”
“ ဒါကြောင့် ငါဘာမှ ဝင်မစွက်ဖက်ခဲ့ဘူး ”
“ ဒါပေမဲ့ ငါ့တပည့်ကို မင်းမလှည့်စားသင့်ဘူး ”
“ ငါ့တပည့်အားလုံးဆီမှာ ငါနဲ့ဆက်စပ်တဲ့ ကမ္မရှိတယ်… သူတို့က ငါ့ကို ကိုးကြိမ်ဦးချပြီး သုံးကြိမ် လက်ဖက်ရည်ဆက်သပေးခဲ့တယ်… ငါ့တပည့်တွေကို ကာကွယ်ပေးမယ်လို့ ငါကတိပေးခဲ့တယ်… ငါမသေသေးသရွေ့ ငါ့တပည့်တွေကို ဘယ်သူမှ မထိနိုင်ဘူး ”
“ ကျစ်လွီဆဲ့အိမ်ရှေ့စံ… မင်းက ငါ့တပည့်အပေါ် မကောင်းကြံပြီး ကမ္မကို ဖြတ်တောက်ဖို့ ဆန္ဒမရှိဘူးဆိုမှတော့… ဒီအဖိုးကြီးက မင်းရဲ့ အင်ပါယာအစွမ်းကို ယူရတာပေါ့ ”
“ ကမ္မကို ဆက်ရှိစေမယ်… တကယ်လို့ အဲ့ဒါကို မရှောင်လွှဲနိုင်ဘူးဆိုရင် ဒီကိစ္စကိုပဲ အဆုံးသတ်တာပေါ့ ”
သတ္တမသခင်ကြီးသည် ချောက်ချားဖွယ်ကောင်းစွာ ပြုံးလိုက်ပြီး ညာလက်ကို မြှောက်လိုက်သည်။ သူက ရှုပ်ထွေးနက်နဲသော ချိပ်တံဆိပ်လက်သင်္ကေတများကို နောက်တစ်ကြိမ် ပြုလုပ်လိုက်ပြီး ကောင်းကင်ပေါ်သို့ လက်ညှိုးညွှန်လိုက်သည်။
သူ၏ အသံသည် ကောင်းကင်ဘုံမိုးခြိမ်းသံပမာ အလွန်ကျယ်လောင်ပြီး အင်ပါယာအမိန့်တော်ပမာ အာဏာစက် အလွန်ပြင်းထန်သည်။
“ အတိတ်မှာ ဂုဏ်သတင်းကျော်ကြားတဲ့ ရွှီဇီဟာ ဒီကုန်းမြေပေါ်မှာ မွေးဖွားလာခဲ့ပြီး ပထမဆုံး နတ်ဘုရားအသက်ရှူခြင်းကို ပြုလုပ်ခဲ့တယ်… ဒီနေ့ နွေဦးအင်မော်တယ်ရဲ့ အမည်နာမနဲ့ အင်မော်တယ်တွေရဲ့ လမ်းညွှန်မှုကို အသုံးပြုပြီး အဲ့ဒီအသက်ရှူမှုကို ငါဆင့်ခေါ်လိုက်တယ် ”
အစောနက သတ္တမသခင်ကြီးသည် နွေဦးအင်မော်တယ်၏ အမည်နာမနှင့် အင်မော်တယ်များ၏ လမ်းညွှန်မှုကို အမိန့်တော်အဖြစ် အသုံးပြု၍ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ အတိတ်ဘဝမှ နောက်ဆုံးထွက်သက်ကို ဆင့်ခေါ်ခဲ့သည်။
ယခု သူက ဤနေရာမှာ မွေးဖွားလာခဲ့သော ရွှီဇီအမည်ရသည့် ပုဂ္ဂိုလ်၏ ပထမဆုံးအသက်ရှူမှုကို ဆင့်ခေါ်လိုက်သည်။
သတ္တမသခင်ကြီး၏ စကားဆုံးသွားသည်နှင့် ကျယ်လောင်သော မြည်သံများက အရပ်မျက်နှာအဘက်ဘက်မှာ ပဲ့တင်ထပ်သွားသည်။ လေသည် တအင့်အင့်ညည်းညူလာပြီး လောက၏ အရောင်သည် ပြောင်းလဲသွားသည်။ အဆုံးမဲ့သော အရှိန်အဝါသည် တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး နောက်ဆုံးမှာတော့ သတ္တမသခင်ကြီး၏ ဘယ်လက်ထဲမှာ စုဝေးသွားသည်။ ထို့နောက် သူ၏ လက်ထဲမှာ သိပ်သည်းသော ခရမ်းရောင်မြူခိုးဘောလုံးတစ်လုံး ထွက်ပေါ်လာသည်။
