← Chapters

ကောင်းကင်ပြောင်းလဲခြင်း(ခ)

Vol. 91 Ch. 1405

ကောင်းကင်ပြောင်းလဲခြင်း(ခ)

Vol. 91 Ch. 1405

သွေးသည် ရွှီချင်း၏ ပါးစပ်ထောင့်မှ စီးကျလာသည်။

ဤသည်မှာ လွန်ခဲ့သော ငါးလအတွင်း ရွှီချင်းက ပထမဆုံးအကြိမ် ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။

“ အုပ်ချုပ်သူတစ်ပါးရဲ့ စွမ်းအား ”

အံ့အားသင့်သော အရိပ်အယောင်က ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

တားမြစ်ပင်လယ်ဆီသို့ ရောက်လာရသည့် သူ၏ ရည်ရွယ်ချက်က သူ့ကိုယ်သူ ထုဆစ်ရန် ဖြစ်သည်။ သို့သော်လည်း သူ၏ ရုပ်ခန္ဓာကိုယ်က အလွန်သန်မာသောကြောင့် သူ၏ ခရီးစဉ်က အဆင်ပြေချောမွေ့ခဲ့သည်။ သို့ဖြစ်၍ သူက စိတ်မကျေနပ်ခဲ့ပေ။

ဤထူးဆန်းသော ပူဖောင်းက ရွှီချင်းကို ဤငါးလအတွင်းမှာ ပထမဆုံးအကြိမ် စိတ်လှုပ်ရှားသွားစေသည်။

သို့ဖြစ်၍ သူက ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ကို စစ်ဆေးကြည့်လိုက်ပြီး သူ၏ လုပ်ဆောင်မှုများက တစ်ဖက်လူအပေါ် သက်ရောက်မှုမရှိကြောင်း အတည်ပြုလိုက်သည်။ ထို့ပြင် ကောင်းကင်ဘုံသူတော်စင်နွယ်ပင်၏ အမွေဆက်ခံမှုက အချိန်တစ်ခုထိ ကြာမြင့်လိမ့်မည့်ဟန် ရသည်။

ရွှီချင်းက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူက မီးတောက်ဖီးနစ်၏ ငှက်မွှေးတစ်ချောင်းကို ထုတ်လိုက်ပြီး သူ၏ နတ်ဘုရားစိတ်အာရုံကို အသံပို့လွှတ်လိုက်ကာ တားမြစ်ပင်လယ်အောက်တွင် သူကျင့်ကြံမည်ဖြစ်သောကြောင့် အချိန်တစ်ခုထိ ပြန်လာနိုင်မည်မဟုတ်ကြောင်း ဟွမ်ယန်ကို အသိပေးလိုက်သည်။

ဟွမ်ယန်က သတ္တမသခင်ကြီး၏ တောင်းဆိုမှုအရ ရွှီချင်းကို ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသော်လည်း ဤနေရာက အတွင်းပိုင်းပင်လယ်ဖြစ်သောကြောင့် အန္တရာယ်သိပ်မများပေ။ ထို့ပြင် ရွှီချင်း၏ လက်ရှိတိုက်ပွဲစွမ်းအားအရ သူက တာအိုစောင့်ရှောက်သူတစ်ယောက်ကို အမှန်တကယ် မလိုအပ်ပေ။

ထို့ကြောင့် ဟွမ်ယန်က တစ်ခဏစဉ်းစားပြီးနောက် သဘောတူလိုက်သည်။ လာမည့်ရက်များတွင် သူက စီနီယာအမ၏ ဘေးမှာ ကပ်တွယ်နေလိမ့်မည်။

သို့ဖြစ်၍ အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားပြီး သုံးလကုန်ဆုံးသွားသည်။

ထိုသုံးလအတွင်းမှာ ရွှီချင်းက လျှိုမြောင်အတွင်းမှာ နေထိုင်ခဲ့သည်။

နေ့တိုင်း သူက အင်မော်တယ်အလင်းကျင့်စဉ်ကို ကျင့်ကြံသည့်အပြင် ပင်လယ်သားရဲများကို အမဲလိုက်ရန် အပြင်ထွက်သွားလေ့ ရှိသည်။ သူက သွေးပူလေ့ကျင့်ခန်းလုပ်ပြီးနောက် သူ၏ သွေးနှင့်ချီကို လှည့်ပတ်လိုက်ပြီး ထူးဆန်းသော ပူဖောင်းထံမှ တွန်းကန်အားကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်ကို ထုဆစ်သည်။