သူက လက်မြှောက်လိုက်ပြီး ခရမ်းရောင်မြူခိုးဘောလုံးကို ငွေရောင်ဘီလူး၏ ရင်ဘက်ပေါ်သို့ ဖိချလိုက်သည်။
တစ်ချိန်တည်းမှာ ဟိန်းသံက ထွက်ပေါ်လာသည်။
“ ပိုင်းဖြတ်စမ်း ”
သူ၏ စကားကြောင့် ဝမ်ကူးကုန်းမြေမှ တောင်တန်းများနှင့် မြစ်ချောင်းများက လှုံ့ဆော်ခံလိုက်ရသည်။ ထို့နောက် မရေမတွက်နိုင်သော အလင်းစက်များသည် ဝမ်ကူးကုန်းမြေ၏ ဒေသကြီးများထဲမှ ထွက်ပေါ်လာကြသည်။ တောင်တန်းများနှင့် မြစ်ချောင်းများ၏ အသွင်သဏ္ဍာန်သည် ဧရာမအစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားဟန် ရသည်။
ထိုအစီအရင်သည် ဝမ်ကူးကုန်းမြေတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ဤအခိုက်အတန့်မှာ အပြင်းအထန် လှည့်ပတ်လာသည်။
ချက်ချင်းဆိုသလို လူသားနန်းမြို့တော်၏ ကောင်းကင်ပေါ်တွင် ကောင်းကင်ဘုံဆေဘာဓားက ထွက်ပေါ်လာပြီး ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားထံသို့ ခုတ်ပိုင်းလိုက်သည်။
ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ သူက ခေါင်းမော့လိုက်သည့်အခိုက် ဆေဘာဓားက သူ့ဆီသို့ ကျဆင်းလာပြီ ဖြစ်သည်။
အစစ်အမှန်နတ်ဘုရားအောက်မှ မည်သူမှ ထိုဆေဘာဓားကို မရပ်တန့်နိုင်သလို မခုခံနိုင်ပေ။
ဆေဘာဓားသည် တစ်စုံတစ်ယောက်၏ အသက် သို့မဟုတ် ဝိညာဉ်ကို ပိုင်းဖြတ်လိုက်ခြင်း မဟုတ်ပေ။ ယင်းအစား ပြန်လည်ရှင်သန်လာသော ကျစ်လွီဆဲ့တိုင်းပြည်၏ ကမ္မမှ အင်ပါယာစွမ်းအားကို ဖြစ်သည်။
ဆေဘာဓားက ပိုင်းဖြတ်လိုက်သည်နှင့်ချက်ချင်း ကောင်းကင်ဝါးမျိုဒေသကြီးထဲမှာ ပြန်ရှင်သန်လာကြသော ကျစ်လွီဆဲ့တိုင်းသူပြည်သားများသည် နှလုံးတုန်သွားကြသည်။ ကျစ်လွီဆဲ့တိုင်းပြည်၏ ကမ္မမှ အသွင်ပြောင်းလဲထားသော ခရမ်းရောင်နဂါးသည် ကောင်းကင်ဝါးမျိုဒေသကြီးတစ်ခုလုံးကို လှည့်ပတ်နေစဉ် နာကျင်စွာ အော်ဟစ်ညည်းညူလိုက်သည်။
၎င်း၏ ခန္ဓာကိုယ်သည် နှစ်ပိုင်းကွဲထွက်သွားသည်။
ထို့အတူ ကျစ်လွီဆဲ့တိုင်းပြည်၏ နန်းတော်ထဲမှ ကျစ်လွီဆဲ့ဧကရာဇ်ကို ကိုယ်စားပြုသော ရာဇပလ္လင်သည်လည်း ထက်ခြမ်းကွဲသွားသည်။
ထက်ခြမ်းပိုင်းဖြတ်ခံလိုက်ရသော အင်ပါယာစွမ်းအင်တစ်ဝက်သည် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားပြီး နန်းဟွမ်ကုန်းမြေဆီသို့ ဦးတည်သွားသည်။