သူက အကြိမ်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သော်လည်း ထိုဒဏ်ရာများက မြန်ဆန်စွာ ပြန်ကောင်းမွန်လာသည်။ ထိုသို့ခန္ဓာကိုယ်ထုဆစ်ခြင်းသည် အမှန်တကယ် အကျိုးထူးသည်။

သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်မှုက ယခင်ကထက် ပိုပြီးအဆင်ချောမွေ့လာကြောင်း ရွှီချင်း ခံစားမိသည်။

ထို့ပြင် ပူဖောင်းထံမှ တွန်းကန်အားကို သူ၏ ခြေလှမ်းအရေအတွက်ပေါ်မူတည်၍ ပြောင်းလဲထိန်းချုပ်နိုင်သည်။

ထို့ကြောင့် လက်ရှိ ရွှီချင်းအတွက်တော့ ယင်းက အကောင်းဆုံး ဓားသွေးကျောက်ဖြစ်သည်။

အပြင်လောကတွင်တော့ ချီယွဲ့ထုံဂိုဏ်း၏ ပြိုင်ပွဲက ပြီးဆုံးသွားသည်။ ဟွမ်ယန်သည် စီနီယာအမနောက်သို့ လိုက်၍ နန်းဟွမ်ကုန်းမြေဆီသို့ ပြန်သွားသည်။ ရံဖန်ရံခါ သူက ငှက်မွှေးကို အသုံးပြု၍ ရွှီချင်း၏ အခြေအနေကို မေးမြန်းသည်။ ရွှီချင်းအဆင်ပြေကြောင်း သိရသည့်အခါ သူက စိတ်အေးသွားသည်။

ကောင်းကင်ဘုံသူတော်စင်အမွေအနှစ်သည်တော့ ဤသုံးလအတွင်းမှာ တဖြည်းဖြည်း အဆုံးသတ်လာသည်။

ယနေ့တွင် ရွှီချင်းက လျှို့ဝှက်ဆန်းကြယ်သော ပူဖောင်းအရှေ့မှာ သူ၏ ခန္ဓာကိုယ်ကို ထုဆစ်နေသည်။ သူက ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး အရှေ့သို့ ဆက်လှမ်းရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ သူက တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး ပူဖောင်းထဲမှ စေတီအပျက်ကို လှမ်းကြည့်လိုက်သည်။

ခြောက်သွေ့နေသော နွယ်ပင်သည် ပြာဖြစ်သွားပြီး လွင့်ပြယ်သွားသည်။

တစ်နည်းအားဖြင့် ၎င်းက ရွှီချင်း၏ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်၏ စုပ်ယူခံလိုက်ရသည်။

စေတီကို ရစ်ပတ်ထားသော နွယ်ပင်သည်တော့ နက်ရှိုင်းစွာ အိပ်မောကျနေရာမှ ပြန်နိုးထလာဟန် ရသည်။ ၎င်းက တစ်ခဏကြာပြီးနောက် ရွေ့လျားလိုက်ပြီး စေတီအပျက်ထံမှ ပျံသန်းထွက်လာသည်။ ၎င်းက ပူဖောင်းကို ချိုးဖြတ်ပြီး ရွှီချင်းဆီသို့ ဦးတည်သွားသည်။

၎င်းက ရွှီချင်းကို လှည့်ပတ်လိုက်ပြီး ညင်သာစွာ ပွတ်သပ်လိုက်သည်။ ၎င်းက ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေသော စိတ်ခံစားချက်ကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ ၎င်း၏ ဆွေမျိုးသားချင်းတစ်ယောက်ကို ဆုံးရှုံးသွားသည့်အလားပင်။

ရွှီချင်းက နွယ်ပင်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ထိုခံစားချက်ကို ယခင်က သူခံစားခဲ့ဖူးသည်။

“ မင်းငါ့ကို အထဲခေါ်သွားနိုင်လား ”

အချိန်အတော်ကြာပြီးနောက် ကောင်းကင်ဘုံသူတော်စင်နွယ်ပင်၏ စိတ်ခံစားချက်များက တည်ငြိမ်သွားသည့်အခါ ရွှီချင်းက သူ၏ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်လိုက်သည်။

ယင်းကို ကောင်းကင်ဘုံသူတော်စင်နွယ်ပင် ကြားသောအခါ ၎င်းက တည်ကြည်ခိုင်မြဲစွာ ချက်ချင်း တုံ့ပြန်လိုက်သည်။

ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး အရိပ်လေးကို ထုတ်လွှတ်လိုက်သည်။

“ မင်းက အပြင်ဘက်မှာ စောင့်နေပြီး အပြင်လောကက အပြောင်းအလဲတွေကို အာရုံစိုက်နေပါ ”

အရိပ်လေးက အနည်းငယ် စိတ်ဆိုးသွားသည်။ ထိုနွယ်ပင်စုတ် ထွက်ပေါ်လာသည့်အချိန်မှစ၍ ၎င်း၏ အဆင့်အတန်းက နိမ့်ကျသွားသည်ဟု ခံစားမိသွားသည်။

နောက်ဆုံးမှာ ၎င်းက ကျင်းကန်းဂိုဏ်းဘိုးဘေးကို ခက်ခက်ခဲခဲ ဖိနှိပ်နိုင်ခဲ့သော်လည်း နောက်ထပ်အစေခံအသစ်က ကောင်းကင်ပေါ်မှ ဆင်းသက်လာခဲ့သည်။

အမှန်မှာ ၎င်း၏ အသိဉာဏ်က ပိုပြီးပြည့်စုံလာသည့်အခါ အတိတ်တုန်းက ကျင်းကန်းဂိုဏ်းဘိုးဘေးကဲ့သို့ တွေးမိသွားသည်။

၎င်းက ဝဋ်ပြန်လည်တာလား…

ရွှီချင်းသည် အရိပ်လေး၏ စိတ်ခံစားချက်များကို ဂရုမစိုက်ပေ။ သူက ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ကို အချက်ပြလိုက်သည်။

ကောင်းကင်ဘုံသူတော်စင်နွယ်ပင်သည် ရွှီချင်း၏ တစ်ကိုယ်လုံးကို ရစ်ပတ်လိုက်ပြီး သူ့ကို ပူဖောင်းဆီသို့ တန်းမတ်စွာ ဆွဲခေါ်သွားသည်။

ယင်းက ရွှီချင်းဝင်ရောက်ခဲ့စဉ်ကနှင့် ခြားနားသည်။ ဤတစ်ကြိမ်တွင် ထူးဆန်းသော ပူဖောင်းက သူ့ကို မငြင်းဆန်တော့ပေ။ ယင်းက ကောင်းကင်ဘုံသူတော်စင်နွယ်ပင်နှင့်အတူ သူ့ကို ဝင်ရောက်ခွင့်ပြုလိုက်သည်။

ဤသည်မှာ ထူးဆန်းသော ပူဖောင်း၏ အတွင်းပိုင်းထဲသို့ ရွှီချင်းက ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။

“ ဒီနေရာမှာ ဒြပ်နှောတွေမရှိဘူး… ဒီအရှိန်အဝါက… ”

လျှို့ဝှက်ဆန်းကြယ်သော ပူဖောင်းထဲတွင် ဤနေရာက အပြင်လောကနှင့် ခြားနားနေကြောင်း ရွှီချင်း အာရုံခံမိသွားသည်။

“ အဲ့ဒါက ဝိညာဉ်စွမ်းအင်မဟုတ်ဘူး… ကြယ်တာရာကောင်းကင်ရဲ့ စိတ်အာရုံပဲ ”

ရွှီချင်းက သူ၏ စိတ်အာရုံကို အသုံးပြုလိုက်ပြီးနောက် စေတီအပျက်ဆီသို့ ကြည့်လိုက်သည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး စေတီအပျက်၏ တံခါးအရှေ့မှာ ထွက်ပေါ်လာသည်။

သူက တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သည်။

စေတီအပျက်၏ တံခါးက တိတ်တဆိတ် ပွင့်သွားသည်။ တံခါးပွင့်သွားသည့်အခါ ရှေးဟောင်းအရှိန်အဝါက ပျံ့နှံ့ထွက်လာသည်။ ဤသည်မှာ အချိန်က အလင်းစက်များအဖြစ်သို့ ပြောင်းလဲသွားသည့်အလားပင်။

စေတီထဲတွင် သလင်းကျောက်ခေါင်းတလားသုံးခု ရှိသည်။

ခေါင်းတလားများထဲမှ အလောင်းများသည် လူသားများ မဟုတ်ကြပေ။ ၎င်းတို့ဆီမှာ အမြှီးရှိပြီး ၎င်းတို့၏ ဦးခေါင်းပေါ်မှာ ဦးချိုနက်များ ရှိသည်။