လူသားနန်းမြို့တော်၏ ကောင်းကင်ပေါ်တွင် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ မျက်နှာသည် ဖြူဖျော့သွားသည်။ သူက ဖြည်းညင်းစွာ ခေါင်းမော့လိုက်သည်။
“ ဘယ်လောက် တော်လိုက်တဲ့ ဝမ်ကူးကုန်းမြေရဲ့ ပထမဆုံးရှေးဘုရင်လဲ… မင်းရဲ့ လှည့်ကွက်ထဲမှာ ငါကျရှုံးသွားရတာ ထိုက်တန်ပါတယ် ”
“ ဒါပေမဲ့ မင်းရဲ့ လုပ်ရပ်က မင်းရဲ့ အားနည်းချက်ကို ထုတ်ဖော်ပြလိုက်ပြီ… နောက်ဆုံးမှာတော့ မင်းက အရမ်းအသက်ကြီးနေပြီမဟုတ်လား… အတိတ်တုန်းက ကောင်းကင်က မင်းအပိုင်မဟုတ်ခဲ့ဘူး… အနာဂတ်မှာလည်း ကောင်းကင်က မင်းအပိုင်မဟုတ်ဘူး ”
“ ငါ့ရဲ့ ညီလေးအနေနဲ့ ဒီအင်ပါယာအခွင့်အာဏာတစ်ဝက်က မင်းရဲ့ဟာပဲ… ဒါပေမဲ့ အဲ့ဒါကို သေချာသိမ်းဆည်းထားပါ… နောက်တစ်ကြိမ်ကျရင် အဲ့ဒါကို ငါပြန်ယူမယ် ”
ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားသည် အသက်ရှူချိန်အနည်းငယ်ကြာ နှုတ်ဆိတ်သွားပြီးနောက် သူ၏ အမူအရာသည် ပုံမှန်ပြန်ဖြစ်သွားသည်။ သူက တည်ငြိမ်စွာ စကားပြောပြီးနောက် နန်းဟွမ်ကုန်းမြေထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး မကြာခင် လုံးဝပျောက်ကွယ်သွားတော့မည့် သူ့အရှေ့မှ အနက်ရောင်မြူခိုးထုကို ကြည့်လိုက်သည်။
ထို့နောက် သူက ခြေထောက်ကြွလိုက်ပြီး မိုးကုပ်စက်ဝိုင်းဆီသို့ လျှောက်သွားသည်။
ခြေလှမ်းအနည်းငယ်နှင့်အတူ သူက ပျောက်ကွယ်သွားသည်။ သူက ပြန်ပေါ်လာသည့်အခါ ကောင်းကင်ဝါးမျိုဒေသကြီးထဲသို့ ရောက်ရှိသွားသည်။ ခန္ဓာကိုယ်ထက်ခြမ်းပိုင်းဖြတ်ခံထားရသော ခရမ်းရောင်ကမ္မနဂါးသည် နာကျင်စွာ အော်ဟစ်ညည်းညူနေသည်။
ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား ပြန်ပေါ်လာသည့်အခါ သူက ခရမ်းရောင်ကမ္မနဂါးဖြင့် ခန္ဓာကိုယ်အသစ်ကို ပြန်တည်ဆောက်လိုက်ပြီး ဧကရာဇ်ဝတ်စုံနှင့် ဧကရာဇ်သရဖူကို ဆင်မြန်းလိုက်သည်။
ကျစ်လွီဆဲ့တိုင်းပြည်ထဲမှ မရေမတွက်နိုင်သော တိုင်းသူပြည်သားများ၏ ဒူးထောက်မှု၊ နန်းတွင်းဝန်ကြီးများ၏ အရိုအသေပေးမှုနှင့် အလင်းရောင်ဂိုဏ်းသားများ၏ ကိုးကွယ်ပူဇော်မှုအောက်မှာ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားသည် ထက်ခြမ်းကွဲနေသော ရာဇပလ္လင်ဆီသို့ လျှောက်သွားသည်။
သူက ရာဇပလ္လင်ပေါ်မှာ ထိုင်လိုက်သည့်အခိုက် ကျယ်လောင်သော အသံသည် ကျစ်လွီဆဲ့တိုင်းပြည်တစ်ခုလုံးထံမှ ပဲ့တင်ထွက်လာပြီး ကောင်းကင်ပေါ်ထိ ပျံ့လွင့်သွားသည်။