၎င်းတို့၏ အသွင်သဏ္ဍာန်အတိအကျကို ရှင်းလင်းစွာ သူမမြင်နိုင်ပေ။ ခေါင်းတလားထဲမှာ အရိုးများသာ ကျန်ရစ်တော့သည်။

ရှင်းလင်းစွာပင် အစွမ်းထက်မျိုးနွယ်စုကြီးသည်ပင် အချိန်၏ တိုက်စားမှုကို မလွန်ဆန်နိုင်ဘဲ တဖြည်းဖြည်း ခြောက်သွေ့သွားရသည်။

ထို့ပြင် စင်မြင့်တစ်ခုလည်း ရှိသည်။ လူသားတစ်ယောက်၏ အရွယ်အစားခန့်ရှိသော အနက်ရောင်ကျောက်စိမ်းကို စင်မြင့်၏ အလယ်ဗဟိုမှာ ထည့်သွင်းထားသည်။ ကျောက်စိမ်းနက်သည် အက်ကွဲရာများဖြင့် ပြည့်နှက်နေသည်။

စေတီ၏ ဘေးပတ်ဝန်းကျင်မှ နံရံများတွင် ကြယ်တာရာကောင်းကင်၏ ပန်းချီကားများ ရှိကြသည်။

ယင်းက ကောင်းကင်မြေပုံတစ်ခုအလားပင်။ ထိုအရာများမှလွဲ၍ တခြားမည်သည့်အရာမှ မရှိပေ။

ထိုအရာများကို ကြည့်ပြီးနောက် အစောနက လွင့်ပြယ်သွားခဲ့သော နွယ်ပင်ကို ပြန်အမှတ်ရသွားသောအခါ ထိုစေတီက ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းနိုင်သော ပျံသန်းခြင်းဓမ္မရတနာတစ်ခုဖြစ်နိုင်ကြောင်း ရွှီချင်း ခန့်မှန်းလိုက်သည်။

မတော်တဆမှုတစ်ခုကြောင့် ယင်းက ဝမ်ကူးကုန်းမြေ၏ တားမြစ်ပင်လယ်ပေါ်သို့ ကျဆင်းလာခဲ့ခြင်း ဖြစ်နိုင်သည်။

စေတီက မည်မျှရှေးကျကြောင်းကိုတော့ ဤနေရာမှ အချိန်အငွေ့အသက်ကို ကြည့်၍ ရွှီချင်းက အကြမ်းဖျဉ်း ခန့်မှန်းလိုက်သည်။ ယင်းက ရှေးဘုရင်ရွှမ်ယုံခေတ်မတိုင်ခင် ထွက်ပေါ်လာခြင်း ဖြစ်နိုင်သည်။

တစ်နည်းဆိုရလျှင် ယင်းက နတ်ဘုရားမျက်နှာပျက်ကြီးမဆင်းသက်လာခင် ရောက်ရှိလာခြင်း ဖြစ်သည်။

“ ပြီးတော့ အသက်ရှင်ကျန်ရစ်သူတွေ ရှိသေးတာ ဖြစ်နိုင်တယ် ”

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။

သို့မဟုတ်လျှင် ဤနေရာက အလွန်သန့်ရှင်းနေလိမ့်မည် မဟုတ်ချေ။ ဤခေါင်းတလားသုံးခုကို ၎င်းတို့မသေဆုံးခင် ကြိုပြင်ဆင်ထားခြင်းက ဖြစ်နိုင်ခြေရှိသော်လည်း တစ်စုံတစ်ယောက်က ၎င်းတို့ကို စနစ်တကျ စီစဉ်ပေးခဲ့ခြင်းက ပိုပြီးဖြစ်နိုင်ခြေရှိသည်။

“ တကယ်လို့ ငါ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် အသက်ရှင်ကျန်ခဲ့တဲ့လူက သူ့ရဲ့ ရဲဘော်ရဲဘက်တွေကို မြှုပ်နှံပြီး တားမြစ်ပင်လယ်ထဲကနေ ထွက်သွားတာဖြစ်မယ် ”

လောလောဆယ် ရွှီချင်းဆီမှာ သဲလွန်စရှားပါးပြီး ယင်းက မည်သည့်ခေတ်မှဖြစ်ကြောင်း သူသေချာမပြောနိုင်သောကြောင့် ထိုအသက်ရှင်ကျန်ရစ်သူက မည်သည့်နေရာသို့ ထွက်သွားခဲ့ကြောင်း မခန့်မှန်းနိုင်ပေ။

All Chapters