“ ကျစ်လွီဆဲ့ဧကရာဇ် ဘုန်းတန်ခိုးကြီးမားပြီး ထာဝရအသက်ရှည်ပါစေ ”
အဆုံးမဲ့သော အသံ၏ ပဲ့တင်ထပ်မှုကြားတွင် ကောင်းကင်ပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီးသည် မျက်လုံးဖွင့်လှစ်လိုက်ပြီး ကောင်းကင်ဝါးမျိုဒေသကြီးကို ကြည့်လိုက်သည်။
ဉာဏ်အလင်းပွင့်နတ်ဘုရား၏ အကြည့်အောက်မှာ ကောင်းကင်ဝါးမျိုဒေသကြီးက တုန်ယင်သွားပြီး သက်ရှိအားလုံးက သန္ဓေပြောင်းလဲသွားကြသည်။ အဆုံးမဲ့သော ဒြပ်နှောများသည် ကောင်းကင်ပေါ်ထိ ပျံတတ်သွားပြီး အကန့်အသတ်မဲ့သော နတ်ဘုရားအရှိန်အဝါတစ်ခုကို ဖန်တီးလိုက်သည်။
နတ်ဘုရားမျက်နှာပျက်ကြီး၏ ရုပ်တုသည် ကျစ်လွီဆဲ့နန်းတော်၏ ရင်ပြင်တော်ပေါ်မှာ ထွက်ပေါ်လာသည်။
ထိုနတ်ဘုရားရုပ်တုသည် ဝမ်ကူးကုန်းမြေတစ်ခုလုံးမှာ တစ်ခုတည်းသာ ရှိသည်။
ထိုအခိုက်အတန့်မှာ ကျစ်လွီဆဲ့ဧကရာဇ်၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားယဇ်ပလ္လင်အဆင့် စွမ်းအင်လှိုင်းများက ထွက်ပေါ်လာကြသည်။
စွမ်းအားသည် တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
နောက်ဆုံးမှာတော့ စွမ်းအားသည် နတ်ဘုရားယဇ်ပလ္လင်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားမှသာ ရပ်တန့်သွားသည်။
အချိန်အတော်ကြာပြီးနောက် ကျစ်လွီဆဲ့ဧကရာဇ်သည် အစောနက အဖြစ်အပျက်ကို ပြန်စဉ်းစားမိသွားပြီး ရယ်မောလိုက်သည်။
“ ဒီလိုမှ အနာဂတ်က ပိုပြီးစိတ်ဝင်စားဖို့ကောင်းတော့မှာပေါ့ ”
တစ်ချိန်တည်းမှာ နန်းဟွမ်ကုန်းမြေ၌ ချီယွဲ့ထုံဂိုဏ်းသားရာပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော စည်းချအစီအရင်ထဲတွင် သတ္တမသခင်ကြီး၏ အကြည့်သည် ရှေးကျပြီး သူ၏ အရှိန်အဝါသည် ရှေးဟောင်းအငွေ့အသက်ဖြင့် ပြည့်နှက်နေသည်။ ဤအခိုက်အတန့်မှာ သူက နောက်ဆုံးအတတ်ပညာကို ထုတ်ဖော်လိုက်သည်။
“ ပြန်လာစမ်း ”
သူ၏ စကားသံထဲမှာ ဖော်မပြနိုင်သော နက်နဲသိမ်မွေ့မှု ပါဝင်နေပြီး ယင်းက သေခြင်းရှင်ခြင်းနှင့် ကံကြမ္မာအပေါ် သက်ရောက်မှုရှိသည်။
ချက်ချင်းဆိုသလို ငွေရောင်ဘီလူး၏ ဘေးပတ်ဝန်းကျင်မှ အသွေးအသားများသည် လေထဲသို့ မြှောက်တတ်သွားကြသည်။ ထို့နောက် ယင်းတို့က ငွေရောင်ဘီလူးဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။
ထိုအသွေးအသားများသည် အရာအားလုံးထက် မြင့်မြတ်ပြီး အချိန်၏ အတိုင်းအတာထက် ကျော်လွန်သော ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
ယင်းတို့က ရှေးဦးအပျက်အစီး၏ အသွေးအသားများ ဖြစ်ကြသည်။
ဤအခိုက်အတန့်မှာ အသွေးအသားများက ငွေရောင်ဘီလူးနှင့် တစ်သားတည်း ပေါင်းစပ်သွားကြသည်။ ထိုအခါ ပေတစ်သိန်းအရွယ်အစားရှိသော ငွေရောင်ဘီလူးသည် အပြင်းအထန် တုန်ယင်သွားပြီး တဖြည်းဖြည်း ကျုံ့သွားသည်။ နောက်ဆုံးမှာတော့ ၎င်းက လူသားတစ်ယောက်၏ ခန္ဓာကိုယ်အရွယ်အစားသို့ ရောက်ရှိသွားသည်။
ထိုခန္ဓာကိုယ်၏ အသွင်သဏ္ဍာန်သည် ရွှီချင်းနှင့် တစ်ပုံစံတည်း တူညီသည်။
သို့သော်လည်း ၎င်းက ပိုပြီး ပြီးပြည့်စုံပြီး ကြည်လင်ပြတ်သားသည်။
“ ငါ့တပည့်် ပြန်နိုးထလာတော့ ”
သတ္တမသခင်ကြီး၏ အက်ရှရှအသံက ပဲ့တင်ထပ်လာသည်။ ဤတစ်ကြိမ်တွင် သူ၏ အသံထဲမှာ ပင်ပန်းနွမ်းနယ်သော အရိပ်အယောင်တစ်စွန်းတစ်စ ပါရှိသည်။ ထိုအသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားပြီး ရွှီချင်း၏ နားထဲသို့ ဝင်ရောက်သွားသည်။
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် ရွှီချင်းက မျက်လုံးပြန်ဖွင့်လိုက်သည်။
…..
“ တာအိုဟာ အစကတည်းက သဏ္ဍာန်မဲ့တယ်… ကျမ်းစာတွေနဲ့ ဆရာတစ်ယောက်ရဲ့ သင်ကြားပေးမှုမရှိရင် တာအိုကို နားမလည်နိုင်ဘူး ”
“ ရှေးဘုရင်ရွှမ်ယုံက ဝမ်ကူးကုန်းမြေကို စည်းလုံးညီညွတ်စေခဲ့ပြီး ကြီးမြတ်တဲ့ ဂုဏ်အရှိန်အဝါကို ပိုင်ဆိုင်ခဲ့တယ်… ဒါကြောင့် လူသားမျိုးနွယ်အနေနဲ့ ငါတို့က သူ့ကို တစ်ကြိမ်ဦးချရမယ် ”
“ ကောင်းကင်နဲ့မြေပြင်က သမိုင်းရဲ့ မွေးဖွားမှုကို သက်သေပြုပေးရတယ်… ဒါကြောင့် ငါတို့က ကောင်းကင်နဲ့မြေပြင်ကို သုံးကြိမ်ဦးချရမယ် ”
“ ဒါပေမဲ့ ဂုဏ်သိက္ခာကြီးမြတ်ပြီး အစွမ်းကြီးမားတဲ့ ရှေးဘုရင်က မင်းကို ကြင်နာပေးမှာ မဟုတ်ဘူး… ကောင်းကင်နဲ့မြေပြင်ရဲ့ လောကဓံနဲ့ ခါးသီးမှုတွေက မင်းကို ချွင်းချက်ထားပေးမှာ မဟုတ်ဘူး ”
“ ဆရာကသာ မင်းအတွက် ကောင်းကင်ဘုံပေါ် တတ်ပေးနိုင်သလို ငရဲပြည်ထိ ဆင်းပေးနိုင်တယ်… သူက ဒီဘဝမှာ မင်းကို အဆုံးမဲ့တဲ့ ကြင်နာမှုတွေပေးပြီး နောက်တစ်ဆင့်တတ်လှမ်းနိုင်အောင် ကူညီပေးလိမ့်မယ်… မဟာတာအိုဆီ အတူလျှောက်လှမ်းနိုင်အောင် သူက မင်းကို အကောင်းဆုံး လက်တွဲခေါ်ပေးလိမ့်မယ်… ဒါကြောင့် မင်းက ဆရာကို ကိုးကြိမ်ဦးချရမယ် ”